ဖျဉ်းနာယစ်ဆေး
ကျော်ကျော် မြရည်စမ်း
(မိုးမခ) သြဂတ်စ် ၂၉၊ ၂၀၁၈
ကျွန်တော်သိတတ်အရွယ်ကစလို့
အခုအချိန်အထိ သတိထားမိခဲ့တဲ့အရာတခု ရှိပါတယ်။ အဲတာကတော့ နိုင်ငံရေး၊ စီးပွားရေး၊
လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးအစရှိတဲ့နယ်ပယ်တွေမှာ တာဝန်ခံထားတဲ့အစိုးရရဲ့ လုပ်ဆောင်ချက်တွေမှားယွင်းနေတဲ့အခါ နယ်ပယ်အသီးသီးက (စွန့်လွှတ်ရဲတဲ့) အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေက
ဝေဖန်ထောက်ပြမှုတွေ လုပ်ခဲ့ကြပါတယ်။ အဲဒီလို အခါမျိုးမှာဆိုရင် သူတို့ဟာ
အာဏာရှင်အစိုးရရဲ့ ငြိုးမာန်ဖွဲ့ခြင်းကို ခံရလေ့ရှိပါတယ်။ ဒါပေမဲ့ အခုအချိန်အထိ
တတ်နိုင်သမျှတော့ ဝေဖန်ထောက်ပြနေကြတုန်းပါပဲ။ ကမ္ဘာကြည့် ကြည့်လိုက်မယ်ဆိုရင်
အသိပညာရှင်၊ အတတ်ပညာရှင် တွေရဲ့ စကားကိုအလေးထားတဲ့ အစိုးရတရပ်ဟာ သူ့နိုင်ငံသားတွေရဲ့အကျိုးစီးပွားနဲ့အနာဂတ်လှလှတွေ ကို
မွေးဖွားပေးနိုင်ခဲ့ကြပါတယ်။
[၁]
မူးယစ်ဆေးဝါးဆိုတဲ့အသံတွေ
ကျယ်ကျယ်လောင်လောင်ထွက်လာရင် ငယ်ဘဝဖြတ်သန်းမှုကို ပြန်ပြန်သတိရမိတယ်။
မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ပြောကြမယ်ဆိုရင် ခေါင်းစဉ်ကြီးတွေ၊ ခေါင်းစဉ်လေးတွေ အများကြီးတပ်ပြီးပြောရမယ့်ပုံပါပဲ။ အဲဒီခေါင်းစဉ်တွေအသီးသီးရဲ့အောက်မှာ ခေါင်းစဉ်ပေါက်စနလေး တွေပါ
ထပ်ပြီးထည့်ရအုံးမှာပါ။
"
မူးယစ်ဆေးဝါးဆိုသည်မှာ
ဘိန်း၊ ဘင်း၊ ကစော်၊ လှော်စာ အရက် ဖြစ်သည်။
နံပါတ်ဖိုးခေါ်ဘိန်းဖြူသည်
တခါသုံးစွဲမိရုံမျှနှင့် စွဲလန်းသွားစေတတ်ပါသည် " ဆိုပြီးတော့
ငယ်ငယ်တုန်းက
စာအော်ကျက်ခဲ့ရပါတယ်။ အဲဒီစာတွေဟာ သူ့ခေတ်နဲ့သူအခါမှာတော့
မှန်သင့်သလောက်
မှန်မယ်ထင်ပါတယ်။ ဒါပေမဲ့ ပြည့်စုံတယ်လို့တော့ မထင်ခဲ့ပါဘူး။
အခုလိုအနေအထားမျိုးတွေမှာတော့
အများကြီးထပ်ဖြည့်ရတော့မယ်ထင်ပါတယ်။
မူးယစ်ဆေးဝါးဆိုတဲ့နေရာမှာ
အခုနေအခါ မျက်နှာပေါင်းစုံမှာ တွေ့ နေမြင်နေရတာက
"တရားမဝင်မူးယစ် ဆေးဝါး"
ဆိုပြီးတော့ ပါပါတယ်။ ဘယ်အရာတွေက တရားမဝင်ဖြစ်ပြီးတော့ ဘယ်အရာတွေက
