မောင်မောင်ကျော် (၈၈) ● ကျွန်တော်တို့ခေတ်က ရုပ်ပြဇာတ်လမ်းများ

မောင်မောင်ကျော် (၈၈) ● ကျွန်တော်တို့ခေတ်က ရုပ်ပြဇာတ်လမ်းများ
(မိုးမခ) ဇူလိုင် ၂၉၊ ၂ဝ၁၈

ရသခေတ် ပထမတွဲမှာ တခေတ် တခါတုန်းက ကက်ဆက်ခွေဇာတ်လမ်းတွေအကြောင်း ရေးခဲ့ပြီးတော့၊ အခုဒုတိယတွဲမှာ လည်း စာပေယဉ်ကျေးမှုနဲ့ ဆက်စပ်နေတဲ့အကြောင်းအရာ တခုလောက် ထပ်ပြီးရေးချင်မိပြန်တယ်။ ချရေးဖို့ တွေးထား တာကလေးတွေ သုံးလေးခုလောက်တော့ရှိပါတယ်။ အဲ့ဒီထဲကမှ ဘာကိုရွေးရမလဲဆိုတာကို ဆုံးဖြတ်ရခက်နေတော့ ဆရာ သော်ဇင်အုန်းကို အကြံဉာဏ်တောင်းရပါတယ်။ သူက စာဖတ်ပရိသတ်နဲ့ အမြဲထိတွေ့ပြီး လေ့လာဆန်းစစ်မှုလုပ်နေသူတ ဦးဆိုတော့ ကျနော့်အခက်အခဲကို ကူညီနိုင်သူတဦးပေါ့ဗျာ။ ဆရာသော်ဇင် အကြံပေးချက်အရ ကျနော်တွေးထားတဲ့အကြောင်း အရာလေးတချို့အနက်က တခုကိုရွေးလိုက်ပြီး ချရေးဖြစ်ခဲ့ပါတယ်။ ယနေ့ခေတ်မှာ ကလေးလူငယ်တွေက စပြီး ဆယ်ကျော် သက်အရွယ် လူငယ်တွေ စာဖတ်ကြခြင်း ကိစ္စအကြောင်းနဲ့ ပတ်သက်ပြီး တင်ပြဆွေးနွေးချင်တာလေးတခု ချရေးဖြစ်ပါတယ်။ အဲဒီလိုဆွေးနွေးရာမှာ ကျနော်တွေ့ကြုံဖြတ်သန်းဖူးတဲ့ကျနော်တို့ခေတ်ရဲ့ ရုပ်ပြဇာတ်လမ်းတွေအကြောင်း အတော်ကလေး ကျယ်ကျယ် ပြန့်ပြန့်တွေးဖြစ်ပါတယ်။

ကျနော်တို့ ဖြတ်သန်းကြုံတွေ့ခဲ့ဖူးတဲ့ခေတ်တွေ ဆီတုန်းက (ယခု ကျနော့်အသက် ၅ဝ) က ရုပ်ပြဇာတ်လမ်းတွေက လိုင်းစုံ ပါ။ ဟာသ၊ ဘဝသရုပ်ဖော်ပုံ၊ လျှို့ဝှက်သည်းဖို၊ သမိုင်းနောက်ခံ စသည်ဖြင့် အစုံပါ။ ဒါပေမယ့် အဲ့ခေတ်ကာလတုန်းက စာပေစိစစ်ရေးရဲ့ တင်းကြပ်တဲ့ပေါ်လစီရှိနေတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်နဲ့ဖီလာဆန့်ကျင်ဘက်ဖြစ်နေတဲ့ စုန်းနတ် ကဝေဇာတ်လမ်းမျိုးတွေတော့ မရှိခဲ့ပါဘူး၊ တခြားရုပ်ပြတွေကတော့ ဦးအောင်ရှိန်၊ ဦးသန်းကြွယ်တို့ရဲ့ ကာတွန်းရုပ်ပြတွေ ကစလို့ကာတွန်းမြင့်သိန်းရဲ့ စံရွှေမြင့်တို့လို ဇာတ်လမ်းတွေ၊ တင်အောင်နီရဲ့ ကိုပြာလောင်တို့လိုဇာတ်လမ်းတွေ၊ ကာတွန်း ဦးဆန်းထွန်း၊ ကာတွန်း ကိုဘိုဘိုထွန်းတို့ရဲ့အချစ်ရုပ်ပြဇာတ်လမ်းတွေ၊ ကာတွန်းသော်ကရဲ့ အရိုင်းလိုရုပ်ပြဇာတ်လမ်းတွေ၊ဆရာဦးငွေကြည်ရဲ့ ကမ္ဘာရှား၊ အောင်သိုက် ဗညားသိုက်တို့၊ ပန်းချီမောင်ငြိမ်းချမ်းတို့၊ ပန်းချီကျော်ကျော်တို့ရဲ့ လျှို့ဝှက်သည်း ဖို ဇာတ်လမ်းတွေလို လိုင်းစုံပေါ့ (ကာတွန်းပညာရှင်အချို့ရဲ့နာမည်တွေကိုသာ ဥပမာအဖြစ်ဖော်ပြလိုက်တာပါ။ ပညာရှင်ပေါင်းများစွာရဲ့အမည်များကို ချန်လှပ်ထားခဲ့ရတာကို တောင်းပန်ပါတယ်)။

