K ငြိမ်းချမ်း - အနက်ရောင် ဆဲဗင်းဂျုလိုင်

မိုးမခ ဇူလိုင် ၂၀၁၈၊ သန်းဌေးမောင်


K ငြိမ်းချမ်း - အနက်ရောင် ဆဲဗင်းဂျုလိုင်
 (မိုးမခ) ဇူလိုင် ၇၊ ၂၀၁၈


ဇူလိုင်လဟာ မိုးရေတွေကြားမှာ ဆွေးမြေ့စရာ၊ လွမ်းစရာကောင်းနေပါတယ်။ ဒီထက်ကြီးကြီးကျယ်ကျယ်ပြောရရင်တော့ မြန်မာ့နိုင်ငံရေးသမိုင်းထဲမှာ ဇူလိုင်လဟာ ဒဏ်ရာဒဏ်ချက်များနဲ့ လွမ်းစရာကောင်းနေပါတယ်။

ဘာကြောင့် လွမ်းဆွေးစရာကောင်းသလဲဆို ၇ဇူလိုင်နဲ့ ၁၉ဇူလိုင်တို့ကို ဟောဒီ အမိမြန်မာနိုင်ငံတော်ကြီးမှာ မလိုချင်ဘဲ အာဏာရူးတို့ တဏှာမူးခဲ့ကြလို့ဆိုတာ နိုင်ငံသိဖြစ်ပါတယ်။

နယ်ချဲ့လက်အောက်က ဟောဒီနိုင်ငံတော်ကြီးကို အားနဲ့ဆယ် ယူဖို့ကြိုးစားနေတဲ့ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အစိုးရ အဖွဲ့ကြီး တခုလုံးကို အတွင်းဝန်ရုံးထဲမှာ လုပ်ကြံသတ်ဖြတ်ခဲ့ကြတဲ့ ဇူလိုင် ၁၉ရက်ဟာ မြန်မာ့ပြက္ခဒိန်ထဲမှာ ပြည်သူလူ ထုစိတ်ထဲမှာ မင်နီခြစ်ထားခဲ့ရတဲ့နေ့တနေ့ဖြစ်ခဲ့လို့ပါပဲ။ တိုင်းပြည်ရဲ့သူရဲကောင်းတွေကို ရက်ရက်စက် စက်လုပ်ကြံသတ် ဖြတ်ခံလိုက်ရတဲ့ အာဇာနည်နေ့ဆိုတဲ့ အနက်ရောင်ရက်စွဲတခုပါပဲ။

ဒါတောင် အာဏာရှင်နောက်လိုက်တွေဟာ အာဇာနည်နေ့ကို မြေဖို့မြှပ်နှံဖို့ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ကြ ပါတယ်။ လွမ်းသူပန်းခွေချဖို့ မပြောနဲ့။ တပ်မတော်ရဲ့ဖခင်၊ လွတ်လပ်ရေးတို့ရဲ့သူရဲကောင်းကြီး သခင်အောင်ဆန်း ပုံတွေ့ရင်ကို နှိပ်ကွပ်ချေမှုန်းထုထောင်းတော့တာ လွန်ခဲ့တဲ့ ၁၀နှစ်ကထိဆိုပါတော့။

နောင်လာမယ့်မျိုးဆက်တွေ သူရဲကောင်းတွေ သူတော်စင်တွေကို ကိုးကွယ်ဂုဏ်ပြုမှာကို အလိုမရှိတဲ့လူတန်းစားတရပ် ဟာ ဟောဒီ မြန်မာနိုင်ငံမှာ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။ တဖက်မှာလည်း သမိုင်းဖြစ်ရပ်မှန်တွေကို တားဆီးပိတ် ပင်မှုတွေကြားက နည်းမျိုးစုံ တူးဖော်လက်ဆင့်ကမ်းဖို့ ကြိုးစားနေကြရပါတယ်။

