မောင်အဉ္စန ● မြန်မာ့နည်း မြန်မာ့ဟန် ငြိမ်းချမ်းရေး - အပိုင်း (၅)

မောင်အဉ္စန ● မြန်မာ့နည်း မြန်မာ့ဟန် ငြိမ်းချမ်းရေး - အပိုင်း (၅)
(မိုးမခ) သြဂတ်စ် ၁၁၊ ၂၀၁၈

● ဖွံ့ဖြိုးရေးနှင့် နိုင်ငံရေးအဖြေ
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) အခြေခံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစု ပင်လုံ တတိယအစည်းအဝေးကို ၂၀၁၈ ခု၊ ဇူလိုင်လ (၁၁)ရက်မှ (၁၆)ရက်နေ့ထိ (၆)ရက်တိုင် နေပြည်တော်(ကြပ်ပြေး)ရှိ MICC-2 မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ဒီတကြိမ်(၂၁)ရာစုပင်လုံအစည်းအဝေးကြီးကို ၂၀၁၇ ခု၊ နိုဝင်ဘာလမှာ (၆)လ တကြိမ်ကျင်းပရမယ့်ဟာကို ၂၀၁၈ ခု၊ ဇူလိုင်လရောက်မှ တနှစ်ကျော်လွန်ပြီးနောက် ကျင်းပနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဘာကြောင့် တနှစ်ကျော်အချိန်ယူခဲ့ရတာလဲ…။ အဓိကအားဖြင့် (၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးမှာ ထစ်ဆို့နေတဲ့ Package Deal သူ့ဘက်ကိုယ့်ဘက် အတွဲလိုက်အပေးအယူပုံစံကို မျှခြေတခုရအောင် အဖြေမထုတ်နိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ထစ်ဆို့မှုခံထားတဲ့ တိုင်းပြည်ရဲ့အခြေခံနိုင်ငံရေးပြဿနာ အကြောင်းအရာတွေထဲက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေး၊ ပြည်ထောင်စုမှခွဲမထွက်ရေးနဲ့ တပ်မတော်တစ်ခုတည်းရှိရေးမူဝါဒတို့ပါဝင်တဲ့ “Package Deal” ကို ရှောင်လွှဲပြီး နိုင်ငံရေးကဏ္ဍအောက်မှာ ကျား/မ တန်းတူရေးကိစ္စကိုသာဆွေးနွေးဖို့ ချမှတ်လာခဲ့ကြပါတယ်။ အဲ့ဒီလိုဖြစ်လာဖို့ မြစ်ဖျားခံတာက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (EAO) အချို့မှ ခေါင်းဆောင်နေရာ ယူထားသူအချို့က ခက်တာကို နောက်မှဆွေးနွေးပြီး လွယ်တာကနေ စဆွေးနွေးကာ ငြိမ်းချမ်းရေးဖြစ်စဉ် ရပ်တန့်မသွားရအောင် ခရီးဆက်နိုင်ဖို့ဆိုတဲ့ စိတ်ကူးကြောင့်ဖြစ်ပါတယ်။

● ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ပြင်ဆင်မှုနှင့် လွဲချော်မှု

