ညိုထက်ညို - လွမ်းတနွမ်းလျ

လွမ်းတနွမ်းလျ
 ညိုထက်ညို
(မိုးမခ) သြဂုတ် ၁၆၊ ၂၀၁၇
 
တကယ်က ကျွန်တော် ဘာစာအုပ်မှ မယ်မယ်ရရ မဖတ်ဖြစ်တာကြာပါပြီ။ ဖတ်ရလောက်အောင်လည်း ကိုယ့်ဘေးမှာ စာအုပ်တွေမရှိ။ ကိုယ်ကလည်း စာအုပ်တွေနှင့် ဝေးရာသို့ ရောက်နေပြန်သည်။ လွန်ခဲ့သောသုံးလေးလက အဖေ ဆုံးပြီးကတည်းက စိတ်တွေကလည်း ဟိုရောက်ဒီရောက် ဖြစ်နေသည်။ ဒီလိုနှင့် ကျွန်တော်စာအုပ်တွေမဖတ်ဖြစ်တာ ကြာပါပြီ။
ဒီနေ့တော့ ဘေးမှာရှိသော အဖေ နောက်ဆုံးထားသွားသည့် စာအုပ်ပုံလေးထဲက စာအုပ်တစ်အုပ် ကောက်ယူကြည့် မိပါသည်။ စာအုပ်ကလေး လေးငါးအုပ်ကို စုပုံထားသည့် ဒီစာအုပ်ပုံထဲက စာအုပ်ကလေးများမှာ အဖေ နောက်ဆုံး ဝယ်သွားသောစာအုပ်ကလေးများ ဖြစ်ပုံရပါသည်။ ဒီစာအုပ်ကလေးများကို အဖေကျွန်တော့်ဆီမှာ ခြောက်လ လောက်လာနေခဲ့စဉ် ဖတ်ရန် မြန်မာနိုင်ငံမှ မိုင်ထောင်ချီ ဝေးသောခရီးလမ်းကို ဖြတ်သန်း၍ သယ်ယူလာခဲ့ခြင်း ဖြစ်ပါ သည်။
ကျွန်တော့်လက်ထဲမှာပါလာသည့် စာအုပ်ကလေးက ‘စိတ်ကူးချိုချို’ စာပေမှ တတိယအကြိမ်မြောက်အဖြစ်ထုတ်ဝေ သည့် ‘ ဂျာနယ်ကျော်မမလေး၏ဘဝပုံရိပ်များ ’ ဆိုသည့် စာအုပ် ဖြစ်ပါသည်။ စာအုပ်၏နောက်ကျောဖုံးကိုပါကြည့် လိုက်တော့ နောက်ကျောဖုံးတွင် ‘ဂျာနယ်ကျော်မမလေး၏ဆောင်းပါးများထဲမှ ဘဝရုပ်ပုံလွှာတစ်စိတ်တစ်ပိုင်း နီးဝေး နိမ့်မြင့် ပုံရိပ်များ’ ဟု ရေးထားပြန်ပါသည်။
စာအုပ်ကို ဖျတ်ခနဲ ကျွန်တော်လှန်ကြည့်မိပါသည်။ ဤစာအုပ်ကို ပထမအကြိမ်အဖြစ် ၂၀၀၂ ခုနှစ်က ‘ရာပြည့်’ စာ အုပ်တိုက်မှ စတင်ထုတ်ဝေခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။ ယခု တတိယအကြိမ်အနေဖြင့်မူ ၂၀၁၅ ခုနှစ်တွင် အထက်တွင်aဖ်ာပြခဲ့သည့်အတိုင်း ‘စိတ်ကူးချိုချို’ မှ ပြန်လည်ထုတ်ဝေခဲ့ခြင်း ဖြစ်ပါသည်။ အမှာစာအဖြစ် စာအုပ်၏ ပထမစာမျက်နှာတွင် ဂျာနယ်ကျော်မမလေး၏သား စာရေးဆရာ ကဗျာဆရာမိုးဟိန်းနှင့်တကွ ရာပြည့်စာအုပ်တိုက် (ရာပြည့်ဦးစိုးညွန့်ပဲ ရေးသည်ထင်ပါသည်) မှ ရေးထားတာကို တွေ့ရပါသည်။
တကယ်က၂၀၀၂ခုနှစ်တွင် ကျွန်တော်ရန်ကုန်မှာရှိနေတုန်းပဲဖြစ်ပြီး နှစ်ကုန်ပိုင်းလောက်မှာ ရန်ကုန်စက်မှုတက္ကသိုလ် မှ ဘွဲ့ရခဲ့ပါသည်။ ဘွဲ့ရပြီးသည်နှင့်တပြိုင်နက် ဘာမှဆက်မတက်ဖြစ်တော့ဘဲ တက္ကသိုလ်ကိုကျောခိုင်းခဲ့သည့် ကျွန် တော်သည် တပါတည်း ရှစ်တန်းကိုးတန်း ကျောင်းသားဘဝမှစ၍ တက္ကသိုလ်မှထွက်သည်အထိ ဝင်ခလုတ် ထွက် ခလုတ် ဖြစ်ခဲ့မိသော ပန်းဆိုးတန်းစာအုပ်တန်းကိုပါ ကျောခိုင်းခဲ့မိပါသည်။ တကယ့်လူ့ဘဝထဲရောက်သွား၍ ပန်းဆိုး တန်းဘဝတက္ကသိုလ်မှပါ ထွက်ခဲ့မိခြင်းဖြစ်ဟန်တူပါသည်။ တိုတိုဆိုရလျှင် လစဉ်ထွက်နေသောမဂ္ဂဇင်းများကို မှန်မှန် ဖတ်နေမိသည် (ထိုစဉ်က မဂ္ဂဇင်းများအားကောင်းမောင်းသန်ထွက်နေတုန်း ဖြစ်လေသည်) ကလွဲ၍ စာအုပ်များနှင့် ကျွန်တော် အဆက် ပြတ်သွားခဲ့သည်ကတော့ အမှန်ပင် ဖြစ်ပါသည်။
ဒီလိုနှင့်ပဲ ၂၀၀၇ ခုနှစ် မှစ၍ ကျွန်တော် ပြည်ပသို့ထွက်လာသည်ကအစပြုကာ ဒီစာအုပ်ကို အခုစာအုပ်ထွက်ပြီး ၁၆ နှစ်အကြာ ၂၀၁၈ခုနှစ်မှပဲ ဖတ်မိရခြင်း ဖြစ်ပါသည်။
အဲဒီတော့လည်း ကျွန်တော့်စိတ်တွေက ဟိုးလွန်ခဲ့သော နှစ်နှစ်ဆယ်အစိတ် ကျွန်တော် ရှစ်တန်းကိုးတန်း ကျောင်း သား ဘဝလောက်သို့ ပြန်ရောက်သွားပါသည်။
……………………………..     ………………………….     …………………………….