ဇူလိုင်လထဲမှာ သွေးစွန်းခဲ့တဲ့ အနက်ရောင်နေ့စွဲ ၁၉ ဇူလိုင်ကြီး ရှိနေတုန်းမှာ ၁၉၄၇ က ရေတွက်ရင် ၁၅နှစ်အကြာမှာ နောက်ထက် သွေးစွန်းအထိအခိုက်များခဲ့တဲ့နေ့စွဲတခုကို ၁၉၆၂၊ ဇူလိုင်-၇ ရက်နေ့မှာ ထပ်မံရရှိခဲ့ကြရပါတယ်။

ဆဲဗင်းဂျူလိုင်ဆိုတဲ့ ကျောင်းသားအရေးအခင်းကြီးကို လက်နက်မျိုးစုံနဲ့ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းထဲမှာ ဗိုလ်ချုပ်ကြီး နေ၀င်း တော်လှန်ရေးကောင်စီ အစိုးရက စစ်မြေပြင်သဖွယ် ရက်ရက်စက်စက် အကြမ်းဖက်မှုဖြစ်ခဲ့တာပါပဲ။

လွန်ခဲ့တဲ့ ၂ရက်လောက်က ဗီဒီယိုဖိုင်တခုမှာ အသက်၂၀ ၀န်းကျင် ကျောင်းသူ/သားလေးတွေကို ဆဲဗင်းဂျုလိုင်ကို သိသ လား ဆိုတဲ့မေးခွန်း မေးသွားပါတယ်။ တချို့များက မသိကြောင်း ရိုးရိုးသားသား ပြောပြပါတယ်။

ဘယ်မသိမလဲ။ မြန်မာ့သမိုင်းဟာ စစ်အစိုးရ အဆက်ဆက် သင်းသတ်ခံလိုက်ရတာကိုးဆိုတဲ့ အဖြေက အလိုလိုခေါင်း ထဲရောက်လာပါတယ်။ ၁၉၆၂ခုက ဖြစ်ပွားခဲ့တာဆိုတော့ ဒီဖြစ်ရပ်ဒီ ၀မ်းနည်းကြေကွဲစရာကောင်းတဲ့မှတ်တမ်းဟာ နှစ် ပေါင်း ၅၆ နှစ်တိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

တကယ်တော့ နှစ်ပေါင်း ၅၆နှစ်ဆိုတာ အာဏာရှင်တို့အတွက် နည်းမျိုးစုံနဲ့ ဖုံးဖိထားကောင်းရနိုင်ပေမယ့် တဖက်မှာတော့ မေ့လို့ မရတဲ့အိပ်မက်ဆိုးကြီးပါ။

အဲဒီ အိပ်မက်ဆိုးကြီး (သို့မဟုတ်) ဆဲဗင်းဂျူလိုင်ဆိုတာ ဘာလဲ

ကျောင်းသားဖြစ်ဖူးသူတိုင်း ကျောင်းသားရှိသူတိုင်း ကျောင်းသားတို့အထွတ်အမြတ်ထားရာတက္ကသိုလ်ထဲမှာ ကျောင်း သားတို့ရဲ့အမှတ်တံဆိပ် ကျောင်းသားသမဂ္ဂအဆောက်အဦးကြီးကို ဒိုင်းနမိုက်နဲ့ဖြိုခွင်း၊ လက်နက်မဲ့ ကျောင်းသားတွေကို စစ်ဦးဘီးလူးတို့ သတ်ဖြတ်ခဲ့တဲ့နေ့စွဲတခုပါပဲ။

