ကြည်ဇော်ဝင်း - စာပေဟောပြောပွဲတွေ ဘာလဲ ဘယ်လဲ



စာပေဟောပြောပွဲတွေ ဘာလဲ ဘယ်လဲ 
ကြည်ဇော်ဝင်း
(မိုးမခ) သြဂုတ် ၂၃၊ ၂၀၁၈

မနေ့ (၄.၂.၂၀၁၈) က စာပေညီမငယ် မေနန္ဒာ(မေဓာဝီ) Live လွှင့်ပေးလို့ ဆရာမောင်စွမ်းရည်ဟောပြောတာကို နားထောင် လိုက်ရတယ်။ ဆရာဂုဏ်ထူးဦးသိန်းနိုင်လည်း ဟောပြော တယ်။ ဆရာတို့ရဲ့ခေတ်ဦးကို မမီလိုက်ပေမယ့် ဆရာတို့ရဲ့ ရင်တွင်းစာပေစကားတွေကို ကြားရတဲ့အခါ ဆရာတို့ရဲ့ စာပေ ခေတ်ထဲကို ရောက်သွားသလိုပါပဲ။ လွမ်းစရာကောင်းလိုက် တာ။

စာပေဝေဖန်ရေးဆရာဆိုတာ လူမုန်းခံရတယ်တဲ့။ ကျနော်ကတော့ ဆရာမောင်စွမ်းရည်လို သတ္တိ တကယ် မကောင်းတာကတော့အမှန်။ ဆရာမောင်စွမ်းရည်ရဲ့စာပေဝေဖန်ရေးပေတံကတော့ ရှင်းပါတယ်။
 
“ ကိုယ်ကြိုက်ရင် ကောင်းတယ်။ ကိုယ်မကြိုက်ရင် မကောင်းဘူးပေါ့”တဲ့။

ဒါပေမဲ့ ဘာကြောင့်ကြိုက်တယ်။ ဘာကြောင့်မကြိုက်ဘူးဆိုတာကတော့ အကျိုးအကြောင်းခိုင်လုံစွာ အထောက်အထားနဲ့ပြောနိုင်ရမယ်တဲ့။ စာတပုဒ်ကိုကြည့်တဲ့အခါမှာလည်း ပြည်သူဘက်ကကြည့်ရမယ်တဲ့။ ဇာတ်ကောင်တွေစကားပြောတာ သဘာဝကျရဲ့လား၊ ဇာတ်လမ်းဇာတ်အိမ်က ယုတ္တိရှိရဲ့လား ကြည့်ပါ တယ်တဲ့။ 

ထားပါတော့၊ ဆရာစွမ်းကိုမြင်တဲ့အခါ မဆလခေတ်က စာပေဟောပြောပွဲတွေဆီ ရောက်သွားပြီး စာပေ စိတ်တွေတက်ကြွလာသလို ကိုယ်အားကျခဲ့တဲ့စာရေးဆရာတွေကိုလည်း လွမ်းမိတယ်။ 

ကျနော်တို့ခေတ်တုန်းကတော့ စာရေးဆရာကြီးတွေကို အရှင်လတ်လတ်မြင်ဖူးဖို့ဆိုတာ မလွယ်ပါဘူး။ စာပေဟောပြောပွဲတွေရှိမှသာ မြင်ဖူးတာပါ။

ဆရာတွေနဲ့စကားပြောခွင့်ရဖို့နေနေသာသာ အနားတောင် ကပ်ခွင့်မရနိုင်ပါဘူး။ ကိုယ်ကြိုက်တဲ့စာရေး ဆရာ ဆရာမတွေနဲ့ဟောပြောပွဲတွေကို အငြိမ့်ပွဲဇာတ်ပွဲကြည့်သလို အားခဲပြီးသွားကြည့်တာပါ။ စာပေဟောပြောပွဲဆိုတော့ သွားနားထောင်တာပေါ့လေ။ ကျနော်တို့စာရူးပေရူးဘဝတုန်းက အားထားရတဲ့ စာပေဟောပြောပွဲကတော့ မန္တလေး မီရထားစာပေဟောပြောပွဲပါပဲ။

