စမ်းစမ်းတင် - ရသစာပေနဲ့ တွေးမိတွေးရာ- ၂


စမ်းစမ်းတင် - ရသစာပေနဲ့ တွေးမိတွေးရာ- ၂
(မိုးမခ) သြဂုတ် ၃၀၊ ၂၀၁၈
တခေတ်တခါက အားကောင်းခဲ့ပေမဲ့ အကြောင်းကြောင်းတွေကြောင့် ကျဆင်းသွားတဲ့ စာဖတ်တတ်တဲ့ ယဉ်ကျေးမှု ပြန်ထွန်းကားဖို့ လူငယ်တွေကို အားကိုးရပါတော့မယ်။ စာပေမြတ်နိုးတဲ့ လူငယ်တွေ မရှိမဟုတ်ရှိတာမို့ ဒိထက်မက တိုးပွားလာရင် ယဉ်ကျေးတဲ့ မြန်မာ့လူ့ဘောင်ပြန်ထွန်းကားမယ်လို့ မျှော်လင့်ချင်ပါရဲ့၊

ရသစာပေဟာ သိမ်မွေ့နုညံ့တဲ့စိတ်ထားမွေးမြူတတ်အောင် တနည်းတဖုံ မသိမသာ ထိန်းကျောင်း ပေးတတ်၊ အနုပညာကို ခံစားတတ်အောင် မွေးမြူပေးတတ်၊ လူ့သဘောကို စောကြောနိုင် တတ်အောင် ပံ့ပိုးပေးတတ်တဲ့ နက်နဲတဲ့ အရာတခုဆိုတာ မှန်ချင်မှန်၊ မှားချင်မှား၊ လက်ခံသူရှိရင်ရှိ-မရှိရင်လည်း မရှိဖြစ်နိုင်ပေမဲ့ ကာလတွေဘယ်လောက်ကြာညောင်းကြာညောင်း ရသစာပေကောင်းတွေက ကမ္ဘာမှာရော၊ မြန်မာပါရော အောင်လံထူမြဲထူနေတာမျက်မြင်ပါပဲ။

နှလုံးသားကို နူးညံ့စေဖို့နဲ့ အတွေးအခေါ် ရင့်သန်စေဖို့ အထောက်အကူပေးတယ်လို့ပြောနိုင်တဲ့ ရသစာပေသာမက အသိအမြင်ဗဟုသုတတိုးစေတဲ့ တခြား စာတွေကိုလည်း ခုခေတ်မှာ အဖတ်နည်းသွားပါတယ်။ အထူးသဖြင့် လူငယ်အတော်များများဟာ လူမှု လူမှု ကွန်ယက်တွေမှာ အချိန်ဖြုန်းများ။ လဘက်ရည်ဆိုင် ဘီယာဆိုင်တွေမှာ အထိုင်များ။ ကရာအိုကေ အနှိပ်ခန်းတွေ ကလပ်တွေ ဘားတွေ စားသောက်ဆိုင်တွေ အရောက်များ၊ ပွဲလမ်းသဘင်တွေ အသွားများတဲ့အပြင် တနေရာက တနေရာ အသွား လမ်းမှာတင် အချိန်ကုန်ရတာများနေပြန်ပါတယ်။ ဒါဟာ ခေတ်ရေစီးကြောင်းအတိုင်း လိုက်ပြောင်းသွားတယ်လို့ ပြောနိုင်ပေမဲ့ ကောင်းတဲ့အပြောင်း ဟုတ်-မဟုတ် ဆန်းစစ်ကြည့်ဖို့သင့်ပြန်၊

