မင်းကိုနိုင် ● မီးမီးပုံတူ ခဲကြမ်း

မင်းကိုနိုင် ● မီးမီးပုံတူ ခဲကြမ်း
(မိုးမခ) သြဂတ်စ် ၂၇၊ ၂၀၁၈

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။



မီးသတ်ကား ဥသြသံကြား တယ်။
မီးမီးဘောင်းဘီဝတ် ယူနီ ဖောင်းလဲပြီးသား
လူနာတင်ကား အရေးပေါ် ခေါ်ပါ။

ကားခေါင်းမှာ မီးမီးပါပြီး သား
တရားရုံးမှာ ဟိုတစ်ယောက် အမှန်ဘက်က ဖြစ်လျက်နဲ့
ခံရဦးမယ် ကူလိုက်ကြဦး။

"မပူနဲ့ မီးမီးကိုယ်တိုင်သင် ပေးပြီးသား''
ရဲနဲ့ ရင်ဆိုင်မတတ်ရင်
ဝတ္တရားနှောင့်ယှက်မှုဖြစ် သွားမယ်နော်။

"ရတယ်၊ ဟိုမှာ မီးမီးစခန်းထဲ ၀င်ပြောနေပြီ"
စစ်ရှောင်စခန်းဆီ ခရီးကြမ်း ချီမယ်ဟေ့။

မီးမီးက တောစီးဖိနပ်စီးပြီး သား...
×××××

ညဘက်အလုပ်တွေများ လွန်းတော့ နေ့ဘက်ရုံးလုပ်ငန်းနဲ့ အခြားတာဝန်တွေထိခိုက်မလား ဟု ပူစရာရှိသည်။ သူမကတော့ အမှန်တရားဘက်က ပြည်သူတွေ မနစ်နာအောင် ကာကွယ်ပေးဖို့ ရုံးပြင်ကနားအထိ အတူလိုက်ရင် ဆိုင်ပေးနေမြဲ။ တစ်နေ့ ကုန်ပင်ပန်းသမျှ နားကြချိန် သူမကို တစ်နေရာ၌ တွေ့လိုက်ရပြန်သည်။ ညဘက် လက်ဖက်ရည်ဆိုင်တစ် ခု၌ ၀င်စားပွဲထိုး နေခြင်းပင်။ ငွေရေးကြေးရေးအတွက်မဟုတ်။ မြို့ပေါ်က ကလေးတွေ၊ ပျံကျဈေး သည်လေးတွေ၊ မီးပွိုင့်စံပယ် ပန်း ရောင်း သည့်ကလေးတွေ အပါအ၀င် စားပွဲထိုးကလေးတွေကို စာ သင်ပေးသည့်အဖွဲ့တွင် ၀င်ပါနေ ခြင်းပင်။ ထိုစားပွဲထိုး ကလေးတွေ လုပ်အားခမပျက်စာသင်နိုင်ရန် အစားထိုးစားပွဲဝင်ထိုးနေခြင်းတဲ့။
×××××

အဖြူ၊ အစိမ်းဝတ် အထက ကျောင်းသူ ဘ၀ကတည်းက ထောင်အုတ်ရိုး၏ ခါးသီးကြမ်း တမ်းမှုကို အန်တုခဲ့သူ၊ တက္ကသိုလ် ဂုဏ်ထူးတန်း တတိယနှစ်မှာ လည်း ပြစ်ဒဏ် ထောင်ဒဏ် ခုနစ် နှစ်ဆိုတာကို နောင်တမရစတမ်း ရင်ဆိုင်ခဲ့သေးသည်။

သူမဘ၀ စာမျက်နှာတွေကို ခပ်သွက်သွက်လှမ်းလိုက်တိုင်း ရိုက်ချက်ကြမ်းတွေပြည့်လျက်၊ သူ့ရဲ့ တုံ့ပြန်အပြုံးတွေက ပကတိ ကြည်ဖြူလျက်...။

သက္ကရာဇ် ၂၀၀၇ မှာ ပထမ အသုတ်အဖြစ် ရှေ့ကအစ်ကိုတွေကိုဆွဲပြီ၊ ဖမ်းပြီဆိုသည်နှင့် နောက်နေ့မနက် ရန်ကုန်မြို့၏ လမ်းမများမှာ သူမကို မြင်ရတော့ သည်။

