မောင်မောင်စိုး ● NCA နှင့် ၂၁ ရာစု ပင်လုံ တတိယညီလာခံ

 
မောင်မောင်စိုး ● NCA နှင့် ၂၁ ရာစု ပင်လုံ တတိယညီလာခံ
(မိုးမခ) ဇူလိုင် ၃၊ ၂၀၁၈

● ၂၁ ရာစု ပင်လုံ
၂၁ ရာစုပင်လုံညီလာခံ (ဝါ) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသည် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ နိုင်ငံရေးအရ သဘောတူညီချက်များရယူချမှတ်ရန် NCA တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် တွင် ထည့်သွင်းရေးဆွဲဖေါ်ပြထားသည့် အမြင့်ဆုံး အင်စတီကျူးရှင်းဖြစ်ပေသည်။ တဖန် အဆိုပါ ၂၁ ရာစုပင်လုံညီလာခံ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆွေးနွေးဆောင်ရွက်ကြရမည့် UPDJC ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ၊ JMC အပစ်အခတ်ရပ် စဲရေးပူးတွဲစောင့်ကြည့်ရေးကော်မတီ၊ JICM တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာညှိနှိုင်းအစည်းအဝေး စသည့် အင်စတီကျူးရှင်းများသည်လည်း NCA တွင် ထည့်သွင်းရေးဆွဲ၍ ဖွဲ့စည်းထားခဲ့ကြသည်ကို မြင်တွေ့ရပေသည်။

NCA ပါသတ်မှတ်ချက်အရ ၂၁ ရာစုပင်လုံညီလာခံသည် တနှစ်လျှင် နှစ်ကြိမ် ကျင်းပရန်ဖြစ်သည်။ ညီလာခံ၏ အနှစ်သာရမှာ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားကိုယ်စားလည်များသည် နိုင်ငံရေးဆွေးနွေးမှုများပြုလုပ်ကြပြီးနောက် သဘောတူညီ ချက်များ ချမှတ်နိုင်ကြရန်ဖြစ်သည်။ အဓိကအားဖြင့် ပြည်ထောင်စုသဘောတူညီချက်များကို ရယူနိုင်ရန်ဖြစ်ပေသည်။၂၀၁၆ ခုနှစ်တွင်ကျင်းပခဲ့သော ပထမအကြိမ် ၂၁ ရာစုပင်လုံကား ခြွင်းချက်ဖြစ်သည်။ NLD အစိုးရတက်လာပြီးနောက် ပြုလုပ်သည့် ပထမအကြိမ်ညီလာခံသည် NCA ထိုးသည်ဖြစ်စေ မထိုးသည်ဖြစ်စေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးလိုလိုအား (အချို့မပါနိုင်သည်မှအပ) ဖိတ်ခေါ်၍ ကိုယ်စီ၏သဘောထားများအား တင်ပြခွင့်ပေးခြင်းမျှသာဖြစ်သည်။ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းပြီး ပြည်ထောင်စုသဘောတူညီချက်ရယူခြင်းအစီအစဉ် မပါဝင်ပေ။

သို့သော်လည်း ၂၀၁၇ မေလတွင်ကျင်းပခဲ့သည့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံမှစ၍ ပြည်ထောင်စုသဘောတူညီချက်များ စတင်ရယူခဲ့သည်။ သို့သော်လည်း ဒုတိယအကြိမ် ၂၁ ရာစုပင်လုံကျင်းပပြီး တနှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယခုဆောင်းပါးရေးနေသည့် ၂၀၁၈ ခုနှစ် ဇွန်လဆန်းအထိ တတိယအကြိမ် ၂၁ ရာစုပင်လုံကျင်းပမည့်ရက်အား သတ်မှတ် နိုင်ခြင်း မရှိသေးပေ။ ညီလာခံကျင်းပရန်ခက်ခဲနေခြင်းမှာ ညီလာခံတွင် မည်သည့်သဘောတူညီချက်များ ရယူဆုံးဖြတ်မည်ဆို သည်ကို ညှိနှိုင်းရယူနိုင်ခြင်းမရှိသေး၍ဖြစ်သည်ဟု ဆိုရပါမည်။

