မောင်လူရေး - ဟာလာဟင်းလင်းဖြစ်၍ သူသတ်ကျူးသော အမုန်းကင်းမဲ့မှု
(မိုးမခ) သြဂုတ် ၂၉၊ ၂၀၁၈
ဆရာမြသန်းတင့်၏ သမိုင်းစကားပန်းစကားစာအုပ်ထဲမှာ အမုန်း ဆိုသည့် ဘာသာပြန် အက်ဆေးတပုဒ်ပါသည်။ အမုန်းတရားနှင့်ပတ်သက်သည့် နိုင်ငံတကာကွန်ဖရင့်တခု အကြောင်းရေးထားခြင်းဖြစ်သည်။ ယင်းကွန်ဖရင့်ကို "အမှောင်ကို နောက်သို့ အနည်းငယ် ဆုတ်သွားအောင် လုပ်ရန်" ဟုအက်ဆေးဆရာက စုတ်ချက်ဆွဲသည်။
အမှောင်ကို နည်းနည်းလေး နောက်ဆုတ်ဖို့ မြန်မာပြည်တွင်းမှာ သို့မဟုတ် ပြည်ပမှာပြုလုပ်သော ဆွေးနွေးပွဲများစွာရှိသည်။ တကယ်ဘဲ အမှောင်ကို အနည်းငယ် ဆုတ်သွားအောင် တတ်နိုင်ခဲ့သည်။ တခါတရံတော့ ယင်းဆွေးနွေးပွဲများကပင် အမှောင်ထုကို ပို၍ သိပ်သည်းအောင် ဖြစ်သွားစေသည်များလည်း ရှိသည်။ ပါဝင်ချယ်လှယ်သူတို့၏ ဘက်လိုက်မှုများ၊ လှောင်ပြောင်နှိမ့်ချမှုများကလည်း အမှောင်ပင် မဟုတ်ပါလား။
ယင်းအက်ဆေးတွင် "အမုန်းကို ဆွေးနွေးရသည်မှာ ခက်ပါသည်။ စိတ်က ငြင်းဆန်ပါသည်။ ထိုအကြောင်းအရာသည် ပုံသဏ္ဍာန် ကင်းမဲ့ပါသည်။ ဖရိုဖရဲ နိုင်ပါသည်။ ရန်များပါသည်" ဟုလည်းကောင်း၊ "အမုန်းသည် အသိဉာဏ်ပညာအရလည်းကောင်း၊ စိတ်ဓာတ်ရေးရာအရလည်းကောင်း၊ အန္တရာယ်များသော အုတ်ထိန်းမနိုင်သော အရှုပ်အထွေးတခု၊ သရဲသဘက်တကောင်နှင့် တူနေသည်"ဟုလည်းကောင်း အမုန်းကို မှတ်ချက်ပြုထားပါသည်။
အမှန်ပင် အမုန်းကား ဆွေးနွေးရခက်သည်။ အမုန်းသမားဟု ဆိုနိုင်သူတို့ကြားတွင် တယောက်ကိုတယောက် လက်ခံကြည့်ရှုရန်ပင် သိပ်ခက်ခဲနေသည်။ တကယ်တော့ သူတို့သည် အရင်က ဘယ်မှာမှ မတွေ့ဆုံဘူးခဲ့ပေ။ ဘာ့ကြောင့် မကြည့်ချင် မမြင်ချင်လောက်အောင် ရွံ့ နေကြရသနည်းဟူမူ ဖေ့ဘွတ်ပေါ်တွင် တယောက်၏အထွဋ်အမြတ်ထားရာကို တယောက်ကသေးသိမ်အောင်လုပ်ဆောင်ပြီး၊ ဆိုးဝါးယုတ်ညံ့သည်ဟု ကောက်ချက်ချပြီး၊ မြင်ပြီး တွေ့ပြီး၊ ဆဲဆိုပြီး ခြိမ်းခြောက်ပြီး၊ နာကျည်းပြီး ရွံရှာပြီး စက်ဆုတ်ပြီးဖြစ်နေကြသောကြောင့်ပင်။