မြန်မာပြည်မှာက ဘယ်လိုဇာတ်လမ်းတွေကို ဘယ်လိုအသက်အရွယ်တွေမဖတ်ရဆိုတဲ့ ကန့်သတ်ချက်တွေမရှိတော့၊ ကျွန် တော်တို့ မူလတန်းကျောင်းသားအရွယ်လောက်ကတည်းက ဆယ်ကျော်သက်အရွယ်တွေဖတ်တဲ့ ကာတွန်းရုပ်ပြတွေလည်း ဖတ်မိခဲ့ကြတာတွေရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် တချို့မိဘတွေက သူတို့သားသမီးတွေ ကာတွန်းရုပ်ပြတွေဖတ်တာနဲ့ ပတ် သက်ပြီး စည်းကမ်းနဲ့ ကန့်သတ်တာမျိုးတွေ ရှိခဲ့ဖူးပါတယ်။ ဥပမာ ကျောင်းစာတွေလုပ်ရမယ့်အချိန်မှာ မိဘတွေက ကန့် သတ်တာမျိုး၊ ငယ်ရွယ်လွန်းတဲ့အသက်အရွယ်မှာ အချစ်အကြောင်းရုပ်ပြတွေမဖတ်ဖို့ ကန့်သတ်တာမျိုး စသည်အားဖြင့် ရှိခဲ့ကြပါတယ်။ ကျွန်တော်လည်း ငယ်ရွယ်စဉ်ဘဝမှာ အဲဒီလိုမိသားစုရဲ့စည်းကမ်းတွေအောက်မှာ ရုပ်ပြကာတွန်းတွေ ဖတ်ခဲ့ ပါတယ်။ ကျွန်တော့်ငယ်သူငယ်ချင်းအများစုလည်း အဲဒီလိုမျိုး ခပ်ဆင်ဆင်တူကြတဲ့ မိသားစုကျောထောက်နောက်ခံဘဝ တွေအကြားမှာပဲ ကာတွန်းတွေရုပ်ပြတွေ ဖတ်ဖြစ်ခဲ့ကြပါတယ်။ တချို့ရှေးရိုးစွဲဆန်လွန်းတဲ့လူကြီးတွေကတော့ ကာတွန်း တွေဖတ်တာကို သိပ်ပြီးအားပေးမှုမရှိကြတာလည်း တွေ့ကြုံဖူးပါတယ်။ ကျွန်တော့်ဘဝဖြတ်သန်းမှုမှာ စာဖတ်ခဲ့တဲ့အကြောင်း တွေကိုပြန်တွေးကြည့်တဲ့အခါမှာ၊ ကာတွန်းရုပ်ပြတွေဖတ်ခြင်းဟာ ကျွန်တော့်ရဲ့ကလေးဘဝ စာဖတ်ခြင်းအလေ့အထက ပိုပြီးခိုင်မာစေခဲ့တဲ့ အခြေခံအကြောင်းရင်းတရပ်ဖြစ်တာကို ဆင်ခြင်သုံးသပ်မိပါတယ်။

အရွယ်ရောက်လာတဲ့ အချိန်၊ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့အချိန်မှာလည်း၊ ကလေးသူငယ်များနဲ့ ဆယ်ကျော် သက် လူငယ်များ စာဖတ်ခြင်းကိစ္စဘက်ကို အတွေးရောက်ခဲ့ဖူးသေးတယ်။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက နိုင်ငံရေး တက်ကြွလှုပ်ရှား သူတဦးအဖြစ်နဲ့ ဝါဒဖြန့်ချိရေးဖက်ကို အလေးပေးတဲ့စာတွေကို အထူးစိတ်ဝင်စား စိတ်အားထက်သန်နေခဲ့တာပါ၊ အခုအခါ မှာ အသက်အရွယ်၊ ဘဝဖြတ်သန်းမှု အတွေ့အကြုံအရ၊ နိုင်ငံရေးအရလည်း ပိုပြီး ဒီမိုကရက်တစ်ဆန်လာတဲ့အချိန်မှာ အဲ့ဒီ ကလေးဘဝ ရုပ်ပြကာတွန်းတွေ ဖတ်ရှုခဲ့တဲ့အကြောင်းကို ပိုပြီး လေးလေးနက်နက်တွေးဖြစ်လာတယ်။ တွေးမိတဲ့အတွေးကို အရိုးရှင်းဆုံးပုံစံနဲ့ တင်ပြဆွေးနွေးဖို့ ကြိုးစားတွေးတောဖြစ်ပါတယ်။

ကျနော်တို့ခေတ်ကာလတွေတုန်းက ဖတ်ရှုခဲ့ကြရတဲ့ ရုပ်ပြကာတွန်းတွေဟာ ကလေးသူငယ်တွေ ဆယ်ကျော် သက်အရွယ်တွေ သုတ ရသ စာပေဖတ်ရှုကြတဲ့အလေ့အထကို ရရှိကြဖို့အတွက် အခြေခံ အကျဆုံး စာပေယဉ်ကျေးမှု လေ့ လာရေးဆိုင်ရာ အလေ့အထတခုဖြစ်ပါတယ်။ ရုပ်ပြတွေနဲ့ပတ်သက်ပြီး ယေဘုယျ သဘောသဘာဝနှစ်ခုကို ကျနော် လေ့ လာသုံးသပ်မိပါတယ်။

