စမ်းစမ်းတင် - ရသစာပေနဲ့ တွေးမိတွေးရာ - ၁


စမ်းစမ်းတင် - ရသစာပေနဲ့ တွေးမိတွေးရာ - ၁
(မိုးမခ) သြဂုတ် ၂၅၊ ၂၀၁၈
စာပေနဲ့ ယဉ်ကျေးမှု သာမက လူ့ကျင့်ဝတ် လူ့ဂုဏ်သိက္ခာကို ထိန်းထားတဲ့ ရသစာပေ အားနည်းတဲ့အခါ နှလုံးသားတွေမာကျောသွားတတ်တဲ့ သဘောများရှိလေမလား ၊

 သုတစာပေ၊ ရသစာပေ၊ သိပ္ပံစာပေ၊ ယဉ်ကျေးမှု- သမိုင်း- ဘာသာပြန်- ကလေး-လူငယ် စတဲ့စတဲ့ ကဏ္ဍအစုံစုံ စာပေမျိုးစုံတွေထဲ စာဖတ်သူကို အစွဲဆောင်နိုင်ဆုံးက ရသစာပေပါပဲဆို မှားမယ်လို့ မထင်၊ ကမ္ဘာအရပ်ရပ်မှာ ရသစာပေထွန်းကားနေပေမဲ့ မြန်မာနိုင်ငံမှာ ၀မ်းနည်းစရာ ကောင်းလောက် အောင် ရသစာပေ ကျဆင်းနေတယ်လို့ လူပြောသူပြောကလည်းများ၊ ရသစာပေကို မဖြစ်မနေ ထည့်သွင်းလေ့ရှိတဲ့ မဂ္ဂဇင်းတချို့လည်း ရေရှည် မရပ်တည်နိုင်တော့ဘဲ ရပ်နားလိုက် ရတာတွေလည်းရှိ၊ ဆက်ရပ်တည်ရှင်သန်နေတဲ့ မဂ္ဂဇင်းတွေဟာ ရုပ်ပုံတွေ ကြော်ငြာတွေနဲ့ အလှအပတွေကိုပဲ အများဆုံး အသားပေးဖော်ပြကြတာလည်းရှိမို့ အတွေးအခေါ် အသိအမြင် ဆင်ခြင်တုံတရားသာမက ရင်ထဲလှိုက်တက်လာတဲ့ စိတ်ခံစားချက်ကိုပေးနိုင်တဲ့ အနုပညာမျိုး အားနည်းတဲ့ မဂ္ဂဇင်းတွေက ပိုများ လာတယ်လို့ပဲပြောရတော့မလို၊ မဂ္ဂဇင်းက အခြေအနေမဟန်ပေမဲ့ အပတ်စဉ်ထုတ် သတင်းဂျာနယ်က ၀င်ငွေနဲ့ကျားကန်ပေးပြီး ဇွဲနပဲ ရှေ့ဆက်နိုင်ဖို့ ကြိုးစားနေရတာမျိုးလည်း မရှိမဟုတ်ရှိပါ့။ ဒါပေမဲ့ လက်ရေချိုးရင် လက်တဘက် တောင်ပြည့်ပါ့မလား။

အင်တာနက်တန်ခိုး
ဒီနေ့ခေတ်ဟာ ကမ္ဘာ့တဘက်ခြမ်းက ဖြစ်ရပ်ကို ကမ္ဘာ့တခြား တဘက်ခြမ်းက စက္ကန့်မဆိုင်း ချက်ချင်း သိနိုင်တဲ့ သတင်းခေတ်ဖြစ်ထွန်းတိုးတက်တာက အမှန်၊ သတင်းအချက်အလက်နဲ့ သုတအစုံစုံကို အင်တာနက်က ဖြည့်ဆည်း ပေးတာမို့ အင်တာနက်ဟာ ဗဟုသုတကိုသာ ဖြည့်ဆည်းပေးတယ်- ပညာဥာဏ်ရည်အမျှော်အမြင်ကို မပေးနိုင်ဘူးဆိုပြီး the Internet provides knowledge but not wisdom လို့ အင်တာနက် ခေတ်ဦးကာလမှာပြောကြတာလည်း မှတ်သားမိဖူး၊ ဒီနေရာမှာ ထပ်တောင် ဖြည့်လိုက်ချင် ကွန့်လိုက်ချင်သေး၊ ခံစားချက်အနုပညာလည်း ဖြည့်ဆည်းပေးနိုင်တာ မဟုတ်ပါဘူးလို့။ ဒီခေတ်မှာ ဘယ် ကဏ္ဍ မဆို အင်တာနက်က ရှာနိုင်၊ သိနိုင် ရနိုင်၊ ဒါပေမဲ့ ကွဲလွဲတာလည်း ရှိမှရှိ၊ ဥပမာ- သတင်း အချက် အလက်နဲ့ ဗဟုသုတရရှိစေတာက ပုံစံတမျိုးဖြစ်ပြီး တွေးခေါ် ဆင်ခြင်တုံတရားနဲ့ ခံစားမှုအနုပညာကို ပေးစွမ်းနိုင်တဲ့ ရသစာပေက ပုံစံတမျိုး၊

