သာထက်အောင် - ရွှေပြည်ကြီးက အမှိုက်၊ ကွမ်းယာ၊ အိမ်သာ ပြဿနာ


သာထက်အောင် - ရွှေပြည်ကြီးက အမှိုက်၊ ကွမ်းယာ၊ အိမ်သာ  ပြဿနာ
(မိုးမခ) သြဂုတ် ၂၉၊ ၂၀၁၈

ပြဿာနာပေါင်း သောင်းခြောက်ထောင်နဲ့ ချာဘပတ်ရမ်းနေတဲ့ ခြေတပေါင်ကျိုး အစိုးရရဲ့ ထော့နင်းထော့နင်း ခြေလှမ်းတွေကိုကြည့်ပြီး ပြည်သူတွေရဲ့ အားမလိုအားမရ အသံတွေ ညံနေတာ လူတိုင်းကြားပြီး သိပြီး ဖြစ်ပါလိမ့်မယ်။

ဘင်္ဂလားဒေ့ခ်ျနိုင်ငံကို ထွက်ပြေးသွားတဲ့ ဘင်ဂါလီခေါ်မလား ရိုဟင်ဂျာခေါ်မလား သူတို့ကို ပြန်လည်လက်ခံဖို့ကိစ္စ ကမ္ဘာဖိအား။ မျှော်တိုင်းဝေးနေသေးတဲ့ ပြည်တွင်းငြိမ်းချမ်းရေး သေနတ်သံ မစဲသေး။ နောက်စေ့တည့်တည့်ကို သေနတ်နဲ့ ချိန်ပစ်တဲ့ ဦးကိုနီကိစ္စ ခုထိပြေးသူကို မတွေ့သေး။ အရိုက်နှက် အထိုးကြိတ်ခံရလို့ သေတဲ့လူသတ်မှုကို ကြေအေးလို့ရတဲ့ ကမ္ဘာအံ့ဖွယ်စီရင်ထုံး။ ၀န်ကြီးဟောင်းတယောက်ရဲ့သားဆီက မိလိုက်တဲ့ လက်နက်များကိစ္စ။ မြေပြိုလို့ အရှင်လတ်လတ် မြေမြှုတ်သင်းဂြိုဟ်ခံရတဲ့ ဖားကန့်ဘက်က ရေမဆေးကျောက် ရှာနေကြတဲ့ ကျောမွဲတွေရဲ့ လုံခြုံရေး။ ဓာတ်လိုက်သေကြတဲ့ အပြစ်မဲ့ကလေးတွေခင်မျာ ကံကိုသာ ရိုးမယ်ဖွဲ့နေကြရ။ နွေမှာမီးလောင် မိုးမှာရေကြီးပြီး ဖြစ်ပြီးရင် ငွေဖလားလေးနဲ့ မီးဘေးရေဘေးအလှူခံ ထမင်းထုပ်ဝေ - အချို့တတ်နိုင်သူတွေက ငွေလှူ ကုသိုလ်ယူပြီးတော့ ဓာတ်ပုံလေးရိုက်၊ ဖဘပေါ်တင်၊ ဟူး ... ဟူး ... တဒေါ်လာ ၂၀၀၀ ကျပ် မဖြစ်ပါစေနဲ့လို့ပဲ ကြိတ်ဆုတောင်းနေရတဲ့ ဘ၀ပါလား။

လူတွေ လျှာထွက်နေပြီ၊ အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေကြရပြီ။ မတတ်သာတဲ့အဆုံး ဘုန်းကြီးကျောင်း မယ်သီလရင်ကျောင်း တရားစခန်းတွေမှာ လူကြိတ်ကြိတ်တိုးပြီး အေးငြိမ်းရာ ရှာနေကြရတဲ့ ဘ၀ ရောက်ကုန်ပြီ။

ဘယ်တိုင်းပြည် ဘယ်လူမျိုး ဘယ်နိုင်ငံပဲဖြစ်ဖြစ် အားလုံးအဆင်ပြေ ချောမော ရာနှုန်းပြည့်အောင်မြင်နေတယ် ဆိုတာ မရှိပါဘူး။ ကိုယ့်အပူနဲ့ကိုယ် ကိုယ့်ပြဿနာနဲ့ကိုယ် ပါပဲ။ သဘာဝတရားကြီးကလည်း တဖက်စောင်းနင်း မျက်နှာသာပေးတာမျူိုး မရှိပါဘူး။ စနစ်ကောင်းတယ် လူတွေတော်တယ် ဆိုရင် အဲဒီနိုင်ငံ ဘယ်တော့မှ ဆိုးဆိုးဝါးဝါး မဖြစ်ပါဘူး။ စနစ်မကောင်း လူမကောင်း ဆိုရင်တော့ ... ...။ စနစ်ဆိုးက လူဆိုးလူယုတ်မာတွေ မွေးထုတ်ပေးသလို အဲဒီလူဆိုး လူယုတ်တွေက အဲဒီစနစ်ကို ဖက်တွယ်တတ်ကြတော့ စနစ်နဲ့ လူဆိုတာ အပြန်အလှန် အကျိုးပြု အမှီသဟဲပြုနေကြတာ သဘာဝပါ။

အထက်က ပြဿနာပေါင်း သောင်းခြောက်ထောင်လို့ ရေးရင်း ကောက်ခါငင်ခါ ထုတ်နှုတ်ပြခဲ့တဲ့ ပြဿနာတွေကို မင်း ဖြေရှင်းနိုင်လို့လား မေးရင် ကျနော်လို ပုရွက်ဆိတ်ဦးနှောက် မရကြောင်း လျောက်တင်ရမှာပါပဲ။ အနှစ်နှစ် အလလက ပျက်စီးလာတဲ့ ခေတ်ဆိုးစနစ်ဆိုးရဲ့ ဒဏ်ကို ဥာဏ်ပညာဦးစီးတဲ့ ပညာရှင်တွေ မပါပဲ ထောင်လေး ဘာလေး ကျဖူးတဲ့ သူလို ငါလို ဦးနှောက်မျိုးနဲ့ ဖြေရှင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

သူများနိုင်ငံ (အတော်များများ) မှာ ပြဿနာလို့ မယူဆတော့ဘဲ အသားကျနေပြီဖြစ်တဲ့ မြို့တော်သန့်ရှင်းရေးကိစ္စကိုတောင် ကျနော်တို့ ရွှေပြည်ကြီးက အစိုးရအဆက်ဆက် မဖြေရှင်းနိုင်ကြပါဘူး။ ဥပမာ - အမှိုက်ကိစ္စ။ ကနေ့ ၂၁ ရာစုရောက်တဲ့အထိ အမှိုက်ကို ဘယ်လိုပစ်လို့ ဘယ်လိုသိမ်းရမယ် ဘယ်လိုရှင်းရမယ်ဆိုတာ တိတိကျကျ ရှိပုံ မရပါဘူး။ လူထုခေါင်းဆောင်ဆိုသူကြီးက အမှိုက်ကလေး ဘာလေး ဟန်ပြကောက်ပြလိုက်ရင် မင်းသားမင်းသမီး ဆယ်လီတွေကလည်း ဟန်ပြ အမှိုက်ကောက်ကြ၊ ပြီးတော့ ဘာမှလည်း မဟုတ်။ ကောက်ရိုးမီး။ အဲဒါ ရွှေမြန်မာစရိုက် အစစ်အမှန်ပါ။ လွန်ခဲ့တဲ့ ၁၀နှစ် လောက်က မဟေသီမဂ္ဂဇင်းမှာ 'အမှိုက်နဲ့ လူ၏တန်ဖိုး' ဆိုတဲ့ ဆောင်းပါးတပုဒ် ကျနော် ရေးခဲ့ဖူးပါတယ်။ ဘယ်သူကမှ တိုင်မှတ်လို့ နှပ်မသုတ်ပါဘူး။ ရှုပ်မြဲ နံဆဲ အမှိုက်ပုံကြီးတွေ ဟီးထဆဲပါပဲ။ ပြီးခဲ့တဲ့ နွေတုန်းက အမှိုက်ပုံကြီး ထ မီးလောင်တော့ ဘာလုပ်လို့ လုပ်ရမှန်း မသိလောက်အောင် ထိုင်းက ဓာတုဆေးရည်တွေ မှာပြီး ဖြန်းမှ ငြိမ်းပါတော့တယ်။

