အေးငြိမ်း (လေးမျက်နှာ) ● ကျောင်းသုံးဖတ်စာအုပ်များ၏ အရည်အသွေး

အေးငြိမ်း (လေးမျက်နှာ) ● ကျောင်းသုံးဖတ်စာအုပ်များ၏ အရည်အသွေး
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၈


(၁) နိုင်ငံသားကောင်းတယောက်၏ တာဝန်

နိုင်ငံအတွင်း၌ အမြင်မတော်တာများရှိလျှင် ထောက်ပြဘို့ရာ နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်။

(၂) ခဲယဉ်းလှသော အလုပ်တခု
ကျွန်တော်တို့မြန်မာနိုင်ငံတွင် ကျောင်းသုံးဖတ်စာအုပ်များမှ အမှားများကိုသော်လည်းကောင်း၊ စာမေးပွဲမေးခွန်းမှ အမှား များကိုသော် လည်းကောင်း မကြာခဏ တွေ့နေရပါသည်။ ဤအကြောင်း ဖေ့စ်ဘုတ်ပေါ်၌ အော်ကြဟစ်ကြသည့်တိုင် ဘာတခုမှ တိုးတက်ပြောင်းလဲ လာတာ မတွေ့မိသေးပါ။ ပိုလို့ပင် ဆိုးလာပါသေးသည်။ ဤသည်မှာ အဘယ်ကြောင့်ပါနည်း။

မှားလိုက်သမှ အခြေခံပညာသင်ရိုးစာအုပ်များတွင်လည်း မှားသည်။ တက္ကသိုလ်ပြဋ္ဌာန်းစာအုပ်များတွင်လည်း မှားသည်။ ဤအမှားများအတွက် တာဝန်ခံမည့်သူမရှိတော့ပြီလော။ ဤပုံနှိပ်စာအုပ်များရိုက်နှိပ်ရာတွင် မှန်မှန်ကန်ကန် ရိုက်နှိပ်ရေးမှာ အဘယ်ကြောင့် ဤမျှခဲယဉ်းနေရပါသနည်း။

ကျောင်းသုံးဖတ်စာအုပ်ဟူသည် အုပ်ရေ တထောင်လောက် ထုတ်ရတာမဟုတ်။ မြန်မာတနိုင်ငံလုံးမှ ကျောင်းသားများ အတွက် ထုတ်ရတာဖြစ်၏။ နောက်ပြီး အပျော်တမ်းစာအုပ်လည်း မဟုတ်။ သည်စာအုပ်ပါစာများကို လေ့လာသင်ယူကာ မိမိတို့ ဘဝ တလျှောက်လုံး ရည်ညွှန်းရတာ ဖြစ်၏။ ကျောင်းသုံးဖတ်စာအုပ်ဟူသည် နိုင်ငံတနိုင်ငံ၏ ဂုဏ်သိက္ခာလည်း ဖြစ်၏။ ကျောင်းသုံး ဖတ်စာအုပ်များ အမှားမှားအယွင်းယွင်းဖြစ်နေလျှင် နိုင်ငံလည်းသိက္ခာကျသည်။ ကျောင်းစာအုပ်ကလေး တခုကိုမှ နိုင်နိုင်နင်းနင်း မစီမံ၊ မခန့်ခွဲတတ်သူများအနေနှင့် နိုင်ငံတခုလုံးရှိ ကျောင်းများကို မည်ကဲ့သို့ စီမံခန့်ခွဲနိုင်ပါမည်နည်း။

ကျောင်းသုံးဖတ်စာအုပ်များတွင် စိတ်ကူးယဉ် အရေးအသားများထက် အချက်အလက်ပိုင်းက ပိုများသည်။ မြန်မာစာနှင့် အင်္ဂလိပ်စာမှ ဝတ္ထု၊ ပုံပြင်များလောက်သာ စိတ်ကူးယဉ် အရေးအသားပါပြီး ကျန် ပထဝီ၊ သမိုင်း၊ သိပ္ပံ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ စသည့်ဘာသာရပ်အားလုံးမှာ အချက်အလက်တွေချည်းဖြစ်၏။ ထို့ကြောင့် ထိုအချက် အလက်များ မှန်ကန်ရေးမှာ ကျောင်းသုံးစာအုပ်များအတွက် အသက်တမျှ အရေးကြီးလှသည်။

(၃) ကျောင်းသုံးဖတ်စာအုပ်များ၏ အရည်အသွေး
ကျောင်းသုံးစာအုပ်များ၏ အရည်အသွေးဆိုရာတွင် ရုပ်ပိုင်းဆိုင်ရာအရည်အသွေးနှင့် အတွင်းစာသားဆိုင်ရာ အရည်အ သွေးဟု နှစ်ပိုင်းခွဲနိုင်၏။

ရုပ်ပိုင်းဆိုင်ရာအရည်အသွေးတွင် စာအုပ်မှ စာရွက်သားများ၏ အရည်အသွေး၊ ရိုက်နှိပ်ထားသည့် စာသားများ၏ အရည်အသွေး၊ မင်ကျမင်န၊ ပုံများ သေသပ်၊ လှပ၊ ကောင်းမွန်၊ ပြတ်သားခြင်း၊ စာမျက်နှာများ ပြည့်စုံခြင်း၊ စာလုံးများ မှုန်ဝါးမနေခြင်း၊ ပြတ်သား ကြည်လင်ခြင်း၊ စာလုံးများနှစ်ထပ် ဖြစ်မနေခြင်း၊ စာလုံးများ မည်းသည့်နေရာကမည်း မှိန်သည့် နေရာကမှိန် စသည်တို့မှ ကင်းဝေးခြင်း၊ စာရွက်လွတ်များမပါခြင်း၊ စာမျက်နှာများ ထပ်မနေခြင်း၊ စာမျက်နှာများ ကျော်မ သွားခြင်း၊ စာအုပ်ချုပ်ရာတွင် သေသပ်လှပခြင်း စသည်တို့ ပါဝင်၏။

စာအရည်အသွေးမှာ စာအုပ်၏ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးထက် ပိုအရေးကြီး၏။ စာအရည်အသွေးတွင် အောက်ပါတို့ ပါဝင်၏။ (အားလုံးမဟုတ်ပါ။ သည့်ထက်ပိုနိုင်ပါသည်။)