● အလွတ်သဘောဆွေးနွေးပွဲများနှင့် ကွဲလွဲမှုများ
မူလက ရည်ရွယ်ထားသည့် နေ့ရက်များတွင် ကျင်းပနိုင်ခြင်းမရှိဘဲရက်ရွှေ့လာခဲ့ရသော တတိယညီလာခံသည် ၂၀၁၈ ခုနှစ် မေလအတွင်းကျင်းပရန်ကြိုးစားခဲ့သော်လည်း အောင်မြင်ခဲ့ခြင်းမရှိပေ။ သို့နှင့် ၂၀၁၈ ခုနှစ် မေလအတွင်းတွင် ငြိမ်းချမ်းရေး ကော်မရှင်နှင့် NCA ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား အလွတ်သဘောဆွေးနွေးမှုများ ခပ်စိပ်စိပ်ပြု လုပ်လာသည်ကို တွေ့ရပေသည်။ ထိုသို့ပြုလုပ်သည့် အလွတ်သဘောဆွေးနွေးပွဲများမှ မည်သည့်အချက်များတွင် ညှိနှိုင်း မရဘဲ လိပ်ခဲတင်းတင်းဖြစ်နေသည်ကို အောက်ပါအတိုင်းတွေ့ရပေသည်။

၂၀၁၈ ခုနှစ်မေလအတွင်း ငြိမ်းချမ်းရေးကော်မရှင်နှင့်တိုင်းရင်းသားလက်နက်ကိုင်များ အလွတ်သဘော တွေ့ဆုံညှိနှိုင်းမှု နှစ်ရက်ကြာပြု လုပ်ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ညှိနှိုင်းဆွေးနွေးပွဲကို ထိုင်းနိုင်ငံချင်းမိုင်တွင်ပြုလုပ်ခဲ့ ကြသည်။

NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ NCA-S EAOs များ၏ ၂၀ ကြိမ်မြောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ မေလ ၂၇ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည်။ ထို အစည်းအဝေး အဖွင့်မိန့်ခွန်းပြောကြားခဲ့သည့် KNU ဥက္ကဌ စောမူတူးစေးဖေါက အောင်မြင်သော ငြိမ်းချမ်းရေးအခြေပြု နိုင်ငံရေးဆွေးနွေးပွဲများတွင် တဘက်နှင့်တဘက် ကြိုတင်စည်းကမ်း သတ်မှတ်ချက်များမထားရှိဘဲ အမျိုးသားရင်ကြားစေ့ ရေးနှင့်ငြိမ်းချမ်းရေးကို ရှေးရှု ဆွေးနွေးရမည်ဖြစ်ကြောင်း၊ မိမိတို့ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အောင်မြင်မှု ရသင့်သ လောက် မရရှိခဲ့သေးခြင်းသည် အစိုးရ၊ တပ်မတော်နှင့် EAO များကြား ယေဘုယျကြည့်ရင် တူသယောင်ယောင်နှင့် ကွဲပြားမှု ရှိတဲ့ရည်မှန်းချက် ပန်းတိုင်ကိုယ်စီရှိကြ၍ဖြစ်ကြောင်း၊ ထို့ကြောင့် ဘုံသဘောဆန်သည့် တူညီသည့်ရည်မှန်းချက် ရှာရမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ယနေ့ရင်ဆိုင်ရသော တစ်ဆို့မှုများသည် ကြိုတင်စည်းကမ်းသတ်မှတ်ချက်များကြောင့်လော သို့မဟုတ် အချက်အလက်အရ ညှိနှိုင်းရာမှာ ကွာဟချက်ကြီးမား၍လောဆိုသည်ကို ဆန်းစစ်ရန်လိုသည်ဟု KNU ဥက္ကဌကဆိုပါသည်။ အကယ်၍ ကြိုတင်စည်းကမ်းသတ်မှတ်ချက်ရှိလာပြီဆိုပါက နိုင်ငံရေးအရ အကျိုးစီးပွားကွာခြားမှုကြောင့်သော်လည်းကောင်း၊ တဖက်ဖက်က စိုးရိမ်စိတ်ကြီးမားနေ၍သော်လည်းကောင်း၊ ဖြစ်တတ်သည်ဖြစ်ရာ သင့်တော်သည့်အဖြေရှာရန် လိုအပ်သည်ဟု ဆိုပါသည်။ ငြိမ်းချမ်းရေးရရှိအောင် ဘုံဆိုင်ရာလုပ်ငန်းစဉ်၊ သဘောထားမျှော်မှန်းချက်နှင့် စံတန်ဖိုးများကို ရှာဖွေနိုင်ပါက အပေါင်းလက္ခ ဏာဆောင်သည့်တိုးတက်မှု ရရှိမည်ဟုဆိုပါသည်။ NCA အကောင်အထည်ဖေါ်ရာတွင် မည်မျှအခက်အခဲကြုံရသည်ဖြစ်စေ အပြန်အလှန်လေးစားအသိအမှတ်ပြုခြင်း၊ ညှိနှိုင်းတိုင်ပင်ခြင်း၊ အကြေအလည်ညှိနှိုင်းခြင်း၊ အင်အားမသုံးခြင်း အစရှိသည် တို့ပါဝင်သည့် နိုင်ငံရေးယဉ်ကျေးမှုသစ်ကိုအခြေခံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်သွားဖို့ KNU ဥက္ကဌက တိုက် တွန်းသွားပါသည်။

