အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် ကိုယ်လုပ်တာ ကိုယ်စားရသလား ...

အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် ကိုယ်လုပ်တာ ကိုယ်စားရသလား ...
(မိုးမခ) ဇူလိုင် ၃၊ ၂၀၁၈
 
ကျွန်တော်တို့ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးတွင် ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာဆိုသော စကားကို လူဦးရေ ၁၀၀ တွင် ၇၀ ရာခိုင်နှုန်းခန့်က ပြောတတ်ကြသည်။ ကိုယ်လုပ်တာ ကိုယ်စားရပါသလား ကိုယ်လုပ်တာ ကိုယ် မစားရဘူးလားဆိုတာကို သေချာတိကျစွာ ကိုင်ပိုင်လေ့လာမှု သုံးသပ်မှု ဆင်ခြင်မှု တွေးခေါ်မှု တွေမလုပ်ဘဲနဲ့ သူများယောင် လို့ယောင်ရတယ် အမောင် တောင်မှန်း မြောက်မှန်းမသိသဘောနဲ့ပြောတယ်ဆိုရင် ပြန်လည်သုံးသပ်ကြဖို့ အမှန်တကယ် လိုအပ်မှာဖြစ်ပါတယ်။

ဒါကို လက်တွေ့ကျတဲ့ စကားပုံတွေလည်းရှိနေတာမို့ ဥပမာပေးရမယ်ဆိုရင် အိုစာ မင်းစာဆိုတဲ့စကားပုံလေး ရှိပါတယ် အို စာဆိုတာကတော့ အသက်အရွယ်ကြီးရင့်လာတဲ့အခါ သားသမီးမြေးမြစ်တွေက ပစ်ပယ်သွားတဲ့အခါ အကူအညီအထောက် အပံ့မရနိုင်တဲ့အခါ အဲသလို လူငယ်တွေဆီက အကူအညီအထောက်အပံ့တွေကို မယူချင်တဲ့အခါ ကျန်းမာရေး လူမှုရေး သွားရေးလာရေး စားရေးသောက်ရေး စတဲ့ နေရာတွေမှာအသုံးပြုဖို့ စုဆောင်းထားတဲ့ ငွေကြေးဥစ္စာပစ္စည်းတွေကို ဆိုလို တာဖြစ်ပါတယ်။ မင်းစာဆိုတာကတော့ အခုခေတ်မှာ မင်းတွေ ဘုရင်တွေမရှိတော့တာမို့ တိုက်ရိုက်မဟုတ်တော့ပေမယ့် အစိုးရအဖွဲ့အစည်းကိုဆိုလိုတယ်လို့ပဲ အကြမ်းမျဉ်း သတ်မှတ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် အစိုးရမင်းများ အစိုးရအဖွဲ့အစည်း များက အခွန်ငွေများနဲ့ အခြားသောအကြောင်းအရာတွေကို စပ်လျဉ်းပြီး နိုင်ငံသားတိုင်းသော်လည်းကောင်း မိမိကိုသော် လည်းကောင်း ကောက်ခံတာ တောင်းယူတာတွေလုပ်လာခဲ့ရင် ရှောင်လွှဲလို့ သွေဖယ်လို့ ငြင်းဆန်လို့မရနိုင်တာမို့ မင်းစာ ချန်ထားရမယ်/တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ အဲဒီတော့ ကိုယ်လုပ်အားတွေနဲ့ ဘယ်လိုပင် သန့်ရှင်းစွာရှာဖွေထား စု ဆောင်းထားပါစေ မှောင်ခိုလုပ်ငန်းများ မတရားသောလုပ်ငန်းများနဲ့ပဲ ရှာဖွေလုပ်ကိုင်စားသောက်ပါစေ နိုင်ငံတခုခုမှာ မှီခို နေထိုင်ရမှာဖြစ်တဲ့အတွက် ထိုနိုင်ငံရဲ့ အစိုးရအဖွဲ့အစည်းကိုတော့ ရှောင်လွှဲလို့မရပါဘူး။ ဒါကြောင့် ကိုယ့်လုပ်အား ငွေကြေး တွေကို အနည်းဆုံးတော့ အိုစာနဲ့ မင်းစာ ချန်ကို ချန်ထားရမှာဖြစ်ပါတယ်။ ကဲ ကိုယ်လုပ်တာကိုယ် အကုန်စားရတယ် ထင် နေပါသေးသလား။

