Photo credit - MyitKyoeInn |
ဥုံဖွ - တချိန်က မန္တလေး မိုးရာသီ ဇာတ်ပွဲများ
(မိုးမခ) သြဂုတ် ၁၊ ၂၀၁၈
လွန်ခဲ့တဲ့နှစ်ပေါင်း၃၀ လောက်ကိုမှီခဲ့ကြတယ်ဆိုရင် ပြိုင်ဆိုင်မှု့တွေ ပြင်းထန်ပြီး ထူးခြားပြောင်မြောက်တဲ့ အနုပညာတင်ဆက်မှုတွေနဲ့ ကျေးဇူးရှင်ပရိသတ်တွေကို အားပါးတရဖျော်ဖြေခဲ့ကြတဲ့ မြန်မာ့ဇာတ်သဘင်လောကကို ပြန်လည်မြင်ယောင်မိကြမှာပါ။ အခုလို မိုးရာသီရောက်ပြီဆိုတာနဲ့ တနိုင်ငံလုံးမှာရှိကြတဲ့ ဇာတ်အဖွဲ့တိုင်းလိုလိုဟာ မန္တလေးကို ဆင်းလာကြပြီး ပရိသတ်များစွာ ၀င်ဆန့်တဲ့ ဒေးဝန်းမြသီတာဇာတ်ရုံ၊ မျက်ပါးရပ် မာလာရွှေစင်ဇာတ်ရုံ၊ တရုတ်တန်း အောင်မင်္ဂလာဇာတ်ရုံတွေမှာ ၀င်ရောက်ကပြကြပါတယ်။ အနုပညာကို အရူးအမူးခံစားတတ်ကြတဲ့ မန္တလေးပရိသတ်တွေဟာ သူတို့ကြိုက်နှစ်သက်တဲ့ အဖွဲ့ဝင်တော့မယ်ဆိုရင် ကြိုတင်ဖျာ၊ ကုလားထိုင်လက်မှတ်တွေကို အလုအယက် ဖြတ်ကြလေ့ရှိပါတယ်။
အလျဉ်းသင့်တုန်း မန်းသူလေးတွေရဲ့ မန်းဆန်ဆန်ပြုမူပြီး အနုပညာကို အားပေးကြပုံလေးတွေကလဲ တခြားမြို့တွေနဲ့ လုံးဝမတူတဲ့ ရင်ထဲစွဲငြိစရာ ချစ်စရာ့ပုံရိပ်လေးတွေလို့ ပြောရင်လွန်အံ့မထင်။ ပွဲသွားကြတော့မယ်ဆိုတာနဲ့ ရေမိုးချိုး ဖီးလိမ်းပြင်ဆင်ပြီး စံပယ်ပန်းတွေ ဝေေ၀ဆာဆာနဲ့ ကြော့ကြော့လေး သွားအားပေးတတ်ကြပါတယ်။ တချိ့လဲ စံပယ်ပန်းအဆင်သင့်မရှိလို့ ဇာတ်ရုံပေါက်က ပန်းသည်ဆီမှာ ၀ယ်ပြီး ပန်ကြတာလဲရှိသပေါ့။ ရုံထဲကိုဝင်လိုက်တာနဲ့ စံပယ်ရနံက ဧည့်ကြိုတာဝန်ယူထားသလား ထင်ရ
အောင် ဆီးကြိုနေတတ်ပြီး ထိုင်အားပေးနေကြတဲ့ မန်းသူပရိသတ်လေးတွေကို ကြည့်လိုက်မယ်ဆိုရင်လဲ
စံပယ်ပန်းတွေနဲ့ မွန်းမံခြယ်မှုန်းထားတဲ့ စံပယ်မွေ့ယာကြီးကိုမြင်လိုက်ရသည့်အလား ရင်ထဲတလှပ်လှပ်နဲ့
နှစ်သက်စရာ မြင်ကွင်းကြီးတခုပါ။
မောင်ယဉ်အောင်၊ မောင်စိတ္တ၊ ဒယ်ဒီဂမုန်း၊ ငြိမ်းမင်း၊ ဘီအီးဒီအောင်သိုက်၊ ဒို့တင်ဌေး စတဲ့ ဦးဆောင်ပညာရှင်ကြီးတွေ ကြိုးစားအားထုတ် စီစဉ်ကြတဲ့အတိုင်း မင်းသားမင်သမီးတွေကစ ဇာတ်အဖွဲ့သားတိုင်းလိုလို ကြိုးကြိုးစားစား တင်ဆက်ကပြကြတဲ့အတွက် "မတန်ပါဘူး" လို့ ပြောတဲ့လူ မရှိလောက်အောင်ကို အားလုံးကောင်းခဲ့ကြပါတယ်။ ဇာတ်ရုံအ၀င်ဝ ပြင်ဆင်ထားကြတဲ့ ဂိတ်ရှိုးတွေကလဲ တဖွဲ့နဲ့တဖွဲ့ အပြိုင်အဆိုင်။