အက်ဆေးဆရာ၏မှတ်ချက်အတိုင်းပင် မြန်မာပြည်တွင်းက လူမျိုးရေး ဘာသာရေးမှုန်းတီးမှုများသည် အလွန်အားကောင်း ရှုတ်ထွေး ရန်များလှပါသည်။ လူမျိုးတူချင်း ဘာသာတူချင်းပင် မိမိတို့ရင်တွင်းရှိ အမုန်းတရားတို့အပေါ် မေးခွန်းထုတ်ဝံ့ဖို့ သိပ်ခက်ခဲနေပါသည်။ အကြောင်းမှာ မိမိတို့အုပ်စု၏ရပ်တည်ချက်အပေါ် သစ္စာမဲ့သည်ဟု အထင်မခံနိုင်ကြခြင်းကြောင့်ဖြစ်သည်။
ယခုလို အလုပ်အကိုင်မဲ့ဘေး၊ လက်ဖက်ရည်ဆိုင် စတိုးဆိုင်မှအစ လုပ်အားခေါင်းပုံဖြတ်ဘေး၊ အလုပ်ခွင် မပျော်သည့်ဘေး၊ မျှော်လင့်ချက်မဲ့သည့်ဘေး၊ ရေဘေး၊ မူးယစ်ဆေးဘေး၊ သူရာရည်ဘေးဝိုင်းပြီး တိုင်းပြည်အပေါ် အကျပ်အတည်းပေါင်းစုံ ဖိစီးနေချိန်တွင် အမုန်းတရားသည် သရဲသဘက်တကောင်အလား ဖေ့ဘွတ်တခွင် ပြန်လည် လမ်းသလားနေသည်ကို တွေ့မြင်နေရသည်။ လူမျိုးရေး ဘာသာရေး သွေးထိုးလှုံ့ဆော်နေသောအကောင့်များ ဖိုတိုရှော့ပုံများသည် သိန်းပေါင်းများစွာသော သာမန်ဖေ့ဘွတ်သုံးစွဲသူများ၏ မျက်နှာစာတွင် လွှမ်းမိုးချယ်လှယ်နေပြီး ဘီလူးဆိုင်း တီးပေးနေသည်။ ဆေးဝ သွေးကြွနေချိန်တွင် ဘီလူးဆိုင်းကား တကယ့်အာဠာဝကတိုင်းပြည်ဖြစ်သွားစေနိုင်သည့် ပံ့ပိုးမှုပင်။
အရင်က ဤကဲ့သို့ လှုံ့ဆော်မှုများကို ဂရုတစိုက်စောင့်ကြည့်တတ်သူများသည် ယခုအခါ အားကောင်းကောင်းနှင့် ရှိမနေတော့သည့်အပြင် ထိုအခြေအနေများကို ဘဝတက်လမ်းအဖြစ် အသုံးချနေသူများလည်း ရှိနေသည့်အခင်းအကျင်းဖြစ်သည်။
လက်ရှိအာဏာရပါတီသည် ကိုယ့်ကို ဝေဘန်သူများ အတိုက်အခံလုပ်သူများ၏အကောင့်တို့ကို ဆင်ဆာလုပ်ဖို့ ကျိုးပမ်းနေပြီး ကိုယ့်ကိုယ်ကို ကာကွယ်ဖို့သာ အားသန်နေပုံရခြင်းက ယင်းအမုန်းလှုံ့ဆော်ရေးအကောင့်တစ္ဆေများကို အမဲသားကျွေးနေသကဲ့သို့ဖြစ်နေသည်။ ယင်းတို့ လမ်းသလားခွင့်ရှိနေခြင်းက ယင်းအကောင့်များကို မွေးထားသလိုတောင် ထင်စရာဖြစ်နေသည်။ တကယ်တော့ ပရိုဖိုင်အစစ်နှင့် ဝေဘန်နေသူများသည် ကြောက်စရာမဟုတ်ပေ။ ယင်းဝေဘန်မှုသည် အားလုံးကျိုးပမ်းရှာဖွေနေသည့် ဒီမိုကရေစီ၏သွင်ပြင်လက္ခဏာတချို့သာဖြစ်သည်။