အဲဒီတုန်းက ကျွန်တော်သည် ကျွန်တော်နေထိုင်ရာတိုက်ခန်းကလေး၏အပေါ်ထပ်ထပ်ခိုးကလေးပေါ်မှာရှိသောထင်း ရှူးသေတ္တာကြီးနှစ်လုံးနှင့်အပြည့် သိုမှီးထားသည့် အဖေ့တသက်လုံး ဝယ်ယူစုဆောင်းဖတ်ရှုခဲ့သော အဖေ့စာအုပ်ပုံ ကြီးကို မွှေမိပါသည်။ စာအုပ်ပုံကြီးထဲမှ အထပ်လိုက်အထပ်လိုက် စာအုပ်တွေအမြောက်အမြား ထွက်လာပါသည်။ ဤစာအုပ်တွေကြားထဲမှ စာရွက်အနံတိုတိုနှင့်ခပ်ထူထူ နီညိုရောင်မျက်နှာဖုံးနှင့်စာအုပ်တစ်အုပ် ထွက်လာပါသည်။ မျက်နှာဖုံးမှာ ပန်းချီဖြစ်၍ ခေါင်းပေါင်းပေါင်းထားသော မျက်မှန်တပ်ထားသည့် လူကြီးတစ်ယောက်၏ပုံနှင့် ဖြစ်ပါ သည်။ စာအုပ်အမည်ကိုဖတ်ကြည့်လိုက်တော့ ‘သူလိုလူ’ တဲ့ …။ ရေးသူက ဂျာနယ်ကျော်မမလေးဟူ၍ ဖြစ်ပါသည်။
အဲဒီမှာပဲ ဂျာနယ်ကျော် ဦးချစ်မောင်ကို ကျွန်တော် စတင်တွေ့ရှိပါသည်။
ပြီးတော့ ဂျာနယ်ကျော်မမလေးကိုပါ ကျွန်တော် တွေ့ရှိပါသည်။
……………………………..    …………………………..    …………………………….
ဂျာနယ်ကျော်မမလေး၏ သူ့ခင်ပွန်း ဂျာနယ်ကျော်ဦးချစ်မောင်အကြောင်းရေးထားသည့် ‘သူလိုလူ’ ကို ကျွန်တော် တစ်ထိုင်တည်းနှင့် နှစ်ရက်သုံးရက်အတွင်း ဖတ်ရှုပြီးသွားပါသည်။ အရေးအသားမှာ ပြေပြစ်လှ၍ အခန်းတစ်ခန်းနှင့် တစ်ခန်း အကူးအဆက်မှအစ ချောမွေ့လှကာ ဂျာနယ်ကျော်ဦးချစ်မောင်၏ သရုပ်ကိုပေါ်လွင်အောင် ဖော်ကျူးနိုင်ပါ သည်။ ဂျာနယ် ကျော်ဦးချစ်မောင်နှင့် စတင်ဆုံတွေ့စဉ်မှအစပြုကာ နောက်ဆုံး ဂျာနယ်ကျော်ဦးချစ်မောင် ကွယ်လွန် သည့်အချိန်တွင် သူ့စာအုပ်ကို အဆုံးသတ်ထားပါသည်။ စာအုပ်၏ နောက်ဆက်တွဲအနေဖြင့် ဂျာနယ်ကျော်ဦးချစ် မောင် ရေးသားခဲ့သော နေ့စဉ်မှတ်တမ်းကိုပါ ထည့်သွင်းဖော်ပြထားပါသည်။
သို့သော်…သို့သော်…သို့သော်…ဤသို့သော်မှာ အတော်အရေးကြီးသော သို့သော် ဖြစ်ပါသည်။ အမှန်အတိုင်းဆိုရ လျှင် ‘သူလိုလူ’ တစ်အုပ်တည်းနှင့် ဂျာနယ်ကျော်မမလေး၏စာအရေးအသားကို ကျွန်တော် စွဲလမ်းသွားပါသည်။ သို့သော် ဤစာအုပ်မှာ ကျွန်တော့်ဘဝတွင် အခုအထိ ဂျာနယ်ကျော်မမလေးရေးသောစာအုပ်များအနက်မှ ပထမဆုံး နှင့် နောက်ဆုံးဖတ်ဖူးသော တစ်အုပ်တည်းသောစာအုပ် ဖြစ်ခဲ့ပါသည်။
ထိုစဉ်က ပန်းဆိုးတန်းစာအုပ်တန်းမှာ ကျွန်တော်ရှိနေတာတော့အမှန် ဖြစ်ပါသည်။ သို့သော် အဲဒီတုန်းက ကျွန်တော့် အာသီသမှာ ကဗျာ၊ အက်ဆေးနှင့် အတ္ထုပ္ပတ္တိစာအုပ်များမျှသာ ဖြစ်ပါသည်။ ဝတ္ထုစာအုပ်များကို ကျွန်တော် စိတ်ဝင် စားမှုသိပ်မရှိခဲ့ဟုဆိုရမည် ဖြစ်ပါသည်။ မဖတ်မဟုတ် ဖတ်မိပါသည်။ သို့သော် ဂျာနယ်ကျော်မမလေး၏ ဝတ္ထုများ တော့ပါဝင်ခြင်းမရှိခဲ့ဟု မှတ်မိနေပါသည်။
သို့သော် ဂျာနယ်ကျော်မမလေးကို မဂ္ဂဇင်း စာမျက်နှာများပေါ်တွင် ပြန်လည်တွေ့ရပါသည်။
……………………………    ……………………………   …………………………….