ဒါမျိုးကတော့ ဟိုးအရင် မြေရှင်ပဒေသရာဇ်ခေတ် သက်ဦးဆံပိုင်ဘုရင်ခေတ် နယ်ချဲ့အရင်းရှင်ခေတ် အာဏာရှင်ခေတ် တွေမှာသာ ဖြစ်လေ့ဖြစ်ထရှိပြီး ယခုလို ဒီမိုကရေစီခေတ်နဲ့တော့ မသက်ဆိုင်တော့တာမို့ ဥပမာအနေနဲ့ ပြောပြခြင်းသာ ဖြစ်ပေမယ့် ကျွန်တော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံသားတော်တော်များများကတော့ အဲသည်လိုစနစ် အဲသည်လိုစိတ်တွေနဲ့ အဲသည်သံသရာထဲမှာ ဝဲလှည့်နေသေးသူတွေရှိနေသေးလို့ အခန့်သင့်ခိုက် ရေးသားဖော်ပြပေးတာဖြစ်ပါတယ်။

ကျွန်တော်တို့ အလုပ်တွေလုပ်ကြတဲ့အခါ လုပ်အားခတွေ ဝင်ငွေတွေ ရရှိကြပါတယ်။ ထိုသို့ ရရှိတဲ့ ငွေကြေးအားလုံးကို ကျွန်တော်တို့ အပြည့်အဝခံစားခွင့်ရရှိတယ်လို့ ထင်မြင်ယူဆနေကြပါသလား။ အရင်ဦးစွာ ပထမ ဝင်ငွေခွန် ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ မိမိရဲ့ဝင်ငွေတွေနဲ့ မိမိရဲ့စားဝတ်နေရေးကိစ္စတွေကို ဖြေရှင်းဆောင်ရွက်ပြုလုပ်ကြတဲ့အခါ ကျွန်တော်တို့ ဝယ် ယူသုံးစွဲကြတဲ့ ပစ္စည်းတွေအားလုံးကလည်း ထိုပစ္စည်းရောင်းသူတွေက အခွန်ထပ်ဆောင်ရပါတယ်။ကိုယ်ပိုင် ဆိုင်ခန်း သို့ အငှားဆိုင်ခန်း ဖြစ်စေ မြေခွန် မီးခွန် ရေခွန် ဆိုင်းဘုတ်ခွန် စသည့်ဖြင့် ရောင်းသူက ထမ်းဆောင်ရမယ့်အခွန်တွေကို စားသုံး သူထံကပဲတောင်းခံထားတဲ့အတွက် ကျွန်တော်တို့ အခွန်ဆောင်တာပဲဖြစ်ပါတယ်။ အဲသည်ပစ္စည်းတွေကို စိုက်ပျိုးတာ ပြု လုပ်တာ သယ်ယူတာ ပြောင်းရွေ့တာ စသည်ဖြင့် အစအဆုံး ကုန်ကျစရိတ်တွေအကုန်လုံးကို အဲသည် ပစ္စည်းတွေထဲမှာပဲ ပေါင်းယူ တောင်းခံထားတဲ့အတွက် အခွန်တွေရဲ့ ၉၉ ရာခိုင်နှုန်းဟာ စားသုံးသူ ပြည်သူလူထု နိုင်ငံသားတွေကသာ ထမ်း ဆောင်ကြတဲ့ အခွန်ငွေစီးဆင်းမှုသာဖြစ်ပါတယ်။