မောင်စိတ္တစီစဉ်တဲ့ မေတ္တာတရားကို ဦးထိပ်ပန်ဆင် "ကျွန်တော့သဘင်" အဖွဲ့ကလဲ မိုးဒီ၊ မော့စ် တို့ရဲ့တွဲဖက်ညီတဲ့ ပြက်လုံးတွေနဲ့ ဝေေ၀ဆာဆာ၊ "မင်္ဂလာဦးညရဲ့အရှုပ်တော်ပုံ" တခန်းရပ်ပြဇာတ်နဲ့ ပရိသတ် သောသောညံနေတဲ့ အချိန်၊ ဘီအီးဒီအောင်သိုက်ကလဲ "သင်္ခါရမို့ နာမည်မကျခင် ကြည့်ဘို့ပြင်" ဆိုတဲ့ တိုက်တွန်းဆော်သြ ဖိတ်မန္တကပြုထားတဲ့ သင်္ခါရစကားလေးနဲ့အတူ ပြောဇာတ်တခေတ်ကို ဆန်းသစ်စေတဲ့အချိန်။
အဆိုတော် တွံတေးကိုသိန်းတန်ကလဲ သာဂိနဲ့တွဲပြီး "သိန်းတန် သာဂိ နှစ်ခါကြည့်" ဆိုတဲ့ကြော်ငြာနဲ့အတူ သူ့သီချင်းသံတွေကို မန္တလေးမှာလွင့်ပြန့်နေစေတဲ့အချိန်။ ရွှေမန်းသဘင် ညီအစ်ကိုတွေကလဲ အေစီကို မဟေသီ မြှောက်ပါလို့၊ ခင်ဦးနဲ့ သား စတဲ့ ပြဇာတ်တွေနဲ့ ချမ်းသာ ကို ပရိသတ်ရင်ထဲမှာ စွဲထင်စေပြီး ကိုဆန်းဝင်းရဲ့ "ဒေ၀စ္ဆရာ"သီချင်းနဲ့ မိုးယံသိမ့်သိမ့် ပွဲချိမ့်ချိမ့်ဖြစ်နေစေတဲ့အချိန်။ ရဲစိန်၊ ညီဝင်းစိန် အဖွဲ့ကလဲ ပါတော်မူဇာတ်ထုပ်နဲ့ သမိုင်းအမွေပြန်ပေးပြီး 'ရွှေအိမ်စည်၊ ပဋိက္ခယား' ဇာတ်ထုပ်နဲ့ ပရိသတ်ကို မျက်ရည်စ ဝေ့စေတဲ့ အချိန်။ ဒို့တင်ဌေးရဲ့ စစ်မုန်းသူများလက်ခုပ်သံ စတဲ့ ပြဇာတ်တွေနဲ့အတူ ပန်တျာတင်တင်မြင့်ရဲ့အက အလှ အငြိမ့်ခန်းတွေအပြင်၊ ကလာပ်ကြေးမှုံရဲ့ "ပေါက်စီနဲ့ ပေါင်မုန့်" ပြဇာတ်နဲ့ ပရိဿတ်အခိုင်အမာရရှိထားတဲ့အချိန်။
မန္တလေးသိန်းဇော် ဇာတ်အဖွဲကလဲ 'ကိုကြီးကျော် ပလီလွန်းတယ် ' အော်ပရာ၊ ရွှေမန်းမေ စတဲ့ အောင်မြင်
လူကြိုက်များတဲ့ ပြဇာတ်တွေအပြင် "ဇာတ်မင်းသားလေး သိန်းဇော် သိန်းဇော် တိုင်းပြည်ကကျော် (မျှော်)" နှစ်ပါးသီချင်းနဲ့ ပရိသတ်လက်ခုတ်သံတွေကို ဖမ်းဆုတ်ထားတဲ့အချိန်။ ဒါရိုက်တာငြိမ်းမင်းရဲ့ စီစဉ်မှု၊ အဆို အပြော အက ပိုင်ပိုင်နိုင်နိုင်နဲ့ နန်းခင်မွှေးရဲ့ဆွဲဆောင်နိုင်မှု၊ ကိုနန်းဝင်းရဲ့သဘာဝကျကျ သရုပ်ဆောင်နိုင်မှုတွေနဲ့ အတူ အဘိုး နန်းတော်ရှေ့ဆရာတင်၊ အဖေရွှေနန်းတင်တို့ရဲ့ အမွေတွေကို ဆင့်ကမ်းချပြနေတဲ့ အချိန်။ အနုမြူမီးတွေကို စတင်အသုံးပြုချိန်မှာ "အန္တရာယ်စတိတ်ရိုး၊ ကိုယ်ပျောက်စတိတ်ရိုး" စတဲ့ အသွင်ဆန်း အမြင်ဆန်းတွေနဲ့ မိုးဝင်းဇာတ်အဖွဲ့ စန်းလဂ်တက်နေတဲ့အချိန်။