ဆရာပါရဂူ၊ ဆရာမြသန်းတင့်၊ ဆရာဦးအောင်သင်း၊ ဆရာမောင်သော်က၊ ဆရာမောင်ကိုယု၊ ဆရာ သော်တာဆွေ၊ ဆရာကျော်မြသန်း၊ ဆရာမစမ်းစမ်းနွဲ့(သာယာဝတီ) စသည်ဖြင့် နာမည်ကြီးတွေဟော ပြောတာကို နားထောင်ခွင့်ရခဲ့တယ်။ စာပေဟောပြောပွဲကပြန်လာရင် ဘာမှန်းမသိဘဲ တက်ကြွနေပြီ ခြေလှမ်းတွေသွက်နေတယ်။ နားထောင်တဲ့ပရိတ်သတ်ကလည်း နှစ်စဉ်ကြောက်ခမမ်းလိလိပါပဲ။

သာမန်အငြိမ့်ပွဲဇာတ်ပွဲတွေထက် ပရိတ်သတ်များပါတယ်။ ဟောပြောပွဲပြီးနောက် ရက်မနက်မှာ ရေးသူဖတ် သူဆွေးနွေးပွဲ ရှိပါတယ်။။ ကျနော်တို့က တက္ကသိုလ်ကျောင်းသား ဘဝကျောင်းတက်နေရတာမို့ ရေးသူ ဖတ်သူဆွေးနွေးပွဲမတက်နိုင်ပါဘူးး။ အဲဒီခေတ်ကဆို ရေးသူဖတ်သူဆွေးနွေးပွဲစာအုပ်လေးတွေ ထွက်ခဲ့ တယ်။

စာရေးဆရာလောကမှာ မန္တလေးမီးရထားစာပေဟောပြောပွဲကိုဟောပြောဖူးမှ စာရေးဆရာစာရင်း ဝင်တယ် လို့တောင် ပြောစမှတ်ပြုတယ်လို့ ကြားဖူးတယ်။ မန္တလေးရထားမှာ မဟောဘူးသေးဘူးဆိုရင် စာရေးဆရာ လားမမြောက်သေးတဲ့သဘော။ ဟောပြောပွဲစီစဉ်တဲ့သူတွေက စာဖတ်ပရိတ်သတ်စိတ်ဝင်စားကြတဲ့စာရေး ဆရာကြီးတွေကို ဖိတ်ပေးကြတယ်။ အခုခေတ်လိုလည်း အသံချဲ့စက်နဲ့ဆေးကြော်ငြာသလို မကြော်ငြာပါ ဘူး။ လူစည်ကားတဲ့နှစ်နေရာ သုံးနေရာလောက်ပဲ  ကြော်ငြာဘုတ်ထောင်တယ်။ စာပေချစ်တဲ့သူတွေ အလိုလိုရောက်လာတာပါပဲ။

ဆရာတွေဟောတာကလည်း ကောင်းလွန်းတော့ ပရိတ်သတ်က ဟောပြောပွဲပြီးမှာစိုးနေကြတယ်။ 

ည ၁ နာရီကျော် ၂ နာရီမှသိမ်းတယ်။ အဟောအပြောကောင်းတဲ့ဆရာတွေဆိုရင် ဆက်ဟောပါဦးလို့ ပရိတ်သတ်က ဝိုင်းအော်ကြတယ်။ ဆရာမောင်သော်ကတို့၊ ဆရာမောင်ကိုယုတို့၊ ဆရာ ချစ်ဦးညိုတို့ဟာ အဟောအပြောကောင်းသူတွေပါ။ ဆရာသော်တာဆွေကတော့ စာရေးတာ သွက်သလောက် ဟောတဲ့နေ ရာမှာ လေးပါတယ်။ ဆရာသော်တာဆွေဟောရင်တော့ ရယ်ရမှာပဲလို့ ထင်ခဲ့တာ၊ ကျနော်နားထောင်ဖူးခဲ့ သမျှထဲမှာ အထူးခြားဆုံးကတော့ ဆရာ(ဦး)ဆန်းလွင်ပါ။ ဝတ္ထုတပုဒ်ကို အသံသွင်းထားပြီး အခွေဖွင့်ပြနေ သလိုပါပဲ။ ဆရာမောင်သာရ ရထားမှာဟောတဲ့ နှစ်က ကျနော်က နယ်ပြန်နေလို့ နားမထောင်လိုက်ရဘူး။