ဆရာဒဂုန်တာရာက သူ့နာမည်ကျော်ရုပ်ပုံလွှာကားချပ်များတွင် ဂျာနယ်ကျော်မမလေးကို ‘မေတ္တာပန်းပွင့်’ ဟု တင် စားရေးသားခဲ့ပါသည်။ ထို့အတူ ဆရာ မြသန်းတင့်ကလည်း သူ့ ဆောင်းပါးတွင် ဂျာနယ်ကျော်မမလေးအကြောင်း တခုတ်တရ ရေးသားခဲ့ပါသည်။
ဒဂုန်တာရာက ဒေါ်မမလေးကို အစွဲအလမ်းကြီးသူ၊ အတိတ်နိမိတ်များ၌ စူးစမ်းစေ့ငုတတ်သူအဖြစ် သရုပ်ဖော်ပါ သည်။ ဖော်ရလောက်အောင်လည်း လစဉ် လဆန်း ၂ ရက် နေ့တိုင်း ဂျာနယ်ကျော်ဦးချစ်မောင်၏အုတ်ဂူသို့ သွား ရောက်ပြီး လစဉ်ကန်တော့သည့် ဒေါ်မမလေး၏အဖြစ်က အစွဲအလမ်းကြီးသူဖြစ်ပါကြောင်း ရည်ညွှန်းနေပါသည်။
တစ်နှစ်မဟုတ် နှစ်နှစ်မဟုတ် လေးငါးခြောက်နှစ်မဟုတ်၊ ထိုလစဉ်ကန်တော့သောဝတ်ကို ဂျာနယ်ကျော်မမလေး ဆယ့်သုံးနှစ်တိုင်တိုင်ထမ်းဆောင်ခဲ့သည်ကတော့ အမှန်ပင် ဖြစ်ပါ သည်။
ဆယ့်သုံးနှစ်၏ဟိုမှာဘက်တွင်တော့ ဂျာနယ်ကျော်မမလေး နောက်အိမ်ထောင်သစ်ထူထောင်လေသည်။ ထိုအခါ ထိုဝတ်ကို ခင်ပွန်းသစ်ဖြစ်သူ ဦးအောင်ဇေယျကဆက်ပြီး တာဝန်ထမ်းရွက်ရသည်ဟု ဂျာနယ်ကျော်မမလေး ကိုယ် တိုင်ရေးသားချက်အရ သိရပါသည်။
အမှန်မှာ မြန်မာမှုမဟုတ်သော ဤကဲ့သို့အပြုအမူမျိုးကို ဒေါ်မမလေးမှလွဲ၍ မည်သည့်မြန်မာ လုပ်ဖူးသည်ဟု ကျွန် တော်တို့ ကြားဖူးကြပါသနည်း။ ဝိညာဉ်လိပ်ပြာမရှိ၊ ‘ငါ’ ဆိုသည်မှာ မရှိ၊ နောက်ဆုံး ယောက်ျားမိန်းမပင်မရှိသော ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သည့် မြန်မာတို့အတွက် လူတစ်ယောက် သေသည်ဆိုလျှင်ပင် ထိုသူ နှင့်ထပ်မံ ပတ်သက်တွယ်ငြိနေစရာအကြောင်းရင်းခံနည်းပါးလေရာ များစွာသောသချိ င်္ုင်းတို့မှ မြန်မာအုတ်ဂူတို့ကိုသွားကြည့် လျှင် အမှိုက်တသောသောနှင့် အပြိုပြိုအပျက်ပျက် ထိန်းသိမ်းစောင့်ရှောက်ခြင်း အလျဉ်းကင်းမဲ့သည့်အဖြစ်ကို တွေ့ရ မည် ဖြစ်ပါသည်။
ယခု ကျွန်တော်ဖတ်နေသောစာအုပ်ထဲက ဒေါ်မမလေး၏ဆောင်းပါးတစ်နေရာတွင် ဒေါ်မမလေး၏ဆန်းကြယ်သော ထိုအပြုအမူကို လစဥ့်မင်တွေ့နေရသူ ဦးချစ်မောင်အုတ်ဂူအနီးတွင် သီတင်းသုံးနေသော ဘုန်းကြီးတစ်ပါးက သံယော ဇဉ်ဖြတ်ရန် တရားပြသည်ဟုဆိုပါသည်။ ထိုအခါ ဒေါ်မမလေးက သံယောဇဉ်မပြတ်သောကြောင့် လာနေခြင်းမဟုတ် ၊ ဦးချစ်မောင်၏ဂုဏ်ကျေးဇူးကို မမေ့မလျော့သောသတိဖြင့် အလေးအမြတ် ပြုသည့်အနေဖြင့် လာခြင်းဖြစ်သည်ဟု ဘုန်းကြီးအား ပြန်လည်လျှောက်ထားသည်ဟု ဆိုပါသည်။
တကယ်က အုတ်ဂူသို့သာမဟုတ်ပါ။ ကွယ်လွန်သူအတွက်ရည်စူးပြီး လှူဒါန်းသည့်အနေဖြင့် ကိုးထပ်ကြီးဘုရားအနီး ရှိ ‘မင်္ဂလာဇေယျုံ’ ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်ကိုလည်း ဒေါ်မမလေး လစဉ်ငွေတစ်ရာကျပ် လှူဒါန်းခဲ့ သည်မှာ ဆရာတော်ပျံလွန်တော်မူသည်အထိ ဆယ့်သုံးနှစ်တိုင်တိုင်ဖြစ်ပါသည်။ ဆရာတော်ပျံလွန်တော်မူပြီးသည့် နောက်ပိုင်း တွင်မူ ရှမ်းလမ်းမဟာရာဇိကာရုံ ကျောင်းတိုက်ဆရာတော်သို့ ပြောင်းလဲလှူဒါန်းသည် ဟု ဆိုပါသည်။
ဘာပဲဖြစ်ဖြစ် နှစ်ပေါင်းများစွာ (ဘယ်အထိ ဒေါ်မမလေး ထိုဝတ်ကိုထမ်းဆောင်သွားသလဲတော့ ကျွန်တော်မသိပါ) လစဉ်မပြတ် ဝတ္တရားတစ်ရပ်လိုထမ်းဆောင်ခဲ့သည်မှာ ဘေးလူအဖို့တော့ အံ့သြစရာကြီး ဖြစ်နေဟန်တူပါသည်။ အဲဒါကြောင့်လည်း ဒဂုန်တာရာက အစွဲအလမ်းကြီးသူဟု ဒေါ်မမလေးရုပ်ပုံလွှာကို ခြယ်ရေးခဲ့ခြင်းဖြစ်ဟန်တူပါသည်။
