စည်သူဇေယျ ● ရေပယ်ရွာ အရင်လို ပြန်ရပါ့မလား

စည်သူဇေယျ ● ရေပယ်ရွာ အရင်လို ပြန်ရပါ့မလား
(မိုးမခ) သြဂတ်စ် ၁၂၊ ၂၀၁၈
ပြုန်းတီးသွားသော တောကောင်းများကို အစုအဖွဲ့ပိုင်သစ်တောပြုလုပ်၍ ပြန်လည်ပြုစုထိန်းသိမ်းခြင်း


ရေပယ်ရွာကလေးသည် လွန်ခဲ့သည့် ရာစုနှစ်ဝက်ကျော်က အုံးဆိုင်းနေသည့် တောကြီးများနှင့် ဖုံးလွမ်းထားသည့် တောင် တန်းများကို ပြန်လည်ပိုင်ဆိုင်နိုင်ရန် အပြင်းအထန်ကြိုးစားနေကြသည်။ အခက်အခဲအမျိုးမျိုးကြားမှ အစုအဖွဲ့ပိုင်သစ်တော အဖြစ် ပြန်လည်ပြုစုပြိုးထောင်နေရသော ထိုတောင်တန်းကြီးများသည် တောင်ကတုံးအဆင့်မှ ပြန်လည်စတင်ရမည့်အနေ အထားဖြစ်သည်။

ရေပယ်ရွာမှ လှမ်းကြည့်လျှင် သစ်ပင်များ ကျိုးတိုးကျဲတဲ ပေါက်ရောက်နေသည့် တောင်တန်းကြီးကို ထင်ထင်ရှားရှားမြင် ရသည်။ လူတစ်ရပ်စာအမြင့်သာရှိသော နောက်ဆုံးလက်ကျန် သစ်ပင်များကို တောင်ခြေမှ လှမ်း၍ရေတွက်နိုင်သည်။ ထို တောင်တန်းကြီး၏ အောက်ခြေတွင်ရှိသော ရေပယ်ရွာတွင် အဖိုးဦးစိုးမြင့်သည် အသက်၂၀ အရွယ်မှ စတင်အခြေချခဲ့သည်။ ထိုအချိန်က တောင်တန်းကြီးကို အုံ့ဆိုင်းနေသော သစ်တောသစ်ပင်ကြီးများမှ ဖုံးအုပ်ထားသည်။

“အရင်တုန်းက အိမ်ဆောက်ဖို့ ဒီတောကနေ သစ်တွေ ရတယ်…အခုထင်းအတွက်တောင်မရှိတော့ဘူး” ဟု အဖိုးဦးစိုးမြင့်က တောင်တန်းကြီးကို ကြည့်ရင်းပြောလိုက်သည်။ အဖိုးဦးစိုးမြင့်သည်လည်း အသက် ၇၀ အရွယ်ရောက်နေပြီဖြစ်သောကြောင့် ဇရာကို ပြနေသည့် အရေးအကြောင်းများ မျက်နှာပေါ်တွင် အထင်းသားပေါ်နေသည်။

အဖိုး ဦးစိုးမြင့်နေထိုင်သည့် ရေပယ်ရွာကလေးသည် တောင်ကြီးခရိုင်၊ ညောင်ရွေမြို့နယ်အပိုင်၊  အင်လေးကန် နဖူးတွင် တည်ထားသော ရွာကလေးတစ်ရွာဖြစ်သည်။ သူနေထိုင်ရာ ၈ ချောင်းထောက် တဲအိမ်ကလေးဆောက်ရန်အတွက် သစ်များ ကို ရေပယ်ရွာ အနောက်ဘက်ရှိ တောင်တန်းကြီးမှ စိတ်ကြိုက်ခုတ်ယူခဲ့သည်။ ထို့အပြင် အိမ်အတွက်လိုအပ်သည့် ထင်း များကိုလည်း အိမ်ထောင်ကျခါစ အသက်ရွယ်မှစပြီး မြေးရသည်အထိ ခုတ်ယူခဲ့သည်။ သူနှင့်အတူ ရွာတွင်နေထိုင်သော ရွာသားများအားလုံးသည်လည်း အလားတူ၊ ထိုတောင်တန်းကြီးမှ ထင်းများ ခုတ်ယူသုံးစွဲခဲ့ကြသည်။