အက်ဆေးတွင် "အမုန်းဆိုတာ ဘာလဲ" ဟု မေးခွန်းထုတ်ပြီး ဝီဇယ်ဆိုသည့်တယောက်က "အနက်ရောင် နေမင်း" ဟု ဖြေသည်။ "ဘာဘဲဖြစ်ဖြစ် ထိုအကြောင်းအရာကို ဆွေးနွေးရန် ခက်ခဲသည့်အကြောင်းမှာ အမုန်းသည် တချိန်တည်းတွင် လျှို့ဝှက်နက်နဲသောအရာနှင့် လူဖျင်းလူညံ့ဖြစ်နေသောကြောင့် ဖြစ်သည်။ အမုန်းသည် နားမလည်နိုင်လောက်အောင် ခက်ခဲနက်နဲသော အရာဟုလည်း ထင်ရသည်။ ခွဲခြမ်းစိပ်ဖြာကြည့်ရန် မလိုလောက်အောင် သိမ်ဖျင်းမိုက်မဲသောအရာဟုလည်း ထင်ရသည်။ အမုန်းသည် တင်းပုတ်ကိုင်ထားသော ဝမ်းတွင်းရူး။ ပြင်းထန်၍ စက်ဆုတ်စရာကောင်းပြီး ကျိုးကြောင်းညီညွတ်မှုကင်းသော အနက်ရောင် ယစ်မူးမှု။ သေမင်း၏ ကြံရာပါ။"ဟုလည်း တစ်တစ်ခွခွ ဆိုထားသည်။
မြန်မာပြည်ရှိ အမုန်းသည် အမျိုးသားရေးနှင့် ရောယှက်နေသလို ကိုးကွယ်ရာဘာသာနှင့် ချိပ်ဆက်ထားပြန်သေးသည်။ အမုန်းသည် အမျိုးသားရေး ဘာသာရေး လူမျိုးရေးတို့၏ ခွန်အားလိုလို အယောင်ဆောင်ထားသည်။ တကယ့် ကျိုးကြောင်းညီညွတ်မှုကင်းသော အနက်ရောင်ယစ်မူးမှုသာ။ အမုန်းသည် မြန်မာပြည်ရှိလူတော်တော်များများ၏မွေးရာပါခွန်အား သို့မဟုတ် ငယ်ရွယ်စဉ်ကထဲက စားသုံးခဲ့ရသည့်ဓာတ်စာဖြစ်နေပြန်ရာ မေတ္တာ၏ဆန့်ကျင်ဘက်မှန်းသိရက်နှင့် ဖက်တွယ်ထားကြသည်။ မြန်မာပြည်အဖို့ လူမျိုး ဘာသာ ဘယ်မျှကွဲပြားပစေ အမုန်းကတော့ ဘုံဘာသာတရားပင် ဖြစ်နေပေတော့သည်။
အမုန်းကွန်ဖရင့်တွင် ကဗျာဆရာများက အမုန်း၏မျိုးစေ့ကို နှလုံးသားထဲတွင် လိုက်ရှာပြီး ဘောဂဗေဒနှင့် သမိုင်းဆရာတို့ကမူ လူများ၏နေထိုင်မှုဘဝ အခြေအနေများထဲတွင် လိုက်ရှာသည်ဟုဆိုသည်။
"ဗက်ကလပ်ဟာဗယ်ကမူ မုန်းရန် မစွမ်းဆောင်နိုင်မှု (အမုန်းမပွားနိုင်သော သတ္တိ) ဟူ၍ ရှိသည်ဟု ဆိုပါသည်။ သူ့အဆိုကို အခြား လူတော်တော်များများက သံသယရှိကြပါသည်" ဆိုသည်ကို ဖတ်လိုက်ရစဉ်မှာ ယင်းသတ္တိရှိသည်ဟု မိမိကိုယ်တိုင်ရော ယုံလားဟု မေးခွန်းထုတ်ဖြစ်သည်။ အမုန်းမပွားနိုင်သော သတ္တိရှိသလားဟူသည် လူတိုင်း အပြန်အလှန်မေးရမည့် မေးခွန်းတခုဖြစ်သင့်သည်။ ယင်းသတ္တိပေါ်ထွက်လာသည်အထိလည်း မေးဖို့လိုလိမ့်မည်။ ပေါ်ထွက်လာမည်ဟု စိတ်ကူးကြည့်လိုက်သည်။ စိတ်ကူးတွေက အရသာရှိသည်မဟုတ်လား။