နောက်တခုက ဒေါ်မမလေးအကြောင်း ပြောမည်ဆိုလျှင် မပါမဖြစ်ပါရသည့် ‘ပုဂ္ဂလပညတ်ဓာတ်ကျမ်း’ ဟုလည်း ခေါ် ကြသည့် မြန်မာ့ရိုးရာ နေလဆေးပညာ ဖြစ်ပါသည်။ ဂျာနယ် ကျော်မမလေး၏အလုပ်တိုက်သို့ရောက်လျှင် ဆရာ ဒဂုန်တာရာတို့ ဆရာမြသန်းတင့်တို့ ဒုက္ခရောက်ကြပြီ ဖြစ်ပါသည်။ ဒေါ်မမလေးဧည့်ခံကျွေးမွေးသော ထမင်းပွဲတွင် ဟိုဟင်းခွက်ကို ဒဂုန်တာရာစား၍မရ။ ဒီဟင်းခွက်ကို မြသန်းတင့် နှိုက်၍မရ။ အပူသမားအအေးသမားဟုခွဲခြားကာ သူ့ ဓာတ်နှင့်သူသဟဇာတဖြစ်သည့်အစာကိုသာစားရသည့် နေလဆေးပညာအရ ထမင်းတဝိုင်းတည်းတွင်ပင် ဟင်း ခွက်တို့ကို ခွဲခြားစားကြရပါသည်။
ဆရာမြသန်းတင့်၏အဆိုအရ ဒေါ်မမလေး၏တစ်သက်တာပတ်လုံး ကွယ်လွန်သည်အထိ အနောက်တိုင်းဆေးဝါးကု သမှုနှင့်တကွ အနောက်တိုင်းဆေးတို့ကို မှီဝဲသုံးစွဲခြင်းမရှိဘဲ သူယုံကြည်ရာ နေလဆေးပညာနှင့် မြန်မာဆေးတို့ကို သာ မှီဝဲသွားခဲ့သည်ဟု ဆိုပါသည်။
‘အင်္ဂလိပ်ဆေးမတိုက်ဖူးလား’ ဒေါ်မမလေးအဆုတ်ရောဂါ (ဟုထင်သည်) ဖြင့် ကွယ်လွန်ခါနီးတွင် ဆရာမြသန်းတင့် က ဒေါ်မမလေး၏ခင်ပွန်း ဦးအောင်ဇေယျကို မေးသောစကားဖြစ် ပါသည်။
‘အဘွားကြီးက ခင်ဗျားသိတဲ့အတိုင်းပဲ၊ သူ့ဆေးမှ သူ့ဆေး’ ဦးအောင်ဇေယျက ဆရာမြသန်းတင့်ကို ပြန်ဖြေသော စကား ဖြစ်ပါသည်။
ဤမျှဆိုလျှင် ဒေါ်မမလေး၏ နေလဆေးပညာအပေါ် မည်မျှယုံကြည်အားထားပုံကို သိနိုင်လောက်ပြီ ထင်ပါသည်။
ထိုမျှနေလဆေးပညာအပေါ် လေးနက်သော ဒေါ်မမလေးတစ်ယောက် နေလဆေးပညာဖြင့် ဆေးကုသသည့် ဆေး ဆရာဘဝသို့လည်း နှစ်နှင့်ချီ၍ ရောက်ရှိသွားပါသေးသည်။ ဒေါ်မမလေး၏အဆိုအရ နေလဆေးပညာကို စတင်သင် ကြားဆည်းပူးပြီး ရှစ်နှစ်ခန့်အကြာတွင် ဆေးဆရာအဖြစ်သို့ ရောက်သည်ဟုဆိုပါသည်။ ဒေါ်မမလေးထံသို့လာသော မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ လူနာများမှာအမျိုးအမည်အားဖြင့် စုံလင်လှပါသည်။ ကင်ဆာရောဂါဖစ်နေသူ၊ နှလုံးရောဂါ ဖြစ်နေသူမှအစ ကိုယ်ပျက်နေသူ၊ စိတ်နောက်နေသူ အထိ ပါပါသည်။
ဤလူနာများအား မိုးလင်းမှမိုးချုပ်တိုင် ဒေါ်မမလေးတစ်ယောက် အခမဲ့ကုသပေးလေသည်။ အခု ကျွန်တော်ဖတ်နေ သေဆောင်းပါးပေါင်းချုပ်ထဲတွင်ပါသည့် ဒေါ်မမလေး၏ဆောင်းပါးအရ သူကိုယ်တိုင် နေမကောင်းဖြစ်သည့်အခါတွင် လည်း နေလဆေးပညာအရသာ ကုသမှုခံယူသည်ဟု သိရလေသည်။
တခါတွင် ဒေါ်မမလေးရုတ်တရက် နေမကောင်း ဖြစ်လေရာ အိမ်ထဲတွင်ဒန်းဆင်၍ ဒေါ်မမလေးကို ဒန်းပေါ်တွင်တင် ကာ ဒေါနပန်းများကိုရှူစေလျက် တစ်နေ့လုံးတစ်ညလုံး ဦးအောင်ဇေယျ နှင့် အခြားတစ်ယောက်က ဒန်းထိုင်လွှဲပေး နေရသည်ဟုဆိုလေသည်။ ထိုအချိန်တွင်ပင် သားအငယ်ကောင်ဖြစ်သူမိုးဟိန်းက ကားတိုက်ခံရသည်ဟုဆိုပါသည်။ သတိမရတချက် ရတချက် ဖြစ်နေသော မိုးဟိန်းကို ပုလိပ်များက ဆေးရုံသို့ပို့ပေးမည်ပြုသောအခါ အပို့မခံဘဲ သူ့ အမေက ကုပေးလိမ့်မည်ဟုဆိုကာ အိမ်သို့သာ ပြန်ပို့စေသည်ဟု ဆိုပါသည်။
ဒေါ်မမလေးကိုသာမက မိုးဟိန်းကိုပါ နေလဆေးပညာအပေါ် ယုံကြည်ကိုးစားသူစာရင်းထဲ ထည့်သွင်းရတော့မည်ဟု ကျွန်တော် ဆိုချင်ပါသည်။
နေလဆေးပညာအရ အပူသမားအအေးသမားဟူ၍ခွဲခြားကာ နေ့စဉ်စားသုံးနေသေအစားအစာများကို ရွေးချယ်စား သောက်ရပေရာ လူအများက ကျန်းမာရေးအတွက် အလွန်ကောင်း မွန်သည်ဟုဆိုကြသော ခရမ်းချဉ်သီးသည်ပင် လျှင် တချို့လူများအတွက် အစာဖြစ်၍ အချို့အတွက်အဆိပ်ဖြစ်သည်ဟု ဆိုပါသည်။
နေ နှင့် လ၊ အပူ နှင့် အအေး၊ နေဘက်မှာ ဂြိုဟ်လေးလုံး၊ လဘက်မှာ ဂြိုဟ်လေးလုံး၊ ဂြိုဟ်ရှစ်လုံး၏ နက္ခတ် ၂၇ လုံး၊ အက္ခရာဗျည်း ၃၃ လုံး၊ ရှစ်လုံးသော သရ၊ ၄၁ လုံးသော ဝဏ္ဏ၊ ကျွန်တော့်ခေါင်းတွေ မူးဝေသွားရပါသည်။
ဒဂုန်တာရာကတော့ ‘ကျွန်တော်ကား ထိုကိစ္စမျိုးတွင်နားလည်းမလည်၊ အယုံအကြည်လည်းမရှိလှ၊ အပြင်အပအမြင် အထင် စူးစမ်းချက်များကိုသာ အခြေပြုလိုသည်’ ဟု ရေးခဲ့ပါ သည်။
ကျွန်တော်လည်း ဆရာရေးသလိုပင် ရေးရတော့မည် ဖြစ်ပါသည်။
……………………………….    …………………………….   ……………………………….