ဒီတောင်ကြီးပေါ်ကသစ်များကို ရေပယ်ရွာသားများကသာ မိရိုးဖလာနည်းတစ်မျိုးတည်းဖြင့် ထုတ်ယူသုံးစွဲခဲ့ခြင်းမဟုက်ပါ။ ရွာအနီးတွင် ရှိသော အကျဉ်းထောင်တစ်ခုနှင့် အခြားရွာများမှလည်း လာရောက်ထုတ်ယူသုံးစွဲခဲ့ကြသည်။ ထိုသို့ ခုတ်ယူခဲ့ ခြင်းကြောင့် နေမဖောက်နိုင်အောင် အုံ့ဆိုင်းခဲ့သော တောကောင်းအဆင့်မှ နေပျောက်ကျသည့် ရွက်အုပ်ပွင့်တော အဆင့် သို့ တစ တစ ပြောင်းလဲလာခဲ့သည်။ သစ်တောဦးစီးဌာန၏ အဆိုအရ ထင်းခွေခြင်းနှင့် သစ်ထုတ်လုပ်ခြင်းအပါအဝင် အခြား အကြောင်းအမျိုးမျိုးကြောင့် တောကောင်းအဆင့်မှ ရွက်အုပ်ပွင့်တော အခြေအနေသို့ ပြောင်းလဲသွားသည့် ပမာဏသည်  မြန်မာတစ်နိုင်ငံလုံးအနေဖြင့်ဆိုလျင် တစ်နှစ်လျှင် ဟက်တာပေါင်း ၄ သိန်း ၃ သောင်းကျော်အထိရှိပြီး အချို့နှစ်များတွင် ဟက်တာပေါင်း ၅ သိန်း ၈ သောင်းကျော်အထိ ရှိသည်။

“တောကောင်းတွေက တစ်နှစ်ထက် တစ်နှစ် လျော့လာပြီး ရွက်အုပ်ပွင့်တောအဖြစ် ပြောင်းလာတယ်…။ တနည်းအားဖြင့် တောအတန်းအစားကျဆင်းလာတယ်” ဟု သစ်တောသုတေသနဌာန၏ ညွှန်ကြားရေးမှူးဒေါက်တာသောင်းနိုင်ဦးက ဆို သည်။ သစ်တောဦးစီးဌာန၏ အချက်အလက်များအရ သစ်တောအတန်းအစားကျဆင်းခြင်းသည် အသားတင် သစ်တော ပြုန်းတီးမှုထက် ပိုမိုအရေးကြီးနေသည်။ ထိုသို့ သစ်တောအတန်းအစားကျနေသည့် ရွက်အုပ်ပွင့်တောများကို လူဦးရေတိုးပွား လာသောကြောင့် ဆက်လက်မထိန်းသိမ်းနိုင်သည့်အတွက် သစ်တောပြုန်းတီးသည့် အဆင့်သို့ ပိုမိုရောက်ရှိလာသည်။

၁၉၉၅ ခုနှစ်တွင် ရေပယ်ရွာ၏ သစ်တောပြန်းတီးမှုသည်လည်း အဆိုးရွားဆုံး အခြေအနေသို့ ဖြစ်ခဲ့ရသည်။ ထိုအခြေအနေ သို့ရောက်ခဲ့သည်မှာ ရေပယ်ရွာနှင့် ထိစပ်နေသည့် တောကြီးသာမက အင်းလေးကန်ပတ်လည်တွင်ရှိသော တောင်တန်းများ အားလုံး နီးပါးသည်လည်း ထိုအခြေအနေသို့ ရောက်ရှိခဲ့သည်။ မြန်မာနိုင်ငံ၏ နှစ်စဉ်သစ်တောပြုန်းတီးမှုသည် ဧရိယာ အကျယ်အဝန်းအားဖြင့် ဟက်တာ ၁ သိန်း ၃ သောင်းကျော်ရှိသည်ဟု သစ်တောဦးစီးဌာနက ထုတ်ပြန်ထားသည်။

