ထင်ကျော် (စက်မှုတက္ကသိုလ်) ● မိမိကိုယ်ကိုအောင်နိုင်ခြင်း အတတ်ပညာ

ထင်ကျော် (စက်မှုတက္ကသိုလ်) ● မိမိကိုယ်ကိုအောင်နိုင်ခြင်း အတတ်ပညာ
(မိုးမခ) သြဂတ်စ် ၆၊ ၂၀၁၈


စစ်ပွဲတစ်ရာနိုင်အောင်တိုက်နိုင်တဲ့ စစ်သူကြီးထက် မိမိကိုယ်ကိုယ် အောင်နိုင်တဲ့သူက ပိုမြတ်တယ်တဲ့။ တကယ်လဲ ကိုယ့် ကိုယ်ကိုယ် အောင်နိုင်ရင် တလောကလုံးကို အောင်နိုင်တာပါဘဲ။

ကိုယ့်ကိုယ်ကိုယ် အောင်နိုင်ဖို့ဆိုတာကလဲ ပြင်ပအခြေအနေတွေ၊ ပြင်ပသြဇာတွေရဲ့ လွှမ်းမိုးမှုကို မခံမှ။ခံစားချက်တွေကို ဦးစားမပေးဘဲ ထိန်းချုပ်နိုင်မှ။

ပြီးတော့ ပြင်ပကလှုံဆော်မှုတွေကို အလိုအလျောက် သတိလက်လွတ် မတုန့်ပြန်ဘဲ မိမိလိုရာ၊ ဖြစ်ချင်ရာကို ထိန်းကျောင်း တုန့်ပြန်နိုင်မှ။

လူတစ်ယောက်က ကိုယ့်ကို စကားနာထိုးလိုက်တယ် ဆိုပါစို့။ ဒေါသဖြစ်နေမယ်၊ မအိပ်နိုင် မစားနိုင်လောက်အောင် တနုံ့နုံ့ ခံစားနေရတယ်ဆိုရင် သူလှုံ့ဆော်လိုက်တဲ့အတိုင်း ကိုယ်က အလိုအလျောက် ဒေါသနဲ့ တုန့်ပြန်လိုက်လို့ပေါ့။ ကိုယ့်စိတ်တွေ သူလွှဲယမ်းလိုက်တဲ့အတိုင်း ယိမ်းယိုင်သွားတာဆိုတော့ ကိုယ့်ကိုယ်ကိုယ် အောင်နိုင်သူလို့ ပြောမရတော့။ သူများ ပုံသွင်းတာ ခံရတဲ့ဘဝ ကိုယ်ရောက်သွားပြီ။

လှုံ့ဆော်တာကို အလိုအလျောက် တုန့်ပြန်တာကတော့ တိရိစ္ဆာန်တွေရဲ့ သဘာဝပါ။ ခွေးကိုရိုက်ရင် ပြန်ကိုက်တာမျိုးပေါ့။ ဒီလို  အလိုအလျှောက် မတုန့်ပြန်ဘဲ ထိန်းချုပ်ပြီး ကိုယ်လိုချင်သလို၊ ဖြစ်စေချင်သလို တုန့်ပြန်တာကတော့ တိရိစ္ဆာန်ထက်သာ တဲ့ လူရဲ့စွမ်းရည်ပါပဲ။

ဒီစိတ္တစွမ်းရည်က လူတိုင်းမှာရှိတယ်ဆိုပေမဲ့ အသုံးမပြုရင်တော့ ငုပ်နေ၊ ထိုင်းမှိုင်းအိပ်ပျော်နေတဲ့ သဘော ဖြစ်နေတတ်ပါ တယ်။ ဒီတော့  ဒီငုပ်နေတဲ့စွမ်းရည်ကို အားကောင်းဖွံဖြိုးလာအောင် လေ့ကျင့်ပျိုးထောင်ပေးဖို့တော့ လိုအပ်တာပေါ့။