အစိုးရ၊ တပ်မတော်တို့နဲ့ သဘောတူညီချက်မရဖြစ်နေသောအချက်များနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နှစ်ရက် ကြာ ညှိနှိုင်းဆွေးနွေးနေသည့်အကြောင်း မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောခဲ့ပါသည်။

အစိုးရဘက်နှင့် တပ်မတော်ဘက်က လုံးဝခွဲမထွက်ရေးဆိုသည့် အဆိုပြုချက်စာတမ်းမပါရင် တခြားကိစ္စတွေသူတို့က လက်မခံဟုဆို၍ ဆက်ဆွေးနွေးရမည့်ကိစ္စများ တစ်ဆို့နေသည်ဟု နိုင်ဟံသာကဆိုပါသည်။ EAO အနေနှင့် ခွဲထွက်လို၍ မဟုတ်သော်လည်း၊ ထိုအချက်ကိုထည့်ထားပါက တခုခု ကန့်သတ်ထားသကဲ့သို့ဖြစ်မည်ကို စိုးရိမ်ကြောင်း၊ ထို့ပြင် နောင် ကာလများတွင် ဥပမာ ဖိနှိပ်ခံရပါက၊ ချိုးဖောက်ခံရပါက မည်သို့လမ်းဖွင့်ထားမည်ကို စဉ်းစားစရာဖြစ်သည်ဟု ဆိုပါသည်။

၂၀၁၈ ခုနှစ်မေလလယ်က နေပြည်တော်၌ အစိုးရ၊ တပ်မတော်နဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့က ကိုယ်စားလှယ်များ တွေ့ဆုံခဲ့ကြပြီး နိုင်ငံရေးနှင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များအား အလွတ်သဘော ဆွေး နွေးခဲ့ကြပါသည်။ ထိုဆွေးနွေးပွဲကနေ ရရှိလာသောအချက်များကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ကခေါင်းဆောင် များက နှစ်ရက်ကြာ ပြန်လည်ညှ်ိနှိုင်းနေကြခြင်းဖြစ်သည်။

DDR/SSR လို့ခေါ်သော တပ်ဖျက်သိမ်းရေး၊ လက်နက်ဖြုတ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးကိစ္စများနှင့် ပတ်သက်ပြီး တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား သဘောတူညီချက်ရရှိခြင်းမရှိသေးဘဲ တပ်မတော် ဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏တပ်တွေကို ဖျက်သိမ်းပေးဖို့ဆိုသည့်ပုံစံမျိုးကိုသာ ပြောခဲ့သည်ဟု နိုင်ဟံ သာက ဆိုပါသည်။