ဆရာမြသန်းတင့်၏ဆောင်းပါးထဲတွင်နောက်ထပ်တွေ့ရတာက ဒေါ်မမလေး၏သားကြီးမောင်ချစ်ရှိန်ခေါ် မောင်သိန်း တန်အကြောင်း ဖြစ်ပါသည်။
မောင်သိန်းတန်ကလည်း လူဆန်းတစ်ယောက် ဖြစ်သည်ဟုဆိုနိုင်ပါသည်။ သိကြသည့်အတိုင်း တစ်နှစ်ကြီးတစ်နှစ် ငယ်ဖြစ်သော မောင်ချစ်ရှိန် ခေါ် မောင်သိန်းတန်နှင့်တကွ သားအငယ်ကောင် မိုးဟိန်းတို့ကိုငယ်စဉ် ငါးနှစ် ခြောက် နှစ်သားမှစ၍ ဒေါ်မမလေးက အိန္ဒိယရှိ ဒါဂျီလင်သို့ပို့ကာ ပညာသင်ကြားစေပါသည်။ ဒါဂျီလင်မှာ ထိုစဉ်က နာမည် ကျော် ကျောင်းဖြစ်၍ ရုပ်ရှင်မင်းသားညွန့်ဝင်းနှင့်ပင် (ညွန့်ဝင်းကတော့ သူတို့ထက် အတန်းကြီးပါသည်) သူတို့ ညီ အစ်ကို ဒါဂျီလင်တွင် ဆုံခဲ့ကြပါသေးသည်။ ထိုစဉ်က မောင်သိန်းတန်နှင့် ကျောင်း နေဖက်တွေထဲကတစ်ယောက် မှာ နောင်တွင် နီပေါဘုရင်မင်းမြတ်ဖြစ်လာမည့် နီပေါအိမ်ရှေ့မင်းသားလေး ဖြစ်၍ ထိုစဉ်ကတည်းက ကျောင်းပိတ် ချိန်တွင် မင်းသားကလေးနှင့် လိုက် ကာ မောင်သိန်းတန် နီပေါဘုရင့် နန်းတော်သို့ ရောက်ခဲ့ဖူးသည် ဆိုပါသည်။
သို့သော် ဒါဂျီလင်တွင် သူတို့ ညီအစ်ကိုနှစ်ယောက် သိပ်ကြာကြာတော့ နေရပုံမပေါ်ပါ။ လေးငါးခြောက်နှစ်ခန့် သူတို့ ညီအစ်ကိုကို ဒါဂျီလင်တွင် ကျောင်းထားအပြီးတွင် မုဆိုးမဘဝနှင့် အလွန်တရာကြီးမြင့်လှသော ဒါဂျီလင်၏ ကျောင်း စရိတ်ကိုမခံနိုင်သည့်အဆုံး သူတို့ညီအစ်ကိုနှစ်ယောက်ကို ဒါဂျီလင်မှနှုတ်၍ ရန်ကုန်စိန်ပေါကျောင်းသို့ ဒေါ်မမလေး က ပြောင်းထားပေးပါသည်။ သူတို့ညီအစ်ကိုနှစ်ယောက်မှာ ငယ်စဉ်ကတည်းက အင်္ဂလိပ်လိုပဲပြောကြသည်ဟုဆိုရာ ဒါဂျီလင်မှ သူတို့တကယ်တတ်မြောက်လာသည်မှာ အင်္ဂလိပ်စာင့် အင်္ဂလိပ်စကားဖြစ်သည်ဟု ဆိုနိုင်ပါသည်။
ဆရာမြသန်းတင့်၏ဆောင်းပါးထဲတွင်ကော ဒေါ်မမလေး၏ဆောင်းပါးထဲတွင်ပါ ဖော်ပြထားချက်အရ မောင်သိန်းတန် ဆယ့်သုံးလေးနှစ်သားအရွယ်တွင် စတင်ဗွေဖောက်သည်ဟု ဆိုပါသည်။ ဖြစ်ပုံမှာမောင်သိန်းတန်နှင့် စာရေးဆရာ ကြီးဦးဉာဏ သွားဆုံမိပါသည်။ ဤတွင် စာရေးဆရာကြီးဦးဉာဏက မောင်သိန်းတန်အဖေ ဂျာနယ်ကျော်ဦးချစ်မောင် မှာ လောက ကြီးအကြောင်း ဘာမှမသိကြောင်း အစချီကာ မောင်သိန်းတန်အား လောကကြီးအကြောင်း သိအောင် လုပ်ရန် မြှောက်ပေးသွားသည် (ပြောသွားသည်) ဟု ဆိုပါသည်။
ဦးဉာဏအကြောင့်းဖတ်ပြောရလျှင် ဦးဉာဏမှာ လူစုံတယောက် ဖြစ်ပါသည်။ သူ့ဘဝတွင် ဘတ်စ်ကားစပယ်ရာလုပ် ဖူးသည်။ စစ်ထဲလိုက်ဖူးသည်။ အိမ်မှထွက်ပြေးဖူးသည် အစရှိသဖြင့် အတော်စုံသောလူတယောက် ဖြစ်ပါသည်။ 
ဦးဉာဏကြောင့်ပဲလား မောင်သိန်းတန်၏ ပင်ကိုဗီဇကြောင့်ပဲလားတော့မသိ၊ ထိုအချိန်မှစ၍ မောင်သိန်းတန် တယောက် အချိုးပြောင်းလေသည်။
ကျာင်းလည်း မှန်မှန်မတက် တော့။ ဒေါ်မမလေး၏ သေတ္တာကို မကြာခဏဖွင့် ၍ ရွှေငွေအသုံးအဆောင်များယူကာ အိမ်မှထွက်ပြေးသည်။ ရုံးမှဂတ်မှ မောင်သိန်းတန်ကို ဒေါ်မမလေးလိုက်ထုတ်ရသောအကြိမ် တွေလည်းမနည်း တော့။ ရုပ်ရှင် ဂီတ ဇာတ်သဘင်နယ်ပယ်တွေမှလူတွေနှင့် ခင်မင်ရင်းနှီးစွာ ပေါင်းသည်။ သင်္ဘောဆိပ်များ ဘူတာရုံ များ ပြည့်တန်ဆာမများအကြားတွင် ကျက်စားသည်။ မိန်းမတစ်ယောက် ကောက်ယူသည်။ ကလေးတစ်ယောက်ရ အပြီး ထိုမိန်းမနှင့်ချက်ချင်းကွဲသွားသည်။ ထိုအခါ ထိုကလေးက ဘွားအေဖြစ်သူ ဒေါ်မမလေးထံ ရောက်လာသည်။ မောင်သိန်းတန်ကြောင့် ဒေါ်မမလေးဆံပင်တွေ အတော်ဖြူခဲ့ရပုံ ပေါ်ပါသည်။
မြသန်းတင့်ကတော့ သူ့ဆောင်းပါးထဲတွင် မောင်သိန်းတန်တစ်ယောက် ဥရောပက Existentialism ဟုခေါ်သော ဖြစ်တည်မှုပဓာနဝါဒ နှင့် ထိုဝါဒအတိုင်းလိုက်နာသော ဖြစ်တည်မှုပဓာနဝါဒီတွေကိုအားကျသည်ဟု ရေးထားပါသည်။ ထိုဝါဒီတွေ၏အလိုအတိုင်း မောင်သိန်းတန်တယောက် ကိုယ့်စိတ်နှင့်ကိုယ် တေတေပေပေနေပုံကိုလည်း ရေးထားပါ သည်။ ဆရာမြသန်းတင့်က သူအပြင်သို့ ပြန်ရောက်အပြီး စမတ်ကျကျ ဘိုဆန်ဆန်ဝတ်စားထားသော မောင်သိန်း တန်နှင့် မန္တလေးဘူတာကြီးတွင်ဆုံရပုံကို ရေးထားရာ သူနှင့်ကွဲနေသည့် အချိန်အတွင်း မောင်သိန်းတန်တယောက် အိမ်ထောင်နှစ်ခါကျ၍ အိမ်ထောင်နှစ်ခါပျက်ပြီးပြီဟု ရေးထားပါသည်။ ဘိုဆန်သော မောင်သိန်းတန်တယောက် ဆရာမြသန်းတင့်ကိုလည်း ထုံးစံ အတိုင်း ဘိုလိုပဲ ပြောပါသည်။