ဟိုခေတ်က စာပေဟောပြောပွဲတပွဲကျင်းပခွင့်ရဖို့ဆိုတာမလွယ်ပါဘူး။ ဒီခေတ်လို တနှစ်လုံး ဟောပြောပွဲရှိ နေတာမျိုးမဟုတ်ဘဲ စာဆိုတော်ရာသီတဝိုက်မှာပဲ ရှိတာပါ။ တပွဲဆို တပွဲဆိုသလောက် စာဖတ်ပရိတ် သတ်တွေ ကျေနပ်အားရကြတယ်။ ရေးသူဖတ်သူဆွေးနွေးပွဲတွေမှာလည်း သက်ဆိုင်ရာစာရေးဆရာတွေ ရဲ့နာမည်ကြီးစာအုပ်တွေအကြောင်း မေးကြမြန်းကြ ဆွေးနွေးကြပါတယ်။

ဒီနေရာမှာ အလျဉ်းသင့်လို့ပြောချင်တာလေးတခုရှိတယ်။ ကျနော်က ဆရာမောင်သာရကို ဆရာ ဦးအောင် သင်းအဟောအပြောသိပ်ကောင်းတာပဲလို့ ပြောတော့ ဆရာက ဦးအောင်သင်းက စာဟောဆရာလေတဲ့။ အဲဒီိလိုကြားခိုက်မှာ ကျနော့်စိတ်ထဲမှာ တမျိုးဖြစ်သွားတယ်။ စာဟောဆရာနဲ့ စာရေးဆရာ မတူဘူးလား၊ စာဟောဆရာကော စာရေးဆရာမဟုတ်ဘူးလား၊ ဆရာဦးအောင် သင်းစာပေဟောပြောပွဲတွေမှာ နာမည် ကြီးနေတဲ့အချိန်မှာ ဆရာဦးအောင်သင်းရဲ့တကိုယ်တော်လုံးချင်းဖြစ်တဲ့ ဝတ္ထု သို့မဟုတ် ဆောင်းပါး သို့မဟုတ် အက်ဆေး သို့မဟုတ် ကဗျာစာအုပ်ရယ်လို့ မရှိဘူးထင်ပါတယ်။ 

ဆရာ့ရဲ့ဝေဖန်ရေးအမြင်စာအုပ်တအုပ်တော့ သတိထားမိရဲ့။ အခုတော့ ဆရာ့စာအုပ်တွေ အများကြီးရှိပါ တယ်။ ဆရာ့စာပေဟောပြောချက်တွေဟာလည်း စာပေတန်ဖိုးရှိလွန်းလို့ စာအုပ်တွေဖြစ်လာပါတယ်။ 

စာပေဟောပြောပွဲခွေခေတ်ကို ဆရာဦးအောင်သင်းကတောင် စတယ်ထင်ပါတယ်။။ တောတွေမှာတောင် အသံချဲ့စက်နဲ့ဖွင့်ပြီးနားထောင်ရတဲ့အထိ အောင်မြင်ခဲ့တာပါ။ ဆရာရဲ့ မြန်မာစာပေအပေါ်ထားတဲ့စေတနာ လူငယ်တွေအပေါ်မှာ ထားတဲ့စေတနာက နားထောင်လိုက်တာနဲ့ အထင်းသားတွေ့နိုင်ပါတယ်။ 

