![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhamXB932oQYuuQ-EN64Gh_XNzcxp5V1tIwM_CNSECYnVInyZGAEQllYRqvoeaBpMiFtntiW_eL_vnMpeEk9Ea7RYXtQEAuuDwFYdZAYA582eSQwojtxiA2KgKHgCr7leouI3Ie8GPKR7kF/s640/6c45tfmz.jpg)
အမ္ဗနဒီကျော်စွာ ● စာဖတ်ခိုင်းကြရုံပဲလား
(မိုးမခ) ဇူလိုင် ၁၆၊ ၂၀၁၈
(မိုးမခ) ဇူလိုင် ၁၆၊ ၂၀၁၈
၂၀၁၇-၂၀၁၈ ခုနှစ်အတွင်းတွင် မဂ္ဂဇင်း ဂျာနယ်များ အတော်များများ ရပ်နားသွားကြပြီဖြစ်သည်။ မဂ္ဂဇင်းများ ဂျာနယ်များ နေ့စဉ်ထုတ်သတင်းစာများကိုအကြောင်းပြုကာ အသက်မွေးဝမ်းပြုပြီး ရပ်တည်နေရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ သားများနှင့် နောက်ကွယ်မှ မိသားစုဘဝများစွာလည်း ရှိနေပါသေးသည်။
အကြမ်းအားဖြင့် လေ့လာကြည်မည်ဆိုလျှင် စက္ကူစက်ရုံနှင့် စက္ကူတင်သွင်းသူ၊ ဖြန့်ဖြူးရောင်းချသူ မိသားစုအသိုင်း အဝိုင်း များ ပုံနှိပ်တိုက်များနှင့် ဝန်ထမ်းမိသားစုများ၊ စာအုပ်အရောင်းဆိုင် စာရေးကိရိယာအရောင်းဆိုင်များနှင့် ဝန်ထမ်း မိသားစု များ၊ အယ်ဒီတာများ၊ စာစီစာရိုက်သမားများ၊ ပရုဖ်ဖတ်သူများ၊ ကွန်ပြူတာသမားများ၊ လေးအောက်ဒီဇိုင်းနာများ၊ စာရင်းကိုင် များ၊ သန့်ရှင်းရေးဝန်ထမ်းများ၊ သတင်းထောက်နှင့်မိသားစုဝင်များ၊ ကိုယ်စားလှယ်များ၊ ဂျာနယ်ဆိုင်များ၊ လက်ပွေ့ရောင်းချ သူများ စသည်ဖြင့်ရှိပြီး မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာများရပ်နားသွားလျှင် များစွာသောဘဝများကို ထိခိုက်စေနိုင်သည်။
၂၀၁၇-၂၀၁၈ ခုနှစ်အတွင်းတွင် ရပ်နားသွားသော မဂ္ဂဇင်းဂျာနယ်များမှာ Closer မဂ္ဂဇင်း၊ Look မဂ္ဂဇင်း၊ Family Life မဂ္ဂဇင်း၊ အလင်းတန်းဂျာနယ်၊ UNITY ဂျာနယ်၊ ပြည်သူ့အရေးဂျာနယ်၊ ဂမ္ဘီရမဂ္ဂဇင်း၊ YOUTH လူငယ်မဂ္ဂဇင်း၊ Beauty မဂ္ဂဇင်း၊ သူရိယအလင်းဂျာနယ်တို့ဖြစ်ကြပြီး စာပေလောကိုသော်လည်းကောင်း စာပေဖန်တီးသူ ဆရာ/မများ လူငယ် မျိုး ဆက် စာပေဖန်တီးသူများနှင့် နိုင်ငံပုံရိပ် နိုင်ငံတော်၏ အနာဂတ်ကိုသော်လည်းကောင်း များစွာထိခိုက်နစ်နာလျက်ရှိသည်။
