ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင်း - အပိုင်း (၁၇)

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင်း - အပိုင်း (၁၇)
(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၁၈

တိဗက်ပြည်က မြှောက်ထားတဲ့ဆင်ခြေထောက်အောက်မှာရောက်နေသည့် ကြက်ဥနှင့် တူပါသည်။ ခြေချလိုက်ရုံမျှဖြင့် ဘ၀ပျက်သွားမည့် အနေအထားဖြစ်သည်။ ၁၉၅၈ ခုနှစ်တွင် လေပြင်းမုန်တိုင်းတို့ ပိုမိုပြင်းထန်လာခဲ့သည်။ တရုတ်စစ်သား များက လားမားဘုန်းတော်ကြီးများကို ဖမ်းဆီးချုပ်နှောင်ခြင်း၊ ကျောင်းတိုက်များကို သိမ်းပိုက်ပြီး စစ်စခန်းအဖြစ်ပြုလုပ်ခြင်း၊ တိဗက်ပြည်သူအများအပြားကို ဖမ်းဆီးပြီးနောက် လားမားဘုန်းတော်ကြီးများမရှိတော့သည့် ကျောင်းတိုက်များကို အချုပ် ထောင်အဖြစ် အသုံးပြုကာ  အရှိန်မြှင့်၍ လုပ်ဆောင်နေကြပြီဖြစ်သည်။

လော့ဆန်ရင်ချုတ်ဆိုသော တိဗက်အမျိုးသားကြီးက သူ၏ဘ၀အတွေ့အကြုံကို ပြန်ပြောလေသည်။ “အဲဒီတုန်းက ကျနော် က အသက် ၁၂ နှစ်ပဲရှိသေးတာလေ။ အဖမ်းခံရတဲ့အထဲမှာ ကျနော်လည်း ပါတယ်။ ဖမ်းတာတော့ အများကြီးပဲဗျ။ လားမား တွေပါတယ်။ ယောကျာ်း မိန်းမ အကုန်ပါတယ်။ ကလေးတွေတောင် ပါသေးတယ်။ အကုန်ဖမ်းပြီး ကျနော်တို့ကို ဘုန်းကြီး ကျောင်းထဲခေါ်သွားတယ်။ အရင်တုန်း ကတော့ ဒီကျောင်းတိုက်မှာ လားမားငါးရာကျော်နေထိုင်ကြတာလေ။ အခုတော့ တပါးမှ နေလို့မရတော့ဘူးပေါ့။ အဲဒီကျောင်းတိုက်ထဲမှာ ကျနော်တို့ကို ချုပ်ထားတာ။ စားစရာလည်း မရှိဘူး။ အစောင့်စစ် သားတွေကတော့ လက်နက်အပြည့်စုံနဲ့ စောင့်နေတာပေါ့။ အပေါ့အလေးလည်း အဲဒီနေရာမှာပဲ ဖြစ်သလို ဖြေရှင်းကြရတာ။ အသေ အပျောက်တွေ များတယ်ဗျ။ တိဗက်တွေကို ငါးယောက်စီ ကြိုးနဲ့ တွဲပြီး အုပ်စုလိုက် အုပ်စုလိုက် ခေါ်လာတာကိုလည်း တွေ့နေရတယ်။ ကျနော်တို့ကို သုံးရက်ချုပ်ထားပြီး လေးရက်မြောက်နေ့မှာတော့ အရမ်းငယ်သေးတဲ့ ကလေးတွေကို ပြန်လွတ်ပေးတယ်။ ကျနော်လည်း လွတ်တဲ့အထဲ ပါတယ်လေ။ ကျန်တဲ့လူတွေကိုတော့ ထရပ်ကားကြီး တွေနဲ့ လာခေါ်သွား တာ တွေ့တာပဲ။ ဘယ်ကိုခေါ်သွားလဲတော့ ကျနော်တို့လည်း မသိရဘူး။ ဘယ်တတ်နိုင်မှာလဲ။ ကျနော် တို့ ကံပေါ့ဗျာ။ မသေလို့ အခုလို တွေ့ကြရ တာ။ ကံပေါ့။ ဗုဒ္ဓဘုရားရှင်က ကျနော့်အသက်ကို ကယ်တင်ပေးထားတာ”ဟု လော့ ဆန်က ပြောပါသည်။