ဆရာရဲ့စာပေဝမ်းစာက ကြီးမားလွန်းတော့ ဆရာဘာပြောပြော မှတ်သားလောက်စရာချည်းပါပဲ။
ဒါဖြစ်ရင် ဒီနေ့ခေတ်စာပေဟောပြောပွဲ ဆရာတွေကရော ဆရာဦးအောင်သင်းလိုစာပေချစ်သူတွေ လူငယ် မျိုးဆက်သစ်တွေကို လှုံဆော်စည်းရုံးနိုင်ပြီလား၊ လူငယ်တွေကို စာဖတ်ချင်လာအောင်  ဟောပြောနိုင်ကြ ပြီလား။

ရသစာပေကျဆင်းနေတယ်လို့ပြောနေကြပြီ။ တကယ်လည်း ရသစာပေတွေကို မဖတ်ကြတော့သလောက် ပါပဲ။ ဟိုတုန်းက စာပေဟောပြောပွဲဆိုတာ နတ်တော်လ တလတည်းလောက်သာရှိတာ၊ အခုဆိုရင် စာပေ ဟောပြောပွဲတောင်မဟုတ်တော့ဘဲ ၁၂ လစာဆိုတော်ပွဲလို့ ပြောလို့တောင် ရနေတယ်။ ဟိုတုန်းကတော့ စာပေဟောပြောပွဲဆိုတာ ညမှာပဲ ဟောတာများတယ်။ အခုဆိုရင် နေ့ရောညရော ဟောပြောနေကြရတာ ပါ။ ကျောင်းဖွင့်ပွဲ ဘုရားထီးတင်ပွဲကစလို့ အလှူတွေ၊ ကလေးကင်မွန်းတပ်နာမည်ပေးပွဲတွေအထိ စာပေ ဟောပြောပွဲတွေ ထည့်လာကြပြီ။ 

ဟောပြောနေတဲ့သူတွေအများစုနဲ့လည်း ခင်နေတော့ ဆက်ရေးရမှာကို ခင်လည်းခင်တယ် အားလည်းနာ တယ်။ စာပေဟောပြောပွဲတွေက စာပေဟောပြောပွဲတွေရောစစ်ရဲ့လား။ နားထောင်သူတွေဘက်က ပြန် ပြောကြတာကတော့ စာရေးဆရာတွေက စာပေအကြောင်းမပြောဘဲ နိုင်ငံရေးအကြောင်းတွေပဲ ပြောနေ ကြတယ်။ သီချင်းတွေပဲ ဆိုပြနေကြတယ်။ ပရိတ်သတ်မရယ် ရယ်အောင်ပြောပြီး လက်ခုပ်သံချူနေကြ တယ်။ လက်ခုပ်သံမျှော်နေကြတယ်။ အကြောင်းအရာတွေကထပ်နေပြီး တခါလာလည်း ဒါ၊ တခါလာ လည်း ဒါ ဖြစ်နေကြတယ်တဲ့။
တချို့နာမည်ကြီးဟောပြောပွဲဆရာတွေရဲ့စကားတွေက ရှေ့နောက်မညီဘူး၊ ကိုယ်မကြိုက်တဲ့ အစိုးရကျ တော့ အစိုးရကိုအပြစ်တင်ပြီး ကိုယ်ကြိုက်တဲ့အစိုးရကျတော့ ပြည်သူကိုအပြစ်တင်တယ်တဲ့။

စာရေးဆရက အပြောကောင်းရင် အပြောကောင်းတဲ့စာရေးဆရာဖြစ်ပေမယ့် နိုင်ငံရေးသမားက အပြော ကောင်းရင် အပြောကောင်းတဲ့ စာရေးဆရာဖြစ်သွားပြီလား။ အပြောကောင်းတဲ့နိုင်ငံရေးသမားပဲဖြစ်မှာပေါ့။ စာပေဟောပြောပွဲလို့ခေါင်းစဉ်တပ်ရင် တကယ်စာရေးတဲ့ စာရေးဆရာတွေကိုပဲဖိတ်သင့်တယ်။