ခေတ်ရေစီးကြောင်းက ကမ္ဘာနဲ့ချီပြောင်းနေတာမို့ ကမ္ဘာအရပ်ရပ်မှာ ပုံနှိပ်ရော အွန်လိုင်းနဲ့ပါ စာပေပေါင်းစုံ ထွန်းကားအောင်မြင်နေချိန်မှာ မြန်မာနိုင်ငံမှာ စာပေတန်ဖိုးမေ့လျော့ခံထားရတဲ့ အနေအထားတရပ်ကို ရောက်နေတယ်လို့ မယူဆချင်ပေမဲ့ ထုတ်ဝေသူတွေညည်းချင်းကြောင့် ယူဆရမလိုလို၊ ဒီလို ရှိပေမဲ့ တချိန်တခါက အားကောင်းခဲ့တဲ့၊ စာပေထွန်းကားတဲ့၊ စာဖတ်တတ်တဲ့ ယဉ်ကျေးမှုကို ပြန်လည် ပျိုးထောင်ဖို့ တဘက်တလမ်းက ကြိုးပမ်းနေသူတွေ ရှိနေပြန်တာပါ။

စာကြည့်တိုက်တွေဖွင့်၊ စာဖတ်ဝိုင်းတွေလုပ်၊ စာအုပ်ဈေး ရောင်းပွဲတော်တွေကျင်းပ ပေမဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ယှဉ်ရင် နိုင်နိုင်နင်းနင်းမလုပ်နိုင်သေးတဲ့ အနေအထားမှာပဲ ရှိနေသေးတယ်လို့လည်း ပြောသံဆိုသံကြားရတာပါ။ တခေတ်တခါက ရသစာပေအရှိန်အဟုန်ကောင်းခဲ့တဲ့ မြန်မာနိုင်ငံမှာ အင်တာနက်တို့ ရုပ်မြင်သံကြားတို့ ဗွီစီဒီတို့ ဆွဲဆောင်အားကောင်းလာတဲ့အတွက်ရော စားဝတ်နေရေး၊ ဘ၀ ရှင်သန်ရေးအတွက် ရုန်းကန်နေရတာနဲ့ တခြား အကြောင်းကြောင်းတွေ ကြောင့်ပါ စာဖတ်ချိန် နည်းသွား ရတာတွေလည်း ရှိပါတယ်။

ရသစာပေအားနည်းသွားရတာကလည်း အကြောင်း အမျိုးမျိုးရှိနိုင်ပြီး အကြောင်း တကြောင်းကိုတော့ စာပေစိစစ်ရေးရှိခဲ့တာလည်း ပါနိုင်ပြန်ပေါ့။ ဥပမာ- ဆရာမြသန်းတင့်၊ ဆရာမောင်သာရတို့စာတွေ စာပေစိစစ်ရေးနဲ့ ငြိပြီးရင်းငြိခဲ့တာတွေ၊ ဆရာတွေရဲ့ ပင်ကိုယ်ရေး ရသစာပေတွေဟာ စာဖတ်ပရိသတ်ရှေ့မှောက် ရောက်မလာတာက စာပေစိစစ်ရေးတံတိုင်းကို မကျော်လွှားနိုင်လို့ပါပဲ၊ ဆရာမြသန်းတင့်ဟာ ပင်ကိုယ်ရသစာပေ မဖန်တီးနိုင်တဲ့အခါ ဘာသာပြန်တွေနဲ့ စာဖတ်ပရိသတ်ကို မိတ်ဆက်ပေးရပါတယ်။ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်လို ကိုယ်ပိုင်ရသစာပေတွေ ဆက်လက် ဖန်တီးနိုင်ခွင့်ရှိရင် မြန်မာ့ရသစာပေလောကအတွက် အလှတန်ဆောင်တွေ ကျန်ရစ်မှာသေချာ၊ ဆရာမောင်သာရလည်း ထိုနည်းလည်းကောင်းပါပဲ။ ဘာစာမူတင်တင် စိစစ်ရေးက ခွင့်မပြုတော့တာမို့ ဆရာပရိသတ်တွေလည်း နစ်နာရပြန်၊ ခုတော့ ပြည်တွင်းမှာ ရသစာပေထည့်သွင်းဖော်ပြတဲ့ မဂ္ဂဇင်းတွေက ရားသထက်ရှားလာတော့ ထည့်တဲ့ နေရာကိုပဲ ကလောင်သစ်၊ ကလောင်ဟောင်း၊ ကလောင်သွေးစ သမားတွေ စုပြုံတိုး၊ ဒီလိုတိုးဝင်ကြတာကိုလည်း အပြစ်မဆိုသာပါဘူး၊