(က)
ရုပ်ပြတွေရဲ့ဇာတ်လိုက်တွေဟာ စာဖတ်သူအပေါ်မှာ သြဇာအရှိန်အဝါရှိပါတယ်။ ရုပ်ပြရေးဆွဲသူ၊ ဖန်တီးသူတွေဟာ အဲ့ဒီ ဇာတ်လိုက်တွေရဲ့ အရှိန်အဝါနဲ့ ဇာတ်လမ်းရဲ့စွဲဆောင်မှုတွေကိုသုံးပြီးတော့ သူတို့ပေးချင်တဲ့ မက်ဆေ့ခ်ျကို စာဖတ်သူတွေ ထံကို ပို့ပေးတယ်လို့ ကျနော်ယူဆပါတယ်။ ဥပမာ ကာတွန်းသန်းကြွယ်ရဲ့ ဖိုးဝနဲ့ အင်္ဂါဂြိုလ် ရုပ်ပြဇာတ်လမ်းတခုမှာ အဲ့ဒီ သဘောတွေကို တွေ့ရှိရပါတယ်။ ဇာတ်လမ်းထဲမှာ ဖိုးဝဟာ သီလသမာဓိတည်ကြည်မြင့်မားလာတဲ့အခါမှာ သူ့ရုပ်ခန္ဓာ ခံ နိုင်ရည်စွမ်းရည်မြင့်မားလာပြီး၊ သူ့ခေါင်းပေါ်ကို လေးလံတဲ့အရာဝတ္ထုတွေပြုတ်ကျလာတာကို ခံနိုင်ရည်ရှိလာတယ်။ အဲဒီခံ နိုင်စွမ်းရည်ကို စွမ်းရည်ပြပွဲအဖြစ် ပွဲသွင်းပြီးပြစားလို့ရတဲ့ အထိ အောင်မြင်လာတယ်။ ဒါပေမယ့် အောင်မြင်မှုမှာ ယစ်မူပြီး ဘဝင်မြင့် အောက်ခြေလွတ်လာတဲ့အခါမှာ သူ့စွမ်းရည်တွေ လျော့ပါးလာပြီး ခေါင်းပေါ်ကို ငှက်မွှေးကလေးကျလာတာကို တောင် ခံနိုင်ရည်မရှိတော့တဲ့အဖြစ်ကိုရောက်ရှိပြီး ကျဆုံးလာခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့သူငယ်ချင်း အင်္ဂါဂြိုလ်ရဲ့ဝေဖန်ထောက်ပြမှုကြောင့် သူ့ရဲ့အမှားကို ပြုပြင်နိုင်ခဲ့ပြီး မူရင်းစွမ်းရည်တွေပြန်ရလာတယ်။ ဒါပေမယ့် လူစွမ်းကောင်းအဖြစ် မရပ်တည် တော့ပဲ သူတို့ရဲ့ မူလအေးချမ်းတဲ့ဘဝမှာ ပြန်နေလိုက်ကြတဲ့ ဇာတ်လမ်းလေးကို အမှတ်ရမိပါတယ်။ စာဖတ်ပရိသတ်စွဲလမ်း ပြီးသား ဇာတ်ကောင်တွေနဲ့ အကြောင်းအကျိုးဆီလျော်ပြီး ချစ်စဖွယ်ကောင်းတဲ့ဇာတ်လမ်းကလေးကြောင့် စာဖတ်သူတွေ ဟာ စာဆိုပေးလိုတဲ့ မက်ဆေ့ခ်ျကို ရှင်းရှင်းလင်းလင်းနဲ့ လွယ်လွယ်ကူကူ ရနိုင်ခဲ့ကြတယ်လို့ ဆိုနိုင်ပါတယ်။ အကယ်၍သာ ဒီဇာတ်လမ်းမှာ ဖိုးဝနဲ့ အင်္ဂါဂြိုလ်ဆိုတဲ့ ဇာတ်ကောင်တွေမဟုတ်ပဲ၊ တခြား သာမာန်ဇာတ်ကောင်နာမည် ဥပမာ မောင်ဖြူ၊ မောင်မဲ စတဲ့ဇာတ်ကောင်တွေနဲ့ ဇာတ်လိုက်ဆင်လိုက်မယ်ဆိုရင် စာဖတ်ပရိသတ်ဟာ ဇာတ်လမ်းအပေါ် စိတ်ဝင်တစားရှိမှု လျော့ပြီး စာဆိုပေးလိုတဲ့ မက်ဆေ့ခ်ျကို သေသေချာချာအပြည့်အဝရချင်မှရ ကြလိမ့်မှာဖြစ်ပါတယ်။

(ခ)
ရုပ်ပြဇာတ်လမ်းများဟာ ရုပ်နဲ့စာတွဲထားတဲ့အတွက်၊ စာဖတ်သူတွေအနေနဲ့ ဇာတ်လမ်းမှာပါတဲ့အကြောင်းအရာတွေနဲ့ ပတ် သက်ပြီး ရှင်းရှင်းလင်းလင်းနဲ့ လွယ်လွယ်ကူကူနားလည်စေဖို့ အထောက်အကူဖြစ်စေပါတယ်။ တချို့စာဖတ်သူတွေ အ တွက် စာချည့်သက်သက်အကြောင်းအရာတွေကို ဖတ်ရှုကြတဲ့အခါ အာရုံစူးစိုက်မှုပြုဖို့ အခက်အခဲရှိတတ်ကြတဲ့အတွက် ရုပ်ပြတွေဟာ ဒီအခက်အခဲတွေကိုပြေလည်နိင်စေတဲ့သဘောရှိပါတယ်။ ကျနော် ဆယ်ကျော်သက်အရွယ်တုန်းက အဖြစ် အပျက်တခုကြုံဖူးပါတယ်။ ကျနော့်အတန်းဖော် သူငယ်ချင်းတချို့ သမိုင်းဘာသာရပ်ကိုစာကျက်ရတာများလို့ သိပ်ပြီးစိတ် ဝင်စားမှုမရှိကြဘူး။ ဘယ်လိုသမိုင်းကြောင်းတွေကိုမှ သိပ်ပြီးစိတ်ဝင်စားလေ့မရှိကြဘူး။ ရှေးပဒေသရာဇ်သမိုင်းတွေကိုဆိုရင် သူတို့စိတ်မဝင်စားတာ ပိုပြီးဆိုးကြတာပေါ့။ ဒါပေမယ့်အံ့ သြစရာကောင်းတာက အဲဒီလိုသမိုင်းကြောင်းတွေကို စိတ်မဝင် စားကြတဲ့ သူငယ်ချင်းတချို့ဟာ ပန်းချီကိုကိုမောင်ရေးဆွဲတဲ့ ပုဂံခေတ်သမိုင်းနောက်ခံ ရုပ်ပြကာတွန်းစာအုပ်ကိုဖတ်ကြတဲ့အခါမှာ ဇာတ်လမ်းထဲကအကြောင်းအရာတွေကို စာကျက်ထားသလို အကုန်လုံးအလွတ်ရနေကြတာကို တွေ့ ရပါတယ်။