ဘာကြောင့် စစ်ဦးဘီလူးတို့ သတ်ဖြတ်ချေမှုန်းခဲ့ကြတာလဲ

၁၉၆၂ မတ်လ(၂)ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်သော တော်လှန်ရေးကောင်စီအမည်ခံသည့် အာဏာသိမ်းမှုကို မတ်လ (၄) ရက်တွင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တ.က.သ) နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များ အဖွဲ့ချုပ် (ဗ.က.သ) တို့မှ ကန့်ကွက်ကြောင်း ပူးတွဲကြေငြာချက် ထုတ်ပြန်ခဲ့ကြပါတယ်။ သို့သော် မတ်လ (၆) ရက်နေ့တွင် ဗကသများအဖွဲ့ချုပ်ခေါင်းဆောင် ကိုခင်မောင်အုန်းက တော်လှန်ရေးကောင်စီကို ထောက်ခံကြောင်း လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာခဲ့သောကြောင့် ဗကသများအဖွဲ့ချုပ်က အမှုဆောင် အစည်းအဝေးခေါ်ယူ၍ ဥက္ကဌ ကိုခင်မောင်အုန်းကို ထုတ်ပယ်ကာ ဒု-ဥက္ကဌ ကိုသက်ကို ဥက္ကဌ တင်မြောက်လိုက်ကြပြီး ထို့နောက် တော်လှန်ရေးကောင်စီကို ကန့်ကွက် ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ထိုနေ့တွင်ပင် တော်လှန်ရေးကောင်စီမှ ဥပဒေအမှတ် (၃) နှင့် (၄) ကို ထုတ်ပြန်၍ ရန်ကုန် နှင့် မန္တလေး တက္ကသိုလ် အက်ဥပဒေကို ရုပ်သိမ်းခဲ့။ ထို ဥပဒေ (၃) နှင့် (၄) တွင် ရန်ကုန်နှင့် မန္တလေး မှလွဲ၍ အားလုံး အတူတူပင် ဖြစ်ပါတယ်။ ထို့နောက် မေလ (၁၀) တွင် ဗိုလ်ချုပ်ကြီးနေဝင်းက တက္ကသိုလ်ကောင်စီဝင်များကို ဒဂုံရိပ်သာသို့ခေါ်၍ (၁) ဆရာများ အကျင့် ပျက်သည်။ (၂) ကျောင်းသားများကြား နိုင်ငံရေး ပယောဂများဝင်သည်ဟု စွပ်စွဲကာ အစိုးရ ကိုယ်စားလှယ်၊ စီးပွားရေးအဖွဲ့များမှ ကိုယ်စားလှယ်၊ တက္ကသိုလ် ဌာန အသီးသီး မှ ပါမောက္ခများနှင့် ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ် အချို့ပါဝင်သော တက္ကသိုလ် အမှုဆောင်ကောင်စီကို ဖျက်သိမ်းခဲ့ပါတယ်။

နောက်ဆက်တွဲကတော့ ၁၉၆၂ ခု ဇူလိုင်လ (၃) ရက်တွင် ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂ (ရကသ) ကြီးမှူးပြီး သမဂ္ဂ ခန်းမတွင် ကျောင်းသားထု အစည်းအဝေးတရပ် ကျင်းပကာ ကမောက်ကမ ပညာရေးစနစ်ဖျက်သိမ်းပေးရေးနှင့် မတရား အဆောင်စည်းကမ်းများအား ရုပ်သိမ်းပေးရန် တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

ကျောင်းသားများကိုဖိနှိပ်ချုပ်ချယ်သော စည်းကမ်းအမျိုးမျိုးကို ကန့်ကွက်ကြောင်း တခဲနက် ဆုံးဖြတ်ခဲ့ပြီး တက္ကသိုလ် အက်ဥပဒေများ ရုတ်သိမ်းခဲ့ခြင်းကိုလဲ ကန့်ကွက်ခဲ့ကြပါတယ်။ သမဂ္ဂရှေ့မှ စတင်၍ ကျောင်းဝင်းအတွင်း၌ပင် ကြွေး ကြော်သံများ ကြွေးကြော်ကာ လှည့်လည် ဆန္ဒပြခဲ့။ ဘွဲ့နှင်းသဘင်ရှေ့၌ ငြိမ်းငြိမ်းချမ်းချမ်းပင် လူစုခွဲလိုက်ကြသည်။ ထိုသို့လူစုခွဲပြီးနောက် နေ့လယ် (၂) နာရီခွဲ အချိန်လောက်တွင် ရဲကား (၂)စီး တကသထဲသို့ကာ ရဲတပ်ဖွဲ့ဝင်တွေက တကသ ဥက္ကဌ ကိုဗဆွေကလေး၊ ဗကသ ဥက္ကဌ ကိုသက်၊ ရကသ အတွင်းရေးမှူး ကိုဥာဏ်ဝင်း အပါအဝင် ကျောင်းသား ခေါင်းဆောင်များကိုဖမ်းဆီးလိုက်ပါတယ်။