အကြိုက်ဆုံး၊ အနှစ်သက်ဆုံး ဇာတ်အဖွဲ့ကိုပြပါ ဆိုရင်တော့ မောင်ယဉ်အောင်စီစဉ်တဲ့ မြို့တော်သိန်း
အောင် 'နောင်" မြို့တော်အင်အားသစ်အဖွဲ့ ကိုပဲ ပြရမှာဖြစ်ပါတယ်။ သူ့ဇာတ်အဖွဲ့ရဲ့ အဖွင့်သီချင်းမှာ "ဥပဓိရုပ်နဲ့ မျက်လှည့်ပြသလို လာမညာနဲ့ ၊ ဒါတွေကို အင်အားသစ်က သုတ်သင်ပြုပြင်" လို့ ဆိုထားတဲ့အတိုင်း ဥပဓိရုပ်အလှအပကို သိပ်ဦးစားမပေးပဲ အပီပြင်ဆုံး ဇာတ်ကောင်စရိုက်တွေနဲ့ သဘာဝကျကျ တင်ဆက်ခဲ့တယ်။ သူ့အဖွဲ့မှာ အဓိကအကြိုက်ဆုံးကို ပြပါဆိုရင် အခန်းပြောင်းချိန်ပဲ၊ တခန်းနဲ့ တခန်းကူးပြောင်းချိန်မှာ တခြားအဖွဲ့တွေလို ကားလိပ်ချ၊ တီးလုံးတီးပြီး ကူးပြောင်းတာမျိုးမဟုတ်ပဲ မီးကလေးမှိတ်လိုက်တာနဲ့ နောက်တခန်းရောက်သွားအောင်လုပ်ထားတဲ့စီမံမှုလေး၊ အချိန်ကုန်
လဲသက်သာ ပရိသတ်ကို အချိန်ပြည့်ပေးဆပ် တင်ဆက်ရာလဲ ရောက်တယ်။ အပြင်အဆင် ဆက်တင်အခမ်းအနားတွေကိုလဲ စနစ်တကျ လုပ်လေ့ရှိတယ်။ တံတားချိုးခန်း၊ မိုင်းခွဲခန်းတွေမှာ ဆိုရင်လဲ ရှေ့မှာ ဇာကန့်လန့်ကာချထားပြီး ချိုးပြ ခွဲပြလေ့ရှိတယ်။ ဒီလိုတင်ဆက်မှုလေးတွေနဲ့ပဲ
"ရိုးပြတ်တောမှ တောက်ခေါက်သံ၊ ကောက်ပင်တရေးနိုး စတဲ့ ပြဇာတ်တွေ နာမည်ကြီးခဲ့သလို သဘာဝကို အခြေခံပြီးစင်တင်ခဲ့တဲ့ သဘင်သည်မ၀င်ရ၊ ပန်းလှေ၊ ခုနှစ်အိမ်တန်းက မဂျမ်းဘုံ၊ ကိုးဆယ်ဆ သာလိမ့်မယ်၊ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည် စတဲ့ပြဇာတ်တွေကိုက ပြတိုင်း ရုံကွဲ ရုံပွင့်လေ့ ရှိပါတယ်။
ရံဖန်ရံခါဆိုသလို မန္တလေးလူရွှင်တော် ကိုသာဓုက သူ့ဆရာကိုပေါက်စ ပါတဲ့ ဘီအီးဒီအောင်သိုက်အဖွဲ့မှာ
ပါဝင် အားဖြည့်ပေးတတ်ပြီး ကိုချစ်စရာကလဲ မြို့တော်အင်အားသစ်အဖွဲ့မှာ ပါဝင် ကပြတာကိုလဲ တွေ့ခဲ့ရဘူး ပါတယ်။
