လင်းသက်ငြိမ် ● ညရဲ့လက်ဆောင်

လင်းသက်ငြိမ် ● ညရဲ့လက်ဆောင်
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၁၈

မီးပျက်သွားတဲ့ညတွေကို ကြုံတွေ့ခဲ့ရပေါင်းများလှပါပြီ။ ရုတ်တရက်မှောင်မိုက်သွားတဲ့ခံစားမှုဟာ အများနဲ့ဆို သိပ်မထူးခြား လှပေမယ့် တယောက်တည်းဆို စိမ့်ခနဲခြောက်ခြားသွားရလေ့ရှိတယ်။ အမှောင်ဟာ လူတွေနဲ့သိပ်မတည့်တဲ့အရာလို့ ထင်မိ တယ်။ မှောင်မိုက်သွားတဲ့အချိန်ကျမှ အလင်းရောင်ရဲ့တန်ဖိုးကို တွေးတောဆင်ခြင်မိတော့တယ်။ ဖတ်ဖူးတဲ့ဇာတ်တော် တွေထဲဖတ်ဖူးတဲ့ သူတပါးကို အလင်းပေးလှူတဲ့လူတွေရရှိတဲ့ကုသိုလ်တရားကို အယ်ဒီဆင် ဘယ်လောက်များရရှိလေလိမ့်မလဲလို့တွေးဖူးတယ်။ အမှောင်ဟာ လူ့အမြင်အာရုံကို ဝိုးတဝါး မသဲမကွဲဖြစ်သွားစေနိုင်တယ်။ အမှောင်ထဲလှုပ်ရှားနေတဲ့ အရိပ်မည်းမည်းတွေဟာ ကိုယ့်စိတ်မလုံခြုံမှုဆီကနေ ထွက်ကျလာတဲ့ တစ္ဆေတွေလည်း ဖြစ်နိုင်ပါလိမ့်မယ်။ ကြောင်တ ကောင်ရဲ့အမှောင်ထဲ ကျင်လည်စွာ သွားလာလှုပ်ရှားနေပုံကိုငေးရင်း သဘောကျမိတဲ့ညတွေ ရှိခဲ့ဖူးပါတယ်။

အမှောင်ဟာ လူတန်းစားအခြေအနေကို ဝုန်းခနဲပစ်ချ ပြလေ့ရှိတဲ့ အရာလို့လည်း မြို့ကြီးတမြို့မှာ ငုတ်တုတ်ထိုင်ရင်း တွေးခဲ့ဖူးတယ်။ ဖျပ်ခနဲမှောင်မိုက်သွားတဲ့ ပတ်ဝန်းကျင်ထဲ အသံတွေဆူညံစွာ ဝင်းခနဲလင်းတက်လာတဲ့ တိုက်မြင့်ကြီးနံဘေး က မှိတ်တုတ်မှိတ်တုတ် အိမ်ငယ်ကလေးတွေရဲ့ မြင်ကွင်းက ကျွန်တော့်အတွေးကို ဆေးသားတင်ပေးနေခဲ့တယ်။ အလင်း ရောင်ဟာ ငွေနဲ့ဝယ်ယူလို့ရတဲ့အရာဖြစ်ကြောင်းကို ကျွန်တော်တို့် သေချာသိခဲ့ပြီးသားပါပဲ။ ကျောချင်းကပ်အနေအထား ဖြစ်ပေမယ့် အမှောင်တခြမ်း အလင်းတခြမ်းဖြစ်နေတဲ့ မြင်ကွင်းက ကျွန်တော့်ရင်ကို လှုပ်ခတ်စေခဲ့တယ်။ဘာမှန်းမသိပဲ ဆွေးမြေ့ကြေကွဲသွားစေခဲ့တယ်။ တကယ်တော့ ကျွန်တော်ကိုယ်တိုင်လည်း အမှောင်ထဲငုတ်တုတ်ထိုင်နေရတယ်ဆိုတဲ့ အသိက ကျွန်တော့် နှုတ်ခမ်းကို တွန့်ကွေးပြီးပြုံးစေတယ်။ မီးစက်သံတွေက မီးပြန်မလာမချင်း ညကို ခါယမ်းနေပါလိမ့်ဦးမယ်။