ထိုသို့ သစ်တောပြုန်းတီးမှုများ၏ နောက်ဆက်တွဲ အနေဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများသည် သိသာထင်ရှားလာခဲ့ပြီး၊ ရာသီဥတုဖောက်ပြန်မှုနှင့်အတူ သဘာဝဘေးအန္တရာယ်များလည်း နှစ်စဉ် ကြုံတွေ့လာခဲ့ရသည်။ ထိုသို့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများကြောင့် လက်တွေ့ခံစားရသည့် အဖြစ်အပျက်များထဲမှတစ်ခုသည် အင်းလေးကန်အတွင်းရှိ ရေချိုအား သောက်သုံး၍မရနိုင်တော့သည့် အနေအထားသို့ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။ ထိုအင်းလေးကန် ရေသည် ဘိုးဘွားများ လက်ထက်က သောက်သုံးရေအဖြစ်အသုံးပြုခဲ့သည်ဟု ဒေသခံအင်းသားများက ဆိုသည်။ အလားတူပင် အင်းလေးဒေသ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ အမျိုးသားသဘာဝနှင့် သယံဇာတရေးရာကော်မတီ၏အဖွဲ့ဝင်ဖြစ်သည့် ဦး နေမျိုးကလည်း ...

“ဘုရားပေးတဲ့ အင်းလေးကန်ကြီးက ကင်ဆာဖြစ်နေပြီ၊ ရေကလည်း သောက်လို့မရတော့ဘူး၊ လှေစီးပြီး ရေငတ်သလို ဖြစ် နေတယ်” ဟုပြောသည်။

၎င်းဖြစ်စဉ်များကြောင့် အင်းလေးပတ်ဝန်းကျင်တွင် နေထိုင်သည့်တိုင်းရင်းသားများသည် သစ်တော၏အရေးပါမှုကို သတိပြု မိလာကြသည်။ ၁၉၉၇ ခုနှစ်တွင် ရေပယ်ဒေသခံများနှင့် သစ်တောဦးစီးဌာန၊ UNDP တို့ ပူပေါင်း၍ သစ်တောထိန်းသိမ်းစောင့် ရှောက်မှုကို ပြန်လည်စတင်ခဲ့သည်။ ထို့အပြင်သစ်တောဦးစီးဌာန အနေဖြင့် သစ်တောထိန်းသိမ်းကာကွယ်နိုင်ရန်  သစ်တော ပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစားကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှု လျော့ချခြင်းအစီအစဉ်ဖြစ်သည့် “REDD+ အစီအစဉ် - မြန်မာ” ကို ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့သည်။ ထိုအစီအစဉ်သည် မြန်မာနိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သစ်တောအတန်းအစားကျဆင်းခြင်းနှင့် သစ်တောပြုန်းတီးမှုတို့ကို လျော့ကျအောင်ဆောင်ရွက်၍ ကာဗွန်ထုတ်လွှတ်မှု ပမာဏလျော့ချမှုအလိုက် ငွေကြေးထောက်ပံ့သည့်အစီအစဉ်လည်း ဖြစ်သည်။

၎င်းအစီအစဉ်ကို အကောင်အထည်ဖော်နိုင်ခြင်းမပြုမီ နှစ်အနည်းငယ်ကစ၍ အင်လေးကန်မှ ဒေသခံများသည် သစ်တော ပြုန်းတီးမှုမှကာကွယ်နိုင်ရန် အစုအဖွဲ့ပိုင် သစ်တောများ ဖွဲ့စည်းလာခဲ့သည်။ ထိုသို့ အစုအဖွဲ့ပိုင်သစ်တောများ ပြုလုပ်ခြင်း သည် နိုင်ငံနှင့်တစ်ဝန်း သစ်တောဝန်ထမ်းတစ်ဦးကို ဧက ၃ သောင်းခန့် တာဝန်ယူရသည့်အခြေအနေမှ ဒေသခံများပါ ပူးပေါင်းပါဝင်သည့်သဘောလည်း ဖြစ်သွားသည်ဟု ခေါင်တိုင် သစ်တောဘိနယ်မှ ဝန်ထမ်းတစ်ဦးက ဆိုသည်။

“အခုလို အစုအဖွဲ့ပိုင် သစ်တောဖြစ်သွားတော့  တောတွေကို ကျတော်တို့အပြင် ဒေသခံတွေပါ ဝိုင်းထိန်းပေးတဲ့ သဘော ဖြစ်သွားတာပေါ့”

ထိုအင်းလေးကန်တဝိုက်ရှိ ရွာပေါင်း ၁၀၄ ရွာမှ စောင့်ရှောက်ထားသည့် အစုအဖွဲ့ပိုင်သစ်တော ဧက ၃ သောင်း ၄ ထောင် ကျော်တွင် ရေပယ်ရွာသည်လည်း ဧက ၂၆၀ ကို ထိန်းသိမ်းစောင့်ရှောက်ထားသည်။  ထိုသို့ အစုအဖွဲ့ပိုင်သစ်တော ဖြစ်လာ သည့်အတွက် ရေပယ်ရွာသားများအတွက် သစ်တောပြုန်းတီးမှုကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိလာသည်။