ထမင်းချက်စားလျှင် ဝယ်ယူထားသောဆန်မှာ အခွန်ဆောင်ပြီးဖြစ်ပါတယ်။ ရေနဲ့ချက်ရတာဖြစ်တဲ့အတွက် ရေကို သုံးရပါ တယ် ရေခွန်လည်း ဆောင်ရပါတယ်။ လျှပ်စစ်မီး (သို့မဟုတ်) ထင်းမီး မီးသွေးမီးဖိုတွေ အသုံးပြုပြီး ချက်ပြုတ် စားသောက်ရ မှာဖြစ်ပြီး လျှပ်စစ်မီး မီးသွေး ထင်းမီး စတာတွေဝယ်ယူရာမှာ အခွန်ဆောင်ထားပါတယ်။ ချိုင့်ဆွဲစားမည်ဆိုလျှင်ရော ထိုဆိုင် က အခွန်ဆောင်ထားပြီး စားသုံးသူဆီက တောင်းခံမှုထဲမှာ ထည့်ပြီး တောင်းခံပြီးသားဖြစ်ပါတယ်။ ထိုင်စားမည်ဆိုလျှင်လည်း အခွန်ကောက်ခံမှာဖြစ်ပြီး ဝန်ဆောင်မှုများအတွက် Table Tax တွေပါ ထပ်မံကောက်ခံမှာ ဖြစ်ပါတယ်။ ယခု ဘေးနားမှာရှိတဲ့ ဦးထုပ်၊ မျက်မှန်၊ ဆွဲကြိုး၊ နားဆွဲ၊ အင်္ကျီ၊ နာရီ၊ လက်ပတ်၊ ဟန်းချိန်း၊ ခါးပတ်၊ ဘောင်းဘီ၊ ခြေအိတ်၊ ဖိနပ်၊ စက်ဘီး၊ ဆိုင်ကယ် ကား၊ အိမ်၊ ခြံမြေ၊ ပန်းအိုး၊ ပရိဘောဂပစ္စည်းများ၊ မီးဖိုခန်းသုံးပစ္စည်းများ စသည်ဖြင့် မည်သည့်ပစ္စည်းကိုမဆို ကြည့်လိုက်ပါ။ အခွန်ဆောင်ပြီး ဝယ်ယူသုံးစွဲထားရတာဖြစ်ကြောင်း သိရပါလိမ့်မယ်။

ကျွန်တော်တို့မွေးချိန်မှသည် သေဆုံးချိန်အထိ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ သွား ရေး လာရေး စသည်ဖြင့် အရာအားလုံးမှာ အခွန်ငွေဆောင်ပြီးမှသာ နေထိုင် အသက်ရှင်နေကြတာ ဖြစ်ပါတယ်။ဒါကြောင့် ကျွန်တော်တို့ရဲ့ အခွန်ငွေကြေးများနဲ့ နိုင်ငံတော် (သို့မဟုတ်) နိုင်ငံသားများရဲ့အကျိုးအတွက် အစိုးရအဖွဲ့အစည်းများ အစိုး ရဝန်ထမ်းများက တာဝန်များထမ်းဆောင်ရာမှာ ဘာတွေလုပ်နေကြတယ် ဘယ်သူတွေ လုပ်နေကြတယ် ဘယ်လိုလုပ်နေကြ တယ် ဘာကြောင့်လုပ်နေကြတယ်ဆိုတာတွေကို နေ့စဉ်စောင့်ကြည့်ရမယ့်တာဝန်ဟာ နိုင်ငံသားတိုင်းမှာ အတိအကျရှိပါ တယ်။ ဘာကြောင့်လဲဆိုရင် နိုင်ငံတော်ရဲ့ ဝင်ငွေထွက်ငွေများ၊ အခွန်အခများ၊ စရိတ်စကများ အားလုံးဟာ ကျွန်တော်တို့ နိုင်ငံသားအားလုံးပိုင် နိုင်ငံတော်ပိုင် ငွေကြေးများ ဖြစ်နေလို့ပါပဲ။

ဒါကြောင့် ကျွန်တော်တို့ဟာ အခွန်ထမ်းဆောင်ရတာ နိုင်ငံသားတိုင်းလုပ်ဆောင်ရမယ့် တာဝန်ဖြစ်ပြီး နိုင်ငံသားတိုင်းကလည်း အခွန်ငွေကြေးများကို ကြည်ကြည်ဖြူဖြူပင် ထမ်းဆောင်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ မွေးရာပါ နိုင်ငံသားများရဲ့ တာဝန် ဝတ္တရားနဲ့ ရပိုင်ခွင့်ဆိုတာရှိပါတယ်။ တာဝန်ဝတ္တရားတွေကိုလည်း ကျေပွန်စွာထမ်းဆောင်ဖို့လိုအပ်သလို ကျွန်တော်တို့မှာ ဘာတွေ ရပိုင်ခွင့်ရှိတယ်ဆိုတာကိုလည်း သိနားလည်ထားကြရမှာ ဘာကြောင့် အခွန်ငွေပေးဆောင်ရမယ် ဘာကြောင့် အခွန်ငွေကို ပေးဆောင်သင့်တယ်ဆိုတာတွေကို သဘောပေါက်ထားကြရမှာဖြစ်ပါတယ်။ အဓိက ကျွန်တော်တို့တွေ အခွန် ဆောင်ကြတယ်ဆိုတာ ပြည်ထောင်စုမြန်မာနိုင်ငံသား အားလုံးထဲမှာ ဆင်းရဲလွန်းခြင်း ချမ်းသာလွန်းခြင်းတွေကို ထိန်းညှိဖို့နဲ့ ပြည်ထောင်စုမြန်မာနိုင်ငံသားအားလုံးမှာ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ သွားရေးလာရေးတွေမှာ တန်းတူ အခွင့်အရေးတွေရရှိဖို့ ခံစားခွင့်ရဖို့အပြင် အခမဲ့ ကျန်းမာရေး၊ အခမဲ့ ပညာရေး လူမှုရေးပင်စင်များပေးခြင်း စွန့်ဦးတီထွင် လုပ်ငန်းတွေနဲ့ အသေးစား အလတ်စားလုပ်ငန်းတွေတည်ထောင်ရာမှာ အခြေခံအဆောက်အဦးတွေ ဆောက်လုပ်ရာတွေမှာ အသုံးပြု စီမံခန့်ခွဲပေးဖို့အတွက် အစိုးရအဖွဲ့အစည်းတွေကို အပ်နှံပေးထားခြင်းသာ ဖြစ်ပါတယ်။ တဦးတယောက်ပိုင် အဖွဲ့ အစည်းတခုပိုင်၊ ပါတီတခုပိုင်၊ အစိုးရပိုင်၊ အခွန်ငွေကြေးတွေ လုံးဝမဟုတ်ပါဘူးဆိုတာပါပဲ။ အထူးသဖြင့် ကိုယ်ဝန်ဆောင်များ မွေးကင်းစကလေးများ သက်ကြီးရွယ်အိုများကိုလည်း အစိုးရက အပြည့်အဝ တာဝန်ယူပေးဖို့အတွက် ဒီအခွန်ငွေကြေးတွေကို နိုင်ငံသားတိုင်းက ပေးဆောင်ကြရမှာ ဖြစ်ပါတယ်။

နိုင်ငံသားတိုင်းက ပေးချေတဲ့ အခွန်ငွေကြေးတွေကို ပြည်သူလူထုအတွက် နိုင်ငံသားတိုင်းအတွက် အကျိုးရှိစွာ တန်ဖိုး ထိုက်တန်စွာ တန်းတူညီမျှစွာ အစိုးရအဖွဲ့အစည်းဘက်က အသုံးပြုပေးနေသလား နိုင်ငံသားတိုင်းအတွက် အကျိုးရှိတဲ့နေရာ တွေမှာ အသုံးပြုပေးနေသလား အလွဲသုံးစားပြုလုပ်နေသလား အစိုးရအဖွဲ့အစည်းတွေ အစိုးရဝန်ထမ်းတွေက အဆင့်ဆင့် ခွဲဝေသုံးစွဲပြီး အဂတိလိုက်စားနေကြသလားဆိုတာကို နေ့စဉ်နဲ့အမျှ လေ့လာ သုံးသပ်ကာ စုံစမ်းစစ်ဆေးနေရမှာကလည်း ကျွန်တော်တို့ ပြည်သူလူထု နိုင်ငံသားတိုင်းရဲ့ တာဝန်ဝတ္တရားပဲဖြစ်ပါတယ်။ အစိုးရ အဖွဲ့အစည်းနဲ့ အစိုးရဝန်ထမ်းတွေဆိုတာ လုံးဝကြောက်စရာမလိုဘဲ မိမိတို့ပြည်သူလူထုအတွက် အလုပ်များကို စေတနာ အနစ်နာ ဝါသနာတွေနဲ့ ထမ်းဆောင်ပေး နေသလား ဦးဆောင်ဦးရွက်ပြုပေးနေသလား၊ ရှေ့တမျိုး နောက်တမျိုးလုပ်နေသလား မှန်ကန်စွာ တာဝန်ထမ်းဆောင် နေသလား လာဘ်ပေးလာဘ်ယူလုပ်နေသလားဆိုတာကိုစောင့်ကြည့်ပြီး ထိမ်းကွပ်ကြပ်မတ်ပေးရမယ့် တာဝန်ရှိတာမို့ အလွန်အရေးကြီးပါတယ်။