ရုပ်ပြကာတွန်းတွေမှာ အထက်ကတင်ပြဆွေးနွေးခဲ့တဲ့ ယေဘုယျသဘောသဘာဝတွေအပြင် လူမှုရေးကဏ္ဍတွေအတွက် ကောင်းမွန်တဲ့ အကျိုးပြုစရိုက်လက္ခဏာတွေရှိကြပါတယ်။ ရုပ်ပြဇာတ်လမ်းတွေရဲ့ စံပြုဇာတ်ကောင်တွေမှာ ကောင်းမွန်တဲ့ စရိုက်တွေရှိကြပါတယ်။ ကောင်းမှုနဲ့ မကောင်းမှုအားပြိုင်ရာမှာ ရုပ်ပြဇာင်္တလမ်းတွေရဲ့ စံပြုဇာတ်ကောင်တွေဟာ ကောင်းမှု ဖက်ကသာ ရပ်တည်ကြပါတယ်။

ကျနော်တို့ဟာ ကလေးသူငယ်ဘဝ၊ ဆယ်ကျော်သက်ဘဝတွေမှာ ရုပ်ပြဇာတ်လမ်းပေါင်းများစွာ ဖတ်ရှုခဲ့ကြပါတယ်။ အခု နေအခါမှာတော့ ကျနော်တို့အသက်အရွယ်တန်းတွေဟာ ရုပ်ပြဇာတ်လမ်းတွေဖတ်တဲ့ ကလေးသူငယ်တွေ၊ ဆယ်ကျော် သက်တွေရဲ့ အဖိုးအဖွားတွေ၊ မိဘတွေဘဝကိုရောက်နေကြပါပြီ။ တချိန် တခါတုန်းက ကျနော်တို့ဖြတ်သန်းခဲ့ကြတဲ့ လူ ငယ်တွေရဲ့ဘဝကို လူကြီးမိဘနေရာကနေပြီး ကလေးသူငယ်များအတွက် ကောင်း၏၊ ဆိုး၏ဆိုတာတွေကို လမ်းညွှန်အုပ် ထိန်းကြရတဲ့ဘဝကိုရောက်ရှိနေကြပါပြီ။ ယနေ့ခေတ်ကာလရဲ့ ယဉ်ကျေးမှုထုတ်ကုန်များဖြစ်တဲ့၊ အသွင်သစ်နဲ့ဖန်တီး ထား ကြတဲ့ ဒီကနေ့ ခေတ်ရုပ်ပြဇာတ်လမ်းအသစ်တွေကို ကျနော်တို့ရဲ့သားသမီးမြေးမြစ်တွေအတွက် အကျိုးပြုတဲ့ ရုပ်ပြကာ တွန်း တွေဖြစ်အောင် ကဏ္ဍစုံကနေ၊ ဝိုင်းဝန်းကူညီသင့်တယ်။ ဒါဟာ ကျနော်တို့အတွက် လူ့အဖွဲ့အစည်းဆိုင်ရာ လူမှုတာဝန် ကြီးတရပ်လို့ ကျနော် အလေးအနက်ထင်မြင်ယူဆမိပါတယ်။

မောင်မောင်ကျော် (၈၈)
မတ်လ ၁၆ ရက်၊ အေဒီ၂ဝ၁၈
ရန်ကုန်၊ မြန်မာ
0