အမှိုက်ဆိုတာ ရွှေပြည်ကြီးတခုတည်းရှိတဲ့ ပစ္စည်းမဟုတ်ပါဘူး။ နိုင်ငံတိုင်းမှာ အမှိုက်ရှိပါတယ်။ လူရှိရင် အမှိုက် ရှိပါတယ်။ ခုတလော ဖေ့စ်ဘုတ်ပေါ်မှာ တွေ့လိုက်ရတယ်။ မြိတ်မှာ ဆိုင်းဘုတ်ထောင်သတဲ့။ အမှိုက်ပစ်ရင် ဒဏ်ငွေ ၃ သိန်း၊ သတင်းပေးရင် ဆုငွေ တသိန်း ဆိုပါလား။ ရန်ကုန်မှာလည်း နိုဝင်ဘာလက စပြီး ကွမ်းတံတွေးထွေးရင် ဒဏ်ငွေ ၅သောင်း ဆိုပါလား။

ကျနော်ကတော့ ညံ့တယ်ပြောလည်း ခံရမှာပဲ။ ဥာဏ်သိပ်မမီပါဘူး။ လူဦးရေ ၅ သန်း ၆ သန်း မှီတင်းနေထိုင်တဲ့ မဟာရန်ကုန် စင်ကာပူထက်ကြီးတဲ့ ရန်ကုန်မြို့မှာ လူတယောက် ဖတ်ကနဲ အမှိုက်ပစ်ထည့်လိုက်တာ ကွမ်းတံတွေး ဗျစ်ကနဲ ထွေးလိုက်တာ၊ ဘယ်လိုဖမ်းမှာတုန်း။ ဘယ်သူက ဖမ်းမှာတုန်း။ အမှိုက်ပစ်တဲ့သူ ကွမ်းတံတွေးထွေးတဲ့သူကို ဖမ်းဖို့ လက်နက်အပြည့်အစုံ တတ်ဆင်ထားတဲ့ လေ့ကျင့်ထားတဲ့ အဖွဲ့အစည်း ရှိပါသလား။ ဟိုတုန်းက မဆလခေတ်က လက်ပတ်နဲ့ ၀ါရင်းတုတ်တချောင်း ကိုင်ပြီး နေ့စား ဂဠုန်တွေကို လမ်းဘေးဈေးသည် ဖမ်းခိုင်းတော့ ပြေးကြလွှားကြ ရိုက်ကြ နှက်ကြ။ လမ်းဘေးဈေးသည်က သူ့မှာ ဘမ်းတွေ အထုပ်တွေနဲ့မို့ ဖမ်းရတာ လွယ်ကောင်းလွယ်မယ်။ ဗျစ်ကနဲ ကွမ်းတံတွေးထွေးတဲ့သူတယောက်ကို အရပ်သားက ၀င်ဖမ်းဖို့ဆိုတာ လက်တွေ့မှာ မလွယ်ပါဘူး။ လက်မှာ တက်တူးအပြည့်နဲ့ ကလေကချေပုံပေါက်နေတဲ့ လူ ၃ယောက်၊ မူးကလည်းမူး၊ ကွမ်းလေး တမြုံ့မြုံ့နဲ့ လမ်းဘေး ကွမ်းတံတွေး ထွေးတာကို ခါးမှာ ခြောက်လုံးပြူးချိတ်ထားတဲ့ ရဲအုပ်တောင် ၀င်ဖမ်းဖို့ ၀ံ့မယ် မထင်ပါဘူး။