ခမ်ပြည်နယ်သူ ဘေရီလာဂီကလည်း သူမအတွေ့အကြုံကို ရှင်းပြပါသေးသည်။ အဲဒီတုန်းက သူမက အသက်၂၅-နှစ်အရွယ် အမျိုးသမီးငယ်ကလေးတဦးပေါ့။ ခါးသီးတဲ့ အတွေ့အကြုံတွေက သူ့ဘ၀ကို ပိုပြီးတည်ငြိမ်ရင့်ကျက်စေတယ်ဟု လာဂီက ဆိုပါသည်။ သူမအဖမ်းခံရတော့ သုံးနှစ်အရွယ်သားငယ်ကလေးလည်း သူမနှင့်အတူ ထောင်ထဲပါလာသည်။ ယောကျာ်းဖြစ် သူကတော့ တိဗက်ပြည်ကို ကာကွယ်ရင်း မနှစ်တုန်းဆီက သေဆုံးသွားခဲ့ပြီဖြစ်သည်။ မွေးခြင်းနှင့် သေခြင်းတို့သည် သူမအတွက် မထူးဆန်း။ ကြင်နာခြင်းနှင့် ချစ်ခြင်းမေတ္တာတရားသည်သာ လူသားတို့ လိုက်နာကြ ရမည့် ဘုရားရှင်၏ အဆုံးအမဟု သူမက ဆိုပါသည်။ ရက်စက်ကြမ်းကြုတ်ခြင်း၊ စာနာမှုကင်းမဲ့ခြင်းနှင့် နှိပ်စက်သတ်ဖြတ်ခြင်းတို့သည့် ဘုရား မကြိုက်သော အရာများ သာဖြစ်ပြီး အတတ်နိုင်ဆုံး ရှောင်နိုင်အောင်ကြိုးစားကြရမယ်။ အခုလို တိဗက်ပြည်မှာ ညှင်းပန်း နှိပ်စက် သတ်ဖြတ်နေတာတွေကို ဘုရားရှင်က ကြိုက်မှာမဟုတ်ဘူး။ တိဗက် လူမျိုးတွေကလည်း မကြိုက်ဘူး ဟု ဆိုပါ သည်။

၁၉၅၈-ခုနှစ်။ တိဗက်ပြည်ရဲ့ ကောင်းကင်ယံတွင် မိုးသားတိမ်လိပ်တို့ ထူထပ်နေလေပြီ။ ဒီတကြိမ်ရွာတဲ့မိုးထဲ ဘ၀တွေ၊ မျှော်လင့်ချက်တွေအားလုံး မျောပါသွားတော့မည့် အရိပ်အယောင်တွေ တွေ့မြင်နေရပြီဖြစ်သည်။ အမ်ဒူပြည်နယ်ဘက်မှာ လည်း ဖမ်းဆီးမှု တွေရှိသည်။ လားမားတထောင်ကျော်သီတင်းသုံးနေသည့် ဇောက်ချမ်းကျောင်း တော်ကြီးကို လက်နက်ကိုင်စစ်သားများက ၀ိုင်းထားကြပြီ။ ရေဖြတ်၊ မီးဖြတ်၊ အစား အသောက်တွေ ဖြတ်သည်။ အပြင်လူ ၀င်ခွင့်မရှိတော့။ သိပ်မကြာခင် အချိန်မှာပဲ သေနတ်သံတွေ အဆက်မပြတ် ကြားနေရသည်။ လားမားများက ပြန်လည်ခုခံ တိုက်ခိုက်ကြသေး သည်။ သို့သော် လက်ရှိနဲ့လက်မဲ့တို့ အားပြိုင်ပွဲတွင် လက်မဲ့တို့ ရှုံးပါသည်။ တင့်ကားများဖြင့် ၀င်ရောက်တိုက်ခိုက်ပြီး ပစ်ခတ်ဖမ်းဆီးမှုတွေရှိသည်။ နောက်ဆုံးတော့ ကျောင်းတိုက်ကြီးတခုလုံးကို မီးတင်ရှို့လိုက်ခြင်းဖြင့် အဆုံးသတ် လိုက်ပါသည်။ အသက်မသေဘဲ ထွက်ပြေးလွတ်မြောက်သွားသည့် လားမားအများစုက လူထွက်ပြီး တိဗက်ပြောက်ကျား တပ်များရှိရာသို့ သွားရောက်ပူးပေါင်းကြလေသည်။