နမ့်ခမ်းမြို့ကို ကျွန်တော်သွားတုန်းက မှောင်စပျိုးညနေခင်းတခုမှာ မူဆယ်မြို့ကိုဖြတ်ရတော့ ဟိုတဖက်ခြမ်းကလင်းထိန်နေမှုကိုကြည့်ပြီး ဒီဖက်ခြမ်းရဲ့ညှိုးငယ်ဖျော့မှိန်နေတဲ့ပုံနှင့် နှိုင်းယှဉ်ကာ ကြေကွဲသလိုလို နာကျင်သလိုလို ခံစားခဲ့ရတာကို အ မှတ်ရမိပါတယ်။ မြင့်မားတဲ့အဆောက်အဦးတွေပေါ်က ဝင့်ဝင့်ကြွားကြွားဖြာကျနေတဲ့ အလင်းတန်းတွေဟာ ကျွန်တော့်ကို လောင်မြိုက်နေသလို ခံစားခဲ့ရတယ်။ အလင်းရောင်ဆိုတာ ညဖက်ရောက်တဲ့အခါ ငွေကြေးအပေါ်ဖြတ်ထိုးထားတဲ့ တံတားတစင်းဖြစ်နေတာပါပဲလား။အမှောင်ထဲနေထိုင်ရန် ကိုယ်ခံအားနည်းတဲ့လူအတွက် အလင်းဟာ သူ့ရဲ့ကြောက်ရွံ့မှုကို ဝှက်သိမ်းထားဖို့ရာ ရဲတိုက်ကြီးဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ အမှောင်နဲ့အလင်းကို တပြိုင်တည်းမြင်ရတဲ့အခါ တခုခုကို ခင်ဗျားလည်း တွေးခေါ်ကောင်း တွေးခေါ်မိပါလိမ့်မယ်လို့ ကျွန်တော်ပြောနိုင်ပါတယ်။

ရထားနဲ့ ညခရီးသွားရတဲ့အခါတိုင်း လက်နှိပ်ဓာတ်မီးတဝင်းနဲ့  လျှပ်စစ်မီးမရသေးတဲ့ ရွာကလေးတွေကို ဖြတ်ကျော်လာ ခဲ့ရတိုင်း စိတ်ထဲမကောင်းဖြစ်ရတယ်။ လင်းချင်းနေတဲ့ညတွေဟာ အားလုံးအတွက် မလွယ်ကူတဲ့အရာတခုဖြစ်နေခဲ့တဲ့အ ကြောင်း အယ်ဒီဆင်သိသွားခဲ့လေမလား။ နည်းပညာခေတ်ကြီးထဲ အလင်းမဲ့ညတွေကို ထွေးပွေ့ထားရတဲ့ ရွာကလေးတွေဟာ ဒီနိုင်ငံရဲ့ အစွန်းထွက်နေတဲ့ဖွံဖြိုးတိုးတက်မှုကို သရုပ်ဖော်ပြနေလေရော့သလားလို့လည်း တွေးခဲ့မိတယ်။ ရထားဟာ မီး ရောင်တွေဖြတ်လိုက် အမှောင်တွေဖြတ်လိုက်နဲ့ တရိပ်ရိပ်ပြေးလွှားသွားခဲ့တယ်။ ခေတ်ကြီးက ရထားလိုမှောင်နေတဲ့ ရွာက လေးတွေကို ဖြတ်ပြေးရုံပဲထားမသွားဖို့ ကျွန်တော်ဆုတောင်းမိပါရဲ့။ ဖယောင်းတိုင်မီးဝါဝါကလေးတွေ ၊ တရုတ်လုပ်ဓာတ်မီး ဖြူဖြူကလေးတွေဟာ မပြည့်စုံခြင်းရဲ့ ညရဲ့ သင်္ကေတဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။