တရားဝင်တာလဲလို့ဘယ်သူမှလည်း စောဒကမတက်ရဲကြပါဘူး။
ဖြတ်တောက်ဖို့ခက်တဲ့အရာမှန်သမျှဟာ မူးယစ် ဆေးဝါးထဲမှာများ
အကျုံးဝင်နေမလားလို့ တွေးဆခဲ့မိပါတယ်။
ဲလွန်ခဲ့တဲ့
နှစ်၂၀ ကျော်ကျော်က လမ်းနံဘေးအရက်ဆိုင်လေး တဆိုင်မှာ အရက်မစွဲပဲ အပေါင်းအသင်းစွဲပြီး
နေ့စဉ်ညစဉ်နီးပါး ထိုင်ခဲ့ဖူးပါတယ်။ တနေ့တော့ ကျွန်တော်ထိုင်တဲ့ဝိုင်းမှာ
မူးယစ်ဆေးဝါးနှိမ်နင်းရေး အထူး တပ်ဖွဲ့က ဦးစိုးအောင်လည်း ဝင်ထိုင်ပါတယ်။
သူကပဲ အဲဒီညက ကျသင့်တဲ့အရက်ဖိုး၊ အမြည်းဖိုးတွေကို ရှင်းပေးတယ်။ နောက်တနေ့
သင်တန်းသွားရမှာမို့ အားလုံးကို နှုတ်ဆက်ကြောင်းလည်း ပြောပါတယ်။ အသက်
၅၀ ကျော် ၆၀ နီးပါး ရဲအုပ်တယောက်က ဘယ်လိုသင်တန်းမျိုးသွားတက်မှာလဲလို့ ကျွန်တော်တို့ က
စပ်စုကြတယ်။ ပြန်တော့မလို လုပ်နေရင်းက သူပြန်ထိုင်တယ်။
မူးယစ်ဆေးဝါးတွေအကြောင်းကို
သင်တန်းသွားတက်ရမှာလို့ သူကပြောတယ်။ "အခု တွေ့နေ၊မြင်နေရတဲ့
မူးယစ်ဆေးဝါးတွေထဲကတချို့ကို ငါတို့လည်းမသိဘူးဟ "တဲ့။ "ငါတို့က
သင်တန်းသွားတက်ပြီး ပြန်လာ လိုက်၊
နောက်ထပ်အသစ်တွေ ထပ်ပေါ်လာလိုက်နဲ့ ဖြစ်နေအုံးမယ် ထင်ပါရဲ့"
လို့ သူကပြောပါတယ်။
အဲဒီနောက်တော့ မူးယစ်ဆေးဝါးအကြောင်းတွေ၊ ရောင်းနေတဲ့ဘိ
(အဲဒီခေတ်က ဆေးရောင်းတဲ့
နေရာကို ဖိုးဘိလို့ ခေါ်ကြတယ်) တွေအကြောင်း ဆက်ပြောဖြစ်ကြတယ်။
သူကရဲ။
ကျွန်တော်တို့က လူငယ်ပေပေတွေ။ ဒါပေမဲ့ ရင်းရင်းနှီးနှီးစကားပြောဖြစ်ခဲ့ကြတယ်။
စစ်အာဏာ ရှင်နဲ့ မဟုတ်တန်းတရားလုပ်တဲ့ရဲတွေဆိုရင် ကျွန်တော်တို့ကမုန်းပေမဲ့
ခင်မင်စရာကောင်းတဲ့ တပ်မတော်သားတွေ၊ လေးစားစရာကောင်းတဲ့ ရဲတွေဆိုရင်
ပေါင်းသင်းခဲ့ဖြစ်တယ်။
အဲဒီလိုမျိုးပေါင်းသင်းခဲ့တဲ့အကျိုးဆက်ကတော့ တဖက်ပိတ်နေတဲ့
အတွေးအမြင်မျိုးတွေကို ခွာချထားနိုင်ခဲ့ပါတယ်။ ထားပါတော့။ အဲဒီညမှာ ရီဝေနေတဲ့
သူ့မျက်လုံးတွေဟာ တခုခုကို ပြောပြချင်ပေမဲ့ အတင်းကြီး ပြန်မျိုချနေရကြောင်း
သိခဲ့ရပြန်တယ်။ ဦးစိုးအောင်က မူးယစ်တပ်ဖွဲ့ကပါ။ သူမချမ်းသာပါဘူး။ မျက်နှာ ကောင်းလည်း
