မောင်အောင်မွန် (၀င်းအောင်ကြီး) - မျိုးချစ်စိတ် စာ-နယ်-ဇင်းနှင့် မျက်မှန်စိမ်း


 မောင်အောင်မွန် (၀င်းအောင်ကြီး) - မျိုးချစ်စိတ် စာ-နယ်-ဇင်းနှင့် မျက်မှန်စိမ်း
 ကျွန်တော်တွေးမိသလိုရေးပါမည် (၃၄၉)
(မိုးမခ) ဇူလိုင် ၂၆၊ ၂၀၁၈

(၁)
ကမ္ဘာပေါ်တွင် လူတို့စာရေးစာဖတ် တတ်လာကြသောအခါ၊ ဖတ်စရာ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတို့ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် ထုတ်ဝေရောင်းချသည်ကို ငွေပေး၍၀ယ်ဖတ်ကြရ၏။ အချိန်မှန်ထွက်သော ထိုစာစောင်များကို စာ-နယ်-ဇင်းဟု အတိုကောက်ခေါ်ပြီး နောက်ပိုင်း ရေဒီယို၊ TV, Internet စသည်တို့ ထပ်တိုးလာရာ ယခုအခါ မီဒီယာဟူ၍ သုံးစွဲလာသည်။
ဤဆောင်းပါးတွင်မူ စာ-နယ်-ဇင်း ဟူ၍သာ သုံးစွဲရေးသားပါမည်။
နိုင်ငံရယ် လူမျိုးရယ်လို့ သတ်မှတ်လာကြတော့ မိမိနိုင်ငံကို မိမိလူမျိုးကို ချစ်တတ်ခြင်း၊ နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ရှိကြခြင်းသည် ကောင်းမွန်ပါဘိ။ မျိုးချစ်စိတ်မွေးကြရန်လည်း စာ-နယ်-ဇင်းတို့က တိုက်တွန်းလှုံ့ဆော် ရေးသားကြရစမြဲပါ။မြန်မာပြည်ကို ဗြိတိသျှတို့သိမ်းပိုက်ထားစဉ်က လွတ်လပ်ရေးတိုက်ပွဲ၊ ၀င်ရောက်ကျူးကျော်နေသူ ဖက်ဆစ်တို့အား တော်လှန်ရေးတို့၌ မျိုးချစ်စိတ်နှင့် စာ-နယ်-ဇင်းတို့ လက်တွဲကာပါဝင်ခဲ့ပါ၏။

(၂)
မြန်မာ့သမိုင်းတွင် ယခုခေတ်ကာလလောက် မည်သည့်အခါကမှ မျိုးချစ်စိတ်မပြင်းထန်ခဲ့ဟုသာ ဆိုရပါမည်။ မြန်မာ့သမိုင်းတွင် ယခုခေတ်ကာလလောက် မည်သည့်အခါကမှ စာ-နယ်-ဇင်းတို့ အဆင့်အတန်း မနိမ့်ကျခဲ့ဟုလည်း ဆိုရပါမည်။ မျိုးချစ်စိတ်ဆိုသည်မှာ မိမိနိုင်ငံကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် မတိုးတက်သေးလျှင် တိုးတက်အောင်၊ တိုးတက်လာလျှင်လည်း ပို၍ပို၍တိုးတက်အောင် လုပ်ဆောင်ရမည် မဟုတ်ပါလား။ ထိုသို့လုပ်ဆောင်ရန် နိုင်ငံသားတိုင်း တာဝန်ကိုယ်စီနှင့် လုပ်ဆောင်ကြရပြီး၊ နိုင်ငံသားတိုင်း တန်းတူခံစားခွင့်ရရှိကြခြင်းဟု နိုင်ငံချစ်စိတ်ကို ပညာရှင်တို့က အနက်ဖွင့်ကြသည်။
တဖန်မိမိလူမျိုးကို ချစ်ပုံကိုလည်း ကြည့်ကြပါစို့။ ရိုးရာဓလေ့ အစဉ်အလာ ကိုထိန်သိမ်းခြင်း၊ အမျိုးသားယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံတကာနှင့် ဆက်ဆံကာ လေ့လာအတုယူတန်ယူကာ ယဉ်ကျေးမှုချင်း အပြန်အလှန် ဖလှယ်ကြရသည်မဟုတ်ပါလား။ အင်းဝခေတ်က၊ အင်္ဂလိပ်ခေတ်က၊ လွတ်လပ်ရေးရစ ခေတ်က စာပေအဆင်အတန်းနှင့် ယှဉ်ဖို့ယနေ့စာပေကို ရှာကြည့်လျှင်ပင် တွေ့အံ့မထင်။ ယနေ့မျိုးချစ်စိတ် အသံကုန်ဟစ်နေချိန် မြန်မာပြည်၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွါးတို့နိမ့်ကျထိုးဆင်းနေသည်ကို မကြည့်ချင်လည်း မျက်စိမှိတ်ထးလို့ရ၊ မသိချင်လည်း ဦးနှောက်ကို သော့ခတ်ထားလို့မရ။
တခြားကိစ္စများ ခဏဘေးဖယ်ထား၊ ယနေ့ ဦးမျိုးချစ်တို့ ဒေါ်မျိုးချစ်တို့ ဗမာစာဘယ်လိုရေး ဗမာစကား ဘယ်လိုပြောနေကြသလဲ ကြည့်လိုက်ပါ၊ သည်တချက်သည်တကွက်နှင့်ပင် ပြင်းထန်လွန်းနေသည့် မျိုးချစ်စိတ်ဆိုသည်ကို တိုင်းတာလို့ရနေပါပြီ။