အရပ်ဝတ်တွေက လူအုပ် ဖြင့် ညှပ်ဖမ်းနေသည့်ကြား၊ စွေ့ ခနဲသူမက ထွက်လာ၊ ကျောပိုး အိတ်တစ်လုံးလွယ်ပိုးလျက် လက်သီးဆုပ်ထောင်ကာ မကြောက် စကားနှင့် လွတ်လပ်ခွင့်အတွက် ဟစ်ကြွေးနေသည့် သူမ၏ပုံရိပ်ကို နောင်ကျွန်တော်တို့ ပြန်လွတ်လာ သည့်အချိန် ၂၀၁၂ ခုနှစ်၌ ဗီဒီယို ဖိုင်အဖြစ် ပြန်ကြည့်ခွင့်ရသည်။ ထို ၂၀၀၇ ကာလက ယင်းလှုပ်ရှားမှုအတွက် မီးမီးရလိုက်သည်က ထောင်ဒဏ် ၆၅ နှစ်ဆိုသည့် အ မိန့်စီရင်ချက်။
×××××

လူ့သက်တမ်း (၄၇) နှစ်၊ အရေးတော်ပုံသက်တမ်းနှစ် (၃၀) အတွင်း သူမပုံရိပ်တွေကို ပြန်ပြောဖို့ တစ်ထိုင်တည်း မတတ် နိုင်ပါ။ နောက်ဆုံးအကြိမ် ပြန်မလွတ်ခင် အထိ အင်းစိန်မှ ပုသိမ်ထောင်၊ မန္တလေးထောင်၊ ကသာထောင်၊ ရွှေဘိုထောင် ထောင်ဘူးဝတံခါး တွေကို မိုင်တိုင်တွေလို ဖြတ်ကျော်ခဲ့သူ၊ အပြင်လောကရောက်စဉ် မှာ ပြည်သူ့ထံမှောက် အရောက် ခစားရင်း ဘ၀၏ အချိန်တွေကို သုံးခဲ့သူ။ ရံဖန်ရံခါရှားပါးအခိုက် အတန့်တွေမှာ ကျွန်တော်တို့ရုံး၌ မိသားစုဆန်သည့် ဘ၀တွေကို ခံစားခဲ့ရသည်။

ကျွန်တော် ဂစ်တာကြိုးညှိ တိုင်း သူမအပြေးရောက်လာ၊ နံဘေးစွေ့ခနဲထိုင်ကာ ဘယ်သီ ချင်းကို တီးပေးစမ်းပါ့ဟု ဘုရင်မ ကြီးနှယ် အမိန့်ပေးလေ့ရှိသည်။

ကျွန်တော်မကြားချင်ယောင် ဆောင်၊ မနာခံတိုင်း မကျေမချမ်း ဆီမန်းမန်းသလို ပွစိပွစိလုပ်ကာ ထွက်သွားရစမြဲ။ ဘယ်အရာကိုမှ စိတ်မပျက်တတ်သော သူမအား ဤနည်းဖြင့် စိတ်ပျက်အောင် ကျီစယ်နိုင်ခဲ့ပြီဟု တွေးကာ ကျေနပ်ခဲ့ခြင်းကို ကျွန်တော်ခုမှနောင်တရမဆုံး။ တကယ်ဆို သူမ၏ တောင်း ဆိုချက်က များလှသည်မဟုတ်။ ‘ခွန်အားဖြည့်မိငယ်’ သီချင်းကို တီးပေးရန်သာ။ ဤမျှရောင့်ရဲလှ သည့် တောင်းဆိုချက်ကို ကျွန် တော်က ကျီစားလိုမှုဖြင့် မဖြည့် ပေးခဲ့။
×××××

လူကုန်ကူးခံရသည့် ကလေး မတွေအတွက် ရပ်တည်ရင်း လူ ကုန်ကူးဂိုဏ်းကို သူမကိုယ်တိုင် ၀င်ဖမ်းသည့်နေ့က ထိုအကြောင်း ရုံးမှာ ပြောနေကြစဉ် ကျွန်တော် အမှတ်တရ ဤသို့မှတ်ချက်ချဖူး သေးသည်။

‘‘ဒါလောက်တော့ ဘယ်စာ ဖွဲ့မလဲ၊ တို့ကိုနောက်ဆုံး အင်းစိန်ဗှုးရှေ့မှာ ရုံးထုတ်တုန်းက တရား ရုံးမှာ ဓာတ်ပုံခိုးရိုက်တဲ့ အရပ်ဝတ်ဟိုအဖွဲ့တွေကို မီးမီးက ထပြေးပြီး လိုက်ဖမ်းသေးတာ’’

