ဒေါက်တာခင်မောင်ဝင်း(သချာင်္) – ဒီမိုကရေစီ မကျဆုံးအောင် ထိန်းသိမ်းခြင်း


ဒေါက်တာခင်မောင်ဝင်း(သချာင်္) –  ဒီမိုကရေစီ မကျဆုံးအောင် ထိန်းသိမ်းခြင်း
 ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ – အခန်းဆက် ၃
 (မိုးမခဘာသာပြန်အခန်းဆက်) ဇူလိုင် ၂၇၊ ၂၀၁၈

ဟာဘတ်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပါမောက္ခနှစ်ဦးဖြစ်သော စတီဗင် လီဘစ်စကီ Steven Levitsky  နှင့် ဒယ်နီယယ်ဇိဘလပ် Daniel Ziblatt တို့ရေးသားသော How DEMOCRACIES Die စာအုပ်ကို အပိုင်းလိုက် ဘာသာပြန်ရာ ဤဆောင်းပါးသည် တတိယဆောင်းပါးဖြစ်သည်။

ဒီမိုကရေစီစနစ် မကျဆုံးအောင် ဒီမိုကရေစီစနစ်ကို သုံး၍ ဆောင်ရွက်ခြင်းသည် လွယ်ကူသောအလုပ်မဟုတ်ပါ။ အကြောင်းမှာ ဒီမိုကရေစီစနစ် ကျင့်သုံးခြင်းသည်ပင်လျင် ဒီမိုကရေစီစနစ်ကို မကျဆုံးအောင် ဆောင်ရွက်ခြင်းကို အတားအဆီး ပြန်ဖြစ်နေသောကြောင့် ဖြစ်သည်။ စာဖတ်သူအနေဖြင့် နားရှုပ်သွားလျင် ခွင့်လွှတ်ပါ။ ၎င်းကို ပြန်ရှင်းပြပါမည်။

ဒီမိုကရေစီကို ဆန့်ကျင်သော နိုင်ငံရေးသမားများနှင့် နိုင်ငံရေးပါတီများရှိနေပါသည်။ ဒီမိုကရေစီစနစ်ကို မကျဆုံးစေချင်လျင် ထိုနိုင်ငံရေးသမားများနှင့် နိုင်ငံရေးပါတီများကို အာဏာမရနိုင်အောင် လုပ်ရမည်။ သို့သော် ဒီမိုကရေစီစနစ်ကို ကျင့်သုံးခြင်းကြောင့် နိုင်ငံရေးသမားများကို၎င်း၊ နိုင်ငံရေးပါတီများကို၎င်း သူတို့သည် ဘာကိုယုံကြည်သည်ဖြစ်စေ၊ အားလုံးကို အခွင့်အရေး ညီတူညီမျှ ပေးရမည်၊ ယင်းအခွင့်အရေးများထဲတွင် လွတ်လပ်စွာယုံကြည်ခြင်း၊ လွတ်လပ်စွာစည်းရုံးခြင်း၊ လွတ်လပ်စွာယှဉ်ပြိုင်ခြင်း၊ လွတ်လပ်စွာအရွေးခံခြင်းတို့ ပါဝင်သည်။ ထိုထို နိုင်ငံရေးသမားများ၊ ပါတီများသည် ဒီမိုကရေစီစနစ်ကို ကျဆုံးစေမည်ဖြစ်၍ ထိုအခွင့်အရေးများကို မပေးလျင်၊ မပေးသောသူက ဒီမိုကရေစီကို ဆန့်ကျင်ရာ ရောက်သွားလိမ့်မည်။

ထိုကြောင့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသောကြောင့် ဒီမိုကရေစီစနစ်ကို ကျဆုံးအောင်လုပ်မည့် ပုဂ္ဂိုလ်နှင့် ပါတီတို့ကို အာဏာမရအောင် လုပ်၍ မရနိုင်ပါ။ ထို့ကြောင့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးခြင်းသည် ဒီမိုကရေစီစနစ်ကို မကျဆုံးအောင် ဆောင်ရွက်ရာတွင် ပြန်၍ အတားအဆီးဖြစ်နေသည်ဟု ဆိုခြင်း ဖြစ်သည်။