မရရှာပါဘူး။ သူနဲ့တပါတ်စဉ်ထဲဆင်း အတော်များများဟာ အဲဒီအချိန်မှာ သူ့ထက်ရာထူးနှစ်ဆင့်လောက်မြင့်ပြီး
ချမ်းသာနေကြပြီ။ မိန်းမဖက်က အမွေရလို့ဆိုပြီး ဒီတီဆိုင်ကယ်စီးသူလည်း ရှိသပေါ့။
အဲဒီညက
သူနောက်ဆုံးပြောသွားတဲ့ စကားလေးကို ကျွန်တော်မှတ်မိနေသေးတယ်။ "ဖိုးကျော်...မင်း ဘယ်နှခုနှစ်ဖွားလဲ"တဲ့။ ၇၄
လို့ ကျွန်တော်ကပြောလိုက်တယ်။"အေးဟ...၊မင်းမမွေးခင်ထဲက မီးစမီးန တွေပါကွာ။ အခုတော့
အတော်အရှိန်ရနေပြီ"တဲ့။
သူပြောသွားတဲ့ မီးစမီးနလေးတွေကို စိတ်ဝင်စားပြီး
ကျွန်တော်လိုက်ရှာကြည့်ခဲ့မိပါတယ်။ လူတယောက်ရဲ့ သမိုင်းဆိုတာ ကာယကံရှင်တွေကိုယ်တိုင်
ရေးခဲ့ကြတာပါ။ သမိုင်းကောင်းကို အိုးမည်းသုတ်ပြီး ရုပ်ဖျက်လို့ မရသလို သမိုင်းဆိုးကိုလည်း
ထုံးဖြူသုတ်ပြီး ဖုံးအုပ်ထားလို့မရနိုင်ပါဘူး။ သမိုင်းဆိုးရဲ့ခြေရာက ကျွန်တော် မမွေးသေးခင်
၁၀နှစ်လောက်ကတည်းက အတော်နက်နေပါပြီ။
[၂]
ကျွန်တော်မမွေးသေးခင် ၁၀ နှစ်လောက်ကတည်းက ရှမ်းပြည်နယ်
ရွှေတြိဂံဒေသက
ဘိန်းဖြူတွေဟာ ထိုင်း နိုင်ငံကိုဖြတ်ပြီး အမေရိကားအထိ
ခြေဆန့်ခဲ့ကြတယ်တဲ့။ တစ်နှစ်ကို
နှစ်တန်နှုန်းလောက်နဲ့ ဆယ်စုနှစ်တစ်ခုလောက်ကြာခဲ့တဲ့အခါမှာ
အမေရိကန်အစိုးရက
ဖိအားပေးတာကြောင့် ထိုင်းရဲက အဲဒီမူးယစ်ရာဇာကြီးကို ဖမ်းဆီးလိုက်ရတယ်။ နောက်တော့
မြန်မာအစိုးရလက်ထဲကို အပ်လိုက်ရပါတယ်။ မြန်မာနိုင်ငံမှာ
မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ဥက္ကဋ္ဌကြီးအဖြစ် ဦးနေဝင်းက
တာဝန်ယူနေတဲ့အချိန်ပေါ့။
အဲဒီအဖမ်းခံရသူကြီးဟာ
သေဒဏ်ရယ်လို့ ချမှတ်ခံထားရပေမဲ့ ခြောက်နှစ်ကျော်ကျော်
ခုနှနှစ်လောက်ပဲ
ထောင်ထဲနေလိုက်ရပြီး လွတ်ငြိမ်းချမ်းသာ ခွင့်ရလို့
လွတ်မြောက်သွားခဲ့ပါတယ်။
နောက်ထပ်
ဆယ်စုနှစ်တခုအကြာမှာတော့ သူဟာ ကုမ္ပဏီကြီးတခုကို ပိုင်ဆိုင်နေပါပြီ။ အဲဒီကုမ္ပဏီကြီး ဟာ
သစ်တွေခုတ်တယ်။ အမြတ်အစွန်းအများကြီးနဲ့ နိုင်ငံခြား ကို တင်ပို့တယ်။ လမ်းတွေဖောက်တယ်။ တိုးဂိတ်တွေဖွင့်ထားပြီး