"အမုန်းမှာ အချစ်နဲ့တူတာတွေ တော်တော်များများရှိတယ်။ အထူးသဖြင့် ကိုယ့်ကိုယ်ကို မေ့သွားပြီး အခြားသူတဦးအပေါ်မှာ စူးစိုက်သွားတဲ့နေရာမှာ အချစ်နဲ့ တော်တော်တူတယ်။ အချစ်လိုဘဲ အခြားသူတွေအပေါ်မှာ အမှီပြုကာ ကိုယ့်ဇာတ်တစိတ်တပိုင်းကို တခြားသူအပေါ်ကို ပို့ဆောင် စေလွှတ်လိုက်တာတွေဟာ အချစ်နဲ့ တော်တော်တူတယ်။ မုန်းသူဟာ မုန်းရမယ့်သူကို တောင့်တတယ် " ဟု ဟာဗယ်က အမုန်းစိတ္တဗေဒကို ထပ်မံ ပြောကြားသည်။ အကယ်၍ အမုန်းနှင့် အချစ်သည် ခြူးတပြား၏ ခေါင်းနှင့် ပန်းသာဆိုလျှင် အမြင်တဖက်ပြောင်းလိုက်သည်နှင့် အမုန်းမပွားနိုင်သည့် သတ္တိရှိသည်ဆိုသည့် အဆိုသည် တကယ်ဖြစ်သွားနိုင်သည်။
" အမုန်းဟာ ကျရှုံးသွားတဲ့ နတ်တမန်ရဲ့ မကောင်းဆိုးဝါးအရည်အချင်းဖြစ်တယ်။ အမုန်းဟာ ထာဝရဘုရားသခင်ဖြစ်လိုတဲ့ စိတ်အခြေအနေတမျိုးဖြစ်တယ်။ သူ့ကိုယ်သူ ဘုရားသခင်လို့တောင် ထင်တဲ့အရာဖြစ်တယ်။ ဘုရားသခင်မဟုတ်ဘူး။ ဖြစ်လည်း မဖြစ်နိုင်ဘူးလို့ သိတဲ့အခါမှာ ခံစားရတဲ့ ဆင်းရဲဒုက္ခဖြစ်တယ် " ဟု ဟာဗယ် ဆက်ပြောသည့် စကားအတိုင်းဆိုလျှင် ဘုရားသခင်တွေအပေါ် ယုံကြည်မှု လျော့ကျသွားသည့်အချိန်တွင် တနည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားကောင်းခိုင်မာလာသည့်အချိန်တွင် အမုန်းစိတ်အခြေအနေသည် လွင့်ပါးသွားပေမည်။
ဟာဗယ်က ပုံစံကျအမုန်းသမားသည် " လေးနက်သော မျက်နှာ၊ ဆတ်ဆတ်ထိမခံသည့် သဘော၊ ကြမ်းတမ်းမာကျောသော စကားအသုံးအနှုန်း၊ အော်ငေါက်ခြင်း၊ သူ့ကိုယ်ထဲမှ ပြန်၍ ထွက်နိုင်စွမ်းမရှိခြင်းနှင့် သူ့မိုက်မဲမှုကို ပြန်၍ မမြင်နိုင်ခြင်း၊ ထိုသို့ ရှိသောသူ ဖြစ်သည်" ဟု အမုန်းသမားကို ပုံဖော်ပေးသည်။ အမုန်းသမားဟုတ်မဟုတ် ကိုယ့်ကိုယ်ကို အထက်ပါအချက်များနှင့် တိုင်းတာပြီးလျှင် အမုန်းသမားဆိုတာ ဘယ်လိုဟာဟု ကိုယ်သိသည့်အချက်တချက်ကို ဖြည့်စွက်ကြည့်စေချင်သည်။
ကျွန်ုပ်ကတော့ လစ်ဘရယ်ရောင်ဆောင်ခြင်းဆိုသည့်အချက်ကို ဖြည့်စွက်သည်။
ဟာဗယ်က " အော်စလိုကွန်ဖရင့်တွင် ဆွေးနွေးသည့်အကြောင်းအရာသည် အတိအကျအားဖြင့် အမုန်းမဟုတ်ပါ။ အမှောင်ဘက်တွင်ရှိသည့် ဆိုးယုတ်ခြင်းနှင့် အလင်းဘက်တွင်ရှိသည့် မျှော်လင့်ချက်တို့အကြောင်းဖြစ်သည်ဟု ကျွန်တော်ထင်ပါသည် " ဟု ဆက်ပြောပြီး သူ့နှလုံးသားထဲမှာ မျှော်လင့်ချက်ကိုဘဲ သိမ်းဆည်းထားကြောင်းဆိုပါသည်။