တကယ်တော့ ထိုအထူး တရားရုံးကို အပြင်လူဘယ်သူမှ ၀င်ခွင့်မရှိ။ ထို့ကြောင့် ဓာတ်ပုံခိုး ရိုက်သူမှာ ဘယ်သူဘယ်ဝါတွေ ဖြစ်မှန်း သူမကိုယ်တိုင်သိပါလျက် တရားစွဲခံထိုင်ခုံမှ ထပြေးလိုက်၍ ဖမ်းခဲ့ခြင်းပင်။
×××××

မကြာသေးခင် ရက်ပိုင်းတွေ က ညဘက်တွေမှာ အရေးပေါ်လူ နာတင်ယာဉ်တွေနှင့် လိုက်၊ သူနာ ပြုအတွေ့အကြုံတွေကို ရုံးမှာ တတွတ်တွတ်ပြန်ပြောပြနေသည့် သူမ။ စကားသံခေတ္တတိတ်စဉ် ကျွန်တော်က ဖြတ်မေးသည်။ သည်လောက် တစ်ညလုံးတာဝန်ယူနေ တော့ ညည်းဘယ်အချိန်အိပ်သ လဲဟု...။

သူမပြန်မဖြေ။ မေးခွန်းတစ် ခုရလျှင် အဖြေမဆုံးအောင် စကားသန်လှသည့် ထိုညီမမှာ စားပွဲခုံ ပေါ်မှောက်လျက် နှစ်နှစ်ခြိုက် ခြိုက်ပျော်နေရှာပြီ။
×××××

နောက်ဆုံးရက်က ခရီးမ ထွက်ခင် တိုင်ပင်ကြသေးသည်။ အနာဂတ်နှစ်များအတွက် ဘာ လုပ်ကြမည်ဆိုတာ။ အချို့က အားသန်ရာ NGO တွေမှာ လုပ်နိုင် သည်။ အချို့လည်း ဒီလိုအများ အတွက် နေ့စဉ်အချိန်ပေးနေရ သည့် တာဝန်တွေမှ ထွက်၍ ကိုယ်ပိုင်ဘ၀တွေ ဖန်တီးချင်ကြပေဦး မည်။ ဒီအတွက်မေးသော် မီးမီးက ဦးဆုံးဖြေသည်။

‘‘သမီးက သေမှထွက်မှာ’’
×××××

သူမ ဈာပနအတွက် ပြင်ဆင် ရင်း သူအားထုတ်ခဲ့သမျှ မှတ်မိ တာတွေ တစ်ယောက်တစ်လှည့် ပြောနေကြပါသည်။

အိမ်ဖော်ကလေးတစ်ယောက်ကြိုးတုပ်ညှဉ်းဆဲခံရမှု တရားစွဲ ဆိုရန် အင်အားမရှိ ခက်ခဲနေချိန် မီးမီးက ရဲစခန်းကိုယ်တိုင်လိုက် သွားပြီး အတိအကျအဆက်အ သွယ်ရအောင် ၀င်လုပ်ပေးတာဟု တစ်ယောက်က အမှတ်တရတမ်း တပြောနေသည်။ ရုံးခန်းထောင့် မှာ ပိုင်ရှင်မဲ့ဂစ်တာ ကျွန်တော်မြင်၏။ ‘‘အရှုံးမပေးနဲ့ မိငယ်ရေ’’ဟု ၀င်အော်ချင်နေသည့် ညီမမျက်နှာကို မြင်ယောင်သည်။

တကယ်က ဒီနေ့သည် ကရင်ပြည်နယ်၊ မွန်ပြည်နယ်ရေဘေး အတွက်အတူသွားကြရန် ချိန်းဆို ထားသည့်နေ့၊ ညီမသာရှိလျှင်ဟု ကျွန်တော်ယောင်ယမ်းတွေးမြင် မိသည်။

သေချာပါသည် ထိုညီမသာ ရှိခဲ့လျှင် အလေးပင်ဆုံးအထုပ်ကို ရွေး၍ ထမ်းချသွားမှာ သေချာပါ သည်။

.
#Min ko naing
(15.8.18 ထုတ် 7Days သတင်းစာ)
photo: @Aung latt
ပန်းချီ ကိုအောင်လတ်
0