သူတို့အဆို
ရသစာပေဆိုတာ စိတ်ဝင်စားစရာကောင်းပြီး လူ့သဘောသဘာဝကို ထူးထူးကဲကဲ ဆန်းဆန်းပြားပြား ဖွင့်ဟပြတဲ့အရာပါပဲလို့ အမေရိကန် နိုင်ငံရေးသမားလည်းဖြစ်၊ ခုထိ ရှင်သန်နေသေးတဲ့ ဆပ်ကပ် အဖွဲ့တဖွဲ့ကို ထူထောင်ခဲ့သူလည်းဖြစ်၊ စာရေးဆရာလည်းဖြစ်၊ ထုတ်ဝေသူလည်းဖြစ်တဲ့ P.T. Barnum ကပြောထားဖူးပါတယ်။ ရသစာပေဟာ လူတယောက် သာမန်မြင်နေကြားနေသိနေတာထက် ပိုသိပိုမြင်ပိုတွေးတတ်အောင် မျက်စိဖွင့် ပေးတဲ့ ပြတင်းပေါက်လို့လည်းဆိုသူ ဆို၊ ရသစာပေဟာ အတွေးအခေါ်ကိုပါ ပြောင်းလဲ စေတယ်လို့ လည်း ပြောသူတွေက ပြော၊

ဒါကြောင့်လည်း ပြည်ပရောက်နေပေမဲ့ မြန်မာစာ၊ မြန်မာစကား မေ့မသွားရအောင် ရတတ် သရွေ့အချိန်လေးမှာ ရနိုင်သမျှ ကြိုးစားဖတ်ရှုနေသူတွေ ထဲ ရသ စာပေကို တမင်ရှာဖတ်သူတွေလည်း ရှိပါ့။ ကိုယ့်စာပေကိုယ်မေ့ရင်၊ ကိုယ့်စာပေကိုကိုယ်ကပဲ ဖျောက်လိုက်ရင် ကိုယ်ဘာလူမျိုးဆိုတာလည်း ပျောက်သွားမယ့် သဘော မသက်ရောက်ချင်တာလည်း ပါပါလိမ့်မယ်၊ ဒါကြောင့်လည်း စာပေဟာ ယဉ်ကျေးမှုနဲ့တွဲနေပြီး ရသစာပေဟာ နိုင်ငံတနိုင်ငံရဲ့ ယဉ်ကျေးမှုကို လှပ သွယ်ဝိုက်တဲ့နည်းနဲ့ရော စွဲမက်စဖွယ် အဖွဲ့အနွဲ့နဲ့ရော ရင်ထဲအသဲတွေ စူးနစ်ဝင်တဲ့အရေးအသားနဲ့ရော ပေါင်းယှက်ပေးတဲ့ အနုပညာတရပ်လည်းဖြစ်နေပြန်၊

ကျဆင်းရတဲ့အကြောင်းထွေထွေ

ဒီလို ရသစာပေသာမက တခြားတခြား စာတွေလည်း ဖတ်အားနည်းသွားတဲ့ အကြောင်းရင်း ကို ဟိုဟို ဒီဒီ လျှောက်စဉ်းစားမိတော့ စားဝတ်နေရေးပြဿနာကို ဦးစားပေးရတာလည်း အကြောင်းတကြောင်း ဖြစ်ကောင်းဖြစ်နိုင်ပြန်၊ ဟုတ်တယ်လေ။ ထမင်းနဲ့ စာအုပ်ရွေးချယ်ရမယ့် အခြေအနေမျိုး ရောက်လာရင် ထမင်းကို ဦးစားပေး ရွေးချယ်ရတဲ့ အနေအထားမို့ ဒီလို ခေတ်ကျပ်ကြီးထဲက အများစုဘ၀ကို စာနာ နားလည်ရမယ့် သဘောလည်း ရှိပါတယ်။

ဒီလိုအခြေအနေမျိုပေမဲ့ တချို့တွေက စာမပြတ်ဖတ်တတ်ကြပါတယ်။ ဒီလို စာပေ၀ါသနာကို ကိုယ်တိုင်လည်း ပျိုးထောင်နိုင်တဲ့အပြင် ပတ်ဝန်းကျင်ကပါ ပံ့ပိုးပေးနိုင်ရင် ၀ါသနာက ပိုလို့ခိုင်မာလာတတ်ပါတယ်။ စာဖတ်တတ်တဲ့အလေ့ဆိုတာလည်း ငယ်ငယ်ကတည်းက ရှိလာမှ၊ ကျောင်းကစာသာမက ပြင်ပစာတွေဖတ်တတ်အောင် မိဘတွေကပါ ပံ့ပိုးအားပေးဖို့လိုပြန်၊ ကျောင်းမှာလည်း ဆရာ-ဆရာမတွေက တနည်းတဖုံ အားပေးနိုင်၊