စာနယ်ဇင်းလွတ်လပ်ခွင့်မရှိသလောက် အင်မတန်ရှည်ကြာခဲ့တဲ့ ကာလကြီး တလျှောက် စာပေကင်ပေတိုင်လို့ ပြောတဲ့ စာပေစိစစ်ရေး တံတိုင်းကြီး ကာဆီးနေခဲ့ချိန်တွေမှာတောင် ရသစာပေတွေ ခပ်မြိုင်မြိုင်ပါတဲ့ မဂ္ဂဇင်းတွေ ထိုက်သင့်သလောက်ရှိခဲ့ပေမဲ့ ဒီနေ့ခေတ်မှာ နည်းပါးသွားတဲ့အတွက် လက်ခံတဲ့တနေရာကို ရောက်လာဖို့ စုပြုံကြိုးစားတာကလည်း သဘာဝကျ၊ လေးရောင်ခြယ်အတွင်းပန်းချီ ခွဖောင်တွေနဲ့ ဖြစ်ဖြစ်၊ မျက်နှာပြည့် သရုပ်ဖော်ပုံတွေနဲ့ ဖြစ်ဖြစ် ၀တ္တုတို ၀တ္တုရှည်၊ အခန်းဆက်ဝတ္တု စတာတွေ၊ တမျက်နှာဝတ္တု၊ ကလောင်သစ် ၀တ္တု စတာတွေကို နေရာပေးတဲ့ စာပေတွေ မဂ္ဂဇင်းတွေ ခေါင်းပါးသွားတဲ့ ဒီနေ့ ဒီကာလမှာ လူငယ်တွေ လက်ရည်သွေးစရာ နေရာ ကလောင်သစ်တွေကို စင်တင်ပေးတဲ့နေရာ ရှားပါးသွားတာကို ၊

NLD အမျိုးသားဒီမိုကရေစီ အဖွဲချုပ်ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ အောင်မြင်ထင်ရှားတဲ့ စာရေးဆရာတဦး ပြန်ကြားရေးဝန်ကြီးဖြစ်လာတဲ့အခါ လူငယ်တွေ လက်ရည်သွေးနိုင်ဖို့ အစိုးရပိုင် သတင်းစာမှာ ကဏ္ဍတရပ် ထည့်သွင်းပေးလာတာ တွေ့ရပါတယ်။ သတင်းအဓိကထား ဦးစားပေးရတဲ့ သတင်းစာမှာ ဆောင်းပါးနဲ့ စာပေရေးရာကဲလာတာကို ဂျာနယ် ဆန်နေတယ်လို့ ရှုမြင်သူတွေလည်း ရှိပါတယ်။ ဒီကြားထဲ စာသူခိုးကို အစိုးရသတင်းစာက ဖော်ပြမိလိုက်တာလည်း ရှိသေး၊ ရသစာပေဟာ ဟိုနေရာရောက် ဒီနေရာ ရောက်နေမယ့်အစား သူ့စင်နဲ့ သူ ရှိသင့်တယ်လို့လည်း တချို့က ပြော၊ နောက်ပိုင်းမှာတော့ လူငယ်တွေ စာပေလက်ရည်သွေးနိုင်ဖို့ သတင်းစာမှာ နေရာပေးမယ့်အစား အစိုးရက နောက်အစီအစဉ်တမျိုး စီစဉ်ပေးလိမ့်မယ်လို့ မျှော်လင့်မိ ဘာတွေ ဘယ်လိုပြောပြော ဒီဘက်ခေတ်ပိုင်းမှာ မကြာမကြာကျင်းပတဲ့ စာအုပ်ဈေးရောင်း ပွဲတော်တွေကြောင့် စာချစ်သူတွေဟာ တနေရာတည်းကနေ စာအုပ်ပေါင်းစုံဝယ်ယူနိုင်တဲ့ အခွင့်အလမ်းလည်း ရှိလာ ဒီဈေးရောင်းပွဲတွေမှာ ဖြစ်ဖြစ် တခြားတခြား စာအုပ်ရနိုင်တဲ့ နေရာတွေက ဖြစ်ဖြစ် စာဂျပိုးတွေပဲ စာအုပ်ဝယ်ကြတာ။