    စာလုံးပေါင်းသတ်ပုံ မှန်ကန်မှု၊ စာလုံးများ အဖြတ်အတောက်မှန်ကန်မှု
    အသုံးအနှုန်းမှန်ကန်မှု၊ ဝါကျအထားအသို မှန်ကန်မှု
    ဖတ်လိုက်လျှင် ရှင်းလင်းစွာ နားလည်နိုင်စွမ်းရှိမှု
    အဓိပ္ပာယ်ဖွင့်ဆိုချက်များ မှန်ကန်မှု
    ကဗျာဖြစ်လျှင် ကဗျာပါစာသားများ၊ အဖြတ်အတောက်များမှန်ကန်မှု၊ မူရင်းကဗျာနှင့် တသဝေမတိမ်း တူညီမှု
    စာအုပ်တခုခုမှ ယူထားသည်ဆိုလျှင် ထိုကိုးကားထားသည့် စာအုပ်မှစာများနှင့် တသဝေမတိမ်း တူညီမှု
    သမိုင်းဘာသာရပ်တွင် လူနာမည်များ၊ မြို့၊ နိုင်ငံနာမည်များ၊ ခုနှစ်သက္ကရာဇ်များ မှန်ကန်မှု
    ပထဝီဆိုင်ရာ၊ စာရင်းအင်းဆိုင်ရာ အချက်အလက်များ၊ မြေပုံများ၊  ရုပ်ပုံများမှန်ကန်မှု
    ပထဝီနှင့် သမိုင်းဆိုင်ရာအချက်အလက်များကို ခေတ်နှင့်တပြေးညီ ပြင်ဆင်တည်းဖြတ်နိုင်မှု
    စာနှင့်ရုပ်ပုံကိုက်ညီမှု
    ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒဘာသာရပ်များအတွက် သက်ဆိုင်ရာ အခေါ်အဝေါ်နှင့် သိပ္ပံဆိုင်ရာ အချက်အလက် များ မှန်ကန်မှု
    သင်္ချာဆိုလျှင် တွက်နည်း၊ ပုစ္ဆာနှင့် အဖြေများမှန်ကန်မှု၊ စံပြပုစ္ဆာနှင့် အဖြေများ မှန်ကန်မှု

အနည်းငယ် ချဲ့ပါအံ့။

ပထမဆုံး အရေးကြီးသည်မှာ စာလုံးပေါင်းသတ်ပုံများ မှန်ကန်ရေး ဖြစ်၏။ စာလုံးပေါင်းသတ်ပုံဟု ဆိုရာတွင် စာလုံးတိုင်း စာလုံးတိုင်းကို ဆိုလို၏။ ကျောင်းသင်ပြဋ္ဌာန်းစာအုပ်ဖြစ်သည့်အတွက် စာတလုံးမှ မမှားစေရ၊ မလွဲစေရ။ အလွန်ဂရုစိုက်ရန် လို၏။ ထို့ကြောင့် စာအုပ်များကို စစ်ဆေးသူများအနေနှင့် လက်ရှိတရားဝင်အသုံးပြုနေသော မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကို ကိုင်ကာ စာတလုံးချင်း စီကို ကျကျနန စစ်ဆေးရန် အရေးကြီး၏။

ဒုတိယအရေးကြီးသည်မှာ ပြဋ္ဌာန်းစာများသည် မူရင်းစာများနှင့် လုံးဝကွက်တိ တူညီနေစေရေး ဖြစ်၏။ သို့အတွက် ပြဋ္ဌာန်းစာအုပ်များကို စစ်ဆေးမည့်သူသည် စာရေးဆရာ၏ မူရင်းစာအုပ်များနှင့် တိုက်ဆိုင်စစ်ဆေးရမည် ဖြစ်၏။ စစ်သမှ စာတလုံးချင်းစီကို တိုက်ဆိုင် စစ်ဆေးရမည်။ မူရင်းစာထဲတွင် မပါသည့်စာလုံးများ ပါမလာစေရေး၊ မူရင်းစာအုပ်မှ စာလုံးများ ကျကျန်မနေစေရေးသည် အလွန် အရေးကြီးလှ၏။ မြန်မာစာသည် လုံးကောက် အနက်အဓိပ္ပာယ်ထွက်သောစာ ဖြစ်လေရာ စာတလုံးကျကျန်ခဲ့ သို့မဟုတ် ပိုသွားသည်နှင့် မူရင်းအဓိပ္ပာယ်မှ များစွာလွဲချော်သွားနိုင်၏။

တတိယအရေးကြီးသည်မှာ အဖြတ်အတောက်များ မှန်ကန်ရေး ဖြစ်၏။ အင်္ဂလိပ်စာတွင် စကားလုံးတလုံးချင်းစီကို ဖြတ်သွား သည်ဖြစ်ရာ အဖြတ်အတောက်မှားမှာ မပူရ။ မှားစရာကို မရှိ။ သို့သော် မြန်မာစာတွင်မူ အဖြတ်အတောက်မှားလျှင် အဓိပ္ပာယ်ပါလွဲသည်။ ထို့ကြောင့် အဖြတ်အတောက်များ မှန်ကန်စေရေး အရေးကြီး၏။ ဤသည့်ကိစ္စမှာ အထက်ဆုံးအရာရှိ၏ တာဝန်ဖြစ်၏။ အောက်ဘက်က မတော်တဆမှားလာခဲ့သည်များကို အထက်ဆုံးအရာရှိက မျက်စိဒေါက်ထောက် ကြည့်ရ မည်။ မြန်စရာမလို။ အုပ်ရေ သိန်းနှင့်ချီကာ တနိုင်ငံလုံးကို ဖြန့်မည့်စာအုပ်များ ဖြစ်သည့်အတွက် မှန်ရန်သာ အရေးကြီး လေသည်။

နောက်တခုမှာ အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်များ ဖြစ်၏။ ဤစာအုပ်မှာ သာမန် မဂ္ဂဇင်းတအုပ်၊ ဝတ္ထုစာအုပ်တအုပ် မဟုတ်။ ကျောင်းသုံးစာအုပ်ဖြစ်၏။ ထို့ကြောင့် အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်များ မှန်ကန်ရေးမှာ အလွန်အရေးကြီးလှ၏။ ယခုမှ ပညာ ရင်နို့ သောက်စို့ခါစ ကလေးများကို အမှားကြီး သင်မပေးမိစေရေးမှာ ထိုပြဋ္ဌာန်းစာအုပ်များ မှန်ကန်ရေးလည်း တခုအပါ အဝင်ဖြစ်ကြောင်း သတိထားရပါမည်။