မောင်သိန်းတန်အကြောင်း ထပ်ပြီး ပြည့်ပြည့်စုံစုံသိရသည်က လွန်ခဲ့သောနှစ်နှစ်သုံးနှစ်လောက်က ‘မဟေသီ’ တွင် ဖော်ပြပါရှိခဲ့သော တလောကလေးကမှကွယ်လွန်ခဲ့သည့် ‘မင်းသစ်’ ၏ ‘လွမ်းရတဲ့သူတွေ’လစဉ် ဆောင်းပါးမှ ဖြစ်ပါ သည်။ မင်းသစ်က မောင်သိန်းတန်၏အကြောင်းကို တခုတ်တရ ဆောင်းပါးတစ်ပုဒ်စာ ရုပ်ပုံလွှာ ရေးဖွဲ့သွားပါသည်။
မင်းသစ်၏ ဆောင်းပါးထဲတွင်ဖော်ပြချက်အရ မောင်သိန်းတန်တစ်ယောက် ကိုယ်တိုင်သရုပ်ဆောင်လုပ်ကာ ပန်းချီ ခင်မောင်ရင်နှင့်တွဲ၍ ‘နှမလက်လျှော့ နေလေတော့’ ဇာတ်ကားကို ရိုက်ကူးသည်ဟု သိရပါသည်။
ဇာတ်ကားအစတွင်ပင် လမ်းထဲသို့ပဲပြုတ်သည် ဝင်အလာကိုရိုက်ပြသည်မှာ ‘ပဲပြုတ်’ ဟု အော်သောအချိန်မှစ၍ ဆယ်မိနစ်ခန့် ကြာအောင် ရိုက်ပြသည်တဲ့။
လာကြည့်သောသူတွေက ခုံတွေကိုရိုက်ချိုးကာ ထိုကား ခွက်ခွက်လန်အောင် ရှုံးလေသည်။
မနက်တွင် မောင်သိန်းတန်တယောက် အင်းလျားလိတ်ဟိုတယ်မှာ ဘိုအလွန်ဆန်စွာ အနောက်တိုင်း နေ့လယ်စာစား ပါသည်။ ညတွင် မောင်သိန်းတန်တယောက် ရပ်ကွက်ကြို ရပ်ကွက်ကြားက အရက်ဖြူဆိုင်ကလေးသို့ ရောက်နေ ပါသည်။
ကားစီးလာစဉ် ဗိုလ်ချုပ်လမ်းပေါ်အရောက် လက်မှစိန်လက်စွပ်ကိုချွတ်ကာ ရုပ်ရှင်ကြည့်ရန်တန်းစီနေသည့်လူအုပ် ကြီးထဲ ပစ်ထည့်လိုက်ဖူးပါသည်။
ညကြီးမင်းကြီး ပုဂံမှာအိပ်ပင်ပျော်နေပြီ ဖြစ်သည့် ဂေါပကအဖွဲ့ကိုလိုက်နှိုးပြီး ငွေတစ်သောင်း(၁၉၈၀ လောက်က ဖြစ် ပါသည်) ကို အလှူငွေအဖြစ်ပေးလှူခဲ့ပါသည်။ အလှူရှင် သူဌေးမင်း၏အမည်ကို ဖြတ်ပိုင်းရေးပေးရန် ဂေါပကအဖွဲ့ က သူ့ကိုမေးတော့ ‘ရာဇကုမာရ် ကောင်းမှု’ ဟု ရေးပေးရန် ပြန်ဖြေခဲ့သူ ဖြစ်ပါသည်။
တခါမှာတော့ မောင်သိန်းတန်ယောက် မင်းသစ်၏ဖိတ်ခေါ်ချက်အရ မင်းသစ်နှင့် ဇနီးဖြစ်သူ မြန်မာ့အသံ အင်္ဂလိပ် ပိုင်းဆိုင်ရာ အစီအစဉ်ကြေညာသူ ရှယ်လီထွားတို့၏ကမာရွတ်က ခြံကြီးသို့ လာနေဖူးပါသည်။ လာနေပုံကိုလည်း ကြည့်ပါဦး။ ကားမပါ ဘာမပါ။ မေးကြည့်တော့ ကားရှိလျှင် ဟိုဟိုသည်သည် ထွက်မိနေမှာစိုး၍ တစ်ခါတည်း ရောင်း ပစ်ခဲ့သည်တဲ့။ ရောက်သည်နှင့် ခြံထဲတွင်ဒန်းဆင်ခိုင်းကာ မင်းသစ်၏ကလေးများကိုမုန့်ဖိုးပေးပြီး ကြံရည်သောက် လျက် ဒန်းလွှဲခိုင်းပါသည်။ ဒေါ်မမလေး၏ နေလဆေးပညာ ဓာတ်စာအမွေကို ကြည့်ရတာ မောင်သိန်းတန်လည်း အထိုက်အလျောက်ဆက်ခံရပုံ ပေါ်ပါသည်။
တစ်ခါမှာတော့ နီပေါဘုရင်မင်းမြတ်နှင့် မိဖုရား မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီး အလည်အပတ် ရောက်လာခဲ့ပါ သည်။ ထိုအခါ ဘုရင်မင်းမြတ်က သူနှင့်ငယ်ငယ်က ဒါဂျီလင်တွင် ဆော့ဖော်ဆော့ဖက် မောင်သိန်းတန်ကို တွေ့လို သည်ဟု တခုတ်တရ ဆိုပါသည်။ ထိုအခါသက်ဆိုင်ရာ အာဏာပိုင်များက မောင်သိန်းတန်ကို လိုက်ရှာရပါသည်။ မောင်သိန်းတန်ကို ဘယ်နေရာမှာ သွားတွေ့သည်ဟု ထင်ပါသနည်း။
ပြည်တစ်ဖက်ကမ်း တံငါတဲကလေးတလုံးအတွင်းတွင် နှစ်ခြိုက်စွာအိပ်ပျော်နေသော မောင်သိန်းတန်တယောက်ကို သွားတွေ့ပါသည်တဲ့။ အဲဒီမှာပဲ မောင်သိန်းတန်ကို ဆံပင်ညှပ်ပေး ရေမိုးကအစသန့်စင်ပေးကာ ဘုရင်မင်းမြတ် မြန်မာ ပြည်မှမပြန်ခင် လေယာဉ်မထွက်ခင် လက်မတင်ကလေးတွေ့ခွင့်ရရန် စီစဉ်ပေးလိုက်ရပါသည်။ နီပေါဘုရင် မင်းမြတ်ကတော့ ခွဲကာနီးတွင် မောင်သိန်းတန်အတွက် အမှန်ဆုံးစကားတခွန်းကို ဆိုသွားရှာပါသည်။ ‘သိန်းတန် မင်း ဘာမှ မပြောင်းလဲဘူး’ တဲ့။
ဒီလောက်ဆိုလျှင် မောင်သိန်းတန်အကြောင်း စာဖတ်သူတို့ သိနိုင်လောက်ပြီ ထင်ပါသည်။
……………………………..    ……………………………….    ………………………………..