စာတတ်ရုံနှင့်မပြီး စာဖတ်မှသာ မိမိ၏ဘဝအတွက် မိမိ၏မိသားစုအတွက် မိမိ၏ပတ်ဝန်းကျင်အတွက် မိမိ၏ရပ်ကွက် မြို့နယ် တိုင်းနယ်ပြည်နယ် နိုင်ငံတော်နှင့်နိုင်ငံသားများ မိမိ၏လူမျိုး၊ မိမိတို့၏ ယဉ်ကျေးမှု၊ သယံဇာတ၊ မိမိနေထိုင်သော ကမ္ဘာလောကကြီးကို အကျိုးကျေးဇူးများစွာပေးဆပ်နိုင်မည့် ဆိုသည့် အကျိုးအကြောင်းဆီလျော်မှုများကို ရှေးက ဆရာ/မကြီးများ လက်ရှိသက်ရှိထင်ရှားရှိနေကြသော ဆရာ/မကြီးများအပြင် လူငယ်များကအစ သိကြသည် နားလည်ထားကြသည် သဘောပေါက်ကြသည်ဟု ယုံကြည်မိပါသည်။
လူငယ်တွေစာမဖတ်ကြဘူး သည်ခေတ်လူတွေစာမဖတ်ကြဘူးဟု ပြောဆိုနေယုံနှင့် စာဖတ်ရှိန်မြှင့်တင်ရေးကိစ္စကြီး ကိစ္စ ငယ်တို့သည် အသူရာနတ်သိကြားတို့ဖန်ဆင်းလိုက်သလို ရွှေပင်ငွေပင်ပေါက်သလို ဥုံဖွဆို ပေါ်ပေါက်လာမည် မဟုတ် ကြောင်းကိုလည်း ကျွန်တော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံသားတိုင်းက သိနားလည်ကြသည်ဟု ယုံကြည်ပါသည်။
လူငယ်တွေရော လူကြီးတွေပါ အားလုံးသော ပြည်ထောင်စုမြန်မာနိုင်ငံသားများ စာဖတ်လာအောင် ဘယ်လို ဘယ်နည်း ဘယ်ပုံ ဘယ်နည်းဗျူဟာတွေနှင့် လုပ်ကြမည်နည်း။ ဆင်းရဲမွဲတေမှုကြောင့် အလုပ်ခွင်များတွင် အချိန်ပေးကာ နစ်မွန်းနေရ သောပြဿနာများ စာအုပ်ဈေးနှုန်း သယ်ယူစရိတ်ဈေးနှုန်းကြီးမြင့်မှုများ စာကြည့်တိုက်ရှားပါးမှုများ စသည်ဖြင့် ပြဿနာ အထွေထွေကို အရင်းဆုံး ပထမဦးစွာ ဖြေရှင်းရမည်ဖြစ်သည်။
လက်ရှိတွင် ပြန်ကြားရေးဝန်ကြီးဌာန၏ ပြန်ဆက်စာကြည့်တိုက်များရှိသည်။ တက္ကသိုလ်စာကြည့်တိုက်များရှိသည်။ အမျိုး သား စာကြည့်တိုက်များရှိသည်။ ကျောင်းစာကြည့်တိုက်များရှိသည်။ မြို့နယ်စာကြည့်တိုက် ရပ်ကွက်စာကြည့်တိုက် ကျေး ရွာစာကြည့်တိုက်နှင့် လက်ကျန်အခကြေးငွေပေးကာ ငှားရမ်းဖတ်ရှုနိုင်သော စာအုပ်အငှားဆိုင် အနည်းအကျဉ်း ရှိသေး သည့်အပြင် ယခု စာပေးအရေးတက်ကြွလှုပ်ရှားသူများက အစိုးရအဖွဲ့အစည်း သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်း များနှင့် ပူးပေါင်းကာ အားသွန်ခွန်စိုက်ကြိုးပမ်းနေကြသော ရွေ့လျားစာကြည့်တိုက် ကိုယ့်အားကိုယ်ကိုး ပရဟိတ ရွေ့လျား စာကြည့်တိုက် နည်းစနစ်များလည်းရှိသည်။