နောက်တခုမှာ စံပြအဖြေများ မှားမပေးမိစေရေး ဖြစ်၏။ ကလေးများကို မှားသင်ပေးလိုက်လျှင် တသက်လုံး မှားသွားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကလေးများ၏ စိတ်မှာ ပကတိဖြူစင်နေသော စိတ်ဖြစ်၍ အရောင်ဆိုးရလွယ်သည်။ ထိုအရောင် သည် တသက်လုံးစွဲနေတတ်သည်။ ထို့ကြောင့် စ သင်ကတည်းက အမှန်ကို သင်ပေးရေး အရေးကြီးခြင်း ဖြစ်၏။ စံပြအဖြေ များ မှန်ကန်စေရေးမှာ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ဆရာများ၏ အရာဖြစ်၏။

နောက်တခုမှာ ဖော်ပြထားသော ပုံများနှင့်စာသား ကိုက်ညီစေရေး၊ ပုံများ မှန်ကန်စေရေး ဖြစ်၏။ အချက်အလက်များ ဖော်ပြမည် ဆိုပါကလည်း ထိုအချက်အလက်များကို အခိုင်မာဆုံးနေရာ၊ မူလနေရာမှသာ ရယူရပါမည်။ မသေချာသည့် သို့မဟုတ် အငြင်းပွား ဖွယ်ရာအချက်များ ပါလာပါက တာဝန်ရှိသည့် ဌာနနှင့် ဆက်သွယ်ကာ အတည်ပြုချက် ရယူရပါမည်။

အရေးကြီးသည့် နောက်တချက်ကို ပြပါဆိုလျှင် ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ ကိစ္စများဖြစ်၏။ ထိုကိစ္စများသည် အလွန် အကဲဆတ်သည့်ကိစ္စဖြစ်၍ ဘာသာတခု၊ လူမျိုးတမျိုးကို ထိခိုက်စော်ကားသည့် အသုံးအနှုန်းများ၊၊ အမုန်းပွားစေမည့် အသုံးအနှုန်းများမပါစေရေးကို မှန်ဘီလူးနှင့်ရှာကာ စစ်ထုတ်ပစ်ရန် လို၏။

နောက်အရေးကြီးသည့်အချက်ကို ထောက်ပြရလျှင် မူလတန်းကလေးငယ်များအတွက် ပြင်ဆင်ထားသောစာအုပ်မှာ ရုပ်ပုံများများ၊ စာနည်းနည်းနှင့် ဖြစ်သင့်၏။ ယခု ကျောင်းဖတ်စာအုပ်များကို ကြည့်လိုက်လျှင် အနည်းငယ်မျှ ဆွဲဆောင်မှုမရှိပါ။ အလွန် ပျင်းစရာ ကောင်းလှသော စာအုပ်အပြင်အဆင် ဖြစ်လေသည်။ ဥပမာပြရလျှင် ပဉ္စမတန်း သမိုင်းစာအုပ် ဖြစ်၏။ ပါလာသည့် ပုံများမှာလည်း လကွယ်ည သန်းခေါင်ယံ၌ ကတ္တရာလမ်းပေါ်တွင် ကုလားမကြီးတယောက် ထိုင်နေသကဲ့သို့ ဖြစ်၏။ ဤပုံများကို ကလေးငယ်များ မည်သည့်နည်းနှင့်မှ စိတ်ဝင်စားမည် မဟုတ်။

ပုံများမှာ ပန်းချီသရုပ်ဖော်၊ ရောင်စုံပုံများဖြစ်သင့်၏။ စာကို တတ်နိုင်သမျှလျှော့ကာ ကာတွန်းစာအုပ်တအုပ်ကဲ့သို့ ပြင်ဆင် သင့်ပါသည်။ ပုံလှလှပပကလေးများနှင့် ဖတ်ချင့်စဖွယ်ဖြစ်အောင် ပြင်ထားမှ ကလေးများ စိတ်ဝင်စားလာမည်။ ဒါဘာတွေ လဲဟု သိချင်လာမည်။ ယခု ကျောင်းစာအုပ်များမှာမူ ကလေးမပြောနှင့်၊ လူကြီးများကိုပင် ဆွဲဆောင်မှုမရှိပါ။

ဤသည်မှာ ကျွန်ုပ်က အကျဉ်းရုံးပြခြင်းမျှသာ ဖြစ်၏။ အခြားအရေးကြီးသည့်အချက်များ များစွာကျန်ရှိနေနိုင်ပါသေးသည်။

(၄) ဖတ်စာအုပ်များမှ အမှားတချို့
ဤတွင် ပြဋ္ဌာန်းစာအုပ်များမှ အမှားတချို့ကို ကျွန်တော် ထောက်ပြထားပါသည်။ သို့တိုင် ဖတ်စာအုပ်အားလုံးကို ရှာဖွေ ထောက်ပြဘို့ရာ လွယ်ကူသည့် အလုပ်မဟုတ်ပါ။ သည်ကိစ္စမှာ အလွန်တာဝန်ကြီးလှ၏။ ပြဋ္ဌာန်းစာအုပ်အားလုံးကို စစ်စစ် ပေါက်ပေါက်ရှာဖွေပြီး အမှားအားလုံးကို ရှာဖွေဖော်ထုတ်ရန်မှာလည်း ကျွန်တော့်အလုပ်မဟုတ်ပါ။ အမှားတချို့ ပြနိုင်လျှင် ပင် လုံလောက်ပါပြီ။ တာဝန်ရှိသူများ အနေနှင့်မူ အစိုးရမူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်များမှ ပြဋ္ဌာန်းစာ အုပ်အားလုံးကို ပြန်လည်စိစစ်ကာ အမှား အားလုံးကို ရှာဖွေရပါမည်။ တွေ့သမျှ အမှားအားလုံးကို စာရင်းလုပ်ကာ နောက်စာအုပ်များ ရိုက်နှိပ်သည့်အခါ အမှားမပါရလေအောင် အချိန်မီ ပြန်လည်ပြင်ဆင်ရပါမည်။

ဤအလုပ်သည် အလွန် တာဝန်ကြီးလေးလှသော အလုပ်ဖြစ်၏။ သို့သော် လုပ်လို့ မဖြစ်နိုင်တာမဟုတ်။ အလွန်ဖြစ်နိုင်လေ၏။ တာဝန်ယူ မလုပ်ကြ၍သာ ဤမျှ ထပ်ကာထပ်ကာ မှားနေရခြင်းဖြစ်လေသည်။