နိုင်ငံရေးသမားနဲ့စာရေးဆရာမတွဲသင့်ဘူး။ စာရေးတဲ့နိုင်ငံရေးသမားဆိုရင်ောတ့ အဓိပ္ပာယ်ရှိပါတယ်။ ဒါတောင် ပြောစရာရှိတယ်။ စာပေဟောပြောပွဲအနေနဲ့ဖိတ်တာမို့ နိုင်ငံရေးသမားစာရေးဆရာရဲ့စာပေ အမြင်ပဲ ဖြစ်သင့်ဟောသင့်တယ်။ ကျော်ကြားတဲ့နိုင်ငံရေးသမားကို စာပေဟောပြောပွဲတွေက ဖိတ်လိုက် တာနဲ့ စာရေးဆရာဖြစ်သွားရောလား။

နာမည်ကြီးနိုင်ငံရေးသမားနဲ့တွဲဟောရတဲ့စင်တွေမှာ စာရေးဆရာအစစ်တွေရဲ့ဂုဏ်သိက္ခာထိခိုက်တာမျိုး တွေတောင် ရှိတယ်။ နာမည်ကြီးနိုင်ငံရေးသမားက နောက်မှဟောမှာမို့အရင်ဟောနေတဲ့စာရေးဆရာ အစစ်ကို အမြန်ဆင်းခိုင်းတာမျိုးတွေ ရှိတယ်။ စာတစ်လုံးမှမရေးဘဲ စာပေဟောပြောပွဲလိုက်တဲ့ ရုပ်ရှင် မင်းသား မင်းသမီးတွေနဲ့ဆိုရင် ပိုတောင်ဆိုးသေး။

နိုင်ငံရေးသမားတွေရုပ်ရှင်သရုပ်ဆောင်တွေဟောနေတာကိုမကြိုက်လို့ မလိုလားလို့ပြောနေတာမဟုတ်ဘူး နော်။ စာပေဟောပြောပွဲဆိုတဲ့ခေါင်းစဉ်အောက်မှာဖြစ်နေလို့ ပြောတာ။ စာပေဟောပြောပွဲလို့မတပ်ဘဲ အခြားခေါင်းစဉ်တပ်ပြီးလွတ်လွတ်လပ်လပ်ပြောကြရင် မကောင်းဘူးလား။ ဥပမာ လူငယ်နှင့်အနာဂတ်တို့၊ နိုင်ငံအရေ ဆွေးနွေးကြမယ်တို့ စသဖြင့်ပေါ့။ 

အများက လက်ခံတဲ့ကျော်ကြားသူတွေဟောပြောတာကို ကြိုဆိုပါတယ်။ နားထောင်ရသူတွေအတွက် အကျိုး ရှိပါတယ်။
ဟောသူရှိလို့ ဖိတ်သူရှိတာမဟုတ်ဘဲ ဖိတ်သူရှိလို့ ဟောသူတွေရှိတာပါ။ ဖိတ်တဲ့သူတွေကလည်း နာမည် ကြီးတွေကိုပဲ ရချင် ဖိတ်ချင်ကြမှာပါ။ ဒီနေရာမှာလည်း နာမည်ကြီး ဟောပြောတဲ့ဆရာတွေ အကြောင်းက ပြောစရာရှိလာပြန်တယ်။ ပထမဦးဆုံးပြဿာနာကတော့ ဟောပြောခ ဂါရဝကြေးကိစ္စပါပဲ။ ဟိုကဒီက အသံတွေလည်း စုံနေအောင် ကြားနေရတယ်။ နာမည်ကြီးတယောက်ကဆို ငါးသိန်းရမှ ဟောနိုင်မယ်တဲ့။ အသွားအပြန် လေယာဉ်နဲ့ခေါ်ရပို့ရမယ်။ တည်းခိုခန်းအကောင်းစားမှာ ထားပေးရမယ်။ အရက်ဆို အနည်း ဆုံး ဘလူးလေဘယ်မှဆိုတာတွေအထိ ကြားနေရတယ်။ ကိုယ့်အလှည့်ပြီးပြီးချင်း ကိုယ်သွားချင်တဲ့ဆီကို သီးခြားလိုက်ပို့ရမယ်။ ပုဆိုးတကွင်းနဲ့မိုးအလင်းဟောတယ်ဆိုတဲ့ စာရေးဆရာမျိုးကတော့ အရုပ်ရေးကြည့် ရမယ်ထင်ပါရဲ့။