သာမန်လူတွေကတော့ ပြင်ပအခြေအနေတွေ၊ ပြင်ပလှုံ့ဆော်မှုတွေ၊ ခံစားချက်တွေအပေါ်မူတည်ပြီး တုန့်ပြန်နေကြတာပါ။ ရာသီဥတု ကောင်းရင်တမျိုး ဆိုးရင်တဖုံ၊ ချီးကျုးခံရရင် တမျိုး ကဲ့ရဲ့ခံရရင် တသွယ်နဲ့ reactive သမားတွေပဲများကြပါတယ်။

လူမှာ ဆင်ခြင်နိုင်တဲ့ စိတ်ရှိတယ်။ ကိုယ့်စိတ်ကိုယ်၊ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်မြင်နိုင်တဲ့ အသိဉာဏ် (self - awareness ) လဲရှိတယ်။ ဒါက လူက တိရိစ္ဆာန်ထက် သာတဲ့အချက်တွေပါပဲ။ တိရိစ္ဆာန်တွေမှာ ကိုယ့်စိတ်ကိုယ် ပြန်ကြည့်နိုင်တဲ့ စွမ်းရည် မရှိပါဘူး။ ဒီလို ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်မြင်နိုင်ဖို့ကလဲ သတိရှိဖို့တော့ လိုပါတယ်။ သတိနဲ့ ကိုယ့်စိတ်ကို စောင့်ကြည့်မှသာ ကိုယ့်ကိုယ်ကိုယ် မြင်နိုင်မှာပါ။

ဆဲဆိုကြိမ်းမောင်းတာ ခံလိုက်ရရင်၊ အတင်းအဖျင်းပြောတာခံလိုက်ရရင် ဒေါသတော့ ထွက်မှာပါပဲ။ ဒါကတော့ သတ္တဝါ တွေရဲ့ အခြေခံသဘောတရားပါ။ လူလဲ သတ္တဝါပဲမဟုတ်လား၊ ဒီတော့ ဒီအခြေခံသဘောတရားအတိုင်းပဲ ဖြစ်လာမှာပေါ့။

ဒါပေမဲ့ ငါဒေါသ ဖြစ်နေပါလားလို့ သိလိုက်ရင်၊ ဒီဒေါသစိတ်ကို မြင်နိုင်လို့ရှိရင်တော့ ဒေါသက အားပျော့သွားပြီး ဒေါသရဲ့ လွှမ်းမိုးမှုကို မခံရတော့ပါဘူး။ ဒီတော့ စဉ်းစားဆင်ခြင်ပြီး  အကောင်းဆုံးဖြစ်အောင် တုန့်ပြန်လာနိုင်ပါလိမ့်ယ်။

သာမန်လူတွေကတော့ ဒေါသရဲ့ လွှမ်းမိုးမှုအောက် ပြားပြားဝပ်သွားကြပြီး ကရူးမူးထိုး အဆင်ခြင်မဲ့ တုန့်ပြန်ကြတော့တာပါပဲ။   အသက်တစ်ရာမနေရဘဲ အမှုတစ်ရာပွေပြီး ဒုက္ခတွင်းထဲ ကျသွားကြရတဲ့ အကြောင်းရင်းပေါ့။

ဒီတော့ ပြင်ပလှုံ့ဆော်မှုတွေကို သတိလက်လွတ် မတုန့်ပြန်ဘဲ အသိရှိရှိ စနစ်တကျ ထိန်းကျောင်း တုန့်ပြန်နိုင်ဖို့ လိုပါတယ်။ဒီလို တုန့်ပြန်နိုင်ဖို့ ကိုယ့်ကိုယ်ကို ပြန်ကြည့်မြင်နိုင်တဲ့စွမ်းရည် အားကောင်းလာအောင်၊ ဖွံဖြိုးလာအောင် လေ့ကျင့်ဖို့ လိုပါတယ်။  အကျိုးအရှိဆုံး အလုပ်မို့လို့ လူတိုင်း လေ့ကျင့်သင့်ပါတယ်။