 ရှေးကတော့ရှိခဲ့တယ်
တကယ်တော့ မြန်မာနိုင်ငံဟာ စာပေ ယဉ်ကျေးမှုနဲ့ မွေးကတည်းက ယဉ်ပါးလာတဲ့နိုင်ငံပါ။ ဒါကို မြန်မာနိုင်ငံအကြောင်းလေ့လာတဲ့ ပြည်ပက စာရေးဆရာတွေက သတိထားမိတာလည်း အထင်အရှား။ ဘုန်းတော်ကြီးကျောင်းပညာရေးကြောင့် စာရေးစာဖတ်တတ်သူတွေ စာပေမွေ့လျော်သူတွေ ပေါက်ဖွားလာတာကိုလည်း သုံးသပ်ပြတာပါ။ The Union of Burma, a study of the first years of independence ပြည်ထောင်စုမြန်မာနိုင်ငံ ဆိုပြီး လွတ်လပ်ရေးရပြီး ပထမနှစ်ပိုင်းတွေကို လေ့လာခြင်းဆိုတဲ့ စာအုပ်နဲ့ Burma: The Struggle for Independence, 1944-48 ဆိုပြီး မြန်မာနိုင်ငံ- ၁၉၄၄ က ၄၈ ခုနှစ်အတွင်း လွတ်လပ်ရေးကြိုးပမ်းမှုစာအုပ် စတာတွေ ရေးသားတဲ့ ဗြိတိန်စာရေးဆရာ Huge Tinker ဟာ လွတ်လပ်ရေးကြိုးပမ်းမှုစာအုပ်မှာ ဘုန်းတော်ကြီးကျောင်းတွေ ကျေးဇူးကြောင့် စာတတ်မြောက်သူဦးရေများတာကို တခုတ်တရ ရေးသားဖူးပါတယ်။

မြန်မာ့ပညာရေး အမှောင်ခေတ်ကျရောက်တာကို လက်မခံချင်သူတွေရှိပေမဲ့ တကယ်လည်း မလင်းလက်၊ မတိုးတက်ဘဲ ဘွဲ့ရသူဦးရေနဲ့ ပညာရေးကို တိုင်းတာတာမို့ ဟန်ဆောင်ကောင်းတဲ့ ပညာရေး စနစ်အောက်မှာ အင်္ဂလိပ်စာ မဆိုထားနဲ့၊ ဗမာစာတောင် ဖြောင့်အောင်၊ လူနားလည်အောင် မရေးတတ်သူတွေကလည်း အများသား၊ ဒါမျိုတွေ ကြုံရင် အင်္ဂလိပ်စာမပြောနဲ့ ဗမာစာတောင် ဖတ်မှ ဖတ်ကြလေလား တွေးစရာ၊

ကြည်အေးစကား

ဒီနေရာမှာ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာခေါင်းချသွားတဲ့ ကဗျာဆရာ စာရေးဆရာမကြီး ဒေါ်ကြည်အေး ပြောတာကို လက်ဆင့်ကမ်းချင်ပြန်၊ နိုင်ငံခြားဘာသာရပ်ဆိုင်ရာစာပေတွေ မဖတ်ရင်တောင် မြန်မာစာကို အလေးအနက်ထားဖတ်ရုံနဲ့ စိတ်နေစိတ်ထား အထက်တန်းကျနိုင်၊ လူယဉ်ကျေးတွေဖြစ်နိုင်တာကို သြ၀ါဒ ပေးဖူးတာကိုပါပဲ။ Huge Tinker လိုပဲ မြန်မာနိုင်ငံဟာ စာပေနဲ့ ယဉ်ကျေးမှုမြင့်မားလာခဲ့တဲ့ နိုင်ငံလို့ ဆရာမကြီးက ပြောတာပါ။ ဒီလိုသတ်မှတ်ခံရတဲ့ နိုင်ငံမှာ လူငယ် လူရွယ် လူကြီး တွေ စာမဖတ်ကြတော့ဘူး၊ စာရှည်ရှည်တွေ့ရင် ဖတ်ဖို့ပျင်းနေပြီ၊ ဒါပေမဲ့ တိုးတက်ကြီးပွားချင်စိတ်ထက်သန်လွန်းလှတဲ့ လူငယ်တွေကတော့ နည်းပညာနောက် တန်းတန်းစွဲ လိုက်ကြတယ်တဲ့။ ဒီလို တကိုယ်ရည်တိုးတက်ကြီးပွားရေး နောက်လိုက်ရင်း အတ္တသက်သက်ကြောင့် နှလုံးသားတွေ မာကျောလာရင်တော့ ၀မ်းနည်းစရာ။
0