ယခု ကျွန်တော် အောက်ပါ ဖတ်စာအုပ်များမှ အမှားများကို ထောက်ပြထားပါသည်။

၁။ မြန်မာဖတ်စာ၊ ပဉ္စမတန်း
၂။ ပထဝီဝင်၊ ပဉ္စမတန်း
၃။ သမိုင်း၊ ပဉ္စမတန်း
၎။ အထွေထွေသိပ္ပံ၊ ပဉ္စမတန်း
၅။ သင်္ချာ အတွဲ (၁)၊ ပဉ္စမတန်း
၆။ သင်္ချာ အတွဲ (၂)၊ ပဉ္စမတန်း
၇။ မြန်မာကဗျာလက်ရွေးစင်၊ အဋ္ဌမတန်း
၈။ မဟော်သဓာဇာတ်တော်ကြီး - ပထမတွဲ၊ အဋ္ဌမတန်း
၉။ မြန်မာသဒ္ဒါ အတွဲ (၁) အခန်း (၄)၊ အဋ္ဌမတန်း
၁ဝ။ ပထဝီဝင်၊ အဋ္ဌမတန်း


 

 



 

 





(၅) စာအုပ်အပြင်အဆင်
၅၊ ၁။ ကန်ထရိုက်တာများမှာ တွက်ခြေကိုက်အောင် လုပ်ထားသည့်အတွက် စာအုပ်မာဂျင်များကို အလွန်သေးထားသည်။     

ဥပမာ-
၂ဝ၁၇၊ ဒီဇင်ဘာလထုတ်၊ ၂ဝ၁၈ - ၂ဝ၁၉ ပညာသင်နှစ်အတွက် ပဉ္စမတန်း၊ မြန်မာစာဖတ်စာအုပ်
စာမျက်နှာ (၁ဝ) တွင် မာဂျင်မှာ (၄) မီလီမီတာမျှသာ ရှိသည်။
စာမျက်နှာ (၂၁ နှင့် ၂၂) တွင် မာဂျင်မှာ (၃) မီလီမီတာမျှသာ ရှိသည်။

၅၊ ၂။ ရုပ်ပုံများမှာ အလွန်ညံ့ဖျင်းလှသည်။ အချို့ပုံများမှာ တခုလုံးမည်းနေပြီး ဘာပုံမှန်းပင် မသိရပါ။
ဥပမာ -
၂ဝ၁၇၊ ဒီဇင်ဘာလထုတ်၊ ၂ဝ၁၈ - ၂ဝ၁၉ ပညာသင်နှစ်အတွက် ပဉ္စမတန်း၊ မြန်မာစာဖတ်စာအုပ်
စာမျက်နှာ ၃၆ - မီးချိတ်၊ မီးကပ်ပုံ
စာမျက်နှာ ၄၃ - ပုသိမ်ထီးပုံ
စာမျက်နှာ ၄၈ - သစ်လုံးများ ကားပေါ်တင်နေပုံ

၂ဝ၁၇၊ စက်တင်ဘာလထုတ်၊ ၂ဝ၁၈ - ၂ဝ၁၉ ပညာသင်နှစ်အတွက် အဋ္ဌမတန်း၊ ပထဝီဝင် စာအုပ်
ပုံ (၂-၂)၊ ပုံ (၂-၃)၊ ပုံ (၂-၄)၊ ပုံ (၂-၅)၊ ပုံ (၂-၆)၊ ပုံ (၂-၇)၊ ပုံ (၂-၈)၊ ပုံ (၂-၉)၊ ပုံ (၂-၁ဝ)၊ ပုံ (၂-၁၁)၊ ပုံ (၂-၁၂)၊ ပုံ (၂-၁၃)၊ ပုံ (၂-၁၄)၊ ပုံ (၂-၁၅)၊ ပုံ (၂-၁၆)၊ ပုံ (၂-၁၇)၊ ပုံ

၅၊ ၃။ စာမျက်နှာချုံ့လို၍ အချို့ပုံများကို အရွယ်အစားသေးထားသဖြင့် မည်ကဲ့သို့မှ ဖတ်မရ၊ ကြည့်မရ။

ဥပမာ -
၂ဝ၁၇၊ ဒီဇင်ဘာလထုတ်၊ ၂ဝ၁၈ - ၂ဝ၁၉ ပညာသင်နှစ်အတွက် ပဉ္စမတန်း၊ ပထဝီဝင်ဖတ်စာအုပ်
၁။ စာမျက်နှာ ၂ - ပုံ (၁-၂) လတ္တီကျုများပြပုံ
၂။ စာမျက်နှာ ၃ - ပုံ (၁-၃) လောင်ဂျီကျုများပြပုံ
၃။ စာမျက်နှာ ၁၃ - ပုံ (၂-၂) မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများပြပုံ
၎။ စာမျက်နှာ ၂၁ - ပုံ (၂-၈) ဧရာဝတီမြစ်ဝှမ်းပုံ
၅။ စာမျက်နှာ ၂၃ - ပုံ (၂-၁ဝ) စစ်တောင်းမြစ်ဝှမ်းပုံ
၆။ စာမျက်နှာ ၂၃ - ပုံ (၂-၁၁) သံလွင်မြစ်ဝှမ်းပုံ
၇။ စာမျက်နှာ ၂၄ - ပုံ (၂-၁၂) တနင်္သာရီတိုင်းဒေသကြီးရှိ မြစ်ချောင်းများပြပုံ
၈။ စာမျက်နှာ ၂၄ - ပုံ (၂-၁၃) ရခိုင်ပြည်နယ်ရှိ မြစ်ချောင်းများပြပုံ

၅၊ ၄။ ပုံတော်တော်များများမှာ resolution အလွန်နည်းလှသည်။ ပုံသေးကို zoom ချဲ့ယူထား၏။

ဥပမာ -
၂ဝ၁၇၊ ဒီဇင်ဘာလထုတ်၊ ၂ဝ၁၈ - ၂ဝ၁၉ ပညာသင်နှစ်အတွက် ပဉ္စမတန်း၊ ပထဝီဝင်ဖတ်စာအုပ်
၁။ စာမျက်နှာ ၁၃ - ပုံ (၂-၁) မြန်မာနိုင်ငံတည်နေရာကို လတ္တီကျု၊ လောင်ဂျီကျုဖြင့်ပြပုံ
၂။ စာမျက်နှာ ၁၈ - ပုံ (၂-၆) အလယ်ပိုင်းချိုင့်ဝှမ်းဒေသပုံ
၃။ စာမျက်နှာ ၁၉ - ပုံ (၂-၇) ရခိုင်ကမ်းမြှောင်ဒေသပုံ
၎။ စာမျက်နှာ ၂၂ - ပုံ (၂-၉) ချင်းတွင်းမြစ်ဝှမ်းပုံ
၅။ စာမျက်နှာ ၂၄ - ပုံ (၂-၁၂) တနင်္သာရီတိုင်းဒေသကြီးရှိ မြစ်ချောင်းများပြပုံ
၆။ စာမျက်နှာ ၂၄ - ပုံ (၂-၁၃) ရခိုင်ပြည်နယ်ရှိ မြစ်ချောင်းများပြပုံ
၇။ စာမျက်နှာ ၂၇ - ပုံ (၂-၁၄) တွင်းထွက်ပစ္စည်းများပြပုံ
၈။ စာမျက်နှာ ၃၅ - မြန်မာပြည်မြေပုံ