ဒီလိုနဲ့ သီတင်းပတ် ၃ ပတ်ခန့်အချိန်ယူပြီး၊ နှစ်မူကွဲဖြစ်နေတဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် (FPD) လုပ်ထုံးလုပ်နည်းပိုင်း အချို့ကို အခြေခံကာ လုပ်ငန်းကော်မတီအစည်းအဝေးတွေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အတွင်း အဆင့်ဆင့်သော အစည်းအဝေးတွေကို ထိုင်ပြီး (၅)ရက်တာဆွေးနွေးဖို့ ကဏ္ဍအလိုက်အခြေခံမူ အချက်အလက်တွေကို ထုတ်နှုတ်စုစည်းခဲ့ကြပါတယ်။ တနည်းအားဖြင့် လူရာထောင်ချီ တက်ရောက်မယ့် အစည်းအဝေး ကြီးအတွက် အစီအစဉ် (Political Agenda) ကို နှစ်မူကွဲ(FPD) သဘောတူညီချက်တွေအရ ပြင်ဆင်ခြင်းပါပဲ။ Political Agenda က ကဏ္ဍကြီး (၅)ရပ်အပေါ်မှာ အခြေခံပြီး ချမှတ်တာပါ။ အဲ့ဒီအချက်အလက်တွေကိုလည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေက ရလာတဲ့ရလဒ်အပေါ် အခြေခံပြီး လုပ်ငန်းကော်မတီအဆင့်ဆွေးနွေးရလဒ်ကို UPDJC အတွင်းရေးမှူးများအဖွဲ့ အစည်းအဝေးတွေကနေတဆင့် ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌလုပ် အမှူးပြုတဲ့ UPDJC အစည်း အဝေးက အဆုံးအဖြတ်ပြုတာ ဖြစ်ပါတယ်။ မူဘောင်အရမဟုတ်ဘဲ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပဖို့ မဖြစ်နိုင်တဲ့ အကြောင်းပြချက်နဲ့ တပ်မတော်ဟာ လုပ်ငန်းကော်မတီအဆင့်၊ အတွင်းရေးမှူးများအဆင့် အစည်းအဝေးတွေမှာ သီးသန့်စာတမ်းတင်ပြီး ဆွေးနွေးဆုံးဖြတ်ခွင့်ကို အထူးအခွင့်အရေးတခုအနေနဲ့ ခြွင်းချက်ရရှိထားပါတယ်။

ဒီတခေါက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံရေးအစီအစဉ် (Political Agenda) အတွက် အတည်ပြု ဆုံးဖြတ်ချက်ချမှတ်ပေးရမယ့် (၁၆)ကြိမ်မြောက် UPDJC အစည်းအဝေးမှာရော၊ ဆွေးနေဆဲကာလအတွင်း ညှိနှိုင်းဆွေးနွေးပွဲရလဒ်ထုတ်နိုင်ဖို့ ထိုင်ဖြစ်ခဲ့တဲ့ (၁၇)ကြိမ်မြောက် UPDJC အစည်းအဝေးမှာပါ တက်ရောက်ဖို့ ပျက်ကွက်ခဲ့တာကို တွေ့ရှိရပါတယ်။ အဓိကအားဖြင့် Package Deal ကို မဆွေးနွေးဘဲ ကျား/မ တန်းတူရေးဆိုင်ရာ ခေါင်းစဉ်တွေလောက်ပဲ သိပ်အရေးမကြီးတဲ့ကိစ္စရပ်တွေဆုံးဖြတ်ရမှာမို့ အငြင်းပွားစရာလည်း သိပ်မရှိလို့ မတက်ရောက်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ Political Agenda အပြင် တက်ရောက်ဖို့ ဖိတ်ကြားမယ့်အဖွဲ့အစည်းစာရင်းတွေကိုလည်း အတည်ပြုကြတာ ဖြစ်ပါ တယ်။ ဖိတ်ကြားရေးပိုင်းနဲ့ပတ်သက်လို့ ဒီတကြိမ်မှာ ထူးခြားချက်ရှိလာပါတယ်။ NCA လမ်းကြောင်းအပြင်ပ ကနေသွား မယ်လို့ ကြွေးကြော်ထားတဲ့ FPNCC လို့ခေါ်တဲ့ မြောက်ပိုင်းမဟာမိတ် (၇)ဖွဲ့ဟာ NCA  ပြင်ပလမ်းကြောင်းလို့ မပြောတော့ဘဲ NCA ပြင်ဆင်ရေးလမ်းကြောင်းကို တက်လှမ်းလာပါတယ်။ တရုတ်ရဲ့ ဖိအားကြောင့် တပ်မတော်ရဲ့စစ်ပွဲအရှိန်တွေကို လျော့ချပြီး၊ NCA လက်မှတ်ထိုးမှ ၂၁-ရာစုပင်လုံအစည်အဝေးကို တက်ရောက်ခွင့်ရမယ်ဆိုတဲ့ ရပ်တည်ချက်ကနေ ပြုပြင် လာတဲ့သဘောဖြစ်ပါတယ်။ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်တွေနဲ့ အစိုးရအကြားမှာ ပွဲအခမ်းအနားကိုတက်ရောက်ဖို့ ဖိတ်ကြားပြီး Sideline Meeting လိုမျိုး တွေ့ဆုံပွဲတွေလုပ်ပေးနိုင်ဖို့အတွက် တရုတ်သံရုံးကနေတဆင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေကို တဖွဲ့ချင်းစီ သီးခြားဖိတ်ကြားဖို့ အစိုးရနဲ့တပ်မတော်တို့ရဲ့သဘောထားကို အဆင့်ဆင့်သော UPDJC အစည်းအဝေးမှာ တင်ပြလာပါတယ်။ ဒါပေမယ့် ဖိတ်ကြားရေးပိုင်းမှာ ငြိမ်းချမ်းရေးဖြစ်စဉ်တလျှောက်ပါဝင်ခဲ့တဲ့ EAO အဖွဲ့ (၂၁)ဖွဲ့ရှိတဲ့အထဲက NSCN-K နာဂအဖွဲ့နဲ့ UNFC အဖွဲ့ဝင် ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)တို့ နှစ်ဖွဲ့ကိုပဲ အကြောင်းပြချက်အမျိုးမျိုးပြပြီး ချန်လှပ်ထားခဲ့ကြပါတယ်။ 



(၁၆) ကြိမ်မြောက် UPDJC အစည်းအဝေးကျင်းပြုလုပ်စဉ်။ (NRPC, နေပြည်တော်) Photo: UPC-21PC III page

NSCN-K အဖွဲ့မှာ အိန္ဒိယဘက်ခြမ်းက နာဂလူမျိုးတွေနဲ့အတူပေါင်းစပ်ပြီး သီးခြားလွတ်လပ်တဲ့ နာဂပြည်အနေနဲ့ နေထိုင်ဖို့ လွတ်လပ်ရေးမူ သဘောထားကြောင့် မဖိတ်ကြားတော့ကြောင်း၊ ANC အဖွဲ့မှာလည်း လက်နက်ကိုင်တပ်ဖွဲ့မရှိကြောင်း ၀န်ခံကတိပြုကာ NCA ကိုလက်မှတ်ရေးထိုးမှ ဖိတ်ကြားမှာဖြစ်ကြောင်း အစိုးရ၊ တပ်မတော်တို့က ရပ်တည်ချက်သဘောထား ပေးခဲ့ကြပါတယ်။ အဲ့ဒါတွေကို UPDJC အစည်းအဝေးထဲမှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့နဲ့ EAO တွေဘက်က လက်ခံခဲ့ကြရပါတယ်။

● မူဝါဒအခြေပြ မိန့်ခွန်းများ နှင့် ဆွေးနွေးပွဲပုံစံ
၂၁-ရာစုပင်လုံ တတိယအစည်းအဝေးဖွင့်ပွဲနေ့မှာ အဖွင့်မိန့်ခွန်းတွေ ခြွေခွင့်ရကြတဲ့ အစိုးရကိုယ်စားလှယ် ခေါင်းဆောင်၊ တပ်မတော်ကိုယ်စားလှယ်ခေါင်းဆောင်၊ EAO ကိုယ်စားလှယ်ခေါင်းဆောင်နဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်ခေါင်းဆောင်တို့ရဲ့ မိန့်ခွန်းတွေထဲမှာ လူပြောသူပြောများတာကတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပဲ ဖြစ်ပါတယ်။ သမိုင်းကြောင်းအရ တပ်မတော်ရဲ့ ရပ်တည်ချက်ကို ဆွဲယူထုတ်နှုတ်တဲ့ အကောက်အယူတွေထဲမှာ လူထုကို ကိုယ်စားပြုတာဟာ တပ်မတော် ဖြစ်တယ်ဆိုတဲ့အချက်၊ သမိုင်းကြောင်းအရ ပဋိပက္ခဖြစ်စဉ်ထဲမှာ တပ်မတော်အနေနဲ့မဟုတ်ပဲ ခေတ်အဆက်ဆက် အစိုးရတွေနဲ့သာ ပြဿနာဖြစ်ပွားခဲ့ရတာဆိုတဲ့အချက်၊ EAO အချို့ အထူးသဖြင့် KIO ပေါက်ဖွားလာပုံ သမိုင်းကြောင်း အရ လွဲချော်တဲ့အချက်တွေအပါအ၀င် အာဏာနိုင်ငံရေးမှာ တပ်မတော်က အမျိုးသားရေးတာဝန်အရ ပါဝင်နေရတာကို သက်သေထူဖို့ကြိုးစားရင်းနဲ့ ထုံးစဉ်အတိုင်း EAO တွေကို ဆူပူကြိမ်းမောင်းတဲ့လေသံနဲ့ တပ်မတော်ဟာ အင်အားချိနဲ့နေလို့ ငြိမ်းချမ်းရေးလုပ်ရတာမဟုတ်ကြောင်း ခြိမ်းခြောက်သံတွေ ပါဝင်ခဲ့တာကို တွေ့ရပါတယ်။

နောက်တယောက်ကတော့ နိုင်ငံရေးပါတီများအစုအဖွဲ့ထဲက ဒီတကြိမ်မိန့်ခွန်းခြွေခွင့် အလှည့်ကျတဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ တတိယမဲအများဆုံးအနိုင်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီ(ANP)မှ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်ပါပဲ။ ယခင်အကြိမ်များက NLD နဲ့ ပြည်ခိုင်ဖြိုးပါတီတွေက ကိုယ်စားလှယ်တွေပြောကြားခဲ့ကြတဲ့ပုံစံတွေအတိုင်း ၎င်းအနေနဲ့လည်း ANP ပါတီမူဝါဒအခြေခံကနေ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ချဉ်းကပ်ပြောကြားရာမှာ မိန့်ခွန်းပါ အချက်တချို့ဟာ NLD အစိုးရရဲ့ အားနည်းချက်အချို့ကို ထောက်ပြထားချက်တွေနဲ့ ၎င်းတို့ပြည်နယ်မှာ ကြုံတွေ့နေရတဲ့ ဘင်္ဂလီပြဿနာပဋိပက္ခကိစ္စပါဝင်နေတာကြောင့်ပါ။ ၎င်း၏မိန့်ခွန်းအပြီးမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လက်ခုတ်မတီးဘဲနေခဲ့တဲ့အချက်က အများရဲ့ဝေဖန်ထောက်ပြစရာ ဖြစ်ခဲ့ရပါတယ်။ ဒီအကြောင်းကို အောက်မှာ အနည်းငယ် အကျယ်ပြောထည့်ပြောပါမယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ခြွေတဲ့မိန့်ခွန်းကတော့ ထုံးစဉ်အတိုင်း အထွေအထူးပြောစရာ မရှိကြပါ။ ၎င်းမိန့်ခွန်းနဲ့ တပ်/ချုပ်မိန့်ခွန်းမှာ ဆင်တူပြီး သဟဇာတကျနေတာတခုက ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ အချိန်ဇယားပဲ ဖြစ်ပါတယ်။ NLD အစိုးရအနေနဲ့ လာမယ့် ၂၀၂၀ မှာ နောက်ထပ်တကြိမ် ရွေးကောက်ပွဲရှိမှာဖြစ်တဲ့အတွက် အဲ့ဒီမတိုင်မီ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ပြည်သူကိုချပြနိုင်တဲ့ရလဒ်ကောင်းတခု