အက်ဆေးဆရာက " ကျွန်တော်၏ အော်စလိုမှ အပြန်ခရီးသည် နောက်တရက်နှစ်ရက်အကြာ ကမ္ဘာလှည့်ခရီးသည်တဦး အသတ်ခံရသည့် နယူးယောက်မြို့ မြေအောက်မီးရထားဘူတာရုံထဲသို့ အဆုံးသတ်သွားပါသည်။ သူ့ကို သတ်သွားသည့် သူရူးများသည် သူ့ကို မမုန်းပါ။ လုံးဝ မမုန်းပါ။ အနီးရှိ ကပွဲတခုသို့ သွားရန် သူတို့ ပိုက်ဆံလိုနေပါသည်။ ထိုဟာလာဟင်းလင်းဖြစ်၍ သူသတ်ကျူးသော အမုန်းကင်းမဲ့မှုသည် ကြောက်ဖွယ်လိလိဖြစ်ပါသည်။ ထိုကြောက်ဖွယ်လိလိအရာများအကြောင်းကို အော်စလိုတွင် မဆွေးနွေးခဲ့ကြပါ" ဟူသော ဝါကျများဖြင့် အက်ဆေးကို အဆုံးသတ်လိုက်သည်။
အမုန်းအကြောင်းရေးသည့်အက်ဆေးကို ဖတ်ပြီးချိန်တွင် နောက်ဆုံးစာပုဒ်ထဲမှ အမုန်းကင်းမဲ့မှု၊ သူသတ်ကျူးသော အမုန်းကင်းမဲ့မှု၊ ဟာလာဟင်းလင်းဖြစ်၍ သူသတ်ကျူးသော အမုန်းကင်းမဲ့မှုဆိုသည့် စကားလုံးများ ပဲ့တင်ထပ်နေပြီး ယင်းပဲ့တင်သံများက ကိုယ့်တိုင်းပြည်အပေါ် နင်းချေဖျက်ဆီးတော့မည့် ကြောက်စရာသတ္တဝါဆိုး၏ ပုံရိပ်ကို ထင်ဟပ်ပြသလို ခံစားလိုက်ရသည်။
ထို့နောက် ကြောက်ဖွယ်လိလိဖြစ်သော အမုန်းမဲ့သူသတ်ကျူးတို့ ပုံရိပ်များသည် တဖွားဖွားပေါ်လာသည်။ တကယ့်ကို ဟာလာဟင်းလင်းအမုန်းမဲ့သူသတ်ကျူးများ။ ကလေးငယ်တွေကို ရိုက်သတ်သည့် ပယောဂဆရာများ၊ ကလေးငယ်လေးများကို မုဒိမ်းကျင့်၍ ခေါင်းထု လည်ညှစ်သတ်ဖြတ်သည့် တကယ့်ကို ဟာလာဟင်းလင်းများသည် တဖွားဖွားပေါ်လာတော့သည်။ ကလေးတို့၏ ငရဲခန်းကို ဘယ်သူ မှန်းဆကြည့်နိုင်မည်နည်း။ သူတို့သည် ကလေးငယ်လေးများကို မမုန်းသည်မှာ သေချာပါသည်။ နောက် ဆိုင်ကယ်နှင့် ဆိုင်ကယ်စီးနင်းလာသည့်သူများ၏ပစ္စည်းတွေကို လုကြသည်။ တဖက်မှာ ခေါင်းကွဲ လက်ခြေကျိုး အသက်ဆုံးဖြစ်ကြသည်။ ထိုသူတွေကိုလည်း မုန်းထားရန်ငြိုးဖွဲ့၍ လုပ်ဆောင်ခြင်းမဟုတ်သည်မှာ သေချာပါသည်။ အရက်အတွက် ဆေးပြားအတွက် ဖုန်းအတွက် ထမင်းတနပ်အတွက် ဖာသိဖာသာ ဟာလာဟင်းလင်းစိတ်ခံစားမှုများနှင့် လုယက် သတ်ဖြတ်လုပ်လိုက်ကြသည်။
မနက်ကဘဲ သူခိုးက သူဝင်လာသည်ကို မြင်သွားသည့် ၁၆နှစ်အရွယ် ဆယ်တန်းကျောင်းသူလေးကို ဒါးဖြင့်ထိုးသတ်သွားသည့်သတင်းတပုဒ်ကို ဖတ်လိုက်ရသေးသည်။
မောင်လူရေး
Comments