မီးပျက်သွားတဲ့ညကိုကြည့်ပြီး အစိုးရကို ဆဲရေးရန် ကျွန်တော်မကြိုးစားတော့ပါ။ မီးပျက်သွားတဲ့ညတွေကို အခုမှ အခု ကြုံတွေ့ရဖူးတာမှ မဟုတ်ဘဲ။ မီး ခဏခဏလာတယ်ဆိုတဲ့ဟာသက တကယ်ကော ရယ်စရာကောင်းပါရဲ့လား။ ဒီနေ့ည မီးပျက်သွားတော့ ဘာကြောင့်မှန်းမသိ ကျွန်တော့်စိတ်တွေ ထူးထူးခြားခြား ကြည်လင်လို့နေတယ်။ လပြည့်ရန်နှစ်ရက်သာ လိုတော့တဲ့ ဖြူဆွတ်သော လရောင်က ညကို ကြင်နာယုယစွာထွေးပွေ့လို့။ လေပြေက ဖြည်းညင်းစွာ တိုက်ခတ်နေတဲ့အတွက် အပူချိန်တွေ လျှော့နည်းသွားပြီးဆွတ်ပျံ့သော ခံစားမှုဖြင့်ရင်ဟာ တငြိမ့်ငြိမ့်ခုန်နေတယ်။ အဝေးကလှမ်းမြင်ရတဲ့ နေအိမ် တွေက သွပ်မိုးတွေ လရောင်နဲ့ ဝင်းလက်နေကြတယ်။ သရက်ရွက်အစိမ်းပေါ်ထိုးကျနေတဲ့လရောင်က စိုစိုလက်လက် လင်း လို့။ လရောင်အောက်မှာမြင်ရတဲ့ ဘေးပတ်ဝန်းကျင်ရှုခင်းတွေကအသစ်စက်စက် နုပျိုမှုကိုယူလာပေးသလို ခံစားမိတယ်။

ကြယ်တွေကြားမှာ ဖွေးဖြူ လုံးဝန်းနေတဲ့လမင်းကြီးကို တိမ်တွေက ကွေ့ရှောင်ပြီးရွေ့လျားနေကြတယ်။

လမင်းကြီးဟာ ငယ်ဘဝကနေအခုထိ ကျွန်တော်တို့နောက်မှာ ထပ်ကြပ်မခွာ လိုက်ပါနေတာပဲ မဟုတ်လား။ သူ့လောကဓံသူ ရုန်းကန်ရင်း ထွန်းလင်းနေတဲ့ လမင်းကြီးကိုကြည့်ရင်းတွေးမိပြန်တယ်။ မရရှိခဲ့တဲ့ ထမင်းဆီဆမ်းဟာငယ်ဘဝအတွက်တော့ မရိုးနိုင်တဲ့တေးသံပဲ။ ကီးမျိုးစုံနဲ့ အမေ့အသံကို ကျွန်တော်တို့ပြန်မကြားရတော့ပေမယ့် မေ့မရနိုင်ဖြစ်နေရဆဲ။ ဘဝမှာ အဦး ဆုံးနားထောင်ဖူးတဲ့ အဆိုတော်ကလည်း အမေပဲ။ ဘဝရဲ့ အဦးဆုံးပုံပြင်ကလည်း လမင်းကြီးပဲဖြစ်မယ်လို့ ကျွန်တော်ထင် ပါတယ်။ ဆန်ဖွပ်နေတဲ့အဘိုးအိုနဲ့ဝပ်နေတဲ့ ယုန်တကောင်အစား လပေါ်ကချိုင့်ဝှမ်းကြီးများအကြောင်းကိုသိရပြီးတဲ့နောက် အမေ့တေးသံနဲ့ ဝေးခဲ့သလို၊ လမင်းကြီးနဲ့လည်း အရင်လိုမဆုံစည်းနိုင်တော့ပါ။ မီးပျက်တဲ့ ညတညကလမင်းကြီးနဲ့ ကျွန် တော့်ကို ပြန်လည်တွေ့ဆုံခွင့်ပြုခဲ့တာပဲလို့လည်း တွေးမိပြန်တယ်။ လမင်းရဲ့အေးမြမှုကိုခံစားရင်း စိတ်ထဲက မကြည်လင်မှု တွေ၊ တနေ့တာရဲ့ပင်ပန်းဆင်းရဲခြင်း၊ အဆင်မပြေခြင်းတွေနဲ့ လွဲချော်နေတဲ့ လောကဖြစ်စဉ်တွေအပေါ်အာဃာတထားမိ ခြင်းတွေစတဲ့ နောက်ကျိသောအတွေးတွေလည်း ပျောက်ကွယ်သွားသလိုခံစားရတယ်။ သဘာဝာစွမ်းအင်အမျိုးမျိုးနဲ့ တည် ရှိနေကြောင်း မက်ဆေ့တခုပို့လိုက်သလိုပါပဲ။