ဒီစွမ်းရည် အားကောင်းလာတာနဲ့အမျှ သာမန်လူတွေနဲ့ တစတစ ကွာခြားလာမှာပါ။ မိမိစိတ်ကို မိမိ ထိန်းကျောင်းနိုင်တဲ့ ကိုယ့်ကိုယ်ကိုယ် အောင်နိုင်သူ တစ်ယောက် ဖြစ်လာမှာပါ။

ကိုယ့်ကိုယ်ကိုယ် ပြန်မြင်နိုင်ဖို့ အဓိက လိုအပ်ချက်ကတော့ သတိပါပဲ။ ဒီတေါ့ သတိအားကောင်းအောင် လေ့ကျင့်ပေးဖို့က အရေးကြီးဆုံးပါ။

ဒီအတွက် အကောင်းဆုံးနည်းကတော့ ဗုဒ္ဓဘုရားရှင် ဟောကြားခဲ့တဲ့ သတိပဋ္ဌာန်တရားအားထုတ်ခြင်းပါပဲ။ အထူးသဖြင့် စိတ္တာနုပဿနာပေါ့။ စိတ္တာနုပဿနာဆိုတာ ကိုယ့်မှာ ဘယ်စိတ်ပဲ ဖြစ်နေနေ ဖြစ်နေတဲ့ စိတ်တွေကို ဖြစ်ဆဲမှာ အမှန်အတိုင်း သိနေအောင် သတိနဲ့ စောင့်ကြည့်တဲ့ အလုပ်ပါပဲ။

လောဘစိတ် ဖြစ်နေရင် ဖြစ်မှန်းသိ၊ ဒေါသစိတ် ဖြစ်နေရင်နေရင်  ဖြစ်မှန်းသိ၊ မနာလို ဝန်တိုစိတ်ဖြစ်နေရင်လဲ ဖြစ်မှန်းသိ၊ ကိုယ့်မှာ ဘာစိတ်တွေပဲ ဖြစ်နေနေ ဖြစ်မှန်းသိ  နေရပါမယ်။

စားနေရင်း၊ထိုင်နေရင်း၊ အလုပ်လုပ်နေရင်း သတိလေးထားပြီး ကိုယ့်စိတ်ကိုယ်ကိုယ် စောင့်ကြည့်ပေါ့။ အမြဲတမ်း စောင့် ကြည့်နေရင် သတိအားကောင်းလာပြီး စိတ်ကလေး အစပျိုးတာနဲ့ တပြိုင်နက် သိနိုင် မြင်နိုင်လာပါလိမ့်မယ်။

စကားမပြောသေးမီ ပြောချင်တဲ့ စိတ်ကိုသိလိုက်ရပြီ။ ဒါဆိုရင် သတိနဲ့ထိန်းလို့ရပြီ။ သူများနားမခံသာမဲ့၊ အကျိုးမဲ့တဲ့ စကား ဆိုရင် မပြောမိတော့၊ သတိနဲ့ ထိန်းချုပ်သွားနိုင်ပြီ။ အကျိုးရှိမရှိ မပြောခင် ဆင်ခြင်လိုက်နိုင်တဲ့အတွက် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မလာတော့။အသက်တစ်ရာ နေရလဲ ပြဿနာ တစ်ရာ မရှိတော့၊ အမှုတစ်ရာ မပွေတော့။

စိတ်ဖြစ်တိုင်း ဖြစ်တိုင်း သိနေပြီး ပယ်ဖျောက်နိုင်တော့၊ ထိန်းချုပ်နိုင်တော့ မကောင်းတဲ့ ကိလေသာဆိုး တွေက ကိုယ့်ကို မလွှမ်းမိုးနိုင်တော့။ကိုယ့်ကိုယ်ကိုယ် အောင်နိုင်သူ ဖြစ်လာပြီ။