ဒီမိုကရေစီစနစ်ကို ဆန့်ကျင်သော နိုင်ငံရေးသမားများနှင့် ပါတီများသည် ဒီမိုကရေစီစနစ်ကို သူတို့အာဏာရဖို့အတွက် မည်ကဲ့သို့ သုံးရမည်ကို ကောင်းကောင်းသိရှိကြသည်။ သူတို့သည် ဒီမိုကရေစီစနစ်၏ ပျော့ကွက်များကိုလည်း သူတို့အတွက် ဘယ်လိုသုံးရမည်ကို ကောင်းကောင်းသိသည်။ ဤနေရာတွင် ဒီမိုကရေစီဘက်တော်သားများထက် ပို၍ကျွမ်းကျင်သည်ဟု ဆိုရမည်။ သမိုင်းတွင် ဟစ်တလာ (Hitlers) နှင့် ကွန်မြူနစ်ပါတီ၊ ဆိုရှယ်လစ်ပါတီများ အာဏာရရှိခြင်းသည် ဤနည်းဖြင့် ဖြစ်သည်။

ဒီမိုကရေစီစနစ် မကျဆုံးစေချင်က ဒီမိုကရေစီကို ဆန့်ကျင်သောနိုင်ငံရေးသမားများနှင့် ပါတီများ အာဏာ မရရှိစေရေးသည် ဒီမိုကရေစီယုံကြည်သော နိုင်ငံရေးသမားများနှင့် ပါတီများ၏ တာဝန်ဖြစ်သည်။ ဤတာဝန်ကို ဒီမိုကရေစီစနစ်ကို အခြေခံ၍ ဆောင်ရွက်ခြင်းသည် အလွန်ခက်ပါသည်ဟု ဆိုရမည်။ ထိုခက်ခဲသောအလုပ်ကို ဘယ်လိုလုပ်မည်ဟူသော နည်းလမ်းများကို ရှာရပါမည်။

ဤနေရာတွင် နိုင်ငံရေးပညာရှင် နင်စီဘာမီယို (Nancy Bermeo) က 'distancing' ဟူသော နည်းဗျူဟာကို သုံးရန် အကြံပေးထားပါသည်။

Distancing ဟူသော ဝေါဟာရသည် distance မှ ဆင်းသက်လာသည်။ distance ဟူသော ဝေါဟာရကို နာမ် အဖြစ် သုံးလျင် 'အကွာအဝေး' ဟု အဓိပ္ပါယ် ရသည်။ အကယ်၍ ကြိယာအဖြစ် သုံးမည် ဆိုလျင် 'ဝေးအောင်လုပ်သည်' ဟု အဓိပ္ပါယ်ရသည်။

ဤနေရာတွင် ဒီမိုကရေစီကျဆုံးအောင်လုပ်မည့် နိုင်ငံရေးသမားများနှင့် ပါတီများကို အာဏာနှင့်ဝေးအောင် ပြုလုပ်ခြင်းကို ဆိုလိုသည်။ ဤတွင် ဘာသာပြန်သူကိုယ်တိုင်သည် နိုင်ငံရေးလုပ်ထုံး အစဉ်အလာ၊ လုပ်နည်းကို မကျွမ်းသောကြောင့် ဘာကိုဆိုလိုသည်ဟူသည်ကို သိပ်တော့ နားမလည်ပါ။ ကိုယ်တိုင် အပြည့်အ၀နားမလည်သောအရာကို ဘာသာပြန် တင်ပြရခြင်း ဖြစ်ပါသည်။

'ဝေးအောင်လုပ်ခြင်း' ဟူသော နည်းဗျူဟာတွင် အဆင့်ဆင့်ရှိပါသည်။ ပထမအဆင့်မှာ ရွေးကောက်ပွဲအချိန်တွင် ပါတီ၏လျို့ဝှက်ဆန္ဒမဲပေးသည့်အထဲတွင် မပါသင့်သည့် နိုင်ငံရေးသမားများကို မပါဝင်နိုင်အောင် တားဆီးခြင်း ဖြစ်သည်။ တားဆီးသောနည်းမှာ မပါသင့်သောနိုင်ငံရေးသမားများကို ပို၍မြင့်မားသောနေရာများသို့ မရောက်နိုင်အောင် လုပ်ဆောင်ခြင်းဖြစ်သည်။ ဘာသာပြန်သူအနေနှင့် နားလည်သည်မှာ ဤအလုပ်သည် ကိုယ်ပါဝင်သောပါတီအတွင်းတွင်သာ လုပ်နိုင်သည်။

ဒုတိယအဆင့်တွင် ကိုယ့်အဖွဲ့သားများအတွင်းတွင် ဒီမိုကရေစီကိုဆန့်ကျင်သောသူများကို နှိမ်နင်းပစ်ခြင်း ဖြစ်သည်။ သမိုင်းတွင် ဆွီဒင်ကွန်ဆာဗေးတစ်ပါတီ (AVF) သည် ၎င်း၏ လူငယ်အတွင်းရှိ လူငယ်အဖွဲ့အစည်းတခုကို ဒီမိုကရေစီစနစ်ကို ဆန့်ကျင်သောကြောင့် ထိုအဖွဲ့သား ၂သောင်း၅ထောင်စလုံးကို ထုတ်ပယ်ပစ်လိုက်ဖူးသည်။ ၁၉၃၄ ရွေးကောက်ပွဲတွင် ထောက်ခံမဲများ အနစ်နာခံ၍ ဒီမိုကရေစီအရေးကို ဦးစားပေး၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