၅၊ ၅။ အချို့ပုံများမှာ သေးငယ်ပြီး မထင်မရှားဖြစ်နေသောကြောင့် လုံးဝကြည့်လို့မရ။
ဥပမာ -
၂ဝ၁၇၊ ဒီဇင်ဘာလထုတ်၊ ၂ဝ၁၈ - ၂ဝ၁၉ ပညာသင်နှစ်အတွက် ပဉ္စမတန်း၊ ပထဝီဝင်ဖတ်စာအုပ်
၁။ စာမျက်နှာ ၁၇ - ပုံ (၂-၄) အရှေ့ဘက်ကုန်းမြင့်ဒေသပုံ
၁။ စာမျက်နှာ ၁၇ - ပုံ (၂-၅) အနောက်ဘက်တောင်တန်းဒေသပုံ

၅၊ ၆။ အချို့နေရာများတွင် စာသားများ ဟိုဘက်သည်ဘက်ပေါက်နေ၍ စာသားများထပ်နေကာ ဖတ်လို့မရ။
ဥပမာ -
၂ဝ၁၅၊ စက်တင်ဘာလထုတ်၊ ၂ဝ၁၅ - ၂ဝ၁၆ ပညာသင်နှစ်အတွက် တတိယတန်း၊ ပထဝီဝင်နှင့်သမိုင်းဖတ်စာအုပ်
စာမျက်နှာ ၂ဝ - အခန်း (၈)
စာမျက်နှာ ၂၁ - အခန်း (၉)

၅၊ ၇။ အချို့ပုံများမှာ အလွန်မည်းနေ၍ ရည်ညွန်းရန် ခက်ခဲလှ၏။

ဥပမာ -
၂ဝ၁၇၊ ဒီဇင်ဘာလထုတ်၊ ၂ဝ၁၈ - ၂ဝ၁၉ ပညာသင်နှစ်အတွက် ပဉ္စမတန်း၊ သင်္ချာ အတွဲ(၁) စာအုပ်
စာမျက်နှာ ၁ဝ၉ - ပုံ i, ii, iii
စာမျက်နှာ ၁၆၂ - ဥပမာ (2)

၅၊ ၈။ မြေပုံများမှာ အလွန်သေးငယ်ပြီး မှုံဝါးနေသဖြင့် စာလုံးများမှာ ဖတ်လို့မရ။

ဥပမာ -
၂ဝ၁၇၊ စက်တင်ဘာလထုတ်၊ ၂ဝ၁၈ - ၂ဝ၁၉ ပညာသင်နှစ်အတွက် အဋ္ဌမတန်း၊ ပထဝီဝင် စာအုပ်
စာမျက်နှာ ၄ဝ - ပုံ (၂-၁၈) - မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းများပုံ
စာမျက်နှာ ၄ဝ - ပုံ (၂-၁၉) - မြန်မာနိုင်ငံ အားဖြည့်လောင်စာတွင်းထွက်များပြပုံ
စာမျက်နှာ ၄၃ - ပုံ (၂-၂ဝ) - မြန်မာနိုင်ငံ ရထားလမ်းများပြပံ
စာမျက်နှာ ၄ဝ - ပုံ (၂-၂၁) - မြန်မာနိုင်ငံ ရေကြောင်းခရီးလမ်းများပြပုံ
စာမျက်နှာ ၄၇ - ပုံ (၂-၂၂) - မြန်မာနိုင်ငံ လေကြောင်းဆက်သွယ်ရေးပြပုံ

၅၊ ၉။ အချက်အလက်များကို update လုပ်မထားခြင်း
ဥပမာ -
၁။ ၂ဝ၁၇၊ ဒီဇင်ဘာလထုတ်၊ ၂ဝ၁၈ - ၂ဝ၁၉ ပညာသင်နှစ်အတွက် ပဉ္စမတန်း၊ မြန်မာဖတ်စာ
ခေါင်းစဉ် - မြန်မာ့ဆိုင်းဝိုင်း
"မြန်မာ့တူရိယာများသည် ပင်လယ်ရပ်ခြားတိုင်းတပါးသို့ လွန်ခဲ့သောနှစ်ပေါင်း ခြောက်ဆယ်လောက်မှစ၍ ရောက်ပေါက်ခဲ့သည်။"

အမှန်တွင် ထိုနှစ်များကို ယခုတွက်ကြည့်ပါက အနှစ် (၆ဝ) မကတော့ဘဲ အနှစ် (၁ဝဝ) ကျော်နေပြီ ဖြစ်ပါသည်။ ဆယ်နှစ် လောက်ကွာလျှင်ပင် အလွန်များလှပါပြီ။ ဤစာအုပ်များမှာ နှစ်စဉ်ရိုက်ထုတ်နေတာဖြစ်သဖြင့် နှစ်တိုင်းမဟုတ်တောင် သုံးနှစ်တကြိမ်လောက် update လုပ်သင့်လှ၏။

၂။ ၂ဝ၁၇၊ စက်တင်ဘာလထုတ်၊ ၂ဝ၁၈ - ၂ဝ၁၉ ပညာသင်နှစ်အတွက် အဋ္ဌမတန်း၊ ပထဝီဝင် စာအုပ်
ခေါင်းစဉ် - ကမ္ဘောဒီးယားနိုင်ငံ
လူဦးရေနှင့်လူမျိုးများ ကိန်းဂဏန်းများမှာ ၂ဝဝ၉ ခုနှစ်က ကိန်းဂဏန်းများဖြစ်၍ ယခု ဆယ်နှစ်ခန့်အတွင်း အတော်ကွာသွား ပါပြီ။ ၂ဝ၁၆ ခုနှစ်တွင် လူဦးရေမှာ ၁၅.၇၆ သန်းဖြစ်၍ ၂ဝဝ၉ ခုနှစ်က လူဦးရေနှင့် တသန်းကျော်ကွာသွားပြီဖြစ်၏။