ဒီနေရာမှာ စာရေးဆရာစစ်မစစ်ကိစ္စလည်း ပြောချင်တယ်။ ဘယ်လိုစာမျိုး ရေးရေးစာရေးဆရာဖြစ်သလား၊ ကိုယ်ရေးတဲ့သုတရသစာပေတွေကိုစာဖတ်ပရိတ်သတ်က အသိအမှတ်ပြုရင် စာရေးဆရာဖြစ်ပါတယ်။ 

ကိုယ်ရေးတဲ့စာဟာ လတ်တလောအများလက်ခံတဲ့ရာသီစာမျိုးမဖြစ်ရဘဲ ရေရှည်တည်တံ့နိုင်တဲ့နှစ်ရှည် စာမျိုးဖြစ်ရမယ်။ ကိုယ်ဟာ စာပေအသိုင်းအဝိုင်းကလက်ခံတဲ့ဝတ္ထု ကဗျာ၊ ဆောင်းပါး အက်ဆေးရေးပြီးပြီ လား၊ ကိုယ့်စာကို စာသမားစစ်စစ်တွေက အသိအမှတ်ပြုလက်ခံကြိုဆိုကြပြီလား။

အားမနာပပြောရရင် စာပေဟောပြောပွဲဈေးကွက်ကြီးက လုပ်ငန်းတခုသဖွယ်ကျယ်ပြောလာနေပြီ။ လုပ်စား ခွင်ကြီးလိုဖြစ်နေပြီ။ စာ, နာမည်ကြီးအောင်မရေးနိုင်ဘဲ လူ, နာမည်ကြီးအောင် လုပ်နေကြတယ်။ စာထက် လူကရှေ့ရောက်နေတယ်။ စာရေးစားတာထက် စာဟောစားတာက တွက်ခြေကိုက်လို့ စာရေးဆရာယောင် ဆောင်ပြီး စာဟောစားသူတွေလုပ်နေကြသလိုဖြစ်နေတယ်။ ဟောပြောပွဲတွေမှာတွင်ကျယ်နေလို့ နာမည် ကြီးနေလို့ ကိုယ့်ကိုယ်ကိုယ် အောင်မြင်တဲ့စာရေးဆရာဖြစ်ပြီလို့ လိပ်ပြာသန့်စွာ ခံယူရဲပြီလား။

ဟောပြောပွဲမှာ ဟောပြောပွဲကျင်းပရေးကော်မတီကတောင် လာဟောမယ့်စာရေးဆရာတွေ ကာတွန်းဆရာ တွေကို လူနဲ့နာမည်နဲ့ တွဲမသိတာမျိုးတွေထိ ဖြစ်နေတယ်။ အခမ်းအနားမှူးက ဆရာတို့ ဘယ်သူအရင် ဟောမှာလဲလို့မေးတဲ့အခါ နာမည်ကြီးစာရေးဆရာက ကျနော်အရင်ဟောမယ်လို့ပြောတော့ အရင်ဟောမှာ တော့ဟုတ်တယ်။ နာမည်ပြောလို့ ပြန်ပြောသတဲ့။ ဒါထက်ဆိုးတာက ဟောပြောမယ့်စာရေးဆရာကာတွန်း ဆရာတွေပုံကို ဗီနိုင်းထုတ်တဲ့အခါ ပုံနဲ့စာနဲ့တွဲတာတွေလွဲတာမျိုးထိပါပဲ။ နိုင်မြန်မာရဲ့ပုံအောက်မှာ ဆရာ ကာတွန်းဝင်းအောင်လို့ ရေးပြီး ကာတွန်းဝင်းအောင်ရဲ့ပုံအောက်မှာ ဆရာနိုင်မြန်မာလို့ရေးတာမျိုးပေါ့။ 