ဇာတ်သဘင်အဖွဲ့တွေအပေါ်မှာ သြဇာညောင်းပြီး ဇာတ်သဘင်အဖွဲ့တွေအချင်းချင်း စည်းလုံးညီညွတ်အောင် လုပ်ဆောင်ပေးတတ်သူကိုတော့ ဘီအီးဒီအောင်သိုက် လို့ ကောက်ချက်ဆွဲမိပါတယ်။ ဇာတ်အဖွဲ့တွေတော်တော်များများ မန္တလေးရောက်နေကြပြီဆိုရင် ဇာတ်အဖွဲ့တွေအားလုံး စည်းလုံးညီညွတ်စေလိုတဲ့ သမ္မာဆန္ဒနဲ့ "ဇာတ်ညွန့်ပေါင်း" ဆိုပြီး စီစဉ်ကပြလေ့ရှိပါတယ်။ ဦးဆောင်စီစဉ်ညွှန်ကြားသူကတော့ ဘီအီးဒီဦးအောင်သိုက်ကြီးပဲ ဖြစ်ပါတယ်။ သူ စီစဉ်ညွှန်ကြားတဲ့အတိုင်း တခြားဇာတ်အဖွဲ့တွေ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ကပြဖျော်ဖြေကြတဲ့ ပုံရိပ်ကလေးက သဘင်လောကအတွက် ကျေနပ်အားရစရာပါ။"
"ကူညီကာဝိုင်းလို့ မှိုင်း မ ပါ" ပြဇာတ်တိုလေးနဲ့အတူ ဇာတ်မင်းသားတွေဖြစ်ကြတဲ့ သိန်းဇော်၊ မိုးဝင်း၊ ချမ်း
သာ၊ နန်းဝင်းတို့ကို လူရွှင်တော်တွေနေရာမှာထားပြီး အဆိုရော အကပါပိုင်နိုင်တဲ့ ပြည်တော်ချစ် မင်းသမီးလေး နန်းခင်မွှေးကို မင်းသမီးနေရာထား ကပြစေခဲ့တဲ့အငြိမ့်ခန်းလေးနဲ့ ပရိသတ်ကို ပျော်ရွှင်နှစ်သက်စေခဲ့ပါတယ်။ အဲဒီအငြိမ့်ခန်းမှာ မျက်နှာအပွင့်ဆုံးနဲ့ အခံရဆုံးကတော့ လူရွှင်တော်မင်းသားကိုနန်းဝင်း ပါပဲ။ ပြည်တော်ချစ်မင်းသားတွေချည်းဆိုတော့ သူတို့ပျက်တဲ့ပျက်လုံးတွေကို ပရိသတ်က လူရွှင်တော်တွေ ပျက်လုံးထုတ်နေကြတယ်ရယ်လို့ မမြင်ကြပဲ ကျန်တဲ့လူရွှင်တော်မင်းသား ၃ ယောက်က 'ယောက္ဖ ယောက္ဖ' နဲ့ခေါ်လို့ ခံရခက်နေတဲ့ နန်းဝင်းရဲ့မျက်နှာအမူအရာကို ကြည့်ပြီး ဟားတိုက်ရယ်မော တသောသော ညံခဲ့ပါတယ်။
ဒီလို အရှိန်အဟုန်ကောင်းကောင်း၊ တီထွင်ဆန်းသစ် ကြိုးစားအားထုတ်မှုကောင်းတွေနဲ့ အောင်ပွဲခံ ချီတက်လာခဲ့ကြတဲ့ ဇာတ်သဘင်အဖွဲ့အသီးအသီးဟာ စစ်တပ်အာဏာသိမ်းမှုနဲ့အတူ ပွဲမိန့် ပိတ်ပင်ခံရခြင်း၊
ပြသမှုပိုင်း ကန့်သတ်ခံရခြင်း၊ တင်ပြမှုပိုင်း ချုပ်ခြယ်ခံရခြင်း စသော စသော ထိုထို သို့သော အကြောင်းခြင်းရာများကြောင့် ကွယ်ပျောက်သွားကြတာဟာဖြင့် ယနေ့ထက်တိုင်အောင်ပါပဲခင်ဗျား ... လို့ ဗျိုးဟစ်ရင်း ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်အဖြစ် ခံစားတင်ပြလိုက်ပါတယ် ခင်ဗျား။ ။
ဥုံဖွ
Comments