၅၊ ၁ဝ။ ခေါင်းစဉ်နှင့် စာသား မကွဲပြားခြင်း
စာမျက်နှာချွေတာသောအားဖြင့် စာသားနှင့် ခေါင်းစဉ်များကို တဆက်တည်း ရေးထားရာ ခေါင်းစဉ်နှင့်စာသားများမှာ အရောရော အထွေးထွေးဖြစ်နေပါသည်။ ခေါင်းစဉ်ကို စာသားနှင့် တကြောင်းတန်သည်၊ နှစ်ကြောင်းတန်သည် ချဲပေးထား သင့်သော်လည်း ချဲပေးမထားချေ။

ဥပမာ -
၁။ ၂ဝ၁၇၊ ဒီဇင်ဘာလထုတ်၊ ၂ဝ၁၈ - ၂ဝ၁၉ ပညာသင်နှစ်အတွက် ပဉ္စမတန်း၊ အထွေထွေသိပ္ပံ
စာမျက်နှာ - ၅၈
ပုံ (၅-၃) မှ စာများနှင့် "သစ်တောများ" ခေါင်းစဉ်မှာ ထပ်နေသည်။

၅၊ ၁၁။ ပုံများ၏ အရည်အသွေး ညံ့ဖျင်းလွန်းခြင်း
သင်္ချာစာအုပ်မှ ပုံများကို လက်နှင့်ဆွဲထား၍ မျဉ်းများအထူအပါးမညီခြင်း၊ မြားခေါင်းများမှာ မျဉ်းနှင့်အလယ်တည့်တည့် မကျခြင်း၊ စက်ဝိုင်း ဗဟိုများမှာ ဗဟိုတည့်တည့်မကျခြင်း၊ ပုံ၌ ညွှန်ပြထားသည့် အက္ခရာများမှာ အကြီးအသေးမညီခြင်း စသည့် ချွတ်ယွင်းချက်များစွာ တွေ့ရ ပါသည်။ သည်မျှ ကွန်ပြူတာထွန်းကားနေသည့်ခေတ်ကြီးတွင် software သုံးကာဆွဲပါက အလွန် လှပ၊ သေသပ်၊ ကောင်းမွန်သည့်ပုံများ ရနိုင်ပါသည်။ အနည်းဆုံးတော့ AutoCAD သုံးကာ ဆွဲနိုင်ပါ သည်။ အဘယ်ကြောင့် မဖြစ်နိုင်ရမည်နည်း။

ဥပမာ -
၁။ ၂ဝ၁၇၊ ဒီဇင်ဘာလထုတ်၊ ၂ဝ၁၈ - ၂ဝ၁၉ ပညာသင်နှစ်အတွက် ပဉ္စမတန်း၊ သင်္ချာအတွဲ (၂) မှ ပုံများ

၅၊ ၁၂။ အချို့စာအရေးအသားများမှာ ကလေးများအတွက် မသင့်တော်ခြင်း
ကျောင်းသုံးစာအုပ်များပြုစုရာတွင် ကျောင်းသားများ၏ အသက်အရွယ်ကိုလိုက်၍ ဝါကျများကို ဖွဲ့သင့်၏။ ဝါကျတိုများသုံး၍ စကားလုံးရှင်းရှင်းနှင့် ရေးရမည်။ မလိုအပ်ဘဲ ဝါကျရှည်များသုံးခြင်းသည် နားရှုပ်ထွေးခြင်းကို ဖြစ်စေ၏။ ဖတ်၍နားမလည်သည့်စာများကို မည်သည့်ကလေးကမှ စိတ်ဝင်စားလိမ့်မည် မဟုတ်ပါ။

ဥပမာ -
၁။ ၂ဝ၁၇၊ ဒီဇင်ဘာလထုတ်၊ ၂ဝ၁၈ - ၂ဝ၁၉ ပညာသင်နှစ်အတွက် ပဉ္စမတန်း၊ သင်္ချာအတွဲ (၂)၊ စာမျက်နှာ - ၂၇
သင်ခန်းစာများလေ့လာရာ၌ စင်တီမီတာနှင့် လက်မ အမှတ်အသားများ ၎င်းတို့၏ ဆယ်လီစိတ်ဖြစ်သော မီလီမီတာနှင့် တလက်မ၏ ဆယ်ပုံတပုံ အမှတ်အသားများဖြင့်ပြီးသော ဖြောင့်တန်းသော မီလီမီတာ နှင့် တလက်မ၏ ဆယ်ပုံတပုံ အမှတ်အသားများ ဖြင့် ပြီးသော ဖြောင့်တန်းသော အနားစောင်းနှစ်ဘက်ရှိသည့် မျဉ်းတံရှိလျှင် လုံလောက်ပေသည်။

၅၊ ၁၃။ မျက်နှာဖုံး အပြင်အဆင်

မျက်နှာဖုံးရှိစာများမှာ စာမျက်နှာအလယ်တည့်တည့်တွင် ရှိနေသင့်သည့်တိုင် အလယ်တွင်ရှိမနေဘဲ တဖက်သို့ ကပ်နေပါသည်။

ဥပမာ-
၂ဝ၁၇ ဒီဇင်ဘာလထုတ်၊ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်အတွက် ပဉ္စမတန်း၊ သမိုင်းစာအုပ်
၂ဝ၁၇ ဒီဇင်ဘာလထုတ်၊ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်အတွက် ပဉ္စမတန်း၊ သင်္ချာအတွဲ (၁) စာအုပ်


(၆) တာဝန်ယူမှု၊ တာဝန်ခံမှု

    အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဟူသော စကားသည်ရှိ၏။ သို့ဆိုလျှင် မည်သည့်အလုပ်သည် ဂုဏ်ရှိသနည်း။
    ဂုဏ်ရှိသောအလုပ်ဆိုသည်မှာ ရာထူးကြီးတာ၊ ငယ်တာ။ လခများတာ၊ နည်းတာနှင့်မဆိုင်။