အဲသည်တော့ ကျွန်တော်တို့ရဲ့ချွေးနည်းစာဖြစ်တဲ့ လုပ်အားခတွေထဲက စုပေါင်းထည့်ဝင်ပြီး ပုံအပ်ပေးရမယ့် အစိုးရ အဖွဲ့ အစည်းနှင့် အစိုးရဝန်ထမ်းများကို ကျွန်တော်တို့က စိတ်ကြိုက်ရွေးချယ်ပြီး ခန့်အပ်ခြင်း ဖြုတ်ချခြင်း ချီးမြှင့်ပေးခြင်း အပြစ် ဒဏ်ပေးထုတ်ပယ်ခြင်းများကို ပြုလုပ်နိုင်ကြပါတယ်။ ကျွန်တော်တို့ နိုင်ငံသားတိုင်းအတွက် ကောင်းသည် ဆိုးသည် မှန် သည် မှားသည် အကျိုးရှိသည် အလဟသဖြစ်မည် စသည်ဖြင့် တွေးခေါ် ဆင်ခြင်ကာ သုံးသပ်ဆုံးဖြတ်နိုင်တဲ့ အစိုးရလက် ထဲကို ပေးအပ်ထားကြမလား တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ မလုပ်တဲ့ မသိတဲ့ အစိုးရအဖွဲ့အစည်းတွေ အစိုးရဝန်ထမ်းတွေကို တာဝန်ပေးကြမှာလား ဆိုတာ သေချာစေ့ငှစွာ နိုင်ငံသားတိုင်းက တွေးတော စဉ်းစားဆုံးဖြတ်ကြရမှာ ဖြစ်ပါတယ်။ ထို့ကြောင့် အားလုံးသဘောတူညီချက်များအရ ရွေးချယ်တင်မြှောက်တဲ့အစိုးရဆိုတဲ့ အဖွဲ့အစည်းမျိုးတွေရှိလာရတာ ဖြစ်တည်လာ ရတာဖြစ်ပါတယ်။

ကျွန်တော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို အုပ်ချုပ်ခွင့်ရခဲ့ကြတဲ့ အစိုးရအဖွဲ့အစည်းအဆက်ဆက်ဟာ အလွန်ကို ကံ ကောင်းခဲ့ကြတဲ့သူတွေလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံသားတွေဟာ အဖိုးတန်တဲ့ တွင်းထွက်သယံဇာတ ရေနံ၊ ကျောက်သံပတ္တမြားတွေ၊ ကျောက်စိမ်း၊ ရွှေ၊ ငွေ၊ ကြေးနီ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ဘော်လခဲ သတ္တုတွင်းတွေ၊ အဖိုးတန်သစ်ပင်တွေ၊ ဝါးပင်တွေ၊ ကိုးကွယ်ရာ ဘာသာကွဲပြားမှုတွေ ဘာသာစကားကွဲပြားမှုတွေ မြတ်နိုးစရာတိုင်းရင်းသားလူမျိုးနွယ်စုတွေ အမျိုးမျိုးကွဲပြားခြားနားနေတဲ့ ချစ်စရာ ဓလေ့စရိုက်တွေ အတွေးအခေါ် အယူအဆတွေ ဝတ်စားဆင်ယင်ထုံးဖွဲ့ပုံတွေ ကြီးသူကိုရိုသေ ရွယ်တူကိုလေးစား ငယ်သူကိုသနားတဲ့ ကိုယ်ချင်းစာတရားတွေ လေးစားမှုတွေ လက်ဆင့်ကမ်းရိုးရာအမွေအနှစ်တွေ သမိုင်းဝင် ခေတ်မြို့ပြဟောင်းကြီးတွေ ယဉ်ကြေးသိမ်မွေ့တဲ့ ပြောဆိုနေထိုင်သုံးနှုန်း မှုတွေ မကောင်းတာကို မလုပ်ရဲတဲ့ ကောင်းတာကိုလုပ်ရဲတဲ့ အရှက်အကြောက်တရားကြီးမားမှုတွေ စသည်ဖြင့် အဖိုးတန် မျိုးစေ့မှန် သယံဇာတ အစုံစုံအလင်လင်ကို တထမ်းတပိုး လက်ခံထိမ်းသိမ်းခွင့် ရရှိထားတဲ့ ပြည်ထောင်စုနိုင်ငံတော်တခု ဖြစ်နေလို့ပါပဲ။