(၃)
ကဲ စာ-နယ်-ဇင်းဘက်လှည့်ကာ လေ့လာကြည့်ကြရအောင်။
မြန်မာပြည်ကိုသိမ်းပိုက်ထားသော အင်္ဂလိပ်တို့ယူဆောင်လာ၍ စာ-နယ်-ဇင်း ကိုထိတွေ့ကာ စာရေးဆရာ၊ သတင်းစာဆရာများ ဗမာလိုရေးသားလာကြ၏။ ဗမာလို စာ-နယ်-ဇင်းများ လျင်မြန်စွာပင် ရှင်သန်တိုးတက် အားကောင်းလာခဲ့၍လည်း စာတတ်သူတို့ စာဖတ်နိုင်ကြဖို့ စာ-နယ်-ဇင်းမျိုးစုံ ပေါ်ထွန်းခဲ့ရာ စာရေးသူ၊ စာဖတ်သူနှင့် စာ-နယ်-ဇင်းတို့ကြား အပြန်အလှန်လေးစားရသည့် အစဉ်အလာလည်း ဒွန်တွဲကာ လိုက်ပါလာ၏။
၁၉၅၈ ခု လောက်က စတင်ကာ မြန်မာ့ စာ-နယ်-ဇင်း အရောင်မှိန်၊ အပြန်အလှန်လေးစားရသည့် အစဉ်အလာလည်းပျက်စ ပြုလာခဲ့ရာ ၁၉၆၂ ခုနောက်ပိုင်း သိသာလျင်မြန်စွာ ပိုမှိန်ပိုပျက်နှင့် ယခုခေတ်၌ အမှိန်ဆုံး အပျက်ဆုံး အဆိုးဆုံးပါ။ အဘယ့်ကြောင့်နည်း။ အကြောင်းရှာလျှင် အမိန့်ပေးသည်ကို နာခံရသည့် အခြေအနေမျိုးကို မွေးရာပါလို လက်ခံကျင့်သုံး လာခဲ့ကြရသောကြောင့်ပါ။

(၄)
စစ်အာဏာရှင်စနစ်၏ လောင်းရိပ်မိနေသော စာ-နယ်-ဇင်းတို့က ပညာပေးသည်ဟူသော စကားလုံးသုံး အမိန့်ပေးသည်ကို စာဖတ်သူတို့ကလည်း သြ၀ါဒခံယူသည်ဟု နားလည်ကာ လိုက်နာကြရ၏။ စနစ်တကျ လုပ်လာရင်း နှစ်တွေကြာတော့ စာဖတ်သည်ဆိုရာဝယ် စာတတ်၍ဖတ်၊ ဖတ်ပြီးမိမိကြိုက်သလို ထင်မြင်နိုင်ခွင့် ဆိုသည်ကို မသိနားမလည်ကြရှာတော့ပေ။
ဂျပန်ခေတ်က ဗမာ့ခေတ်သတင်းစာကို ဖတ်နေရသော်လည်း စာဖတ်သူတို့က ၀ါဒဖြန့်နေမှန်းသိကြ၏။ ဦးသိန်းစိန်လက်ထက် ပြုပြင်ပြောင်းလဲလာပြီ၊ ဒီမိုကရေစီ စနစ်ကျင့်သုံးလာပြီ၊ သတင်းလွတ်လပ်ခွင့်ရှိလာပြီ စသည့်အသံများနှင့် အတူပေါ်ထွက်လာသော သတင်းဂျာနယ်များ၊ သတင်းစာများကိုကြည့်လျှင် အရှင်းသားမြင်ပေလိမ့်မည်။
ဂျာနယ်လိစ်ဟု သူတို့ကိုယ်သူတို့ခေါ်နေသူများ၊ စာတည်းခေါ် အယ်ဒီတာဆိုသူများသည် ပိုင်ရှင်စေခိုင်းသည့်အတိုင်း လိုက်ရေးနေရသည်မဟုတ်ပါလား။ ပုဂ္ဂလိပိုင်ဆိုသော်လည်း အဘယ့်ကြောင့် အစိုးရအာဘော် သို့မဟုတ် ပွင့်ပွင့်လင်းလင်းရေးရသော် အာဏာပိုင်တို့၏ အသံအတိုင်း လိုက်ထွက်နေကြရ သနည်း။ ရှင်းရှင်းလေးပါ၊ သတင်းစာ၊ သတင်းဂျာနယ် ဆိုသည်မှာ တည်းဖြတ်ပိုင်ခွင့် (Editorial Rights) ရှိကြောင်းကို မသိနားမလည်ကြပဲကိုး။