စာပေစိစစ်ရေး မရှိတော့တဲ့ကာလမှာ စာရေးသူရော ထုတ်ဝေသူပါ စိတ်ပေါ့ပါးလွတ်လပ်သွားပုံ ရတော့မှ လူတွေစာသိပ်မဖတ်နိုင်တော့တဲ့ အခြေအနေနဲ့ သွားတိုက်ဆိုင်လို့နေတာကလည်း အားမရစရာ၊ တချိန်က အမြတ်အစွန်းကြီးကြီးမားမားရခဲ့တဲ့ အပျော်ဖတ်စာအုပ်တွေ ၊ သိုင်းစာအုပ်တွေ၊ အပစ်အခတ်၊ အညှစ်အသတ်၊ အညစ်အပတ် စာအုပ်တွေ၊ Ghost writer ကို ရှဲဒိုးလို့ပြောတဲ့ သူများကို အခပေးပြီး ရေးတဲ့စာကို ကိုယ့်ကလောင်နံမည်နဲ့ ထုတ်ဝေသူတွေ လိုင်းပြောင်းသူပြောင်းပြီး တွက်ခြေမကိုက်တဲ့ မဂ္ဂဇင်းထုတ်ဝေရာက တခြားမီဒီယာပြောင်းသွားသူတွေ ရှိပါတယ်။ ဒီလို အခြေအနေမျိုးမှာ ရာခိုင်နှူန်းမများပေမဲ့ ရသစာပေကို စွဲမက်တဲ့ အမာခံပရိသတ်တွေရှိမြဲရှိနေသလို လူငယ် စာချစ်သူတွေလည်း ရှိမြဲရှိနေတာပါ။ ပုံနှိပ်စာအုပ်တွေ အခြေအနေမကောင်းပေမဲ့ စာအုပ်တွေလည်း ထွက်မြဲထွက်နေတာကလည်း ၀ါသနာရှင်လူငယ်လေးတွေ ကိုယ့်ငွေနဲပကိုယ် စာအုပ်ထုတ်ကြတာကို။

ဒါကြောင့် ပြောရရင် ရသစာပေဖန်တီးနိုင်တဲ့ လူငယ်လူသစ်တွေမရှိမဟုတ်ရှိပါတယ်။ ဒါပေမဲ့ ခေတ်စမ်း စာပေခေတ်၊ ရှုမ၀ခေတ်၊ မိုးဝေခေတ်၊ ဆရာဝန်စာရေးဆရာခေတ် စတာတွေတုန်းကလို အင်နဲ့အားနဲ့ သိပ်မများတော့တာကိုလည်း အများက အသိအမှတ်ပြု လက်ခံပါတယ်။ ရှိတဲ့လူဦးရေနဲ့ အချိုးချရင် အချိုးအစား နည်းပေမဲ့ ရသစာပေအဟောင်းတွေပြန်ထုတ်ဝေတဲ့အခါ အမာခံပရိသတ်တွေအပြင် စာချစ်သူ လူငယ်တွေက ရှာဖတ်တတ်တာ ပီတိဖြစ်ရ၊ ရသစာပေမြတ်နိုးတဲ့ လူငယ်လေးတွေ ဆထက်ထမ်းပိုးတိုးပွားလာရင် အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား၊ ဆင်ခြင်တုံတရားမဲ့ ကိုယ်ကျိုးစီးပွားသက်သက်ပဲ ကွက်ကြည့်တတ်ပြီး ကျင့်ဝတ်သိက္ခာမဲ့ သူတွေလျော့ပါးရုံမက ယဉ်ကျေးတဲ့ မြန်မာ့လူ့ဘောင် ပြန်လည်ထွန်းသစ်လာမယ်လို့ မျှော်လင့်မိနေပြန်၊
0