ထင်ကျော် (စက်မှုတက္ကသိုလ်) ● ချစ်တပည့်များသို့ ညနေခင်း - သြဝါဒများ (၃)
(မိုးမခ) သြဂတ်စ် ၁၁၊ ၂၀၁၈
(မိုးမခ) သြဂတ်စ် ၁၁၊ ၂၀၁၈
● အကျင့်နှင့် စရိုက် …
မ, တစ်ရာသားတွေဆိုတော့ ကျောင်းသား၊ ကျောင်းသူတွေထဲမှာ စရိုက်ကောင်းသည့်သူတွေ ရှိသလို စရိုက်ဆိုးသည့် မီးသွေးခဲလို ကလေးမျိုးတွေလည်း ရှိတတ်သည်။ မီးသွေးခဲဆိုတာက သွေးချင်သလောက်သွေး ပြောင်လက်လာမှာတော့ မဟုတ်၊ သွေးသည့်သူသာ မည်းညစ်သွားလိမ့်မည်။ မီးသွေးခဲလည်း တဖြည်းဖြည်း လုံးပါးပါးသွားပြီး သူကိုယ်တိုင်လည်း မသက်သာ။
ဒါပေမဲ့ မိမိက ဆရာဆိုတော့ ကိုယ် မည်းချင်မှသာမည်းရော ကိုယ်တတ်နိုင်သလောက် သွေးပေးဖို့ တာဝန်ရှိသည်။ စိတ်ရှည်ရှည်ထားပြီး တဖြည်းဖြည်းခြင်း နားဝင်အောင်လုပ်ရမည်။
လူပြင်ရတာက စက်ပြင်ရတာထက် ပိုခက်သည်၊ စိတ်ရှည်ရှည် ထားနိုင်ပါမှ။
"အချိန်မလေးစားတာ၊ ရေသာခို အချောင်လိုက်တာ၊ စိတ်မရှည်တာ၊ သူများကို အပြစ်တင်လွှဲချတာ၊ အဲဒီလိုမကောင်း တာ မျိုးတွေကို ထပ်တလဲလဲမလုပ်နဲ့။
တစ်ခုခုကို သိလို့ဖြစ်ဖြစ်၊ မသိလို့ဖြစ်ဖြစ် ထပ်တလဲလဲလုပ်နေရင် အကျင့်ဆိုတာ ဖြစ်သွားရော။ ဒီလိုအကျင့်တွေစုပေါင်းသွား လို့ရှိရင် စရိုက်ဆိုတာ ဖြစ်လာပြီ။ စရိုက်ဖြစ်သွားရင်တော့ ပြင်ဖို့ မလွယ်တော့ဘူး "
"အကျင့်ဆိုတာက ကြိုးမျှင်လေးတွေလိုပဲတဲ့၊ တနေ့ကို ကြိုးမျှင်တချောင်းစီ ထည့်ကျစ်သွားရင် မကြာခင် သိပ်ကိုခိုင်တဲ့ကြိုး ဖြစ်သွားရော"
ပညာရေးသုတေသီ Horace Mann ရဲ့စကားပါ။ ကလေးတွေ စရိုက်ကောင်းသည့် လူတော်လေး တွေ ဖြစ်လာဖို့ မကောင်းမှုတွေကို နေ့စဉ် ရှောင်ကျဉ်ခိုင်းမှ ဖြစ်မည်။ ဒီတော့ နေ့တိုင်းနေ့တိုင်း သတိပေး ဆုံးမရသည်။ တကြိမ်တည်းနှင့် နားမဝင်လည်း အကြိမ်ကြိမ်ပေါ့။
"ဆရာက ဆေးလိပ်သောက်တတ်တော့ မီးခြစ်ကသွားလေရာရာ ပါနေကျ ။ မီးခြစ်ကို ရောက်ရာနေရာ တွေ့ကရာနေရာ ချချထားတော့ ခဏခဏပျောက်တတ်တယ်။ အသစ် ပြန်ပြန်ဝယ်နေရတော့ မဖြစ်ဖူးဆိုပြီး သတိမွေးရတော့တာပေါ့ ။ပြန်ထ ခါနီးတိုင်း ချထားတဲ့မီးခြစ်ကို မှတ်မှတ်ရရ ကောက်ထည့်ပေါ့။ ကြာတော့ ကိုယ်မွေးထား တဲ့ ကိုယ်တော်ချောအကျင့်က ကိုယ့်ကို ပြန်ဒုက္ခပေးပါလေရော၊ ကိုယ့်ဟာတင်မကဘူး စားပွဲပေါ် တွေ့သမျှမီးခြစ်တွေ ကောက် ထည့်တော့တာကိုး၊ လမ်းရောက်မှ ကိုယ့်အိတ်ထဲ ခိုးလို့ခုလု ဖြစ်နေလို့ ကြည့်လိုက်တော့ သူများဟာတွေပါ ပါလာတာကိုး၊ တခါတခါ သုံးလေး လုံးတောင်ဖြစ်နေသေး"