ရှမ်းပြည်တပ်မတော် RCSS/SSA ကလည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို သူတို့ရည်မှန်းထားသော တောင် ကြီး ဒါမှမဟုတ် ပင်လုံမြို့များတွင် ကျင်းပနိုင်ခြင်းမရှိပါက ရှေ့ဆက်ရန်ခက်ခဲမည်ဆိုသည့် သဘောထားမျိုးကို တွေ့ရသည် ဟု နိုင်ဟံသာကပြောဆိုကြောင်း သတင်းများတွင်ဖေါ်ပြထားသည်ကို တွေ့ရှိရပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား အခွင့်အရေးများစွာပေးလိုက်ပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အားလုံးပစ် ပယ်ပြီး ဖက်ဒရယ် ခွဲထွက်ခွင့်ဆိုသောပုံစံအထိ တောင်းဆိုလာမည်ကို တပ်မတော်ဘက်က စိုးရိမ်စိတ်ရှိနေနိုင်သည်ဟု မွန် ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်ဟံသာက ဆိုပါသည်။ တိုင်းရင်းသားအဖွဲ့များအနေနှင့်ကတော့ ဖက်ဒရယ်ဆိုသည်အား ပေါင်း စည်းခြင်းဟူ၍သာ နားလည်လက်ခံထားကြောင်း နိုင်ဟံသာက ဆိုပါသည်။

၂၁ ရာစုပင်လုံအစည်းအဝေးအား တတိယအကြိမ်ပြုလုပ်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ချက်တခုအဖြစ် NCA ထိုးထား သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များနှင့် အစိုးရ၊ တပ်မတော်ကိုယ်စားလှယ်များ သုံးပွင့်ဆိုင် အလွတ် သဘောတွေ့ဆုံပွဲကို နေပြည်တော်၌ မေလ ၁၈ ရက်နေ့ကကျင်းပခဲ့ရာတွင် တပ်မတော်က တိုင်းရင်းသား လက်နက်ကိုင် များ၏တပ်များအား ဖျက်သိမ်းပေးဖို့ ပြောဆိုတာမျိုးရှိခဲ့သည့်အချက်နှင့်ပတ်သက်၍ တပ်မတော်တွင် ဒီမိုကရေစီစံနှုန်းတွေ မရှိသေး၍ လက်နက်ကိုင်တပ်များဘက်က ဖျက်သိမ်းရေးကို လက်ခံနိုင်မည်မဟုတ်ဟု မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ ဦး နိုင်ဟံသာက အောက်ပါအတိုင်းပြောဆိုခဲ့ပါသည်။

“အစိုးရတပ်ဘက်ကတော့ သူတို့ကတော့ ဒီလက်ရှိတပ်မတော်ကိုပဲ မပြုပြင်ချင်ဘူးဆိုတဲ့သဘောမျိုး ရှိနေတယ်။ အဲဒီအ ပေါ်မှာ ကျွန်တော်တို့အမြင်က လက်ရှိတပ်မတော်က ဒီမိုကရေစီမဆန်ဘူးပေါ့ဗျာနော်။ နောက်ပြီးတော့မှ တိုင်းရင်းသား တွေရဲ့အခွင့်အရေးကလည်း ဘာမှအာမခံချက်မရှိသေးဘူး။ အဲဒီတော့ အဲလိုအနေအထားမျိုးမှာ ကျွန်တော်တို့တပ်တွေ ဖျက်သိမ်းရမယ်ဆိုရင်လည်း တိုင်းရင်းသားတွေဘက်က ဘယ်သူမှလက်မခံချင်ဘူးဗျ။ တဘက်ကလည်း ကျွန်တော်တို့ နိုင်ငံက ဒီမိုကရေစီပုံစံမဟုတ်သေးဘဲနဲ့ပေါ့နော် အမည်ခံဒီမိုကရေစီပဲဖြစ်ပြီးတော့မှ စစ်တပ်ကအာဏာတွေ အများကြီးယူ ထားတယ်။ အဲဒီပုံစံမျိုးကို ကျွန်တော်တို့က လက်မခံနိုင်သေးဘူးဗျာ” ဟူ၍ ဖြစ်ပါသည်။

အထက်ပါအကြောင်းအချက်များမှာ လက်ရှိ NCA လက်မှတ်ရေးထိုးထားပြီး နိုင်ငံရေးဆွေးနွေးနေကြသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့ နိုင်ငံရေးဆွေးနွေးရာမှ တစ်ဆို့နေသောအခြေအနေများဖြစ်ပြီး တတိယပင်လုံကျင်းပရန် ရက်သတ်မှတ်ရန် ခက်ခဲနေသော အကြောင်းအချက်များပင်ဖြစ်ပါသည်။

