နိုင်စွမ်း ● အချိန်လက်ဆောင် နာရီလေးတလုံး

 နိုင်စွမ်း ● အချိန်လက်ဆောင် နာရီလေးတလုံး
(မိုးမခ) သြဂတ်စ် ၂၆၊ ၂၀၁၈

ဆွေမျိုးရင်းချာလို ခင်မင်ရတဲ့ မိတ်ဆွေ ညီမငယ်တဦးက လက်ပတ်နာရီတလုံး လက်ဆောင်ပေးတော့ ဝမ်းသာစိတ်နဲ့အတူ တွေးပူမိတဲ့စိတ်တွေ ကျနော့်ရင်မှာ တလှည့်စီ တလှည့်စီ ဖြတ်သန်းသွားပါတယ်။ တဆက်တည်း နာရီတလုံး ရရှိပိုင်ဆိုင်ရ ပေမယ့် အချိန်တော့ မပိုင်ဆိုင်သေးဘူးဆိုတဲ့ သီချင်းစာသားကိုလည်း သတိရမိလိုက်ပါတယ်။

သူ့သဘော သူဆောင်သွားနေတဲ့ အချိန်ရေစီးကြောင်းထဲမှာ ကျနော်တို့ဟာ ကိုယ့်ကိုယ်ကို ပိုင်တယ်အထင်နဲ့ အချိန်စီး ကြောင်း ခေါ်ဆောင်ရာ ဒယဥ့်တိုက်လိုက်ပါနေရတယ်ဆိုတာ အရင်က မသိမြင်လိုက်မိခဲ့ပါ။ Time will speaks. ဆိုတဲ့ စကားရဲ့အဓိပ္ပါယ်လည်း ကောင်းကောင်းနားမလည်ခဲ့ဘူးပေါ့။ အချိန်က စကားပြောလိမ့်မယ်ဆိုပေမယ့် အချိန်က ဘာစကား တွေပြောမှာလဲလို့လည်း ငယ်စဉ်က တွေးတောခဲ့ဖူးပါရဲ့။

တခါတလေ ကျနော်ကိုယ်တိုင် သဘောပေါက်နားလည်မိတာတော့ ရှိပါတယ်။ အချိန်စီးကြောင်းကို ရေစီးကြောင်းအဖြစ်နဲ့ နားလည်ကြည့်ပါတယ်။ ကျနော်ကလည်း ကျနော့်အချိန်ရေစီးကြောင်း ခေါ်ဆောင်ရာသွားလို့၊ တခြားလူ တခြားလူတွေ လည်း သူ့တို့ အချိန်ရေစီးကြောင်း ခေါ်ဆောင်ရာလိုက်ပါသွားကြလို့ပေါ့။

အဲဒီမှာ တိုက်ဆိုင်မှု တခုကြောင့် တယောက်ရဲ့ အချိန်ရေစီးကြောင်းနဲ့ တခြားတယောက်ရဲ့ အချိန်ရေစီးကြောင်းတို့ တခုကို တခု ဖြတ်သန်းစီးဆင်းရမယ့်အခြေအနေတရပ်ဖြစ်လာတဲ့အခါ စီးကြောင်းတွေဟာ ချက်ချင်းစီးဆင်း မသွားနိုင်ကြသေးဘဲ တွေ့ဆုံတဲ့ နေရာလေးမှာ ခဏတာ ဝဲလည်ရပါတယ်။ နောက်မှ တဖြည်းဖြည်း ကိုယ့်စီးကြောင်းအတိုင်း ဆက်လက်စီးဆင်း သွားရပါတော့တယ်။

ကျနော်တို့ဟာ အဲဒီစီးကြောင်းထဲမှာ မျောပါလာတဲ့ ရော်ရွက်ဝါလေးတွေပေါ့။ ဝဲလှည့်ပြီး ဆက်လက်မစီးဆင်းမီ အချိန်အကန့် လေးအတွင်းမှာ မျောပါလာတဲ့ ကျနော်တို့ ရော်ရွက်ဝါလေးတွေ တဦးနဲ့တဦး၊ တယောက်နဲ့တယောက် တွေ့ဆုံကြရတဲ့ တဒင်္ဂ၊ ခေတ္တ၊ ယာယီသာ တွေ့ဆုံကြရတာပါ။ အချိန်တန်တော့ ကံကြမ္မာမွေ စေစားလေရာ လွင့်မျောပါရင်း မင်း ငါ အားလုံး အပြုံးပျက်ပြေး ဝေးဝေးလွင့်ကာ စီးမျောပါသွားရမှာက အသေအချာပါ။