အားလုံးရယ်ကြသည်။
"ဘယ်အချိန်ကောက်ထည့်မိမှန်းကို မသိပါဘူးကွာ။ သူများတွေက မြင်လဲ အားနာလို့ မပြောတာ နေမှာပေါ့။ ကိုယ့်မှာသာ မျက်နှာပူ အားနာလွန်းလို့ ရောက်တဲ့နေရာကနေ ပြန်လှည့်ပြီး ပိုင်ရှင်တွေဆီ ပြန် ပြန်ပေးနေရတာ မနည်းတော့ဘူးကွ"
အားလုံးပြုံးနေကြသည်။ မီးခြစ်တွေ ကောက်ကောက်ပြီး အိပ်ထဲထည့်နေသည့် သူတို့ဆရာကြီးရဲ့ပုံကို အာရုံထဲ မြင်ယောင် နေကြသည်လားတော့မသိ။
"တခုခုကို ကောင်းတာဖြစ်ဖြစ်၊ မကောင်းတာဖြစ်ဖြစ် ထပ်ခါတလဲလဲလုပ်ရင် မသိစိတ်ထဲထိ ရောက်သွားပြီး အကျင့်ဖြစ်သွားရော။ အကျင့်ဖြစ်သွားရင် မလုပ်ပဲကို မနေနိုင်တော့ဘူး။ ဒါကြောင့်အကျင့်တွေက ဘဝအတွက် သြဇာ ညောင်းပြီး အရေးပါတယ်လို့ ဆိုကြတာ၊ ဒီအကျင့်တွေကြောင့် လူစွမ်းလူစ ထက်မြက်လာတတ်သလို ယုတ်နိမ့်လဲ သွားတတ် တယ်"
"ဒီအကျင့်တွေ အများကြီး စုပေါင်းသွားတဲ့အခါ ကာရိုက်တာဆိုတဲ့ စရိုက်ဖြစ်လာရော။ ဒီစရိုက်အပေါ်လိုက်ပြီး လူယဉ်ကျေး တို့ လူယုတ်မာဆိုတာတို့ဆိုပြီး လူ့အဆင့်အတန်း ကွဲပြားသွားရတော့တာပေါ့ "
"ဒါကြောင့်လဲ ကျွန်ုပ်တို့ဘဝသည် ကျွန်ပ်တို့ ထပ်တလဲလဲ ပြုလုပ်ခြင်း၏ ရလာဒ်ဖြစ်သည် လို့ Aristotle က ဆိုထားတာပေါ့ "
"ပြီးတော့( bad habit is hard to get rid off ) တဲ့။ မကောင်းတဲ့ အကျင့်ဆိုးတွေဟာ စွန့်ပစ်ဖို့ ခက်သတဲ့။ ဒါကြောင့် မကောင်းတဲ့အလုပ်တွေကို အပျော်သဘောပဲဖြစ်ဖြစ် မလုပ်ကြနဲ့ပေါ့ "
မကောင်းသည့် အကျင့်ဆိုးတွေ ပြင်ဖို့မလွယ်ဆိုပေမဲ့ လုံးဝပြင်လို့မရတာတော့မဟုတ်ပါ။ ပြင်ချင်သည့် စိတ်ဆန္ဒ ပြင်းပြလျှင်တော့ ဖြစ်နိုင်ပါသည်။ ဒီတော့ ကလေးတွေ ဒီစိတ်ဆန္ဒတွေရှိလာစေရေးအတွက် အချိန်ရတိုင်း ဟောပေးပြော ပေးရင်း စည်းရုံးရသည်။
အချို့အကျင့်တွေက ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက အရိုးစွဲလာကြတာတွေ။ ကိုယ့်ဆီကိုလည်း ကိုးတန်း ဆယ်တန်းမှ ရောက်လာကြတာဆိုတော့ အရိုးကရင့်နေပြီ။ ပုံသွင်းလို့လွယ်တဲ့ ဖယောင်းရုပ်လေးတွေ မဟုတ်တော့ ။တော်ရုံ တန်ရုံလောက်နှင့်တော့ ပြင်၍ရမည်တော့မဟုတ်။ ဒါကြောင့် လူပြင်ရတာ စက်ပြင်ရတာထက် ခက်တယ်လို့ဆိုကြတာကိုး။ သို့ပေမဲ့ တနေ့တလံ ပုဂံဘယ်ပြေးမလဲပေါ့။