တတိယအဆင့်တွင် ဒီမိုကရေစီစနစ်ကို ထောက်ခံသော ပါတီများသည် ဒီမိုကရေစီစနစ်ကို ဖျက်ဆီးမည့် မည်သည့်နိုင်ငံရေးသမား၊ မည်သည့်ပါတီနဲ့မှ မဟာမိတ်မဖွဲ့သင့်။ သမိုင်းတွင် အီတလီနှင့် ဂျာမဏီတို့ရှိ ဒီမိုကရေစီပါတီများသည် မဲဆန္ဒရရှိရေးအတွက် ဒီမိုကရေစီနှင့် ဆန့်ကျင်သောပါတီများနှင့် မဟာမိတ်ဖွဲ့ဖို့ ကြိုးပမ်းခဲ့ကြသည်။ ဤသို့သော မဟာမိတ်ဖွဲ့ခြင်းတို့သည် ရေရှည်တွင် ဆိုးကျိုးများကို ဖြစ်စေတတ်ပါသည်။ နိုင်ငံရေးပညာရှင် လင့်(ဇ) Linz က ရေးသားရာတွင် ဒီမိုကရေစီစနစ်များ၏ ကျဆုံးခြင်းသည် ပါတီကိုဆန့်ကျင့်သောသူများကြောင့် မဟုတ်ဘဲ ပါတီတွင်းရှိ တဖက်စွန်းရောက်ဝါဒီများကြောင့် ဖြစ်သည်ကို တွေ့ရသည်။

စတုတ္ထအဆင့် - ဒီမိုကရေစီကို ထောက်ခံသောပါတီများသည် ဒီိမိုကရေစီကို ပျက်စီးအောင် လုပ်မည့် အစွန်းရောက်ဝါဒီများကို အခြားပါတီဝင်များနှင့်ဝေးအောင် အလှမ်းကွာအောင် စနစ်တကျ လုပ်သင့်သည်။ ဤသို့ပြုလုပ်ရာတွင် ဒီမိုကရေစီလုပ်ထုံးလုပ်နည်းကိုလည်း မပျက်၊ တဖက်စွန်းဝါဒီများ၏ တရားဝင်ရပ်တည်မှုကိုလည်း အားနည်းအောင် စနစ်တကျလုပ်သင့်သည်။ ဤကဲ့သို့ ပြုလုပ်ရာတွင် ဒီမိုကရေစီဆန့်ကျင်သော အစွန်းရောက်ဝါဒီများကို လူများ၏ လေးစားမှု လျော့ကျအောင် လုပ်နိုင်သောနည်းများကို ရှာရမည်။

နောက်ဆုံးအဆင့် - ဒီမိုကရေစီကို ဆန့်ကျင်သောပါတီများသည် အခြားပါတီများကို ခြိမ်းခြောက်လာသောအခါ ဒီမိုကရေစီထောက်ခံသောပါတီများသည် ဒီမိုကရေစီရေးကို ဦးစားပေး၍ စုပေါင်းအင်အားတခုဖွဲ့ကာ တိုက်ခိုက်ရမည်။ ၀ါဒအားဖြင့် မတူညီခြင်းတို့ကို ခေတ္တဖယ်၍ ဒီမိုကရေစီအရေးအတွက် ပူးပေါင်းရမည်။ သို့ရာတွင် ပါတီခေါင်းဆောင်သည် နိုင်ငံနှင့် ဒီမိုကရေစီအရေးကို သတ္တိရှိရှိ ရှေ့တန်းတင်ရဲရမည်။ ဤသို့ပြုလုပ်ခြင်းသည် ဒီမိုကရေစီဆန့်ကျင်သောအင်အားများကို အာဏာမရနိုင်အောင် ပြုလုပ်သောနည်း ဖြစ်သည်။

ဤသည်ကား ဒီမိုကရေစီမကျဆုံးအောင် ကယ်တင်သော နည်းဖြစ်သည်။ သို့သော် ဒီမိုကရေစီမကျဆုံးအောင် လုပ်သော လုပ်ငန်းကိုယ်တိုင်သည် ဒီမိုကရေစီမကျ ဖြစ်နေခြင်းကို မည်ကဲ့သို့ လုပ်မည်နည်း။ ဒါလည်း စဉ်းစားရမည့်အရာ ဖြစ်သည်။



0