(၅)
သတင်းထောက်ရေးသော သတင်းများကို အယ်ဒီတာကပြင်ဆင်တည်းဖြစ်ရသော်လည်း သတင်းထောက်ဟူသည် အယ်ဒီတာ၏ အစေအပါးမဟုတ်၊ သူ့အလုပ်သူလုပ် သူ့တာဝန်နှင့်သူ ဆိုသည့် သတင်းလုပ်ငန်း၏ သဘောသဘာဝကို နားမလည်ကြသည့်တိုင်၊ သတင်းဂျာနယ် သတင်းစာပိုင်ရှင်တို့ ခိုင်းသမျှမျက်စိမှိတ်ကာ ရေးသားနေကြသည့် ဂျာနယ်လိစ်များအား သတင်းစာဆရာဟု ခေါ်သင့်ပါသလော။
နိုင်ငံခြားပေတံနှင့်တိုင်းခြင်းမဟုတ်၊ မြန်မာပြည်တွင် ရှိခဲ့ဖူးသောသတင်းစာများ၊ မင်းတုန်းမင်း လက်ထက် ဖိုးဝဇိယ၏ ရတနာပုံသတင်းစာနှင့် ယှဉ်ကြည့်လျှင် မြင်ပေလိမ့်မည်။ သူ့ဆန်စားရဲမှဟု ဆင်ခြေပေးလျှင် စာ-နယ်-ဇင်းတို့၏ ဂုဏ်သိက္ခာနှင့်အနှစ်သာရ ကိုငွေကြေးနှင့်ဝယ်လို့ရသလား၊ ထမင်းတစ်နပ်အတွက် သတင်းသမားဆိုသော နာမည်ကိုရောင်းစားမည်လော စသဖြင့်မေးခွန်းများ ဆက်တိုက်လိုက်လာမည်။
သတင်းစာဆိုသည်မှာ နိုင်ငံကို အထူးသဖြင့် သတင်းစာဖတ်သူတို့အား မျက်စိပွင့် အမြင်ကျယ် အသိဥာဏ်ဖွံ့ဖြိုးရေး အတွက်တာဝန်ရှိ လုပ်ဆောင်ရသည်မဟုတ်ပါလား။ နိုင်ငံတွင်း အမှန်တကယ် ဖြစ်ပျက်နေသည်များ၊ ပြည်သူလူထုကြုံတွေ့ ရင်နေရသည်များကို ဖုံးကွယ်ထိန်ချန်ထား၍ ရရိုးလား၊ သတင်းစာကျင့်ဝတ်နှင့် ညီညွတ်ပါသလား။
ပြည်သူတို့ကြားကသတင်းကကော ပျောက်ကွယ်သွားမည်လော။
တာဝန်မဲ့လေစွ။ မျိုးချစ်စိတ် မျက်နှာဖုံးစွပ်ကာ ဥပဒေအထက်က လုပ်ဆောင်နေသည်များကို ရေးရမည့် သတင်းဂျာနယ်များ၊ သတင်းစာများက သတင်းအမှောင်ချထားလေရာ စတုတ္ထမဏ္ဍိုင်ဟု ခေါ်ထိုက်ပါ၏လော။ တရားရေးမဏ္ဍိုင်ပြိုပျက်ရေးကို အားပေးရာရောက်နေပြီ။ ပွဲလှန့်ပြီးဖျာခင်းရုံမက လုံးလုံးလျားလျား ပွဲပျက်သွားအောင် တွန်းပို့နေပုံ မမြင်ချင်မှအဆုံး။
သတင်းဂျာနယ်၊ သတင်းစာတို့ကို ငွေကုန်ကြေးကျခံပြီး ၀ယ်ဖတ်နေကြသူများအား ကြည့်ကြပါစို့။