ဟောပြောမယ့်စာရေးဆရာရဲ့နာမည်ကိုတောင် အခမ်းအနားမှူးက မှန်အောင်မပြောနိုင်တာမျိုးတွေလည်း ရှိရဲ့။ စာရေးဆရာညီမင်းညိုကို ညိုမင်းညိုလို့ကြေညာတာမျိုး။

နောက် စာပေဟောပြောပွဲတွေဟာ လုပ်ငန်းသဘောဆန်လာတယ်။ ဟောပြောတဲ့ဆရာတွေအပေါ်လည်း ဖြစ်မြောက်ရေးအဖွဲ့တွေက ဇာတ်အငြိမ့်တို့ဆိုင်းတို့က လူတွေလိုဆက်ဆံလာတယ်။ စရိတ်ခံခေါ်မယ်။ လက်ဆောင်ပေးမယ်။ အပြန်ကားပေါ်အရောက်တင်ပေးလိုက်မယ်။ နွေးထွေးမှုတွေပျောက်ဆုံးကုန်ပြီလို့ ဆိုတယ်။ 

စာပေဟောပြောပွဲတွေများလာလေ စာဖတ်အားတွေကောင်းလာလေဖြစ်ရမယ်လို့ထင်စရာရှိတယ်။ လူတွေစာဖတ်ရင် စာအုပ်တွေရောင်းရမှာပေါ့။ အထူးသဖြင့် ရသစာအုပ်တွေ များများရောင်းကောင်းရမှာ ပေါ့။ ဟောနေတဲ့သူတွေအချို့ကရော ရသစာပေရေးကြရဲ့လား။ နောက်ဆုံးစာဟောသူတွေကိုယ်တိုင်ရော စာရေးဆရာအချင်းချင်းတွေရဲ့စာတွေကိုအချိန်ပေးပြီး ဖတ်ကြရဲ့လား။ စာမဖတ်ဖြစ်ကြတဲ့ပြည်သူတွေကို စာတကယ်ဖတ်ချင်လာအောင် လှုံ့ဆော်တိုက်တွန်းဖြစ်ကြရဲ့လား။

ဆရာမောင်သာရကတော့ ပြောဖူးတယ်။ စာရေးဆရာဖြစ်ချင်ရင် စာရေးတဲ့။ စာရေးဆရာစစ်စစ်ဖြစ်ပြီးမှ စာဟောဆရာဖြစ်လာသူများကိုပြောစရာမရှိပေမယ့် စာဟောဆရာဖြစ်အောင်လုပ်ပြီးမှ စာရေးဆရာ လောကကို အသုံးချဖို့ကြိုးစားနေတဲ့သူတွေကိုတော့ စောင့်ကြည့်ရမယ်။ အပြောကောင်းတိုင်း အရေး ကောင်းတာမဟုတ်။ ရေးလာရင်လည်း ဦးတည်ချက်မှန်ဖို့လိုသေးတယ်။ 

စာပေကိုအသက်ထက်ဆုံးဝဋ်ကြွေးကြီးစွာရေးသားလာတဲ့ စာသမားစစ်စစ်ဆွမ်းဆန်တွေကြားမှာ ကြွက်ချေးရောတာမျိုး လက်မခံပါ။

ဘောလုံးပွဲတပွဲလိုပြောရရင် စာမဟောဘဲစာရေးတဲ့စာရေးဆရာတွေဟာာ နောက်တန်းသမားတွေနဲ့တူပြီး စာရေးစာဟောဆရာတွေကတော့ ရှေ့တန်းတိုက်စစ်မှူးတွေနဲ့ တူပါတယ်။ တိုက်စစ်မှူးကောင်းတွေဖြစ်ဖို့လိုတယ်။ စာပေဟောပြောပွဲတွေရဲ့ဂုဏ်သိက္ခာနဲ့ အစဉ်အလာကောင်းတွေ ကို ထိန်းသိမ်းကြရမယ်။ အခုတော့ အမုန်းခံပြီမေးလိုက်တော့မယ်။
စာပေဟောပြောပွဲတွေ ဘာလဲ ဘယ်လဲ။

ကြည်ဇော်ဝင်း
0