နောက်တယောက်ကတော့ ဂျာနယ်ကျော်မမလေး၏သားအငယ်ဆုံး စာရေးဆရာကဗျာဆရာ အင်္ဂလိပ်စာဆရာ မိုး ဟိန်း ဖြစ်ပါသည်။ သားဂျာနယ်ကျော်အမည်ခံ မိုးဟိန်း၏စာစ ပေစကလေးများနှင့် အင်္ဂလိပ်လိုတချို့ မြန်မာလို တဝက် ကဗျာကလေးများကိုတော့ ကျွန်တော် ပန်းဆိုးတန်းစာအုပ်တန်းမှာရှိနေခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း အင်္ဂလိပ်လိုထုတ် ဝေသည့် စာစောင်ကလေးများမှာ ဖျတ်ခနဲဖျတ်ခနဲ တွေ့ခဲ့မိပါသည်။ ထို့နောက် သူ အင်္ဂလိပ်လို ရေးခဲ့သောကဗျာများအား စုပေါင်း၍ Harmony of Head and Heart အမည်ဖြင့် ၁၉၉၉ လောက်တွင် ထုတ်ဝေ ခဲ့ပါသည်။ ထိုအထဲမှ Head and Heart ကဗျာကလေးမှာ အမေရိကန်ုအမျိုးသားကဗျာစာကြည့်တိုက်မှ ထုတ်ဝေ သည့်ကဗျာပေါင်းချုပ်စာအုပ်တွင် ရွေးချယ်ဖော်ပြခံရ၍ ကဗျာဆရာမိုးဟိန်းအားလည်း နိုင်ငံတကာဂုဏ်ပြုခံကဗျာ ဆရာအဖြစ် အသိအမှတ် ပြုခံခဲ့ရပါသည်။
ဂျာနယ်ကျော်မမလေး၏သမီးကြီးဖြစ်သူ ဒေါက်တာဒေါ်ခင်လေးမြင့်ကတော့ ပြင်သစ်စာဆရာမဖြစ်ပြီး ဂျာနယ်ကျော် မမလေး၏ စာအချို့ကို ပြင်သစ်ဘာသာသို့လည်းကောင်း၊ ပြင်သစ် စာပေအချို့ကို မြန်မာဘာသာသို့လည်းကောင်း ပြန်ဆိုရေးသားခဲ့သူ ဖြစ်ပါသည်။
………………………..    …………………………    …………………………
ငယ်ငယ်တုန်းက ဂျာနယ်ကျော်မမလေး၏ ‘သူလိုလူ’ ကိုဖတ်အပြီး အဖေ နှင့်ကျွန်တော် ဂျာနယ်ကျော် ဦးချစ်မောင် အကြောင်း ပြောမိခဲ့ပါသည်။ ထိုစဉ်ကာလလွန်ခဲ့သော နှစ် နှစ်ဆယ် အစိတ်လောက်က ယခုခေတ်လို ဂျာနယ်ကျော် ဦးချစ်မောင်၏ဓာတ်ပုံကို မြင်ဖူးဖို့ ဘယ်လိုမှမဖြစ်နိုင်သေးသည့်ကာလဖြစ်ပါသည်။ ထိုအချိန်က အဖေက ကျွန်တော့် ကို ဂျာနယ်ကျော် ဦးချစ်မောင်မှာအုတ်ဖိုသားဖြစ်ပြီး ဂျာနယ်ကျော်ဦးချစ်မောင်၏အဖေဖြစ်သူမှာ ချစ်တီးကုလား ဖြစ်ကြောင်း ပြောခဲ့ဖူးပါသည်။
နောင်အခါတွင် မိုးဟိန်းနှင့်တကွ သူ့အစ်မ ဒေါက်တာဒေါ်ခင်လေးမြင့်၏ပုံကိုပါ မဂ္ဂဇင်းစာမျက်နှာများပေါ်တွင်မြင်ဖူးမှ ဂျာနယ်ကျော်ဦးချစ်မောင်မှာ ကုလားဗမာကပြား ဖြစ်ကြောင်း ကျွန်တော်သဘောပေါက်သွားပါသည်။
ထို့နောက် အဖေနှင့် ‘သူလိုလူ’ အကြောင်းပြောရင်း ဗိုလ်အောင်ကျော်ကျဆုံးသွားခဲ့သည့် အတွင်းဝန်ရုံးကိုဝိုင်းသည့် အရေးအခင်းအကြောင်း ရောက်ရှိသွားပါသည်။ ထိုအခါ အဖေက တကယ်အတွင်းဝန်ရုံးကိုဝိုင်းရန်အကြံပေးသူမှာ ဦးသိန်းဖေမြင့် ဖြစ်ကြောင်းနှင့်တကွ ဂျာနယ်ကျော်မမလေးက သူ့စာအုပ်တွင် အတွင်းဝန်ရုံးကိုဝိုင်းရန် ဂျာနယ်ကျော် ဦးချစ်မောင်က အကြံပေးလိုက်သည်ဟု ရေးခဲ့ခြင်းအတွက် ဦးသိန်းဖေမြင့်က အကြံပေးသူမှာ သူဖြစ်ပါလျက်နှင့် ဂျာ နယ်ကျော်မမလေးက မည်သည့်အတွက်ကြောင့် ဦးချစ်မောင် အကြံပေးသည်ဟု ရေးရပါကြောင်း နောင်အခါတွင် ဒေါ်မမလေးကို သွားမေးခဲ့ဖူးသည် ဟု ပြောပါသည်။
ကြည့်ရတာ ထိုအကြောင်း တနေရာရာတွင်ရေးထားတာကို အဖေဖတ်မိပုံ ပေါ်ပါသည်။ အဖေ့နည်းတူ အဖေ့အရွယ် လောက်ရှိသည့်သူတစ်ဦးကလည်း ကျွန်တော့်အား နောင်အခါတွင် ထိုအတိုင်း ပြောဖူးပြန်ပါသည်။ ‘သူလိုလူ’ မှာ ဂျာနယ်ကျော်ဦးချစ်မောင်ကွယ်လွန်ပြီးမှ ထုတ်သောစာအုပ်ဖြစ်လေရာ မည်သူကမှန်၍ မည်သူကမှားသလဲ ဝေခွဲဖို့   ခက်တာက တော့ အမှန်ပင် ဖြစ်ပါသည်။
မြေကြီးကို ဘယ်သူဖွင့်ရဲသလဲဟု ပြောရတော့မည် ဖြစ်ပါသည်။
…………………………..   …………………………..   …………………………..