နီးစပ်ရာ အခြားဘုန်းတော်ကြီးကျောင်းများကိုလည်း ၀င်ရောက်ဖမ်းဆီးတော့မည်ဖြစ် ကြောင်း သတင်းတွေကြားနေရသည်။ တုတ်၊ ဓား၊ လက်နက်များဖြင့် ခုခံဖို့ ပြင်ဆင်နေ ကြသူတွေလည်းရှိသည်။ အခြေအနေအားလုံးကို ထိန်းသိမ်းဖို့ တရုတ်အစိုးရက ဘုန်းတော်ကြီးဒလိုင်းလားမားကို ဖိအားပေးသည်။ ဘုန်းတော်ကြီးကလည်း ဖိနှိပ် ဖမ်းဆီးမှုများ မပြုလုပ်ဖို့ မေတ္တာရပ်ခံပါသည်။ သို့သော် အခြေအနေက ထိန်းမနိုင် သိမ်းမရတော့။ စတိတ်စင်ကြီးကို အဆင်သင့်ပြင်ထားပြီ။ သရုပ်ဆောင်တွေကိုလည်း ရွေးချယ်ထားပြီးပြီ။  ဇာတ်ညွှန်းကလည်း အဆင်သင့်။ ပြည်ဖုံးကားချပြီး စင်ရှေ့ထွက် သြဘာခံကြမည့်သူတွေကလည်း အရံသင့်။ ကန့်လန့်ကာကလေး တချက်ဆွဲချလိုက်ရုံ မျှဖြင့်..….။
တိဗက်တောင်တန်းတွေပေါ်က ရေခဲတောင်ကြီးတွေ အရည်ပျော်သွားသလို ဘ၀တွေ အရည်မပျော်ဖို့ပဲ လိုပါသည်။ တိဗက်ပြည်ရဲ့ ကောင်းကင်ယံတွင် မိုးသားတိမ်တိုက်တို့ လွင့်မျောနေကြလေပြီ။ ဒီတကြိမ်ရွာတဲ့မိုးထဲ လူသားမျိုးစိတ်တခုလုံး မျောပါသွားမှာကိုပဲ တိဗက်တွေက စိုးရိမ်ထိတ်လန့်နေမိသည်။