တကယ်တော့ ဘဝစီးကြောင်းက စေ့ဖန်လာလို့ ကျနော်တို့ တွေ့ကြ ဆုံကြ ချစ်ကြ မုန်းကြ ပြုံးကြ မဲ့ကြ ဆိုတာတွေ ခံစားရတာလို့ ကျနော် မြင်ပါတယ်။ အဲဒီလို ချစ် မုန်း ပြုံး မဲ့ ဆိုတာတွေဟာ စိတ်ခံစားမှု သက်သက်သာ ဖြစ်ပြီး တကယ် အစစ်အမှန် မဟုတ်ဘူး ဆိုတာလည်း တွေးမြင်လာမိပါတယ်။ အဲဒီ စိတ်ခံစားမှုတွေရဲ့ အထက်မှာ သို့မဟုတ် အဲဒီ ချစ် မုန်း ပြုံး မဲ့ ခံစားမှုတွေရဲ့ အလွန်မှာ ကွဲကွာရခြင်း၊ ခွဲခွာရခြင်းတွေ ရှိနေတဲ့ အကြောင်း၊ တခဏတာ ကျေနပ်ခြင်း မကျေနပ်ခြင်း တွေနဲ့ မူရင်း ပကတိစီးကြောင်းရဲ့သဘောကို မသိမြင်နိုင်ကြတာကိုလည်း သိမြင်လာပါတယ်။

ဒီနေရာမှာ နာရီလေးလက်ခံရရှိတော့ ကျနော့်ရဲ့ ဝမ်းသာစိတ်နဲ့ တွေးပူမိတဲ့စိတ်တွေအကြောင်းပြောပြဖို့ သင့်ပြီ ထင်ပါတယ်။ ဝမ်းသာတဲ့ အကြောင်းက သိမှုမှတ်မဲ့ ကျော်ဖြတ်ခဲ့၊ ဖြတ်သန်းခဲ့တဲ့ ကျနော့်ရဲ့ အကျင့်တခု တစုံတရာ ပြောင်းလဲဖို့ ဖြစ်လာ တာပါ။ ကျနော်ဟာ ဖြစ်စဉ်တွေကို ပြန်ပြောပြဖို့ ပြန်တင်ပြဖို့ အသေးစိတ် အနေအထားအထိ မှတ်မိတတ်ပေမယ့် အချိန်ကို တော့ မမှတ်မိတတ်ပါ။ အချိန်နာရီသာ တိတိကျကျ ပြောနိုင်မယ်ဆိုရင် ကျနော်မှတ်မိတာတွေက အကောင်းဆုံး မှတ်တမ်း တခု ဖြစ်နိုင်တယ်လို့ သူငယ်ချင်းတွေက ပြောပြဖူးပါတယ်။

ဒါပေမယ့် ကျနော့် အနေနဲ့ နာရီတလုံး ၀ယ်ပြီး အချိန်အတိအကျ ပြောဖို့ သိဖို့ အထိလည်း တခါဖူးမှ မစဉ်းစားမိခဲ့ပါ။ ပြီးတော့ နာရီက ကိုယ့်ကို တခုခု ချည်နှောင်နေတယ်လို့ ပြောခဲ့တဲ့ ကျနော့် ဦးလေးတဦးရဲ့ စကားကို နားဝင်သွားမိတာလည်း ဖြစ်မယ် ထင်ပါတယ်။ ဒါကြောင့် နာရီဝယ်ဖို့ အထူးတလည် မကြိုးစားမိခဲ့ပါ။

အခုတော့ ကျနော် စဉ်းစားမိပါပြီ။ မိတ်ဆွေ ညီမငယ် လက်ဆောင်ပေးတဲ့ နာရီလေးကို ၀မ်းမြောက်ရွှင်မြူးစွာ လက်ခံပြီး ကတည်းက တခြားနာရီတွေနဲ့ ကိုက်ရဲ့လား၊ နောက်ပြီး သူတို့လို မှန်ရဲ့လား၊ တကယ်လို့ နောက်ကျနေရင် ဘယ်လို လုပ်မ လဲဆိုတာတွေ ကျနော် စဉ်းစားရပါပြီ။ နာရီကြည့်တာကိုလည်း သေချာသိအောင် လုပ်နေရပါပြီ။

အဲဒီလို နာရီနဲ့ ပတ်သက်ပြီး အစစ အရာရာ စဉ်းစားရင်းကျနော့်ရဲ့ ဘ၀ နောက်ဆုံးအချိန်က ဘယ်တော့လဲ ဆိုတဲ့ အထိ စဉ်းစားမိပြီး တွေးပူသွားမိပါတယ်။ ဘယ်လောက်ကျန်သေးလဲ၊ ဘာတွေ ပြင်ဆင်နိုင်သေးလဲ၊ ပြီးတော့ ဘာတွေ ထားရစ် ချန်ရစ်ခဲ့မလဲ ဆိုတာတွေလည်း ပါပါတယ်။