သဘာဝက နေ့နဲ့ညကို အချိုးကျ ဖွဲ့စည်းပေးထားခဲ့ပေမယ့်။ လူတွေရဲ့လိုအပ်ချက်တွေ၊ အလိုဆန္ဒတွေအရ ညဟာ နေ့လို လင်းဖို့ လိုအပ်ခဲ့ကြတာပဲလား။ လရောင်အောက်ကအတွေးတွေဟာ အစများစွာနဲ့ ကခုန်နေကြတယ်။ လရောင်ဟာ အိပ် စက်ခြင်းကိုဆွဲထူပြီး အရာရာကိုတွေးခေါ်ဖို့ ညှို့ငင်တတ်တဲ့ စွမ်းအားရှိသလား။ပင်လယ်ဒီရေဟာ လရောင်မှာမြင့်တက်လာ သတဲ့ ။လရောင်အောက်မှာချိန်းတွေ့ကြတဲ့ချစ်သူတွေဟာတယောက်ကိုတယောက်အရင်ထက် ပိုမိုစုံမက်လာမလား။သူတို့နှစ်ယောက်ရဲ့ရှေ့ခရီးလမ်းကကော လရောင်လိုအေးမြဖြူ.လွနေလေမလား။ မသင့်မြတ်သူနှစ်ယောက် လရောင်အောက် တွေ့ဆုံကြတဲ့အခါ ငြိမ်းချမ်းရေးရသွားနိုင်လေမလား။ လရောင်လှုံတဲ့အပျိုစင်တွေအကြောင်း စာအုပ်တွေထဲ ဖတ်ရှုခဲ့ဖူးပါ တယ်။ လရောင်လှုံပြီး ပိုမိုချောမောလာတဲ့ အပျိုစင်ကိုအပြင်မှာ မတွေ့ဖူးပေမယ့် လရောင်ကိုခိုလှုံနေတဲ့ အခိုက်အတံ့မှာ သူမရဲ့စိတ်တွေ ကြည်လင်အေးမြနေလိမ့်မယ်လို့ ကျွန်တော်ဖြင့်ထင်မိပါတယ်။

မီးပျက်တဲ့ညတွေကို မကြာခဏကြုံဖူးသလို၊ လပြည့်ညတွေကိုလည်း ကြိမ်ဖန်များစွာ ကြုံဖူးတာပါပဲ။ စိတ်အခြေအနေကတော့ အမျိုးစုံ၊ အရောင်စုံပဲပေါ့။ လမ်းပေါ်ကိုကြည့်လိုက်တော့ကျောက်စရစ်ခဲလေးတွေ တလက်လက်။ ရေအိုင်ကလေးကိုကြည့်လိုက်တော့လည်း ရေပြင်ဟာ တလက်လက်။ သစ်ပင်တွေကို ကြည့်လိုက်ပြန်တော့လည်း လေပြေမှာ ယိမ်းကနေတဲ့ သစ် ရွက် တွေတလက်လက်။ လရောင်ပြဇာတ်မှာပွဲကြည့်သူ ကျွန်တော်က ကဗျာတပုဒ်ရေးဖြစ်ခဲ့တယ်။ မီးပျက်ခြင်းရဲ့ အဆင် မပြေမှု တခုဆီကနေ ကောက်ရခဲ့တဲ့ ညတညအကြောင်း၊ အဲ့ဒီညကပဲ ကျွန်တော့်နွမ်းညစ်မှုတွေကို တခဏ ဆေးကြောသုတ်သင်ပေးခဲ့တဲ့အကြောင်း၊ ရေးပြီးပျော်ခဲ့ရတဲ့ ကဗျာတပုဒ်ပါပဲ။ အဲ့ဒီကဗျာကိုအခုပဲ ဖော်ပြလိုက်ပါတယ်။

"လက်ဆောင်"

 မီးပျက်သွားမှ ညကိုတွေ့လိုက်ရတယ်
 ကောင်းကင်က နို့ရည်တွေ
 မြေသားလမ်းပေါ်ရွှဲလို့
 ဆုံးရှုံးခြင်းထဲက တခုခုကိုရခဲ့တယ်။


လင်းသက်ငြိမ်
0