တကယ်တော့ ဂျာနယ်ကျော်မမလေး၏ဘဝမှာ အလုပ်တွေဖြင့် ပြွမ်းတီးခဲ့သော ဘဝမျှသာ ဖြစ်ပါသည်။
သူရေးခဲ့သောနာမည်ကျော် ‘သူလိုလူ’ ကို တု၍ဆိုရလျှင် ‘သူလိုမိန်းမ’ ဟုဆိုရမည် ဖြစ်ပါသည်။ အထူးသဖြင့် နောက် ကွယ်မှာ နေတာသာများ၍ မိန်းမတွေ ရှေ့သို့ ထွက်လေ့ထွက်ထ သိပ်မရှိသည့် ကျွန်တော်တို့ မြန်မာ့လောကတွင် အထူးသဖြင့် ထိုအချိန် လွန်ခဲ့သော နှစ်လေးငါးခြောက်ဆယ်ခန့်က ဂျာနယ်ကျော်မမလေးလို အမျိုးသမီးမျိုးမှာ သိပ် များများမရှိ ဟု ဆိုနိုင်ပါသည်။
အခက်အခဲပေါင်း သောင်းခြောက်ထောင်အကြားက ကွယ်လွန်သူခင်ပွန်း ဖြစ်သူ၏ဆန္ဒအတိုင်း ဂျာနယ်ကျော်ကို ဆက်လက်ထုတ်ဝေခဲ့ပါသည်။ ထို့နောက် အလွန်ပင်ပန်း၍ အမျိုးသမီးများနှင့် မကိုက်ဟု စေတနာနှင့် ကန့်ကွက် သူတွေ ကန့်ကွက်သည့်ကြားက ‘ပြည်သူ့ဟစ်တိုင်’ သတင်းစာကို ဆက်လက်ထုတ်ဝေပြန်ပါသည်။ အခက်အခဲတွေ က အနန္တ။ လူက မုဆိုးမ။ လူမမယ်အရွယ်ကလေးတွေက သုံးယောက်တောင်။ စစ်ကြီးကပြီးကာစ။ အားလုံးက ကမောက်ကမ။ ထိုအခြေအနေတွေကြားမှ ဂျာနယ်ကျော်နှင့် ပြည်သူ့ဟစ်တိုင်ကို မရမက နှစ်အနည်းငယ်မျှ ထုတ် ဝေသွားခဲ့ပါသည်။ တိုက်တွင် ငွေကျပ်၍ အလုပ်သမားလခများနှင့် တိုက်စရိတ်များကို ပေးချေရန် ၁၉၄၇ခုနှစ် တွင် ဝေခဲ့သော သူ့နာမည်ကျော် ‘သူလိုလူ’ ကို ညဘက်တွင် ရေဇလုံတစ်လုံးဘေးထား၍ မျက်နှာသစ်ကာ ၁၄ ရက် တိုင်တိုင် ရေးခဲ့ရသည် ဟု ဆိုပါသည်။
ဤမျှ အလုပ်တွေ ဂျင်ခြေလည်နေသည့်ကြားက ဂျာနယ်ကျော်မမလေးတယောက် မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌအဖြစ်လည်း လုပ်ခဲ့ပါသေးသည်။ နိုင်ငံခြားခရီးများသို့လည်း ထွက်ခဲ့ပါသေးသည်။ ထို့နောက်တဖန် နေလ ဆေးပညာကို ဆည်းပူး၍ မြန်မာဆေးဆရာအဖြစ်နှင့်လည်း နှစ်ပေါင်းများစွာ ဆေးဝါးကုသခဲ့ပါသေးသည်။
တခါမှာတော့ မြောက်မြားလှစွာသော မြန်မာစာရေးဆရာတို့၏ထုံးစံအတိုင်း နရသိန်စံနန်းသို့လည်း ဒေါ်မမလေး ရောက ရှိခဲ့ပါသည်။
ထို့ပြင် သူ့စာတွေအရ သားတွေသမီးတွေ မြေးတွေအပြင် နောက်ဆုံး ဆွေဝန်မျိုးဝန်တွေကိုပါ ဒေါ်မမလေးထမ်းရွက် ခဲ့ရပြန်ပါသည်။ တိုတိုဆိုရလျှင် အတော်မောဖို့ ကောင်းလှသော ဘဝပိုင်ရှင်တယောက် ဖြစ်ပါသည်။
ထိုအထဲမှ ဝတ္ထုတွေဆောင်းပါးတွေကိုလည်း အလျဉ်မပြတ်ရေးသားပြန်ပါသည်။ ခုထိ ကျွန်တော်မဖတ်ဖူးသေးသော် လည်း သူ့နာမည်ကျော်ဝတ္ထုများ ဖြစ်သည့် ‘မုန်း၍မဟူ၊ ရင်နင့်အောင်မွှေး၊ သွေး’ နှင့် ‘တွေးတစိမ့်စိမ့်’ ဝတ္ထုတို ပေါင်းချုပ် စာအုပ်များအကြောင်းကိုလည်း သတိရမိပါသည်။
အဲဒီစာအုပ်တွေကတော့ ဘဝအမောများကြားတွင် နွမ်းလျနေသည့်ကြားက လွမ်းတသည့် စိတ်အခံနှင့် ရေးခဲ့သော သူ့စာပေလက်ရာများဟု ကျွန်တော် ထင်မှတ်မိပါသည်။
စာအုပ်ကိုပြန်ပိတ်လိုက်တော့ မတင်လှိုင် ခေါ် ဂျာနယ်ကျော်မမလေးသည်လည်းကောင်း၊ ဂျာနယ်ကျော်ဦးချစ်မောင် သည်လည်းကောင်း၊မောင်သိန်းတန်တို့ မိုးဟိန်းတို့ ဒေါ်ခင်လေးမြင့်တို့သည်လည်းကောင်း၊  နောက်ဆုံး ဂျာနယ် ကျော်မမလေးနှင့်တကွ ဂျာနယ်ကျော်ဦးချစ်မောင်ကိုပါ ကျွန်တော် နှင့်မိတ်ဆက်ပေးခဲ့သည့် ကျွန်တော့်ဖခင်ကြီး သည်လည်း ကောင်း ကွယ်ပျောက်သွားကြပါသည်။
အခုတော့လည်း သူတို့အားလုံး မရှိကြတော့ပြီ ။      
ညိုထက်ညို

Comments