ပစ်ခတ်မည်ဟု မထင်မှတ်ထားသော ကျောင်းသားတော်တော်များများ သည် မင်သက်လျက် နေရာမှာပင် အသက် ပျောက်ခဲ့ရလေသည်။ အချို့မှာလည်း ပြေးရင်းလွှားရင်း ထိမှန်ကုန်ကြသည်။ ကျောင်းသား အချို့ကလည်း နီးစပ်ရာ အဆောင်များပေါ်သို့ တက်ပြေးကြလေသည်။ ထိုသို့တက်ပြေးသူများအား စစ်သားများက ဒူးထောက်၍ မလွတ်တမ်း ပစ်ခတ်သောကြောင့် မန္တလေးဆောင် လှေကားရင်းတွင် အလောင်းချင်းထပ်ခဲ့။ ဘေးဘက်ရှိ စာကြည့်တိုက်ဝင်းထဲမှ ရပ်ကြည့်သူများကိုပါ ပစ်ခတ်ခဲ့သောကြောင့် စာကြည့်တိုက်ဝင်းပင်တွင် သေဆုံး ဒဏ်ရာရသူ (၄၀) မျှရှိသည်။ မောင်းပြန် သေနတ်များ နှင့် ၃-၄ မိနစ်ခန့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ အချို့မှာ သမဂ္ဂ အဆောက်အဦ အတွင်းထဲသို့ ခိုဝင်ကြသည်။

ဗိုလ်နေဝင်းမှ ဗိုလ်ကျော်စိုးဆီသို့ ဖောက်ခွဲဖို့ နုတ်မိန့်ပေးခဲ့သည်။ တဖန် ဗိုလ်ကျော်စိုးမှ ဗိုလ်ထွန်းရီကို နုတ်မိန့် ပေး ပြန်သည်။ ထိုအခါ ဗိုလ်ထွန်းရီသည် ဒိုင်းနမိုက်များ တပ်ဆင်ပြီးသော်လည်း တရားဝင် အမိန့်ပေးသော စာချွန် လွှာမရှိ သည့်အတွက် အခက်တွေ့လျက်ရှိသည်။ ထိုအချိန်တွင် တပ်မတော် စစ်မင်းကြီး ဘဦး(ခ) မင်းသိမ်း မှ (မနက် စောစော လမ်းလျှောက်လာရင်း ဗိုလ်ထွန်းရီက လက်မှတ်ထိုးပေးရန် ပြောသဖြင့်) ဖောက်ခွဲမှု စာချွန်လွှာကို လက်မှတ် ဝင်ထိုးပေး ခဲ့သည်။ ထိုအခါမှ ဗိုလ်ထွန်းရီသည် သမဂ္ဂ အဆောက်အဦတွင် အသင့် တပ်ဆင်ထားသော ဒိုင်းနမိုက်များကို ဇူလိုင် (၈) ရက် မနက် (၃) နာရီခွဲ (၄) နာရီခန့်တွင် ဖောက်ခွဲလိုက်လေသည်။