မြန်မာတွေ အမှိုက်ကို စနစ်တကျမပစ်တတ်ဘူးလို့ ပြောရင် တချို့က နာကြဦးမယ်။ တိုးတက်တဲ့နိုင်ငံက ကလေးတွေ အမှိုက်ကို တွေ့ကရာမပစ်ဘူးဆိုတာ သူတို့ငယ်ဘ၀ ကျောင်းနေစဉ်ကတည်းက လေ့ကျင့်သင်ကြားပေးခဲ့လို့ပါ။ မြန်မာတွေကလည်း အဲသလို အသင်ပြခံခဲ့ရရင် အဲသလိုကောင်းတဲ့ အကျင့်တွေ တွေ့ရမှာပါပဲ။ မိဘတွေအလုပ်သွားကြ၊ ကလေးတွေကို child care မှာထားခဲ့။ အဲဒီ child care က ဆရာ ဆရာမတွေမှာခင်ဗျာ သိပ်တာဝန်ကြီးပါတယ်။ ကလေးနေမကောင်းမှာ၊ ထိခိုက်ဒဏ်ရာရမှာ၊ တခုခုဖြစ်သွားမှာ စိုးရိမ်ရသလို၊ အမှိုက် ဘယ်လိုပစ်ရမယ်၊ အိမ်သာ ဘယ်လိုသုံးရမယ်၊ အိမ်သာကမထွက်ခင် လက်ကို ဆပ်ပြာနဲ့ဆေး လေမှုန် အခြောက်ခံ (သို့) အိမ်သားမှာ ထားပေးတဲ့ အ၀တ် (သို့) စက္ကူနဲ့ ခြောက်အောင်သုတ် စသဖြင့် သင်ပေးထားတော့ ဒီက သြဇီတွေ ဘယ်သူဖြစ်ဖြစ် အိမ်သာကထွက်ရင် (အပေါ့သွားတာပဲဖြစ်ဖြစ်) လက်ကိုဆေးကြပါတယ်။ တကိုယ်ရည်သန့်ရှင်းရေး ပတ်ဝန်းကျင်သန့်ရှင်းရေးကို အမိန့်နဲ့ ဒဏ်ငွေ လုပ်လို့မရပါဘူး။ 'အသိ' နဲ့ လုပ်ရပါတယ်။ ပတ်ဝန်းကျင် ညစ်ညမ်းအောင် မလုပ်ရဘူးဆိုတာ ငယ်ငယ် ကျောင်းမှာကတည်းက ရိုက်သွင်းရပါတယ်။ ကားစီးရင် ခါးပတ်ပတ်ရမယ် ဆိုတာ ဒီကလူတိုင်း အလေ့အကျင့် ဖြစ်နေပါပြီ။ ကားပေါ်ရောက်တာနဲ့ လူက မေ့ရင်မေ့မယ် လက်ကမမေ့ပါဘူး။ ခါးပတ်ဆီ လက်ရောက်နေပြီ ဖြစ်ပါတယ်။

ထို့အတူ ကွမ်းတံတွေးထွေးရင် ဖမ်းဖို့ ထက် ကွမ်းယာမစားအောင် ကွမ်ယာရဲ့ ဆိုးကျိုးကို ငယ်ငယ်လေးကတည်းက ရိုက်သွင်းထားရပါတယ်။ ခု ဘန်ကောက်မြို့လယ်သွားကြည့်စမ်းပါ။ ထိုင်းလူငယ် ပညာတတ်လေးတွေ ကွမ်းစားသလား ဆိုတာ။ ကျုပ်တို့ ရွှေပြည်ကြီးကတော့ ရှေ့နေကလည်း ကွမ်းထုပ်နဲ့ ဗိုလ်မှူးကြီးကလည်း ပါးစပ်မှာ ကွမ်းသွေးတရဲရဲနဲ့ စာရေးဆရာကလည်း ကွမ်းလေးတမြုံ့မြုံ့နဲ့ ... ။