မည်သူဖြစ်စေ၊ မည်သည့်အလုပ်ကိုဖြစ်စေ မိမိအလုပ်ကိုမိမိ တန်ဘိုးထားကာ ကောင်းကောင်းမွန်မွန်၊ လှလှပပ၊ သေသေ သပ်သပ်၊ အမှားအယွင်းကင်းစွာနှင့် လုပ်ကိုင်နိုင်သည်ဖြစ်ပါက မိမိအလုပ်ကိုမိမိ ဂုဏ်ယူနိုင်လေသည်။ အိမ်သာဆေးနေ သူပင်ဖြစ်စေ (ဟောဒါ ငါတာဝန်ယူထားတဲ့ အိမ်သာကွ၊ အချိန်မရွေးလာကြည့်လှည့်၊ ဘာအနံ့အသက်မှမရှိစေရဘူး၊ သန့်ရှင်းတောက်ပြောင် နေစေရမယ်ဟု) လက်မထောင်နိုင်၏။ မည်သည့် စီနီယာအင်ဂျင်နီယာကြီး ဖြစ်နေပါစေ။ တော်ကြာ ဟိုနားမှားပြန်ပြီ။ တော်ကြာ ဒီဟာမှားလို့ ပြန်ပြင်ရပြန်ပြီ၊ တော်ကြာဟိုဟာလွဲလို့ အဆဲခံရပြန်ပြီဆိုလျှင် ထိုသူသည် သူ့ အလုပ်သူ ဂုဏ်ယူနိုင်ပါမည်လော။

ဤသည်မှာ တာဝန်ယူမှုဖြစ်၏။ မိမိအလုပ်ကိုမိမိ တာဝန်ယူရမည်။ မိမိယူထားသောတာဝန်ကို ကျေပွန်အောင် ဆောင်ရွက် ရမည်။ ထိုတာဝန်ကို မထမ်းဆောင်နိုင်ဆိုအံ့။ တာဝန်မယူပါနှင့်။ လုပ်တတ်သူများကို တာဝန်ပေးလိုက်ရန်သာ ဖြစ်၏။

အခြေခံပညာကျောင်းစာအုပ်များ ထုတ်ဝေရေးအတွက် တာဝန်ရှိသူမှာ မည်သူများဖြစ်သည်ကို ကျွန်တော်မသိပါ။ ကျောင်းစာအုပ် များတွင် အခြေခံပညာသင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာနှင့် ကျောင်းသုံးစာအုပ် ကော်မတီ၏ မူပိုင်ဖြစ်သည်ဟု ဖော်ပြထားသည့် အတွက် ထိုစာအုပ်များမှ စာသားများ မှန်ကန်ကောင်းမွန်ရေးမှာ ထိုကော်မတီ၏ တာဝန်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုစာအုပ်မှ စာအားလုံးကို ၎င်းတို့ပိုင်သည့်အတွက် ဖြစ်သည်။ မိမိပိုင်သည့်ပစ္စည်းကို မိမိ ဂရုတစိုက်လုပ်ရမည်မှာ အလွန်သေချာလှပါသည်။

စာအုပ်များကို ကန်ထရိုက်ပေးပြီး ရိုက်တာဖြစ်ပါလိမ့်မည်။ သို့သော် ကန်ထရိုက်တာများက စီထားသည့်စာများ မှန်မမှန်၊ ပုံနှိပ် စာသားများ အရည်အသွေးကောင်းမကောင်းကိုမူ ကော်မတီက တာဝန်ယူ စစ်ဆေးရပါမည်။ စာအုပ်မှ စာလုံးပေါင်း များမှားခြင်း၊ စာလုံးများ ကျကျန်ခဲ့ခြင်း၊ စာကြောင်းကျော်ခြင်း စသည်တို့ မဖြစ်စေရန် ကော်မတီက အထပ်ထပ် စစ်ရပါမည်။ ပထမ - အောက်ဆုံးအဆင့်က စစ်ရမည်။ ဒုတိယ - ကြီးကြပ်သူများက စစ်ရမည်။ စက်ပေါ်မတင်မီ နောက်ဆုံးအဆင့်တွင် တာဝန်အရှိဆုံးသူများက ဖတ်ရှုကာ အတည်ပြုပေးရမည်။

နောက်တခုအရေးကြီးသည်မှာ ထိုကျောင်းသုံးစာအုပ်ကို စစ်ဆေးသူများသည့် သက်ဆိုင်ရာ ဘာသာရပ်ကို အလွန်ကျွမ်း ကျင်သည့် ပညာရှင်များဖြစ်ရန် အရေးကြီးလှ၏။ မိမိစစ်နေသည့် ဘာသာရပ်အကြောင်း နားမလည်သူသည် သည်စာအုပ်ပါ စာများ မှန်၊ မမှန်၊ မည်ကဲ့သို့ သိနိုင်ပါမည်နည်း။ ထိုသူသည် သက်ဆိုင်ရာ ဘာသာရပ်အကြောင်း ကျွမ်းကျင်ပိုင်နိုင်ရုံမျှမက မြန်မာစာအရေးအသားနှင့် ပတ်သက်၍လည်း ကျွမ်းကျင်ပိုင်နိုင်သူ ဖြစ်ရပါမည်။

သည်စာအုပ်မှ အမှားများအတွက် စာစီသူများနှင့် ပုံနှိပ်သူများအပေါ် အပြစ်ပုံချခြင်းသည် လျော်ကန်သင့်မြတ်လှသော လုပ်ရပ်မဟုတ်။ သည်စာအုပ်များရိုက်ရန်အတွက် ကန်ထရိုက်စာချုပ်များချုပ်ရမည် မချွတ်။ ထိုအထဲတွင် စာသားများ မှန်ကန်ကောင်းမွန်မှု၊ စာအုပ် အရည်အသွေး စသည်တို့ပါမည် မချွတ်။ ထို့အတွက် ထို ကန်ထရိုက်စာချုပ်ပါ အချက်အလက်များနှင့် ကိုက်ညီမှု ရှိမရှိ စစ်ဆေးရန်မှာ အလုပ်အပ်သူ၏ တာဝန်မဟုတ်ပါလော။ သူတို့ဟာသူတို့ စီချင်သလိုစီ၊ ရိုက်ချင်သလိုရိုက်လာတာကို မစစ်မဆေးဘဲ မည်သည့်နည်းနှင့်မှ လက်ခံစရာ အကြောင်းမရှိ။

နိဂုံး
ပညာရေးဟူသည် အနာဂတ်မျိုးဆက်သစ်ကို ထူထောင်ရေး၌ အလွန်အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်၏။ ကျောင်းသင် ပြဋ္ဌာန်း စာအုပ်မှ စာများမှားလျှင် ကျောင်းသားများကို အမှားကြီး သင်ပေးနေမိပေမည်။ ထိုအမှားမှာ တယောက်ထဲမှားတာ မဟုတ်။ တနိုင်ငံလုံးမှားတာ ဖြစ်၏။