တတိယပင်လုံကျင်းပနိုင်ရေးအတွက် အဓိကလိုအပ်နေသည်မှာ အဆိုပါတတိယပင်လုံညီလာခံ၌ မည်သည့်သဘောတူညီ ချက်များ ရယူသွားမည်ဆိုခြင်းကို ညှိနှိုင်းသဘောတူညီမှု ရရှိရန်ပင်ဖြစ်သည်။ တစုံတရာ သဘောတူညီချက် (ဝါ) ပြည် ထောင်စုသဘောတူညီချက်ဆိုသည့်အချက်တစုံတရာမရရှိဘဲ တတိယအကြိမ်ညီလာခံကျင်းပရန် မဖြစ်နိုင်ပေ။ ၂၀၁၈ ခုနှစ် မေလ ၃၀ ရက် နှင့် ၃၁ ရက်နေ့များတွင် NCA လက်မှတ်ထိုးထားသော တိုင်းရင်းသားအဖွဲ့ ၁၀ ဖွဲ့ ကိုယ်စားလှယ်များနှင့် အစိုးရ၊ တပ်မတော်ကိုယ်စားလှယ်များ အလွတ်သဘော ထပ်မံတွေ့ဆုံကြခဲ့ကြသည်။

နောက်ဆုံး အလွတ်သဘောတွေ့ဆုံမှုမှလည်း ပြီးပြတ်သော သဘောတူညှိနှိုင်းမှု မရဟုဆိုရမည်။ သို့သော်လည်း လက်ရှိ အကြပ်အတည်းကို ကျော်လွှားနိုင်ရန် ညှိနှိုင်းသဘောတူညီမှု အချို့တော့ ပြုလုပ်နိုင်ခဲ့သည်ဟု ဆိုရမည်။ ၎င်းတို့မှာ တတိယ အကြိမ် ပင်လုံညီလာခံတွင် ခွဲမထွက်ရနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အား မဆွေးနွေးသေးဘဲ တတိယအကြိမ် ပင်လုံပြီးမှ ဆွေးနွေး ရန် ညှိနှိုင်းခဲ့ကြပြီး ဒုတိယအကြိမ်ပင်လုံကျင်းပစဉ်က မပြီးပြတ်ခဲ့၍ ဆုံးဖြတ်ချက်မချနိုင်ခဲ့သည့် လူမှုရေးကဏ္ဏ၊ စီးပွားရေး ကဏ္ဍ၊ မြေယာနှင့်သဘာဝ ပတ်ဝန်းကျင်ကဏ္ဍများကို ဆွေးနွေးဆုံးဖြတ်ရန် ရည်ရွယ်ထားရှိသည်ဟု ဆိုသည်။ သို့သော် လည်း NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားအဖွဲ့များမှ ပြန်လည်ညှိနှိုင်း၍ အတည်ပြုမည်ဟုဆိုသည်။ အကယ်၍ သဘောတူညီချက်ရရှိပါက UPDJC အစည်းအဝေးတရားဝင်ခေါ်ယူပြီး ၂၀၁၈ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ခန့်တွင် တတိယ အကြိမ် ညီလာခံပြုလုပ်ရန် ရည်ရွယ်သည်ဟုဆိုပါသည်။

● ကျော်လွှားရမည့် အကြပ်အတည်းများ
လက်ရှိ ငြိမ်းချမ်းရေးကော်မရှင်နှင့် NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား ၂၁ ရာစုပင်လုံညီလာ ခံတွင် အောက်ပါပြဿနာများ ကျော်လွှားနိုင်ရန် လိုအပ်နေပေသည်။

ပထမအချက်မှာ ကြိုတင်စည်းကမ်းသတ်မှတ်ချက်များဟု ဆိုနိုင်သည့်နှစ်ဖက်စလုံးက ကိုယ်စီကိုင်စွဲထားသည့် မူဝါဒများဖြစ် သည်။ ဆွေးနွေးပွဲတွင်ပါဝင်သည့် ဖက်အားလုံးအနေဖြင့် မိမိတို့ကိုင်စွဲသည့် မူဝါဒအား ပျော့ပြောင်းစွာကိုင်တွယ်ရန် လို အပ်ပြီး လက်တွေ့ကျသည့်ရလဒ်ထွက်ပေါ်ရေးကို ရှေးရှုရန်လိုအပ်သည်။