သြစတြေးလျမှာ မသောက်သင့်ဆုံးအရာက စီးကရက်ပါ။ အစိုးရက လူတွေ စီးကရက်ဝယ်မသောက်နိုင်အောင် အခွန်ကို မတရားတိုးမြှင့် ကောက်ခံထားတော့ ၂၅လိပ်ဝင် စီးကရက်တဗူးကို ဒေါ်လာ ၃၀ ကျော် ပေးရပါတယ်။ တလိပ်ကို တဒေါ်လာကျော်တော့ ကျပ်ငွေနဲ့ဆို ၁၅၀၀ ကျော်လောက် ပေးရပါတယ်။ တနေ့တဗူးကုန်တဲ့သူဆို ဒေါ်လာ ၃၀ ကျော်။ တပတ်တို့ တလတို့ တွက်ကြည့်ရင် ဘတ်ဂျက်ကိုလာထိပါတယ်။ ဒီတော့ တချို့က ဖြတ်ဖို့ စိတ်ကူးရပါတော့တယ်။ နောက် ... ဆေးလိပ်သောက်တဲ့နေရာက အတော်ရှားသွားပြီ။ မှတ်တိုင်မှာ ဘူတာမှာ စားသောက်ဆိုင် အရက်ဆိုင်မှာ လူစည်ကားတဲ့နေရာမှာ ဆေးလိပ်သောက်ခွင့် မပေးတော့ဘူး။ ဘီယာဆိုင်တွေမှာ ဆေးလိပ်သောက်သူတွေအတွက် သီးသန့်နေရာလုပ်ပေးပြီး လူနဲ့ခပ်ဝေးဝေးမှာ သွားသောက်ရတာပါ။ နောက် စီးကရက်ဘူးတွေကို ဘယ်ဆေးလိပ်မှ တန်းစီပြထားခွင့် ရှိပါဘူး။ အ၀တ်မည်းကြီးနဲ့ လူမမြင်အောင် ကာထားရပါတယ်။ ဆိုလိုတာက ဘေးဥပါဒ်ကြီးလှတဲ့ စီးကရက်ကို လုံးဝကြီး ချုပ်ငြိမ်းသွားအောင် မလုပ်နိုင်ဦးတော့ အတတ်နိုင်ဆုံး လျော့ကျအောင် ကြိုးစားရမှာက အစိုးရတိုင်းရဲ့ တာဝန်ပါ။ အမှိုက်ကို စည်းကမ်းတကျ မပစ်ကြဘူးလို့ ပြည်သူကို အပြစ်တင်ရင် သန့်ရှင်းသပ်ရပ်တဲ့ အမှိုက်ပုံး လုံလောက်အောင် ထားပေးရဲ့လားလို့ အစိုးရကို ပြန်မေးရပါလိမ့်မယ်။

ဆစ်ဒနီက ကျနော်နေတဲ့ ရပ်ကွက်မှာ ဘူတာရှိပါတယ်။ သိပ်ကြီးကြီး မဟုတ်ပါဘူး။ တနေ့ မြို့ထဲသွားရင်း ပျင်းပျင်းရှိတာနဲ့ သူတို့လုပ်ထားတဲ့ အလူမီနီယမ် အမိုးနဲ့ အမှိုက်ပုံးကို ရေကြည့်မိပါတယ်။ ၁၀ လုံးတိတိ ရှိပါတယ်။ ထိုင်ရာက ထပြီး အမှိုက်ပုံးထဲ အမှိုက်ပစ်ဖို့ သိပ်အားထုတ်နေစရာမလိုပါဘူး။ ဖမ်းမယ့် ဒဏ်ရိုက်မယ့် လူလည်း မရှိပါဘူး။