"ကိုယ့်မှာ အရိုးစွဲနေတဲ့၊ လူစွမ်းလူစ နိမ့်စေတဲ့ အချိန်ဆွဲတာတို့ တစ်ကိုယ်ကောင်းဆန်တာတို့ စတဲ့ အကျင့်ဆိုးတွေကို ပြင်ဖို့ဆိုတာက တော်ရုံစိတ်ဆန္ဒ တန်ရုံအားထုတ်တာ လောက်နဲ့တော့ ရမှာ မဟုတ်ဘူးကွ။ လွယ်လွယ်နဲ့တော့ တိုးတက် ပြောင်းလဲ လာမှာမဟုတ်ဘူး။ ဒီတော့ အပင်ပမ်း အဆင်းရဲတော့ ခံကြရမှာပဲ"
"ပျက်အစဉ် ပြင်ခဏ တဲ့ကွ ၊ ဒီစိတ်မျိုးမွေးကြ"
"ပျက်နေတာက အမြဲတမ်း ပြင်လို့ကောင်းနေတာက ခဏလေးလို့ ပြောတာမဟုတ်ဘူးနော်"
အားလုံး ပွဲကျသွားကြသည်။
ထို့အပြင် အတွေးအကြံတွေကလည်း အကျင့်အဖြစ် အလျင်အမြန် ကူးပြောင်းတတ်သည့်အတွက် အတွေးတွေကိုလည်း ထိန်းချုပ်တတ်စေချင်သည် ။ အကျင့်စရိုက်ဆိုသည် အတွေးအကြံတို့၏ စုပေါင်းရလာဒ် မဟုတ်လား ။
"အတွေးက အလုပ်ဖြစ် ၊ အလုပ်က အကျင့်ဖြစ်ဆိုတော့ ဒို့အတွေးတွေကို ပေါက်လွတ်ပဲစား လွှတ်ထားလို့ မဖြစ်ဘူး "
"ရွှင်လန်းတက်ကြွစေတဲ့ သန့်ရှင်းစင်ကြယ်တဲ့ အတွေးတွေပဲ တွေးတတ်အောင် လေ့ကျင့်ကြ။ optimist ဆိုတဲ့ အကောင်းမြင် ဝါဒသမား ဖြစ်အောင်ကြိုးစားကြ။ ခန္ဓာကိုယ် အားပြည့်ဝပြီး ကျက်သရေမင်္ဂလာ ရှိလာလိမ့်မယ် "
"ကောင်းတဲ့အတွေးတွေ တွေးရင်တော့ ကောင်းတဲ့သုစရိုက်အလုပ်တွေ လုပ်ဖြစ်သွားပြီး လူကောင်းသူကောင်းပေါ့ "
"မကောင်းတဲ့ ယုတ်နိမ့်တဲ့ အတွေးတွေတွေးရင်တော့ ယုတ်ညံ့တဲ့ အလိုရမ္မက်တွေရဲ့ လမ်းကြောင်းလိုက်မိပြီး ထောင်တန်းကျတာတို့ ဘာတို့ဖြစ်တတ်တယ်"
"ရဲဝံ့နိုးကြား တက်ကြွတဲ့အတွေးတွေက လုံ့လဝိရိယရှိတဲ့၊ တိကျပြတ်သားတဲ့ အကျင့်စရိုက် ဖြစ်စေတယ်၊ ဒါဆို အောင်မြင်တဲ့ ဂုဏ်သိက္ခာရှိတဲ့ဘဝကိုရောက်သွားလိမ့်မယ်"
ယောက်ျားလေးတွေ အာရုံပိုစိုက်ကြသည်။ သူတို့က သတ္တိရှိတဲ့ တိကျပြတ်သားတဲ့ ခေါင်းဆောင်ဖြစ်ချင်ကြတာကိုး။
"ကြင်နာ သည်းခံ ခွင့်လွှတ်တတ်တဲ့ အတွေးတွေ တွေးရင်တော့ ကိုယ်ချင်းစာ ညှာတာသနားတတ်တဲ့ စရိုက်ဖြစ်လာပြီး စိတ်ထားမြင့်မြတ်တဲ့ လူတွေချစ်ခင်နှစ်သက်တဲ့ဘဝမျိုးရောက်လိမ့်မယ်"