ထိုကဲ့သို့လုပ်ဆောင်မှုများရှိနေပြီဟု ကျေနပ်နေယုံမျှနှင့် မပြီးသေးပါ။ စာအုပ်စာပေများကို အားလုံးနှင့် အလွယ်တကူ လက် လှမ်းမီသောနေရာများတွင် မျက်စိခလုတ်တိုက်လောက်အောင် ကျယ်ပြန့်စွာထားရှိနိုင်ဖို့ အရက်ဆိုင်များ၊ ဘီယာဆိုင် ဇယ်ခုံ များ၊ ဘိလိယက်ခုံများ၊ ဂိမ်းဆိုင်များ၊ နှစ်လုံးထီ၊ သုံးလုံးထီ၊ မူးယစ်ဆေးဝါးတို့ထက် ပိုမိုများပြားသော စာကြည့်တိုက်များ စာဖတ်ဝိုင်းများ၊ စာဖတ်ဆောင်များကို လက်ညှိုးထိုးမလွဲအောင် တည်ထောင်နိုင်ကြဖို့အတွက် ကျွန်တော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံသားတိုင်းတွင် အနာဂတ်နှင့် မျီုးဆက်သစ်များအပေါ်တွင် တာဝန်ကျေပွန်စွာ အလေ့အကျင့်ကောင်းများကို ချန် ရစ်ပေးခဲ့ကြဖို့ ဝတ္တရားရှိပါသည်။
အဲသည်လောက် လွယ်ကူပါ့မလားဆိုပြီး မလုပ်ဘဲနေလျှင် ပို၍ ပို၍ ဆိုးရွားလာရန်သာ အကြောင်းရှိသည်မို့ မဖြစ်မနေကြိုးစား အားထုတ်ကြရတော့မည်ဖြစ်သည်။ စကားပုံလည်း ရှိပြီးဖြစ်သည့်အတိုင်း “တယောက်အားနှင့် ယူသော်မရ၊ အများအားနှင့် ယူသော် ရ၏” ဆိုသည့်အတိုင်း ကျွန်တော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံသားအားလုံးက စည်းလုံးရမည် ညီညွတ်ရမည် ဇွဲ လုံ့လ ဝရိယရှိရတော့မည်ဖြစ်သည်။ ပြည်ထောင်စု မြန်မာတနိုင်လုံးတွင်ရှိသော ရပ်ကွက်များ ကျေးရွာများတွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့အစည်းများ ပရဟိတလူမှုအဖွဲ့အစည်းများ ဘာသာရေးအဖွဲ့အစည်းများ စုစည်းကာ တအိမ်လျှင် တလကို ၅၀၀ ကျပ် ၁၀၀၀ ကျပ်နှုန်းလောက်ဖြင့် စုပေါင်းထည့်ဝင်ကြပြီး ကိုယ်ထူကိုယ်ထ စာကြည့်တိုက် ကိုယ့်အားကိုယ်ကိုး စာ ကြည့်တိုက်များကို ထူထောင်ကြမည်ဆိုလျှင် ငွေကြေးအားဖြင့် ဝန်မပိလောက်သော အခြေအနေဖြစ်သည်ဟု ယူဆမိပါ သည်။ စာကြည့်တိုက်ဆောက်လုပ်ရန် အခက်အခဲရှိသော ရပ်ကွက်ကျေးရွာများအဖို့ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးရုံးများ ဘာသာရေးအဆောက်အဦများတွင် အကူအညီယူခြင်း အကူအညီပေးခြင်း နည်းစနစ်တို့ဖြင့် ဖြေရှင်းဆောင်ရွက်နိုင်မည်ဟု လည်း ယုံကြည်မိပါသည်။ ထို့ကဲ့သို့ မြေနေရာ အခန်းနေရာများရှိလျှင် အိမ်ခြေ ၅၀ ခန့်မျှရှိလျှင် စာကြည့်တိုက်အစီအစဉ်ကို စတင်လုပ်ဆောင်နိုင်ပြီဖြစ်သည်။တစ်အိမ်လျှင် ၅၀၀ ကျပ်နှုန်းကောက်ခံလျှင် အိမ်ခြေ ၅၀ ရှိပါက ၂၅၀၀၀ကျပ် အိမ်ခြေ ၁၀၀ ရှိပါက ၅၀၀၀၀ကျပ် ရရှိမည်ဖြစ်ပြီး တစ်လလျှင် သတင်းစာ ဂျာနယ် မဂ္ဂဇင်း လုံးချင်းစာအုပ်များ သုတ ရသပဒေသာ စာအုပ်များကို ဈေးနှုန်း အနည်းအများအရ အနည်းဆုံး အုပ်ရေ ၁၀ အုပ်မှ အများဆုံး အုပ်ရေ ၃၀ ခန့်အထိ စုဆောင်းကာ စာကြည့်တိုက်တခုကို ထူထောင်နိုင်ပြီဖြစ်ပါသည်။