အဓိကကတော့ ကောင်းတဲ့ အလေ့အကျင့်တွေကို ငယ်စဉ်ကလေးဘ၀မှာ ခေါင်းထဲဝင်အောင် ရိုက်သွင်းနိုင်ဖို့ လိုပါတယ်။ ငယ်စဉ်က ပါလာတဲ့အကျင့်ဟာ ကောင်းရင်လည်း ဘ၀တလျောက်လုံး၊ မကောင်းရင်လည်း ဘ၀တလျောက်လုံးပါ။ ကောင်းတဲ့ 'အသိ' ရှိရုံနဲ့ မလုံလောက်သေးပါဘူး။ တာဝန်ရှိပုဂ္ဂိုလ်များဘက်ကလည်း facility လုံလောက်အောင် ဆောင်ရွက်ပေးမှ စည်းကမ်းဆိုတာ လိုက်နာနိုင်ပါလိမ့်မယ်။ 'လမ်းဘေးသေးမပေါက်ရ' ဆိုင်းဘုတ်ထောင်ရုံနဲ့ ဒီကိစ္စ ပြေလည် မသွားနိုင်ဘူး။ အသင့်အတင့် သပ်ရပ်သန့်ရှင်းတဲ့ အများပြည်သူသုံး ရေအိမ်တွေကို လူစည်ကားရာအရပ်တိုင်းမှာ အခမဲ့ အသုံးပြုခွင့်ပေးနိုင်မှ လမ်းဘေးသေးပေါက်တဲ့ပြဿနာ နည်းသွားမှာပါ။ ကနေ့ ရန်ကုန်မြို့လူဦးရေနဲ့ ရန်ကုန်မြို့လယ်မှာရှိတဲ့ အများပြည်သူသုံး public toilet အချိုးချကြည့်စမ်းပါ။ ဘယ်လိုမှ လက်ခံနိုင်တဲ့ အဖြေရမှာ မဟုတ်ပါဘူး။ မဟုတ်တဲ့နေရာတွေမှာ ပိုက်ဆံဘုန်းပေါလအော သုံးပြီး ပကာသနနောက် တကောက်ကောက်လိုက်၊ အခြေခံအကျဆုံးနဲ့ နိုင်ငံဂုဏ်သိက္ခာနဲ့ အသက်ဆိုင်ဆုံး ကိစ္စတွေမှာတော့ ဘယ်သူမှ စိတ်မ၀င်စားကြတာ ကျနော်တို့ ခေတ်အဆက်ဆက်ပါ။ ရန်ကုန်က မိန်းမသားများ မြို့ထဲထွက်ရင် အဲဒီအိမ်သာကိစ္စက တော်တော် ခေါင်းခဲကြရတာပါ။ မြင်ရုံနဲ့ မူးမေ့အော့အန်သွားနိုင်လောက်တဲ့ အိမ်သာမျိုးကို တွေ့ဖူးထားတော့ အန္တရာယ် လွယ်မထားနိုင်တဲ့အဆုံး လက်ဘက်ရည်ဆိုင် စားသောက်ဆိုင်ဝင် မစားချင် မသောက်ချင်ပေမယ့် အိမ်သာအသုံးပြုချင်လို့ ၀င်ခဲ့ရသူတွေ တွေ့ဖူးကြမှာပါ။

အဆင့်အတန်းမြင့်တဲ့ လူမျိုး၊ စည်းကမ်းရှိတဲ့ လူမျိုး ဆိုတာ ပါးစပ်ကြီးနဲ့ လုပ်လို့မရသလို အမိန့်ကြီးနဲ့လည်း လုပ်လို့ မရပါဘူး။ အသိနဲ့ အရှိ နှစ်ခု ပေါင်းမှ။ အသိဥာဏ် ပညာကြီးဖို့ လိုသလို တိုင်းပြည်ကလည်း စုတ်ပြတ်မွဲတေ မနေဘဲ ထိုက်သင့်တဲ့ ဘဏ္ဍာငွေ ရှိဖို့လည်း လိုကြောင်း တင်ပြလိုက်ရပါတယ်။ ရှိတာတွေ ခိုးလို့ ကုန်ပြီလို့ တစုံတယောက်က ပြောလည်း ကျနော့်မှာ ပြောစရာ ဘာမှ မရှိပါလူးဗျာ။   ။


(Photo credit - https://economytraveller.com/8-things-look-find-clean-toilet-travelling/)

0