ပိုက်ဆံကောက်တယ်။ သူ့ရဲ့ဝင်ငွေဟာ သောက်သောက်လဲပေါ့။ အဲဒီအချိန်မှာ ကျွန်တော်တို့နိုင်ငံလေးရဲ့
မြို့တိုင်းရွာတိုင်းလိုလိုမှာ မူးယစ်ကျေးကျွန်ဘဝကို ရောက်နေကြရတဲ့ လူငယ် တွေလည်း
သောက်သောက်လဲများနေခဲ့ပါပြီ။
နိုင်ငံခြားသတင်းထောက်တဦးရဲ့အဆိုအရတော့
ပြည်တွင်းကနေ မူးယစ်ဆေးဝါးတွေသွားလာရာ လမ်း ကြောင်းဟာ
ပင်ကူအိမ်ကြီး တခုလိုပါပဲ။ အဲဒီမူးယစ်ရာဇာဆိုတဲ့လူကြီး
ကွယ်လွန်ကြောင်းသိရတဲ့အခါမှာ အံသြစရာကောင်းတဲ့ မြင်ကွင်းတခုကို
တွေ့ခဲ့ရဖူးပြန်ပါတယ်။ သူရဲ့နာရေးသတင်းကို
နိုင်ငံပိုင်သတင်းစာ မှာ ဖော်ပြခဲ့ပါတယ်။ ပိုပြီး အံသြခဲ့ရတာက
မြန်မာနိုင်ငံက
ကမ္ဘာကျော်ပုဂ္ဂိုလ်တွေကပါ အုံနဲ့ကျင်းနဲ့ အသုဘ ပို့ လိုက်ကြရှာတာပါ။
ကမ္ဘာကျော်ခဲ့ပါတယ်။ ကောင်းကျော်တော့မဟုတ်ဘူး။ ဆိုးကျော်ပေါ့။
ကမ္ဘာကျော်တဲ့အကြောင်းတွေ
ပြောရင်းနဲ့ ကိုလံဘီယာမူးယစ်ရာဇာ ပါဘလိုအက်စ်ကိုဘာအကြောင်းကိုပါ
သတိရမိပါတယ်။ သူလည်း ကမ္ဘာကျော်ကြီးပဲ။ သူ့အကြောင်းရိုက်ထားတဲ့
ရုပ်ရှင်ကားတွေလည်း
ကမ္ဘာ ကျော်ပါပဲ။ ပထမကားဖြစ်တဲ့ (escobar paradise lost)ဟာ
နာမည်ကြီးဇာတ်ကားပါပဲ။
ဗာဂျီးနီးယားဗာဟဲရို
ရေးတဲ့(Loving pablo,Hating Escoba)ကို ပြန်ရိုက်ထားတဲ့ Loving pablo
ဇာတ်ကား ဆိုရင်လည်း
မင်းသားဂျာဗီယာဘာဒန်းနဲ့ မင်းသမီးပင်နလိုခရုစ်တို့သရုပ်ဆောင်ထားတော့ အပီအပြင်ပဲပေါ့။ အမေရိကန်ကိုကုတ်ကင်းပို့လို့ရတဲ့ဝင်ငွေက ဒေါ်လာဘီလျံ ၃၀
ကျော်ရှိတယ်ဆိုတော့ သူ့မှာက ကိုယ်ပိုင် လေယာဉ်ပျံတွေ၊ ကိုယ်ပိုင်
ဟယ်လီကော်ပတာတွေနဲ့ပါ။ ထောင်ကျတော့လည်း သူနေဖို့ထောင်
သူ့ဟာသူ ဆောက်ပြီး
ပါတီပွဲတောင် လုပ်လိုက်သေးတယ်။
အထဲမှာနေရင်း
ကုတ်ကင်းအရောင်းအဝယ်လုပ်လိုက်သေးတယ်။
မူးယစ်ရာဇာကိုမျက်နှာသာပေးတဲ့ ကိုလံ ဘီယာအစိုးရရဲ့အနေအထားကို
ဇာတ်ကားထဲမှာ မြင်သာပါတယ်။ အက်စ်ကိုဘာက "ငါ့အကြောင်းကို
ဘာ လို့ရေးတာလဲဆိုတော့" ဗာဂျီးနီးယားက ပြန်ပြောတယ်။ "ရှင့်ကို
အားကျတဲ့လူငယ်တွေအတွက်" တဲ့။
သူဟာ ထောင်ထဲမှာနေရင်း
လူသတ်မှုကျူးလွန်ပြီး လွတ်မြောက်သွားပြန်တယ်။ ၁၉၉၃ ခုနှစ်မှာ