မိုးရွာရွာ နေပူပူ ပြင်ပအခြေအနေတွေ၊ ပြင်ပသြဇာတွေရဲ့ လွှမ်းမိုးမှုလဲ မခံရတော့။ အကျိုးဆက်အနေနဲ့ ကိုယ့်အပြုအမူတွေ၊ ကိုယ့်ရဲ့ သဘောထားတွေကို ထိန်းကျောင်းလာနိုင်ပါလိမ့်မယ်။ကိုယ့်ကိုယ်ကိုယ်လဲ အမှန်အတိုင်း နားလည် သဘောပေါက် လာပါလိမ့်မယ်။ကိုယ့်ရဲ့ အားသာချက် အားနည်းချက်တွေကိုလဲ အမှန်အတိုင်း သိမြင်လာနိုင်ပါလိမ့်မယ်။

ဒီလို ကိုယ့်ကိုယ်ကိုယ် နားလည် သဘောပေါက်လာတာဟာ သူများရဲ့ အပြုအမူတွေ၊ ခံစားချက်တွေ၊ သဘောထားတွေကို နားလည်ဖို့ လမ်းစဖွင့်ပေးလိုက်သလိုပါပဲ။”တစ်လံမျှလောက်သော မိမိကိုယ်ကို နားလည်ခြင်းသည် တစ်လောကလုံးကို နားလည်ခြင်း ဖြစ်သည် ” လို့ ဗုဒ္ဓဟောကြားခဲ့တယ် မဟုတ်လား။

သူတစ်ပါးရဲ့ ခံစားချက်တွေ၊ လိုအင်ဆန္ဒတွေကို နားလည်လာရင်တော့ ကိုယ်ချင်းစာနာတတ်လာပြီး ကိုယ့်အမြင်သာ မှန် တယ်ဆိုတဲ့ တစ်ဖက်သတ်အမြင်နဲ့ လူတွေကို မဆက်ဆံမိတော့။ ကိုယ်မလုပ်ချင်တဲ့အလုပ်တွေ သူများကိုမခိုင်းတော့။ ကိုယ်ခံရရင် မကြိုက်နိုင်တဲ့၊ မနှစ်သက်တဲ့ အပြောအဆို၊အပြုအမူတွေကိုလဲ သူများအပေါ် မကျုးလွန်မိတော့။

ကိုယ့်ကိုယ်ကိုယ်အောင်နိုင်သူဟာ လောဘ၊ ဒေါသ၊ မာန စတဲ့ ကိလေသာဆိုးတွေရဲ့ လွှမ်းမိုးမှု မခံရတော့လို့ အမှားအမှန် ခွဲခြားသိမြင်နိုင်တဲ့ အသိစိတ် (conscience)၊ ပြင်ပသြဇာ လွှမ်းမိုးမခံဘဲ ကိုယ်ပိုင် ဆုံးဖြတ်နိုင်တဲ့စွမ်းရည် (Independent will)  ဖွံဖြိုးလာပါမယ်။ သူတစ်ပါးရဲ့ ကိုယ့်အပေါ် ထင်မြင်မှုတွေကို အလေးမထားတော့ပဲ မှန်တဲ့ကိစ္စတွေကို ရဲရဲဝံ့ဝံ့ ဆုံးဖြတ် ရဲ၊ လုပ်ကိုင်ရဲ လာပါတယ်။

ကိုယ်မှန်တယ်ထင်လို့ လုပ်လိုက်တဲ့ အလုပ်ရဲ့ အကျိုးဆက်ကိုလဲ ရဲရဲရင့်ရင့် တာဝန်ယူရဲ လာပါတယ်။

ဒီထူးခြားတဲ့ စွမ်းရည် ရှိသူဟာ အခြားသတ္တဝါတွေ လူတွေထက် အဆင့်အတန်း မြင့်မားနေမှာ အသေအချာပါပဲ။