“ဒီတောကို ဒေသခံတွေကဘဲ စောင့်ရှောက်ရမှာ၊ ကျတော်တို့က လိုအပ်တဲ့ နည်းပညာကိုဘဲပေးတယ်၊ သစ်တောဦးစီးဌာနက စီမံခန့်ခွဲပိုင်ခွင့် မရှိတော့ဘူး၊ နှစ်ရှည်ဂရန်နဲ့ ငှားပေးလိုက်တဲ့သဘောပေါ့” ဟု ညောင်ရွေတွင် တာဝန်ကျနေသော သစ်တာ ဝန်ထမ်းတစ်ဦးက ဆိုသည်။

ထို့ကြောင့် ရေပယ်ရွာ၏ အစုအဖွဲ့ပိုင်သစ်တောအတွင်း ထင်းထုတ်လုပ်မှုအရေအတွက်ကိုလည်း ရွာသားများကိုယ်တိုင် သတ်မှတ်ခဲ့ကြရသည်။ ရွာသားများ၏ ဆုံးဖြတ်ချက်အရ ကလေးမီးဖွားခြင်း၊ သာရေး၊ နာရေးများနှင့် ကျွဲ၊ နွား မွေးမြူရေး အတွက်သာ သစ်ထုတ်လုပ်ခွင့်ပြုခဲ့သည်။ ရွာတွင် လျှပ်စစ်မီးရရှိနေပြီဖြစ်သောကြောင့် ယခင်က ထမင်း၊ ဟင်းချက်ရာတွင် အသုံးပြုရသည့် ထင်းကို သုံးစွဲစရာမလိုတော့ပေ။

“လျှပ်စစ်မီး ရှိပြီဆိုတော့၊ လျှပ်စစ်နဲ့ပဲ ထမင်း၊ ဟင်း ချက်တယ်လေ၊ ထင်းကတော့ အရန်အတွက်ပဲ ဆောင်ထားရတော့တယ်” ဟု ဦးပိန်က ဆိုသည်။

ရေပယ်ရွာအစုအဖွဲ့ပိုင်သစ်တောကို စောင့်ရှောက်လျက်ရှိသည့် ဒေသခံများအတွက် အခြားစိန်ခေါ်မှုသည် အကျဉ်းထောင်နှင့် အခြားဒေသမှ လာရောက်ထင်းခွေသည့် ကိစ္စဖြစ်သည်။ ထို့ကြောင့်ရွာသားများသည် ကင်းလှည့်ခြင်းများဆောင်ရွက်ရသကဲ့ သို့ မိမိ၏စိုက်ခင်းများသို့  သွားရောက်ချိန်များတွင်လည်း ထင်းခွေသူများကို အလျဉ်းသင့်သလို အမြဲစောင့်ကြည့်နေရသည်။

“အကျဉ်းထောင်က လာခုတ်တယ်…ရွာကဝိုင်းဖမ်းပြီး ဌာနကိုအပ်လိုက်တယ်၊ တစ်ခါ နှစ်ခါလောက်တော့ဖြစ်ခဲ့တယ်။ အခု တော့ အဲ့လိုမျိုးမရှိတော့ပါဘူး” ဟု ရွာသားတစ်ဦးကဆိုသည်။

ထိုသို့ အစုအဖွဲ့ပိုင်သစ်တောကို ရွာသားများမှ အနီးကပ်စောင့်ရှောက်မှုကြောင့် ရေပယ်ရွာအနောက်ဘက်မှ တောင်တန်း ကြီးသည် အဖိုးဦးစိုးမြင့် အသက်၂၀ အရွယ်က ရှိခဲ့သည့် အုံ့ဆိုင်းနေသော အခြေအနေကို ပြန်လည်ဖြစ်ပေါ်လာမည်လား ဆိုတာကိုတော့မည်သူမှ တပ်အပ်မပြောနိုင်ချေ။ အဖိုး ဦးစိုးမြင့်ကတော့ အသက်၂၀ အရွယ်ကို ပြန်မရောက်နိုင်တော့ပါ။

စည်သူဇေယျ


ဓာတ်ပုံ - ၂၀၁၀ ခုနှစ်က ရေခမ်းခြောက်မှုနဲ့ ကြုံတွေ့ခဲ့ရသည့် အင်းလေး
0