ထိုနေ့ည (၇) နာရီအချိန် မြန်မာ့အသံ ရေဒီယို မှ အသံလွှင့်သောအခါ ဗိုလ်နေဝင်းက “၎င်း တိုင်းပြည်ကို တာဝန်ယူသည့် အချိန်တွင် တက္ကသိုလ်ကျောင်းသားများ စည်းမဲ့ကမ်းမဲ့ ဘဝကို ပြုပြင်ရမည့် တာဝန်ပါကျရောက်နေသောကြောင့် တပ် မတော်၏ အင်အားတစိတ်တဒေသကို သုံး၍ဖြေရှင်းလိုက်သည် ဟုပြောကြားခဲ့သည်။ ထို့အပြင်“ယခုဖြစ်ပျက်သော ကိစ္စသည် ကျောင်းသားကိစ္စတစ်ခုတည်းသာမက နိုင်ငံရေး အမှောင့်ပယောဂများ ဖမ်းစားသည်ကို ရိပ်စားမိကြောင်း၊ ၎င်းတို့၏အလုပ်အား ပျက်ကွက်ရန် တမင် လုပ်နေကြလျှင် ၎င်းအနေဖြင့် နောက်ထပ် မည်သည်ကိုမျှထပ်မပြောလို ကြောင်း၊ ဓါးကို ဓါးချင်း လှံကိုလှံချင်း ဆိုင်ရန်သာရှိတော့ကြောင်း”ထပ်မံ စိန်ခေါ်ခဲ့လေသည်။ ထိုဖြစ်ရပ်နှင့် ပတ်သက်၍ အစိုးရမှ သတင်းထုတ်ပြန်ရာတွင်လည်း ကျောင်းသား (၁၇) ဦးသာသေဆုံးကြောင်း ကြေညာခဲ့သည်။ အမှန်မှာ မန္တလေး ဆောင် တစ်ခုထဲတွင်ပင် စာရင်းအရ (၁၇) နှစ်ဦးသေဆုံးခဲ့သည်။

ဒါက Advancement lending Library လူမှုကွန်ရက်မှာ တင်ထားတဲ့ဆောင်းပါးထဲက အချို့ကို ကောက်နုတ်ဖော်ပြတာ ဖြစ်ပါတယ်။

လက်စားချေဖို့ မဟုတ်ပေမယ့် သမိုင်းသင်ခန်းစာယူဖို့

၇ ရက် ၇လ ၁၉၆၂ကို မမေ့နဲ့လို့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကြိုးမိန့်ကျခံခါနီးဆဲဆဲ နံရံမှာ သွေးနဲ့ ရေး ခဲ့တဲ့နေ့စွဲ၊ သမဂ္ဂအဆောက်အအုံသာ ဖြိုဖျက်လို့ရမယ် အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကို ဖြိုဖျက်လို့မရဘူး ဆိုပြီး ငြိမ်းချမ်းရေးဖခင်ကြီး သခင်ကိုယ်တော်မှိုင်း ၀မ်းနည်း အားပေးစကားဆိုခဲ့ရတဲ့ ဒီအနက်ရောင်သမိုင်းဝင် နေ့စွဲတ ခုဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ မထင်မရှားနဲ့ ဂုဏ်ပြုမခံရတာ ၀မ်းနည်းစရာကောင်းလှပါတယ်။

ယခုလို အမျိုးသားရင်ကြားစေ့ရေးကာလမှာ ကလဲ့စားချေဖို့ အမုန်းတရားပွားများအောင် မရည်ရွယ်ပေမယ့် နောင်မျိုး ဆက်တွေ သမိုင်းအမှန်ကို သိမြင်နိုင်အောင်ရယ် အာဏာရှင်တို့ရဲ့လက်လွတ်စပယ် အာဏာကာကွယ်မှုကြောင့် ကျောင်း သားများ သွေးမြေကျခဲ့ရတာကို အနာဂတ်အတွက် သင်ခန်းစာယူရန် စတဲ့အချက်တွေကြောင့် ဖုံးဖိဖို့မကြိုးစားကြဘဲ အဲဒီ အချိန် အဲဒီကာလက အသက်ကို စွှန့်လွတ်တိုက်ပွဲဝင်ခဲ့ကြတဲ့ ကျောင်းသားကြီးများကို အောက်မေ့ ဂုဏ်ပြုသင့်ပြီလို့ ယူ ဆမိပါကြောင်း။


ကိုးကား- Advancement lending Library။ M.O.Encyclopedia

Comments