တိဗက်ပြည်ရဲ့ ၁၉၅၉-ခုနှစ် အရုဏ်ဦးတွေက အရင်လို အေးချမ်းမှုတွေ မပေးတော့။ နိုင်ငံရေးအခြေအနေတွေ တင်းမာရှုပ်ထွေးနေလင့်ကစား နှစ်စဉ်ကျင်းပနေကြဖြစ်သည့် တိဗက်လိုဆာနှစ်သစ်ပွဲတော်ကြီးကို ကျင်းပဖို့ အားလုံးက တာဆူနေကြပြီဖြစ်သည်။ လိုဆာပွဲတော်ဆိုသည်မှာ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်လို၊ အနောက်တိုင်းက အီစတာ ပွဲတော်လို ဘာသာရေးအငွေ့အသက်တို့ဖြင့် ထုံမွှမ်းထားသည့် တိဗက်ဘာသာ ရေးပွဲတော်ကြီးတခုပင်ဖြစ်သည်။ အနယ်နယ် အရပ်ရပ်က ဘုရားဖူးခရီးသည်တွေ၊ ကုန်သည်ပွဲစားတွေ၊ လက်မှုပညာသည်တွေ၊ တိဗက်အလွှာစုံက ထောင်ပေါင်းများစွာ သော ခရီးသွားတွေဟာ မြို့တော်လာဆာကို တဖွဲဖွဲရောက်ရှိ လာကြပြီဖြစ်သည်။ လိုဆာပွဲတော်အပြီး တဆက်တည်းကျင်းပမည့် မွန်လန်ဘာသာရေးပွဲတော်ကို ဆင်နွှဲဖို့ ထောင်ပေါင်းများစွာသော လားမားတွေလည်း လာဆာမြို့မှာ စုရုံးရောက်ရှိနေကြ လေပြီ။ လာဆာမြို့ ဆင်ခြေဖုံးမှာ စစ်ရှောင်ရောက်ရှိနေကြသည့် ဒုက္ခသည် စခန်းတွေ ကလည်း သောင်းချီရှိနေကြသည်။ အလွှာစုံ၊ နယ်ပယ်စုံသည်။ တသိန်းကျော်ရှိသည့် ပြည်သူတွေဟာ မြို့တော်လာဆာကို ရောက်ရှိနေကြပြီဖြစ်သည်။ လူတသိန်းကျော် ဆိုသည်မှာ လာဆာမြို့အတွက် ပုံမှန်ထက် ထက်ဝက်ကျော်များနေသည့် အရေ အတွက်ပင်ဖြစ်သည်။

ဒလိုင်းလားမားဘုန်းကြီးလေးရဲ့ သက်တော် ၂၄-နှစ်ပြည့်နှင့်လည်း တိုင်ဆိုင်နေပြီး သူအတွက် သာသနာပိုင်ဖြစ်ဖို့ မဖြစ်မနေဖြေဆိုရမည့် နောက်ဆုံးစားမေးပွဲကို ဖြေဆိုရ မည့်အချိန်လည်း ဖြစ်သည်။ သည်စာမေးပွဲသာအောင်ခဲ့လျှင် သူဟာ တိဗက်ပြည်ရဲ့ ၁၄-ယောက်မြောက် ဒလိုင်းလားမားအဖြစ် တိဗက်ပြည်ရဲ့ အမြင့်ဆုံး သာသနာပိုင်နှင့် အမြင့်ဆုံးအာဏာပိုင်အဖြစ် တရားဝင်ဖြစ်လာတော့မည်ဖြစ်သည်။

စာမေးပွဲနောက်ဆုံးနေ့ မတိုင်မီအရင်နေ့ညက ပီကင်းကအရာရှိနှစ်ဦးရောက်လာပြီး လားမားကိုယ်တော်လေးနှင့် တွေ့ခွင့်တောင်းသည်။ တရုတ်ပြည်က ကမ္ဘာကျော် ဆက်ကပ်အဖွဲ့ လာဆာသို့ရောက်နေပြီဖြစ်ရာ လားမားကိုယ်တော်လေးကို ကပွဲကြည့်ဖို့ လာဖိတ်ခြင်းဖြစ်သည်။ သို့သော် ကိုယ်တော်လေးက တွေ့ခွင့်မပေးခဲ့။ စာမေးပွဲပြီးမှဟု ဆင်ခြေပေးခဲ့လေသည်။ သုံးရက်ကြာသောအခါ ဒလိုင်းလားမား ကိုယ်တော်လေး သည်ကား မျှော်လင့်ထားသည့်အတိုင်း သာသနာပိုင်ဖြစ်လာခဲ့လေပြီ။ နိုင်ငံရေးဘက် တွင်လည်း သူကအာဏာအရှိဆုံးဖြစ်သည်။ ဒီမိုကရေစီတိုင်းပြည်တခုရဲ့ စံချိန်အရ ဆိုလျှင် သူက တိဗက်ပြည်၏ သမ္မတလည်းဖြစ်သည်။