ကျွန်တော်တို့ နိုင်ငံသားတွေဟာ စေတနာ သဒ္ဒါတရားလည်း ထက်သန်ကြသလို အားနာတတ်ခြင်း ကိုလည်း အထူးတလည် ရှိတတ်ကြပါတယ်။ဒါကြောင့်လည်း ရှေ့ခေတ်အဆက်ဆက်က မိမိတို့ရဲ့ နိုင်ငံသားတိုင်းထမ်းဆောင် ထမ်းရွက်ရမယ့် တာ ဝန်ဝတ္တရားတွေကို ဦးလည်မသုန် ထမ်းဆောင်ခဲ့ကြပေမယ့် မိမိတို့ရရှိမယ့် ခံစားခွင့်တွေကိုတော့ အစိုးရအဖွဲ့ အစည်းများ ထံမှာ ကလေးတွေပူဆာသလို နားပူနားဆာတိုက်ကာ တောင်းခံလေ့မရှိခဲ့ကြသလောက် နည်းပါးခဲ့ပါတယ်။အစိုးရအဖွဲ့အစည်းတွေက လုပ်ပေးရမယ့်တာဝန်တွေ များစွာပျက်ကွက်ခဲ့ကြပေမယ့် မိမိတို့ကိုယ်တိုင် ဦးဆောင်ဦးရွက်ပြုပြီး ကိုယ်ထူ ကိုယ်ထလမ်းတွေဖောက်ကြ တံတားတွေဆောက်ကြ မီးတွေထွန်းညှိကြ ဘုန်းတော်ကြီး ပညာသင်ကျောင်းတွေ ဖွင့်လှစ်ကြ ဘိုးဘွားရိပ်သာတွေဆောက်ကြ မိဘမဲ့ဂေဟာတွေဆောက်လုပ်ကြ ပရဟိတ အသင်းအဖွဲ့တွေဖွဲ့စည်းကြ စစ်ဘေး ရေဘေး မီးဘေး လေဘေး မုန်တိုင်းဘေး ငလျှင်ဘေး စသည်ဖြင့် ကူညီကြ ကလေးတွေ လူငယ်တွေ မျိုးဆက်သစ်တွေရဲ့ ပညာရေး ကို ကိုယ်ဘာသာကိုယ် ငွေကြေးအကုန်အကျခံကာ ပညာ သင်ကြားပေးကြ နေမကောင်းဖြစ်ရင်လည်း မိမိငွေကြေးနဲ့ကိုယ် ကုသကြ သက်ကြီးရွယ်အိုများကလည်း သက်ပြည့် လူမှုရေးပင်စင်များကို မတောင်းကြ မပေးရင်လည်း မယူကြ ကိုယ်ဝန် ဆောင်မိခင်လောင်းများကအစ အစိုးရ ပုဂ္ဂလိက တွေထံက လူမှုထောက်ပံ့ကြေးတွေ မတောင်းကြ မယူကြ စသည်ဖြင့် များစွာသော အကြောင်းအရာတွေမှာ ပြည်သူ လူထုတွေဟာ မွေးရာပါ နိုင်ငံသားတဦးချင်းစီရဲ့ ရပိုင်ခွင့်တွေ ခံစားခွင့်တွေကို မတောင်းယူကြပါဘဲ လစ်လျှူရှုပြီး နေထိုင် အသက်မွေဝမ်းကြောင်းခဲ့ကြပါတယ်။ရှေ့က အစိုးရအဖွဲ့အစည်းများ အဆက် ဆက်တို့ အတွက်ကတော့ သိပ်ကို သဘောထားကြီးမြတ်ပြီး ဂုဏ်ယူစရာ နိုင်ငံသားကောင်းတွေပါပဲ။