(၆)
ကမ္ဘာပေါ်တွင် စာ-နယ်-ဇင်း စတင်ပေါ်လာကတည်းက အခမဲ့ဝေငှခြင်းရယ်လို့ မရှိခဲ့ပါ။ စီးပွါးဖြစ် သို့မဟုတ် ထိုလုပ်ငန်းကို ကြိုက်နှစ်သက်၍ ငွေပင်ငွေရင်းစိုက်ကာ ပုံနှိပ်ထုတ်ဝေရသောကြောင့် သတ်မှတ်ထားသည့် ဈေးနှုန်းအတိုင်း စာဖတ်သူတို့က ၀ယ်ယူဖတ်ကြရစမြဲပါ။ စာဖတ်သူတို့အပေါ် တည်မှီကာထုတ်ဝေရ၍လည်း ရောင်းသူဝယ်သူ သဘာဝအတိုင်း စာဖတ်သူတို့အထက်ကနေရ၏။
စာ-နယ်-ဇင်း အမျိုးမျိုးနှင့် အပြိုင်ဖြစ်လာလေလေ ထုတ်ဝေသူက စာဖတ်သူ၏မျက်နှာကို ကြည့်ရလေလေမဟုတ်ပါလား။ စာဖတ်သူတို့ လက်ခံနိုင်မည့် အရည်အသွေးထက် မနိမ့်ကျအောင် အဘက်ဘက်က ကြိုးစားလာကြရသည်။ ယနေ့ဝယ်မဖတ်ကြလျှင် မနက်ဖြန်ရပ်သွားမည့် အနေအထား။ နိုင်ငံတကာမှာရော မြန်မာပြည်တွင်ပါ ယခင်ကရှိခဲ့ဖူးသည့် နိယာမတရား။
ထို့ထက်ပိုအရေးကြီးသည်က စာတတ်၍ စာဖတ်ကြခြင်းမို့ စာဖတ်သူတို့၏ အသိဥာဏ် အတွေးကို လေးစားစွာ ထည့်သွင်းစဉ်းစားပြီးမှ သတင်း၊ဆောင်းပါး၊ အာဘော် စသည်တို့ကိုရေးသားကြရ၏။
သို့သော် ယနေ့မြန်မာပြည်က အခြေအနေကမူ၊ ငွေရေးကြေးရေးက အကြောင်းမဟုတ်သလို ထိုအရေးကြီးအချက်ကိုလည်း ထည့်တွက်ဖို့ မလိုဟု သဘောထားနေပုံရ၏။ အကြောင်းကလည်း ရှိသကိုး။ သတင်းဂျာနယ်၊ သတင်းစာဆိုသည်မှာ ပညာပေးလမ်းညွှန်မို့ မျက်စိမှိတ်လိုက်နာကြရမည်ဟူသော အမိန့်ပေး နာခံ စနစ်နှင့်မွေးဖွား ကြီးပြင်းလာခဲ့ကြရသောကြောင့်တည်း။

(၇)
မြင်းကိုမျက်မှန်စိမ်းတပ်ပေးပြီး မြက်ခြောက်ကို ကြည့်ခိုင်းသည်နှင့်ခပ်ဆင်ဆင်။
သို့သော် မြင်း၏မျက်စိထဲတွင် စိမ်းနေသည့်မြက်ဟု မြင်နေသော်လည်း အနားရောက်သောအခါ စားမကြည့်ပဲ နှာခေါင်းကနေ မြက်ခြောက်မှန်းသိလိုက်၏။ မျက်မှန်စိမ်းမှာ မြင်းနှာခေါင်းကိုပါ ထင်ယောင်ထင်မှား ဖြစ်စေနိုင်သောစွမ်းပကားမရှိ။ မည်သည့်လူသားကမှလည်း မြင်းထက်ညံ့မည်မဟုတ်။ စာဖတ်သူတို့ မြက်ခြောက်ကို စိမ်းစိုမြက်ဟု ထင်လာစေရေး စာဖတ်သူတိုင်းအား မျက်မှန်စိမ်းတလက်စီ ပေးဖို့လိုပေမည်။
သို့သော် သတင်းဂျာနယ်၊ သတင်းစာတို့ဘက်ကပဲ ကံကောင်သလား၊ စာဖတ်သူတို့ဘက်ကပဲ ကံဆိုးသလားမဆိုနိုင်၊ ဖြစ်နေသော အခြေအနေအရပ်ရပ်ကို သုံးသပ်ကြည့်လျှင် ကိုယ့်အိပ်စိုက် မျက်မှန်စိမ်းနှင့် သတင်းဂျာနယ်၊ သတင်းစာတို့ ၀ယ်ဖတ်နေကြခြင်းကိုပင်လျှင် မျိုးချစ်စိတ်ဆိုကာ ကျေနပ်နေကြပုံရ၏ဟု တွေးမိကြောင်းပါ။
၂၀၁၈ ခု။ ဇူလိုင်လ (၂၄)ရက်နေ့

Comments