သူ့ကို အသေဖမ်းမိခဲ့ပေမဲ့ ကိုလံဘီယာကနေ အက်စ်ကိုဘာပေါက်စနလေး တွေ
အခုအချိန်ထိ
ထွက်ရှိနေတုန်းပါ ပဲ။
နောက်ထပ်ရုပ်ရှင်ဇာတ်ကားတကားကိုလည်း
သတိရမိသေးတယ်။ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ဇာတ်ကားပါပဲ။ ဖြစ်ရပ်မှန်ဇာတ်ကားလို့
ညွှန်းဆိုထားပေမဲ့ မှန်သလားမမှန်ဘူးလားဆိုတာကိုတော့ အချိန်ကာလ တခုက သက်သေပြသွားမယ်ထင်ပါတယ်။ ပထမဆုံးတယ်လီဖုန်းတီထွင်သူဟာ
ဂရေဟမ်ဘဲလ်မဟုတ် ကြောင်း အချိန်ကစကားပြောလာသလိုပဲပေါ့။
Operation
Mekong ဆိုတဲ့ ဇာတ်ကားကို ဟောင်ကောင်ရုပ်ရှင်ဒါရိုက်တာ ဒန်တေးလန်က ရိုက်ကူးခဲ့ပါ တယ်။ အဲဒီဇာတ်ကားဟာ
မူးယစ်ရာဇာ စိုင်းနော်ခမ်းရဲ့တကယ့်အဖြစ်အပျက်လို့လည်း ဆိုထားပါတယ်။ စိုင်းနော်ခမ်းဟာ
၂၀၁၃ ခုနှစ်ရဲ့ ဧပြီလထဲမှာ တရုတ်နိုင်ငံ ပြည်သူ့တရားရုံးချုပ်ရဲ့ကွပ်မျက်ခြင်းကို
ခံခဲ့ရပါ တယ်။
၂၀၁၁ ခုနှစ်ထဲမှာ မဲခေါင်မြစ်ပေါ်မှာ တရုတ်သင်္ဘောသား ၁၃ ယောက်ကို
သတ်တဲ့အမှု၊ ဘိန်းမှောင်ခို လုပ်တဲ့အမှုတွေနဲ့ စွဲချက်တင်ပြီး အမိန့်ချကွပ်မျက်လိုက်တာပါ။ သူကတော့
တရုတ်သင်္ဘောသားတွေကို သူ မသတ်ခဲ့ကြောင်း နောက်ဆုံးအချိန်ထိ ပြောဆိုသွားခဲ့ပါတယ်။ ဇာတ်ကားက
ဇာတ်ကား၊ သတင်းက သတင်း ခွဲခြားခံစားခဲ့မိတော့ အဲဒီဇာတ်ကားကြည့်ပြီး အတွေးတွေအများကြီးရခဲ့ဖူးပါတယ်။
သမာအာဇီဝဆိုတဲ့
ကောင်းမွန်စွာအသက်မွေးခြင်းနဲ့ယှဉ်ရင် မူးယစ်ဆေးဝါးရောင်းချပြီး မသမာသောနည်း လမ်းနဲ့
အသက်မွေးတာက ဝင်ငွေခြင်းတော့ တခြားစီဖြစ်မှာပါပဲ။ ဥပဒေကို သရေကွင်းလို
ရှုံ့ချည်နှပ်ချည် လုပ်နေကြတဲ့ နိုင်ငံမျိုးမပြောပါနဲ့ မူးယစ်ဆေးဝါးဥပဒကို
ပြင်းပြင်းထန်ထန်ထုတ်ပြန်ထားတဲ့ ဗီယက်နမ်လို နိုင်ငံမျိုးမှာတောင် အခုအချိန်အထိ
အမြစ်မပြတ်နိုင်သေးပါဘူး။ ဗီယက်နမ်နိုင်ငံမှာ ဘိန်းဖြူဆိုရင် ၆၀၀ ဂရမ်၊ မက်သမ်အက်ဖီတမင်းဆေးပြားဆိုရင်
၂ ဒဿ မ ၅ ကီလိုဂရမ်လက်ဝယ်တွေ့ရှိတာနဲ့ သေဒဏ် ပေး တော့တာပါပဲ။ ဥပဒေကို လက်တလုံးခြားလှည့်ပတ်လို့ရတဲ့