သာသနာပိုင်ဖြစ်ပြီးနောက် လေးရက်မြောက်နေ့တွင် ပီကင်းအရာရှိများ ပြန်ရောက် လာသည်။ လားမားကိုယ်တော်လေးကို ကပွဲသို့ ကြွစေချင်ကြသည်။  တိုင်ပင်ဆွေးနွေြး ပီးနောက် ကပွဲကိုသွားဖို့ ဆုံးဖြတ်လိုက်ပါသည်။ သည်မှာ အခက်အခဲတွေရှိလာသည်။ အသက် ၂၄ နှစ်အရွယ်ရှိ လားမားကိုယ်တော်လေးတွင် လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသည့် ကိုယ်ရံတော်သက်တော်စောင့် ၂၄-ယောက်ရှိသည်။ ပီကင်းက ပွဲသို့ သက်တော်စောင့်များကို လိုက်ပါခွင့်မပြုဟု ပီကင်းအရာရှိများကို တောင်းဆို လိုက်သည်။ လားမားကိုယ်တော်လေးနောက်ကို ဘယ်သူမှ လိုက်ခွင့်မရှိ။ သို့သော် လက်ခံနိုင်ဖွယ်မရှိသော ဒီတောင်းဆိုချက်ကို တိဗက်တို့က ငြင်းပယ်ခဲ့သည်။ လားမား ကိုယ်တော်လေး မကြွဖြစ်ခဲ့လျှင် ကတိပျက်ရာ ကတိဖျက်ရာရောက်မည်။ အကယ်၍ ကြွဖြစ်ခဲ့လျှင်လည်း လားမားကိုယ်တော်လေးရဲ့ လုံခြုံရေးက ရတက်မအေးစရာ အခြေအနေဖြစ်နေသည်။ လျှို့ဝှက်ချက်တွေများသည့် သည်တွေ့ဆုံပွဲကို တိဗက် ပြည်သူတို့က ဘ၀င်မကျ။ တင်းမားနေသော သည်အခြေအနေကို လားမားကိုယ်တော် လေးက ၀င်ထိန်းပေးသည်။ မူလသတ်မှတ်ထားသည့်နေရာမှာ မတွေ့တော့ဘဲ လာမားကိုယ်တော်လေးရဲ့ နွေရာသီစံနန်းဖြစ်တဲ့ နိုဘုလင်္ကအ၀င်ဂိတ်က ကွင်းပြင်မှာ တွေ့ဆုံကြမည်။  တွေ့ဆုံပွဲနေ့ နန်းတော်အပြင်ဘက်တွင် သုံးသောင်းကျော်သော တိဘက်ပြည်သူတို့ စုဝေးရောက်ရှိနေကြလေပြီ။ သည်တွေ့ဆုံပွဲကနေတဆင့် ပီကင်း အရာရှိတွေဟာ လားမားကိုယ်တော်လေးကို ပြန်ပေးဆွဲပြီး ပြည်မကြီးထဲကို ဆွဲခေါ်သွား လိမ့်မည်ဟု တိဘက်ပြည်သူတို့က ယုံကြည်နေကြသည်။ တဖက်မှာ ထောင်သောင်း ချီသော လက်နက်မဲ့တိဘက်ပြည်သူတို့က နေရာယူထားသလို အခြားတဖက်မှာလည်း လက်နက်ကိုင်ဆောင်ထားသည့် တရုတ်စစ် သား တို့က အရံသင့်စောင့်နေကြပြီဖြစ်သ ည်။ လက်ခုပ်တချက်တီးလိုက်သည်နှင့်တပြိုင်နက် အဖြေကရှင်းနေပြီ။

ပီကင်းအဖွဲ့ကိုခေါင်းဆောင်သူမှာ ဗိုလ်ချုပ်တန်ဖြစ်သည်။ သူက လားမားကိုယ်တော် လေးနှင့် တွေ့ဆုံသောအခါ တိဗက်ပြောက်ကျားတပ်ဖွဲ့များအပါအ၀င် တရုတ်ဆန့်ကျင် ရေးများကို အလိုမရှိကြောင်း ယခုလိုဆက်ပြီး ဆန့်ကျင်နေဦးမယ်ဆိုလျှင် တော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ဖြိုခွဲရမည်ဖြစ်ကြောင်း သတိပေးစကားဆိုပါသည်။ ကပွဲက နံနက် ၁၁-နာရီမှာ စတင်မှာဖြစ်သည်။ ကပွဲမတိုင်မီ ကျင်းပသည့်တွေ့ဆုံပွဲက သိပ်အားရ ကျေနပ်စရာ မကောင်းလှ။