ဘ၀ ဆိုတဲ့ အချိန်ရေစီးကြောင်း အကန့် အကန့်လေးထဲမှာ တွေဆုံကြ ချစ်ခင်ကြ တာဟာ ငြိမ်းချမ်းသာယာတဲ့ လောကရဲ့ အစိတ်အပိုင်း တခုပေါ့။ အဲသလိုပဲမုန်းကြ မေ့ကြ မနာလိုကြ ၀န်တိုကြ ဖိချင်ကြ နှိပ်ချင်ကြတာတွေ ကလည်း မငြိမ်းချမ်း မသာယာတဲ့ လောကရဲ့ အစိတ်အပိုင်း တခုသာပါပဲ။ ဒါပေမယ့် အဲဒီ ငြိမ်းချမ်းသာယာမှုရော မငြိမ်းချမ်း မသာယာမှုတွေက လည်း တာရှည်မတည်တဲ့ ခေတ္တ ယာယီ ခံစားမှုနဲ့ ဆုံးဖြတ် သတ်မှတ် ခံစားရမှု တချို့သာ ဖြစ်ပါတယ်။

ဒါဆို ကျနော်တို့ ဘာကို လွယ်ပိုး ထမ်းပိုးပြီး လောက သံသရာထဲကို လျှောက်သွားကြမှာလဲ၊ ဖြတ်သန်းကြမလဲ  ဆိုတဲ့ မေးခွန်းကို လက်ဆောင် ပေးထားတဲ့ နာရီလေးကို ကြည့်ပြီး အပြန်ပြန် အလှန်လှန် စဉ်းစားမိလာပါတယ်။ တရက် ၂၄ နာရီ ရှိတဲ့ အထဲမှာ ကျနော်ဟာ ယာယီဖြစ်ပျက် ခံစားမိတာတွေကို ရှေ့တမ်းတင်ပြီး အနှစ်ချုပ် နှုတ်ဆက်ထွက်ခွာရမယ့် အချိန်ကို ဘာကြောင့် မေ့လျော့ထားမိပါလိမ့်၊ ဘာကြောင့် ကိုယ့်အတ္တကို ရှေ့တန်းတင် ပြုမူနေပါလိမ့်၊ ဘာကြောင့် မတည်မြဲမှုထဲမှာ တကယ်တည်မြဲမယ့် ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်တရားကို ထူထောင်ဖို့ မစဉ်းစားကြပါလိမ့်လို့ စဉ်းစားမိလာပါတယ်။
ဘာပဲ ဖြစ်ဖြစ် စက္ကန့်မိနစ်တွေ၊ နာရီတွေကတော့ တရွေ့ရွေ့နဲ့ ကျနော်တို့ကို ခေါ်ဆောင်နေပါပြီ။ ကျနော်တို့ရဲ့ ဂုဏ်သတ္တိနဲ့ ကျနော်တို့ မြတ်နိုးတဲ့ အမှန်တရားကို ဘာကြောင့် မျက်ကွယ်ပြုကြမှာလဲလို့ ဆိုပြီး စဉ်းစားနေမိပါတယ်။

လက်ပတ်နာရီတလုံး လက်ဆောင်ပေးလို့ ပိုင်ဆိုင်ခွင့်ရသူ ကျနော့်အတွက် အချိန်တွေကို ဘယ်တော့မှ မပိုင်ဆိုင်ပါ။ ဒါပေ မယ့် ဘ၀ရဲ့အစိတ်အပိုင်း စက္ကန့် မိနစ်နဲ့ နာရီတွေတိုင်းမှာ သူတပါးကို နာကျင်မှုထက် ဖေးမကူညီပေးဖို့၊ အားငယ်သူကို အားပေးဖို့၊ လိုအပ်သူကို ကိုယ်တတ်နိုင်သလောက် ဖြည့်ဆည်းပေးဖို့၊ လမ်းပျောက်ပြီး အမှန် မရောက်သူကို လမ်းမှန်ပြပေးဖို့၊ ဒေါသကြီး မီးပွားကို ငြိမ်းအေး ငြှိမ်းသတ်ပေးနိုင်ဖို့ ကျနော်တို့ မဖြစ်မနေ ကြိုးစားသင့် တဲ့ အလုပ်တွေလို့ တွေးမြင်လာမိပါတယ်။
အခု ဖြတ်သန်းနေရတဲ့ အချိန်အကန့်ထက် အနာဂတ်ဆိုတဲ့ ပြန့်ပြောတဲ့ ကာလတခုကို ကျနော် မပြောလိုပါ။ လက်လှမ်းမီ နိုင်တဲ့ မနက်ဖြန်က ပြန်မြင်ရမယ့် ကိုယ့်မျက်နှာကိုသာ ကျနော့်မိတ်ဆွေ ညီမငယ်တဦးပေးတဲ့ လက်ပတ်နာရီလေးကို ကြည့်ပြီး ပြန်ကြည့်မြင်မိပါတယ်။ ကျနော့်ရဲ့ဒီနေ့ ဒီအချိန် ပြုမှုလှုပ်ရှား ဆောင်ရွက်မှုတွေကို မနက်ဖြန်ကသာ အဆုံး အဖြတ် ပေးသွားမှာ ဖြစ်ပါတယ် လို့တွေးရင်း လက်ဆောင်နာရီလေးကို ကြည့်လိုက်တော့ ည ၁၁ နာရီ ခွဲပြီးပြီလို့ ညွှန်ပြနေပါတယ်။

Comments