ဒါကလည်း နိုင်ငံရေး ဆိုရင် ကြောက်စရာ မသတီစရာ ထိတ်လန့်စရာတွေလို မြင်ယောင်လာအောင် ပြုလုပ် ပုံသွင်းခဲ့တဲ့ အကျိုးရလဒ်ဆိုးတွေကြောင့်များလား ပြောရခက်ပါတယ်။တကယ်တော့ နိုင်ငံရေး ဆိုတာဟာ မိမိအရေး အများပြည်သူအရေး ရပ်ရွာအရေး သာရေးနာရေး ကျန်းမာရေး ပညာရေး စီးပွားရေး စတာတွေ ရောပြွန်းနေတဲ့ လူမှုရေး ကိစ္စတခုဖြစ်ပြီး မွေးဖွား ချိန်ကစလို့ သေဆုံးချိန်အထိ ပြုလုပ်နေရတဲ့ ရှောင်လွှဲလို့မရတဲ့ အရေးကိစ္စတွေကို နိုင်ငံရေးဆိုတဲ့ ခေါင်းစီးစာတန်းလေး ထိုး ပေးထားရုံမျှသာဖြစ်ပါတယ်။

ဥပမာ ကျွန်တော့်အိမ်မှာ စားစရာ ဆန်မရှိတာ ကျွန်တော့်ပြဿနာပါ သင့်အိမ်မှာ စားစရာ ဆန်မရှိတာ သင့်ပြဿနာပါ အဲ သင့်လိုကျွန်တော့်လို လူများစွာ နိုင်ငံသားများစွာ ပြည်သူလူထုများစွာတို့အိမ်တွေမှာ စားစရာ ဆန်မရှိတော့ဘူး ဆိုရင်တော့ နိုင်ငံရေးဖြစ်သွားတော့တာပါဘဲ။ ဒါကြောင့် နိုင်ငံရေးဆိုတာ မိမိအကျိုး အများအကျိုး ရပ်ရွာအကျိုး ပြည်သူလူထုအကျိုး နိုင်ငံအကျိုးကို အားသွန်ခွန်စိုက် လုပ်ကိုင်ခြင်းပါပဲ။ သည်လောက်မြင့်မြတ်တဲ့ လုပ်ငန်းစဉ်များကို နိုင်ငံရေးလုပ်တာ မ ကောင်းဘူး ကြောက်စရာ လန့်စရာ ရှောင်ဖယ်စရာ ဆိုတဲ့ နိုင်ငံရေး သူငယ်တန်း ရေချိန်ကိုကျော်ဖြတ်ကာ စွန်းပေနေတဲ့ အယူအဆ အစွဲအမှားကြီးကို ဒီမိုကရေစီဆပ်ပြာနဲ့လျှော်ဖွတ်ပြီး ကိုယ်လုပ်တာ ကိုယ်စားရဖို့ ကိုယ့်စိတ်ကြိုက်တွေ လုပ်ကိုင် ပေးနိုင်မယ့် အစိုးရနဲ့ အစိုးရဝန်ထမ်းတွေကို ကိုယ်တိုင်ရွေးချယ်ပြီး ရွေးကောက်တင်မြှောက်ခြင်း ခန့်အပ်တာဝန်ပေးခြင်းတို့ကို ပြုလုပ်နိုင်ကြစေဖို့ ဆန္ဒပြုလိုက်ရပါတယ်။

အမ္ဗနဒီကျော်စွာ

Comments