တိဗက်ပြည်သူတွေက အရင်လို လွတ်လပ်သော တိဗက်ပြည်ဆီသို့ ပြန်သွား လိုကြ သည်။ တိဗက်ပြည်သူတွေကလည်း တိဗက်ပြည်ကို သည်ထက်ပို၍ တိဗက်ပီသ ချင်သည်။ ထို့ကြောင့်လည်း တရုတ်ပြည်မကြီး၏ စိုးမိုးခြယ်လှယ်နေမှုကို မျက်မုန်းကျိုး နေကြခြင်းဖြစ်သည်။ တိဗက်အရေးတွင် အမျိုးသမီးများ ထဲထဲဝင်ဝင် ပါဝင်နိုင်ရေး အတွက် တိဗက်အမျိုးသမီးအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီဖြစ်သည်။ လာဆာမြို့ရဲ့ လမ်းမတွေ ပေါ်တက်ဖို့ တာဆူနေကြလေပြီ။ ၁၉၁၂-ခုနှစ်များဆီက တိဗက်ပြည်တွင်း ၀င်ရောက်နေသည့် မန်ချူးများကို တိဗက်ပြည်သူ့အားဖြင့် နှင်ထုတ်နိုင်ခဲ့သည့် သမိုင်းရှိခဲ့ဖူးပါသည်။ သို့သော် ယခင်မန်ချူးနှင့် ယခုတရုတ်က အခြေအနေခြင်း မတူတော့။ အရာရာအားလုံး ပြောင်းလဲနေပြီဖြစ်သည်။ တရုတ်တပ်မတော်တွင် ခေတ်မီဆန်းပြားလှသည့် စစ်လက်နက်များ အပြည့်အစုံရှိနေပြီး တိဗက်တို့လက်ထဲတွင် ရှိနေသည့်လက်နက်က ပထမကမ္ဘာစစ်လက်ကျန် ခေတ်မမီတော့သည့် လက်နက် များသာ။

PLA ခေါ် ပြည်သူ့လွတ်မြောက်ရေးတပ်မှာရှိသည့် လက်နက်များအားလုံးကလည်း မီးကျိုးမောင်းပျက်များသာ။ အင်အားချင်းယှဉ်လိုက်လျှင် မိုးနဲ့မြေလို ကွာခြားလွန်းနေ သည်။ သူထိုးကိုယ်ထိုး လက်သီးချင်းယှဉ်ထိုးရသည့် အခါမျိုးမှာ လက်ဦးမှုရဖို့ထက် ချက်ကောင်းထိဖို့ကလည်း လိုပါသည်။ အရာရာကို အသိပညာ အတတ်ပညာများဖြင့် မောင်းနှင်ပြီး ခေါင်းခေါင်းချင်း ယှဉ်သည့်ခေတ်မှာ ကိုယ်က တုတ်ဆွဲ ဓားဆွဲ တကဲကဲ လုပ်နေလို့မဖြစ်တော့။ ကမ္ဘာကြီးရဲ့ ကစားကွက်က ပြောင်းလဲသွားခဲ့လေပြီ။ ပြောင်းလဲ နေသည့် ခေတ်အခြေအနေကို တချက်ကလေး မျက်ခြေပြတ်သွားရုံမျှဖြင့် ဘ၀တွေ ကျိုးကြေသွားနိုင်သည်။ တိဗက်တိုင်းပြည်ရဲ့ရှေ့ရေးက မုန်တိုင်းထဲက ဖယောင်းတိုင် ပမာ။

ဆက်လက်ဖော်ပြပါဦးမည်
ကိုသစ် (သီတဂူ)
၇၊ ၁၈၊ ၂၀၁၈
0