ဒီစွမ်းရည်တွေက လေ့ကျင့်ပြုစု ပျိုးထောင်လေလေ အစွမ်းအစ ပိုမိုထက်မြက် လာလေလေပါ။

ပြီးတော့ ကိုယ့်စိတ်ကိုကိုယ် အောင်နိုင်သူတွေဟာ အခက်အခဲ အကြပ်အတည်း အခြေအနေဆိုးတွေ တွေ့ရင်တောင်မှ စိတ် ပျက်အားလျော့တာတွေ၊ သူများကို အပြစ်တင်တာတွေ၊ လက်မြှောက် ညီးတွားနေတာတွေ၊ အခြေအနေတွေကို နာကျည်း ကျိန်ဆဲတာတွေမလုပ်ပဲ အကောင်းမြော်မြင်တဲ့စိတ်နဲ့ ကြံ့ကြံ့ခံရင်ဆိုင်တတ်ကြပါတယ်။

ဖြစ်သမျှအကြောင်း အကောင်းချည်းပဲလို့ သဘောမထား၊ ပေးလာတဲ့ အခြေအနေဆိုးတွေကိုလဲ ဒီအတိုင်း လက်မခံဘဲ ကိုယ်ဖြစ်ချင်တဲ့ အခြေအနေသစ်တွေဆီရောက်အောင် ဖန်တီးယူတတ်ပါတယ်။ အခြေအနေကောင်းလာတဲ့အထိ ထိုင် စောင့်မနေပဲ အခြေအနေကောင်းလာအောင်၊ ကိုယ်လိုချင်တဲ့အခြေအနေရောက်အောင် ကိုယ်ကပဲဦးဆောင်ကြိုးပမ်းတတ် ပါတယ်။

ဒီလို အစွမ်းထက်မြက်စေမဲ့ နည်းလမ်းတွေကို စာဖတ်ပြီး သိရုံနဲ့တော့ ကိုယ့်ကိုယ်ကိုယ် အောင်နိုင်တဲ့သူ ဖြစ်လာမှာ မဟုတ် ပါဘူး။ အသိနဲ့အကျင့် မတူပါဘူး။ သာမန်သိရုံလောက်နဲ့တော့ ပြင်ပပတ်ဝန်းကျင်ရဲ့ သြဇာလွှမ်းမိုးမှုတွေ၊ ဗီဇမျိုးရိုးလွှမ်း မိုးမှုတွေ၊ ကလေးဘဝထဲက အတွေ့အကြုံတွေကြောင့် ဖြစ်နေတဲ့ အကျင့်စရိုက်တွေရဲ့ လွှမ်းမိုးမှုတွေကို မလွန်ဆန်နိုင်ပါဘူး။

အကျင့်မရှိတဲ့အသိဟာ အဆံမပါတဲ့ သင်္ကြန်အမြောက်လို အလဟဿပါပဲ။ အသိရှိအောင်လဲ လေ့လာပြီးပြင်းပြတဲ့ စိတ် ဆန္ဒနဲ့ ငုပ်နေတဲ့စွမ်းရည်တွေကို လေ့ကျင့်နှိုးဆွဖော်ဆောင်ပေးရမှာပါ။ ရှိပြီးသားစွမ်းရည်တွေကိုလဲ အားကောင်းလာအောင် ပြုစုပျိုးထောင် လေ့ကျင့်ပေးရမှာပါ။ သတိကောင်းသည်ထက် ကောင်းလာအောင် ကိုယ့်စိတ်ကို မြင်သည်ထက် ပိုမြင်နိုင် အောင် ကြိုးစားလေ့ကျင့်ရမှာပါ။

ကိုယ့်ဘဝအတွက် ကိုယ်သာ တာဝန်အရှိဆုံးပါ။ ကိုယ့်အပြုအမူတွေ အစွမ်းထက်ဖို့ ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။ ကိုယ့်ဘဝ အဆင့်မြင့် အောင်မြင်ဖို့အတွက် ကိုယ်ကိုယ်တိုင်ပဲ မဆုတ်မနစ်တဲ့ ဇွဲလုံ့လနဲ့ ကြိုးစားဆောင်ရွက်ရမှာပါ။

 "အတ္တာဟိ အတ္တာနော နာထော" မိမိကိုယ်သာ မိမိကိုးကွယ်ရာပါတဲ့။

ထင်ကျော် (စက်မှုတက္ကသိုလ်)

Comments