နိုင်ငံတွေလို သေဒဏ်ကနေ ၁၀ နှစ်၊ ၁၀ နှစ်ကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့
လွတ်သွားတာမျိုး ရှိသလားမရှိဘူးလားတော့ ကျွန်တော်လည်း မသိပါဘူး။ အဲဒီလိုမျိုး
နိုင်ငံတွေမှာတောင် မူးယစ်ဆေးဝါးဂိုဏ်းတွေက လက်နက်တွေကိုင်ဆောင်ပြီး
အာဏာပိုင်တွေ ကို အန်တုနေကြဆဲပါ။
[၃]
မူးယစ်ဆေးဝါးဖမ်းဆီးရမိတဲ့သတင်းတွေကိုဖတ်ရတဲ့အခါတိုင်း ကျွန်တော်တွေးမိတာလေး
တခုရှိပါတယ်။ တခါတလေတော့ ဖမ်းမိတဲ့ဆေးပြားပမာဏဟာ ကုဋေ ကုဋာ ချီပါတယ်။ အဲဒီအခါမျိုးမှာ
တွေးမိတာလေးက မိတဲ့ဟာတော့သိလိုက်ရပါတယ်။ မမိလိုက်တဲ့ကုဋေကုဋာရောမရှိနိုင်ဘူးလား။ ရှိခဲ့မယ်ဆိုရင်
ကြောက်စရာ လန့်စရာပေါ့။
ကြားဖူးခဲ့တဲ့
ဇာတ်လမ်းလေးတပုဒ် ရှိခဲ့ပါတယ်။ ကုမ္ပဏီကြီးတခုက
တာဝန်ခံလုပ်ကိုင်တဲ့ရေအားလျှပ်စစ်စီမံကိန်းမှာ
ဒေသခံအလုပ်သမားတွေက လိုဏ်ခေါင်း တူးကြ ရတယ်။ အဲသည်ခေတ်က
နေ့စားလုပ်အားခ ကျပ်ငါးထောင်နဲ့ပေါ့။ ပိုက်ဆံရှင်းတဲ့အချိန်မှာ
လုပ်အားခတစ်ဝက်ကို ငွေသားပေးပြီး တစ်ဝက်ကိုတော့ ဘိန်းတွေပေး
လိုက်သတဲ့။ အဲဒီအချိန်က
ဆေးပြားတွေ သိပ်ပြီးခေတ်မစားသေးချိန်ပေါ့။
မူးယစ်ဆေးဝါးအကြောင်းတွေကိုသာ
ဆက်ပြောရအုံးမယ်ဆိုရင် ကိုင်ဇာသီချင်းထဲကလို အာကာကို လွှာပုံ ပြုလို့ မေယုကိုစုတ်တံချီပြီး
အဏ္ဏဝါပြင်ပင်လယ်သမုဒ်ကို မင်လုပ်ရေးရလိမ့်မယ် ထင်ပါတယ်။ အခုပြောနေ၊ ရေးနေတုန်းလည်း
အဲဒီကိစ္စတွေက ဖြစ်ပျက်နေနိုင်တာမို့ပါ။
ကျွန်တော့်ဆန္ဒကိုများ
ပြောခွင့်ရမယ်ဆိုရင် ကျွန်တော်မမွေးသေးခင်ထဲက မီးစမီးနတွေချထားခဲ့တဲ့ ဘိန်း ရာဇာကြီးရဲ့
ဖြစ်ရပ်မှန်ဇာတ်ကားကို ရုပ်ရှင်အဖြစ်ကြည့်ချင်ပါတယ်။ ဆွေစဉ်မျိုးဆက် ခေတ်အဆက်ဆက်
ပါဝင်မှာမို့ အခန်းဆက်ဇာတ်ကြောရှည်ကြီးတောင် ဖြစ်သွားလိမ့်မယ်ထင်ပါတယ်။
နောက်တခုကတော့
ငယ်စဉ်ဘဝက အော်ကျက်ခဲ့ရတဲ့ စာသားလေးကို ပြင်ဆင်ချင်တာပါ။ ဒီလိုလေးပေါ့။
" မူးယစ်ဆေးဝါးဆိုသည်မှာ
ဘိန်း၊ ဘင်း၊ ကစော်၊ လှော်စာ၊ အရက်နှင့်အာဏာတို့ ဖြစ်ကြပါသည်" ဆိုပြီးတော့...။
။
ကျော်ကျော်(မြရည်စမ်း)
၂၆၊၈၊၂၀၁၈
၂၆၊၈၊၂၀၁၈
Comments