ယခုလက်ရှိတွင် ပေါ်ပြူလာဂျာနယ်မှ အယ်ဒီတာချုပ် ဆရာ ညိုသစ်ငယ်၊ ဆရာကိုဇ (ချပ်သင်း)၊ ကဗျာဆရာ အောင်မှူးဝေ၊ ကဗျာဆရာ နောင်မင်းခိုင်၊ ကဗျာဆရာ ရိုးခက်တို့ကဦးဆောင်ကာ စာပေချစ်သူများကိုစုစည်းလျက် တစ်လတစ်ထောင်ခန့်မျှ ထည့်ဝင်လှူဒန်းကြပြီးလျှင် ကြော်ငြာအားနည်းသော ရောင်းအားနည်းသော မဂ္ဂဇင်း ဂျာနယ် နေ့စဉ်သတင်းစာတို့ကို ဝယ်ယူ ပြီး လျှင် စာကြည့်တိုက်များကို အခမဲ့ဖြင့် ပြန်လည်လှူဒန်းကြမည့် အစီအစဉ်ကို စတင် အကောင်အထည်ဖော်ဆောင်နေကြပြီး စုပေါင်းထည့်ဝင်ငွေ တစ်သိန်းရှစ်သောင်းခန့် ရရှိနေပြီဖြစ်သည်။
ကျွန်တော်တို့ ငယ်စဉ် ၁၉၈၈ မှ ၂၀၀၀ ခုနှစ်ခန့်အထိ စာအုပ်ဆိုင်များ စာအုပ်အငှားဆိုင်များ ကျယ်ပြန့်စွာထွန်းကား ပြန့်ပွား လျက်ရှိသောခေတ်တစ်ခုကို မီခဲ့ဖူးပါသည်။ ဆံပင်ညှပ်ဆိုင်ကလေးများ ရပ်ကွက်အုပ်ချုပ်ရေးရုံးများ ပြန်ဆက်ရုံးများ ကား ဂိတ်များ ဈေးရုံအုပ်ချုပ်ရေးရုံးများ ထွေအုပ်ရုံးများ တရားရုံးများ ဆိုက်က္ကားဂိတ်များအထိပင် စာအုပ်စင်ကလေးများ ရှိခဲ့ဖူး သည်ကို မှတ်မှတ်ရရရှိသည်။
“စာအုပ်စာပေ လူ့မိတ်ဆွေ” “စာဖတ်သောလူမျိုးသည်တိုးတက်၍ တိုးတက်သောလူမျိုးတိုင်း စာဖတ်ကြသည်” “ပညာရွှေအိုး လူမခိုး” “အလိမ္မာ စာမှာရှိသည်” “စာတစ်လုံး ဘုရားတစ်ဆူ” “စာပေမြင့်မှ လူမျိုးမြင့်မည် စာပေပျောက်က လူမျိုး ပျောက် မည်” “စာမတတ်လျှင် လမ်းမှာဖတ်” “ပညာကိုရှေး ဥစ္စာကိုနောက်” “ပညာဆည်းပူး ပန်းသို့ခူး” “ပညာမရှိ သူ၏ဝန်ထမ်း” “ပညာရှာ ပမာသူဖုန်းစား” “ပညာလိုသော် မပျင်းနှင့် ဥစ္စာလိုသော် မငြင်းနှင့်” “ပညာလို အိုသည်မရှိ” “ပညာ သမာ အာဘာ နတ္ထိ” “ဥစ္စာဟူသည် မျက်လှည့်မျိုး ပညာဟူသည် မြတ်ရွှေအိုး” စသည်ဖြင့် ရှေးလူကြီးများက စုဆောင်းသိုမှီးကာ ချန်ထား ရစ်ခဲ့ကြသော ဆိုရိုးစကားများကို လိုက်နာကျင့်ကြံ အားထုတ်ကျိုးပမ်းနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
အမ္ဗနဒီကျော်စွာ
Comments