မိန်းကလေးတွေ သဘောကျကြသည်။ သူတို့က နူးညံ့ယဉ်ကျေးတဲ့သူတွေ ဖြစ်ချင်ကြသည်။
"အားငယ်တဲ့ အတွေးတွေ၊ ပျင်းရတဲ့အတွေးတွေ၊ ဝေခွဲမရ ဒွိဟအတွေးတွေတော့ မတွေးလေနဲ့၊ မပြတ်သားတဲ့သူများအပေါ် မှီခိုတတ်တဲ့ မရိုးသားတဲ့စရိုက်တွေ ဖြစ်လာပြီး စုတ်ချာညှိုးနွမ်းတဲ့ ဘဝရောက်သွားလိမ့်မယ် "
ဒီလိုဘဝမျိုးတော့ ဘယ်သူမှ ရောက်ချင်ကြမည်မဟုတ်။
"ကြောက်စိတ်တွေ စိုးရိမ်စိတ်တွေလဲ မွေးမထားနဲ့၊ ကိုယ်ခံအားကျသွားပြီး ရောဂါဘယပေါင်းစုံ ဝင်လာလိမ့်မယ်၊ A IDS ပေါ့ကွာ "
အားလုံးရယ်ကြသည်။
"ရန်လို မနာလိုဝန်တို မစ္ဆရိယ အတွေးတွေလဲ မတွေးကြနဲ့ကွ၊ ရောဂါမျိုးစုံရလာနိုင်တဲ့အပြင် ကျက်သရေမင်္ဂလာပါ ယုတ် သွားတတ်တယ်။ လောဘတွေ ဒေါသတွေ မာန်မာနတွေနဲ့ ဆိုရင်တော့ ရုပ်ရင့်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အဘိုးကြီး အဘွား ကြီးရုပ် ပေါက်သွားလိမ့်မယ် "
မိန်းကလေးတွေ ပခုံးတွန့်ကြသည်။ သူတို့က ရုပ်တော့နုပျိုချင်ပေမဲ့ မာနတော့ကြီးချင်ကြသေးသည်။
"ဒါကြောင့် ကောင်းတဲ့ အတွေး တွေး၊ ကောင်းတဲ့ အလုပ်လုပ်၊ ကောင်းတဲ့ ကိုယ်ကျင့်တရားကို တည်ဆောက်၊ ဒါဆိုရင် ဘဝမှာ အောင်မြင်မှုတွေ မလွဲမသွေရလိမ့်မယ် "
"ဒီဆိုရိုးလေးကိုတော့ မှတ်ထားပေါ့၊ ဆရာဖတ်ဖူးထားတာလေးပါ၊ ရေးတဲ့သူတော့မမှတ်မိတော့ဘူး "
"ကောင်းတဲ့အတွေးကို ပျိုးပြီး အပြုအမူတရပ်ကို ရိပ်သိမ်းပါ။ အပြုအမူတရပ်ကို ပျိုးပြီး အကျင့် တရပ်ကို ရိပ်သိမ်းပါ။ အကျင့် တရပ်ကိုပျိုးပြီး အောင်မြင်မှုကို ရိပ်သိမ်းပါ" တဲ့။
"တိုးတက်ပြောင်းလဲချင်ရင်တော့ အကျင့်ဆိုးတွေကို စွန့်ပစ်ပြီး အစွမ်းထက်စေမဲ့ အကျင့်ကောင်းတွေ ပြုစုပျိုးထောင် ပေး ဖို့လိုတယ်"
"ဒါပေမဲ သိရုံနဲ့တော့ မရဘူး၊ သူများတိုက်တွန်းလို့လဲ မရနိုင်ဘူး၊ ပြုပြင်ပြောင်းလဲဖို့ ကိုယ့်အပေါ်မှာပဲ မူတည်တယ်၊ ပြောင်း လဲဖို့ ကျင့်ကြံဖို့ ပြင်းပြတဲ့ ဆန္ဒ ရှိမှဖြစ်မယ် "
"ပြောင်းလဲမှု ဂိတ်တံခါးကို အတွင်းကပဲ ဖွင့်လို့ရတယ်တဲ့၊ သူများလုပ်ပေးလို့မရဘူး၊ ကိုယ်ကိုယ်တိုင်လုပ်မှရမယ်ဆိုတာ မင်းတို့ စွဲစွဲမြဲမြဲ မှတ်ထားကြ"
"အတ္တာဟိ အတ္တာနော နာထော, မိမိကိုယ်သာ ကိုးကွယ်ရာတဲ့"
မေတ္တာဖြင့်.........
ထင်ကျော် (စက်မှုတက္ကသိုလ်)
Comments