အမှားလုပ်မိတာ အပြစ်မဟုတ်။ အမှားမှန်းသိလျက်နှင့် အမှန်မပြင်တာသာ အပြစ်ဖြစ်ချေ၏။ ဤကဲ့သို့အမှန်ပြင်ရန်မှာ မိမိ အမှားကို မိမိ ဝန်ခံတတ်ရန် အရေးကြီးသည်။ မှားနေတာကြီး သိပါလျက်နှင့် ဝန်မခံ၊ ဟိုလူ့ကို လက်ညှိုးထိုး၊ သည်လူ့ကို လက်ညှိုးထိုး အပြစ်ဖို့နေပါက အမှန်တရားနှင့် ဝေးနေဦးမှာ သေချာလှပါသည်။

အရေးကြီးသည်မှာ အမှားတခု ဖြစ်လာပြီဆိုလျှင် ဘာကြောင့်မှားရသလဲ ဆိုသည့် ဇစ်မြစ်ကို စုံစမ်းကာ နောက်ထပ် ထိုကဲ့သို့ မမှားအောင် လုပ်ဆောင်ရေးဖြစ်၏။ လူတကာကို လက်ညှိုးထိုး၊ အပြစ်ဖို့နေရုံဖြင့် အမှန်ဖြစ်မလာနိုင်။

ဤနေရာတွင် ကျောင်းဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍလည်း အရေးကြီး၏။ ဤစာအုပ်များကို ကိုင်တွယ်သင်ကြားနေရသော ဆရာ/ဆရာမများလည်း သည်အမှားများကို မြင်မိမည် မုချဖြစ်၏။ သို့သော် အပြစ်ပေး အရေးယူခံရမှာ စိုးသည့်အတွက်သာ ငြိမ်နေကြတာ ဖြစ်ပါလိမ့်မည်။ ကျွန်တော်တို့ကလည်း သူတို့ချပေးတာ သင်ရတာပဲဗျ ဟု မိတ်ဆွေ ဆရာတဦးက ပြောဖူးပါသည်။

အမှားကို ထောက်ပြရန် ကြောက်ရွံ့နေရခြင်းသည်လည်း အလွန်လွဲမှားလှသော မူဝါဒတရပ် ဖြစ်ပေ၏။ အမှန်ကိုဆိုရပါမူ အမှား ထောက်ပြသူအား တလေးတစားနှင့် ကျေးဇူးပင် တင်ရဦးမည်ဖြစ်၏။ အမှားကိုသိမှ အမှန်ပြင်နိုင်မည် မဟုတ်ပါလော။ သို့ဆိုလျှင် ဆရာ/ဆရာမများသည် အမှားကို ထောက်ပြရန် အဘယ်ကြောင့် ကြောက်ရွံ့နေကြရပါသနည်း။ ကျွန်တော့်အထင်တော့ အမှားကို ထောက်ပြလျှင် အလုပ်ဖြုတ်ခံရမှာ၊ အရေးယူခံရမှာစိုး၍ဟု ထင်ပါသည်။ ကျွန်တော်မသိပါ။

မြတ်စွာဘုရား၏ လက်ျာရံ အဂ္ဂသာဝကဖြစ်သူ ရှင်သာရိပုတ္တရာသည် ကိုရင်ငယ်ကလေးက သင်္ကန်းအောက်စမညီ၍ ထောက်ပြတာကို လက်ခံကာ ပြင်ရုံခဲ့ဖူးသည့် သာဓကရှိ၏။ ထို့ကြောင့် မိမိမှားနေတာကို မှားနေပါသည် အပြောမခံနိုင်ဟုဆို လျှင် အတော့်ကို သဘောထား သေးသိမ်ခြင်းသာ ဖြစ်ပါလိမ့်မည်။ မှားနေတာကို မှားပါသည်ဟု ထောက်ပြသူအား အရေးယူမည်ဆိုလျှင် အတော့်ကို သဘာဝမကျသည့်၊ ယုတ်ညံ့သောလုပ်ရပ် ဖြစ်ပေလိမ့်မည်။

ဤသို့ဆိုလိုက်ခြင်းဖြင့် အမှားကိုထောက်ပြသူများရှိပြီး ထိုထောက်ပြသူများကို အရေးယူခဲ့သည့်သာဓကများရှိသည်ဟု မဆိုလိုပါ။ အမှားကို ထောက်ပြသူများ ရှိမရှိဆိုသည်ကိုလည်း ကျွန်တော်မသိပါ။ အကယ်၍ အမှားကိုထောက်ပြလာပါက အရေးယူမည်ဆိုလျှင် ထိုလုပ်ရပ်မှာ မလျော်ကန်ကြောင်းကိုသာ ပြောလိုရင်း ဖြစ်၏။ တနည်းအားဖြင့်လည်း ဆရာ၊ ဆရာမများအား ရဲရဲဝံ့ဝံ့၊ ပွင့်ပွင့်လင်းလင်း အမှားကိုထောက်ပြရန် ခွင့်ပြုရန်နှင့် ထိုသို့ အမှားကိုထောက်ပြသူများအား အရေးယူမည်မဟုတ်ကြောင်း အာမခံပေးရန် ဖြစ်၏။

ကျွန်ုပ်တို့တိုင်းပြည်တွင် အမှားကို မျက်ကွယ်ပြုကာ ဝိုင်းဝန်းလိမ်ညာကြသော ယဉ်ကျေးမှုတရပ် ထွန်းကားခဲ့ဖူး၏။ ထိုယဉ်ကျေးမှု၏ ကောင်းမှုကြောင့် မြန်မာနိုင်ငံသည် အနှစ် (၂ဝ) အတွင်း LDC (Least Developed Country) အဖြစ် ကျဆင်းခဲ့ရဖူးပြီ။ ဤမျှ အကြီးအကျယ် နိုင်ငံနှင့်ချီကာ ဆုံးရှုံးနစ်နာခဲ့ရဖူးသည့် သာဓကများ ရှိနေလျက်နှင့်ပင် ယခုတိုင် အမှားကို ထောက်ပြတာ လက်မခံနိုင်ကြ သေးဆိုလျှင်ဖြင့် မြန်မာနိုင်ငံသည် တိုးတက်မှုလမ်းကြောင်းမှ ဝေးကွာနေဦးမည်မှာ သေချာလှပါသည်။

အမှားကိုမြင်ပါလျက် သည်အတိုင်း မသိယောင်ဆောင်နေခြင်း၊ မျက်စိမှိတ်နေခြင်းသည်လည်း တာဝန်မဲ့ခြင်း ဖြစ်၏။
မိမိအလုပ်ကိုမိမိ တာဝန်ယူတတ်သူများ ဖြစ်ကြပါကုန်လော။

အေးငြိမ်း (လေးမျက်နှာ)


Comments