ဒုတိယအချက် နိုင်ငံရေးအရ ခွဲမထွက်ရနှင့် ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲရေးသည်လည်းကောင်း၊ စစ်ရေးအရ SSR နှင့် DDR ပြဿနာသည်လည်းကောင်း၊ ယခုအချိန်တွင်မည်သို့ပင် ရှောင်ရှားကျော်လွှားသည်ဖြစ်စေ နောက်ဆုံးတွင်မလွဲမသွေ ရင် ဆိုင်ဖြေရှင်းရမည်ဖြစ်ရာ ဆွေးနွေးပွဲတွင်ပါဝင်သည့် ဖက်အားလုံးမှ လက်သင့်ခံနိုင်သည့်ပုံစံ၊ မြန်မာပြည်အခြေအနေနှင့်ကိုက် ညီသည့် ပုံစံအား လေးလေးနက်နက် စဉ်းစားညှိနှိုင်းသွားကြရန် လိုအပ်နေသည်ကို အထူးသတိပြု ကြရန်လိုနေပေသည်။ ဤအချက်ကို မကျော်နိုင်ပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြီးပြတ်အောင်မြင်မည်မဟုတ်သည်ကို အားလုံးသဘော ပေါက်နေကြပြီဖြစ်ရာ မည်သို့ဆွေးနွေးညှိနှိုင်း အဖြေထုတ်မည်ကို လေးနက်ရန်လိုပေသည်။

တတိယအချက်အနေနှင့် လိုအပ်သည်မှာ NCA တွင် ပါဝင်သည့်လုပ်ငန်းတခုဖြစ်သည့် အမျိုးသားအဆင့်ဆွေးနွေးပွဲကျင်းပရေးနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်အား ရှင်းလင်းရန်လိုအပ်သည်။ အမျိုးသားအဆင့် ဆွေးနွေးပွဲများမှတဆင့် ကျယ်ပြန့်သော လူထုသဘောရယူပြီး ၂၁ ရာစုပင်လုံညီလာခံတွင်ဆွေးနွေးဆုံးဖြတ်မည်ဟု တိုင်းရင်းသားလက်နက်ကိုသ်အဖွဲ့များက အဓိ ပ္ပါယ်ဖွင့်ဆိုထားကြသည်။ ယခုညှိနှိုင်း၍မရသေးသော နိုင်ငံရေးပြဿနာများကို ခေတ္တဖယ်ထား၍ ဖြေရှင်းရန် လွယ်ကူသော ပြဿနာများကို အရင်ဆွေးနွေးရန်ကြိုးစားစဉ်မှာပင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအဆင့်ကိုဖြတ်သန်းပြီး လူထု သဘောထားရယူခြင်းမရှိဘဲ ညီလာခံတွင် ဆွေးနွေးရန်ခက်ခဲသည်ဟု အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ခြင်း မရှိ သည့် တိုင်းရင်းသားအဖွဲ့များက ထောက်ပြနေကြပေသည်။ သို့ဖြစ်ရာ NCA အတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတိုင်းသွားမည်ဟု ဆိုနေစဉ်တွင် NCA ပါ ဝိဝါဒကွဲပြားဘွယ်အချက်များကို ရှင်းလင်းအောင် ဆွေးနွေးဖြေရှင်းရန် လိုအပ်ပါသည်။

သို့ဖြစ်ရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား NCA ထီးရိပ်အောက်မှ သွားမည်ဆိုသော်လည်း NCA လက်မှတ်ရေးထိုးထားပြီးသော် နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေး၍ နှစ်ဖက်လက်ခံနိုင်သည် သဘောတူညီချက်များရရှိနိုင်ရန် ခက်ခဲစွာလုံးပမ်းရန် လိုအပ်နေ ပေသေးသည်။ ထို့အတူ ရင်ဆိုင်ကျော်လွှားရမည့် အကြပ်အတည်းများစွာ ပြဿနာများစွာရှိ၍နေပေသေးသည်ကို ယခု ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံပြီးနောက် တနှစ်ကြာမြင့်သည့်တိုင် တတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံ ကျင်းပ ရန် ခက်ခဲနေဆဲဖြစ်နေသည်က ပြသနေပေသည်။

မောင်မောင်စိုး

Comments