ဖော်ထုတ်တင်ပြချင်စိတ်ကို ပြသခဲ့ပါတယ်။ ၂၁-ရာစုပင်လုံအစည်းအဝေး နောက်ထပ် (၃)ကြိမ်လုပ်မယ်။ ၂၀၁၈ ခုနှစ်အတွင်းမှာ နောက်ထပ် တကြိမ်၊ ၂၀၁၉  ခုနှစ်အတွင်းမှာ ၂ ကြိမ် စုစုပေါင်း (၃) ကြိမ်ထပ်လုပ်ပြီးရင် ဖက်ဒရယ်အခြေခံမူတွေကို အပြီးအပြတ် လက်စသတ်မယ်။ အဲ့ဒီကနေတဆင့် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်လို့ရသလောက် ပြင်ဆင်ဖို့ မျှော်မှန်းပုံရပါတယ်။ တပ်/ချုပ်အနေနဲ့လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ၂၀၂၀ မှာ အားလုံးကို ပြီးပြတ်စေချင်တယ်။ အဲ့ဒါကြောင့် အချိန်မဆွဲကြဖို့နဲ့ အချိန်ဆွဲနေကြရင် ဘေးပယောဂတွေဝင်ပြီး နှောင့်နှေးကြံ့ကြာသွားနိုင်တယ်လို့ ထုတ်ပြောသွားပါတယ်။ ဆိုတော့ ၂၀၂၀ မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အပြီးအပြတ်လုပ်ချင်တဲ့  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့သဘောဆန္ဒနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၂၀ မှာ ဖက်ဒရယ်မူတွေ အပြီးသတ်မယ်ဆိုတဲ့ အချက်တွေက အချိန်ဇယားကိုက်ညီနေတာကိုတွေ့ရပါတယ်။

နောက်ထပ်မိန့်ခွန်းပြောသူတဦးက EAO ကိုယ်စားလှယ်ခေါင်းဆောင် KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးပါပဲ။ သူက အသက်အရွယ်အားဖြင့် (၈၀)ကျော်နေပါပြီ။ အစည်းအဝေးအကြိမ်တိုင်းလိုလိုမှာ မိန့်ခွန်းတက်တက်ခြွေနေရတာကို တွေ့ရပါတယ်။ သူ့ရဲ့မိန့်ခွန်းဖတ်ကြားပုံကလည်း ဇရာကြောင့်လေးလံနေတဲ့လေသံနဲ့ တခါတခါ စကားပြောနေရင်း ပြောနေတဲ့မိန့်ခွန်းစာရွက်ကို စိုက်ကြည့်အချိန်ယူရပုံ အားယူပြောဖို့ ပရိတ်သတ်ဖက်ကို မျက်နှာမူပြီး ရွတ်ပြနေရပုံက ပရိတ်သတ်အတွက် အားမလိုအားမရ ဖြစ်စရာပါ။ တောထဲမှာ ဘ၀တလျောက်လုံး ရုန်းကန်တိုက်ပွဲဝင်ရင်း ဖြတ်သန်းလာခဲ့တဲ့ဘ၀အတွေ့အကြုံတွေအရ ပရိတ်သတ်က ၎င်းအပေါ်မှာ နားလည်မှုရှိကြပြီးသားပါ။ ၎င်းအနေနဲ့ မိခင်ဘာသာစကားမဟုတ်တဲ့ မြန်မာစာကို ကရင်ဘာသာနဲ့ ခေါင်းထဲမှာဘာသာပြန်ရတဲ့ အခက်အခဲကိုလည်း စာနာနားလည်စိတ်နဲ့ ၎င်းကဘယ်လိုပုံစံမျိုးနဲ့ ပြောနေတယ်ဆိုတာထက် ၎င်းပြောတဲ့စာရွက်ပါ မူဝါဒပိုင်းဆိုင်ရာ အချက်အလက်တွေက ဘာတွေလဲဆိုတာကို ပိုနားထောင်ကြတာဖြစ်ပါတယ်။ ဒီတကြိမ်မှာ KNU ဥက္ကဋ္ဌဟာ မိန့်ခွန်းပြောဖို့ စင်ပေါ်ထက်အတက် နောက်ဆုံးလှေကားထစ်မှာ ခြေချော်လဲကျပြီး မရှုမလှဖြစ်ခဲ့ရတဲ့ဟာက ၎င်းအတွက် အတော်လည်း စိတ်မသက်မသာ ဖြစ်စရာပါ။ ဒါပေမယ့် ၎င်းရဲ့ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ မိန့်ခွန်းပြောဖို့ စကားပြောစင်မြင့်ထက်မှာ အဆင်သင့်ဖြစ်ချိန် ပရိတ်သတ်က သြဘာ လက်ခုပ်တီး ချီးမြှင့်ဂုဏ်ပြုပေးခဲ့ကြတော့ ၎င်းအနေနဲ့ လက်ခံအသိအမှတ်ပြုကြောင်း လက်ထောင်ပြသခဲ့ပါတယ်။ ၎င်းရဲ့မိန့်ခွန်းကလည်း ထုံးစဉ်အတိုင်းပါပဲ။ EAO တွေရဲ့ ဘုံရပ်တည်ချက်သဘောထားအပါအ၀င် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အစည်းအဝေးတကြိမ်နဲ့တကြိမ်အကြား ထူးခြားချက်တွေကို ထည့်သွင်းပြောကြားရင်း နောက်ဆုံး ဘယ်လိုဆက်လုပ်သွားသင့်တဲ့အကြောင်း အကြံပြုချက်တွေပါပဲ။ ဒီတကြိမ်မိန့်ခွန်းမှာလည်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဘယ်လိုစိန်ခေါ်မှုပဲရှိရှိ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်းအပါအ၀င် စာရွက်ထဲမှာ ကြိုမရေးထားတဲ့ ၎င်းရဲ့ရင်တွင်းခံစားချက်လာအတိုင်း ချောတိုင်တက်တဲ့ဥပမာနဲ့ နိဂုံးချုပ်မှာ ခိုင်းနှိုင်းပြောကြား သွားခဲ့ပါတယ်။ ၎င်းအနေနဲ့ ငြိမ်းချမ်းရေးမာရသွန်မှာ ဇွဲဆုထိုက်တန်ကောင်းနိုင်ပါရဲ့။

ဒီတကြိမ် ၂၁-ရာစုပင်လုံ တတိယအစည်းအဝေးက နောက်ဆုံးထွက်ပေါ်လာခဲ့တဲ့ ကဏ္ဍအလိုက်ရလဒ်တွေကို ကြည့်ရင် နိုင်ငံရေး (၄) ချက်၊ စီးပွားရေး (၁)ချက်၊ လူမှုရေး (၇)ချက်၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင် (၂) ချက် စုစုပေါင်း (၁၄) ချက်ကို တွေ့ရပါတယ်။ ဒီအချက်တွေကို နောက်ဆုံးပိတ်ပွဲအခမ်းအနားနဲ့ ကိုယ်စားပြုလက်မှတ် ရေးထိုးကြတဲ့အခါ ပြီးခဲ့တဲ့ ၂၁-ရာစုပင်လုံ ဒုတိယအစည်းအဝေးကလိုမျိုး ကိုယ်စားပြုမှုနဲ့ပတ်သက်လို့ ရပ်တည်ချက် အငြင်းပွားမှု ပြဿနာမတက်ခဲ့တာကို တွေ့ရပါတယ်။ Package Deal ပါ အဓိကအရေးကြီးတဲ့ အကြောင်းအရာခေါင်းစဉ်တွေ မဟုတ်တဲ့အတွက် ဆုံးဖြတ်ချက်ချမှတ်ကြတဲ့အခါမှာ အဆင်ပြေခဲ့ကြပုံရပါတယ်။ ဒါပေမယ့် အဓိက အကြိတ်အနေ ဆွေးနွေးဖြစ်ခဲ့ကြတာကတော့ ကျား/မ တန်းတူရေးခေါင်းစဉ်အောက်မှာ တနွယ်ငင်တစင်ပါ တွယ်ကပ်ပါလာတဲ့ ပြည်ထောင်စုအမည်နဲ့ပတ်သက်လို့ ဖြစ်ပါတယ်။ ပြည်ထောင်စုအမည်ကို ဘာခေါ်မလဲဆိုတဲ့အချက်က ၂၁-ရာစုပင်လုံ ပထမအကြိမ်အစည်းအဝေးကတည်းက UNFC မှ နိုင်ငံသာ (NMSP ဒုတိယဥက္ကဋ္ဌ)အနေနဲ့ တင်ပြခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် တပ်မတော်ဘက်က ၂၀၀၈ ဖွဲ့စည်းပုံအရ လက်ရှိတိုင်းပြည်အမည်အပေါ်မှာ အခြေခံရပ်တည်နေတာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအနှစ်သာရအပေါ်မှာလည်း မေးခွန်းထုတ်စရာတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ နောက်ဆုံးမှာ NCA သဘောတူညီချက်ပါ စာသားအရ “ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသောပြည်ထောင်စုကို တည်ဆောက်ရာတွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ…….” ဟု သုံးစွဲရန် သဘောတူညီချက် ရရှိခဲ့ကြပါတယ်။

အမှန်က နှစ်ပေါင်း(၇၀)ကျော် ပြည်တွင်းစစ်ဟာ နိုင်ငံရေးအရ ရပ်တည်ချက်မူကွဲတွေကြောင့် ဖြစ်တယ်။ သူ့ရပ်တည်ချက် ကိုယ့်ရပ်တည်ချက်ကို ညှိနှိုင်းဆွေးနွေးကြတဲ့အခါ တဖက်ဖက်ရဲ့ရပ်တည်ချက်ဘောင်အောက်ကို အတင်းဆွဲသွင်းပြီး အဖြေရှာရတဲ့ပုံစံက မှန်ကန်တဲ့နည်းလမ်းမဟုတ်ပါ။ အစိုးရတပ်မတော်က ၂၀၀၈ ဖွဲ့စည်းပုံ ဘောင်အောက်က အသေရပ် တည်ဆွေးနွေးမယ်၊ EAO တွေဘက်ကလည်း ၎င်းတို့ဘုံရပ်တည်ချက်ဘောင်ကနေ အသေရပ်တည်ဆွေးနွေး နေကြရင် အဖြေထွက်လာစရာ အကြောင်းမရှိသလို စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့ ဦးတည်နိုင်မှာ မဟုတ်ပါ။ နောက်လာမယ့် အစည်းအဝေးတွေမှာ အလွယ်တွေဆွေးနွေးပြီးလို့ အခက်တွေပဲ စုချန်ထားတဲ့ အခက်ဆုံးတွေကို ဆွေးနွေးတဲ့အခါ “ဆင်ကောင်ကြီး အမြီးကျမှတစ်” ဆိုသလိုမျိုး မဖြစ်ဖို့ လိုပါလိမ့်မယ်။


● တရုတ် OBOR စီမံကိန်း နှင့် မြောက်ပိုင်းမဟာမိတ်

ဒီတစ်ကြိမ် ၂၁-ရာစုပင်လုံ တတိယအစည်းအဝေးကို တက်ရောက်လာနိုင်ဖို့ FPNCC လို့ခေါ်တဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ကို ဖိတ်ကြားတဲ့အခါ တရုတ်က အဓိက အခန်းကဏ္ဍကနေ ပါဝင်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၁-ရာစုပင်လုံ ဒုတိယအစည်းအဝေးတုန်းကလည်း တရုတ်အစိုးရအနေနဲ့ ကူမင်းကနေ လေယာဉ်စင်းလုံးငှားနဲ့ ခေါ်လာပေးခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလည်း မြောက်ပိုင်းမဟာမိတ် (၇)ဖွဲ့ကို ကူမင်းကနေ လေယာဉ်နဲ့ သယ်ယူခေါ်ဆောင်လာခဲ့တာပါ။ ၎င်းတို့ကို ၂ အုပ်စုခွဲပြီး တပ်မတော်နဲ့ အစိုးရတို့က သီးခြားစီ တွေ့ဆုံပေးခဲ့ကြပါတယ်။ UWSA ၀အဖွဲ့၊ NDAA မိုင်းလားအဖွဲ့၊ KIO ကချင်အဖွဲ့ နဲ့ SSPP ရှမ်းအဖွဲ့ (၄)ဖွဲ့တို့ကို တအုပ်စုအနေနဲ့ တပ်/ချုပ်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့က သီးခြားစီလက်ခံတွေ့ဆုံပါတယ်။ PSLF ပလောင်အဖွဲ့၊ ULA ရက္ခိုင်အဖွဲ့၊ MNDAA ကိုးကန့်အဖွဲ့ (၃)ဖွဲ့တို့ကို ဒု-တပ်/ချုပ် နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့က သီးခြားစီလက်ခံတွေ့ဆုံဖြစ်ခဲ့ပါတယ်။ ပြီးနောက် အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင် (PC) အနေနဲ့ မြောက်ပိုင်းမဟာမိတ် (၇)ဖွဲ့လုံးကို အတူတကွ လက်ခံတွေ့ဆုံပြီး FPNCC ရဲ့ ဘုံသဘောထားကို တင်ပြခဲ့ကြတာကို တွေ့ရပါတယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့အနေနဲ့ PC နဲ့တွေ့ဆုံတဲ့အခါ ၎င်းတို့ပြင်ဆင်ထားတဲ့ မူဝါဒစာတမ်းကို ပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီမူဝါဒက ၂၁-ရာစုပင်လုံ ဒုတိယ အစည်းအဝေးကာလတုန်းက သတင်းမီဒီယာတွေကို ဖြန့်ဝေခဲ့တဲ့မူအပေါ်မှာ အခြေခံထားတာပဲ ဖြစ်ပါတယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေဟာ ၂၁-ရာစုပင်လုံ တတိယအစည်းအဝေး ဖွင့်ပွဲ၊ ညစာစားပွဲတို့တက်ရောက်ပြီး နောက်တနေ့မှာ ယခုလိုတွေ့ဆုံခဲ့ကြခြင်းဖြစ်ပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေထဲက UWSA ၀အဖွဲ့၏ ခေါင်းဆောင်ကိုယ်စားလှယ် နှစ်ဦးအနေနဲ့ ခရီးပန်း၊ အစားအသောက်နဲ့ နယ်မြေမတူညီမှုအခြေအနေတို့ကြောင့် ကျန်းမာရေးမကောင်းဖြစ်ပြီး၊ နေပြည်တော်(ကြပ်ပြေး)ရှိ အစိုးရဆေးရုံသို့ တက်ရောက် ကုသခံယူနေစဉ် တပ်/ချုပ်အနေနဲ့ ၎င်းအိမ်မှာလုပ်လာတဲ့ ဆန်ပြုတ်ပူပူနွေးနွေးကို ဆေးရုံသို့ လူကိုယ်တိုင်သွားရောက်တိုက်ကျွေးပေးခဲ့တာကိုကြည့်ပြီး UWSA နဲ့ တပ်မတော်ကြားမှာ ဆက်ဆံရေးက တခြားအဖွဲ့အစည်းတွေနဲ့မတူပဲ ထူးကဲမှုရှိနေကြောင်း အများက မှတ်ချက်ပေးပြောကြားခဲ့ကြပါတယ်။ ၂၁-ရာစုပင်လုံ တတိယအစည်းအဝေးရဲ့ တတိယမြောက်နေ့မှာပဲ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေဟာ တရုတ်အစိုးရရဲ့ စီစဉ်ပေးမှုအရ လာတဲ့လမ်းကြောင်းအတိုင်း တအုပ်စုနဲ့ NDAA, SSPP တို့ဟာ ၎င်းတို့ရဲ့ပြည်တွင်း လမ်းကြောင်းအတိုင်း သီးခြားစီ ပြန်လည်ထွက်ခွာသွားခဲ့ကြပါတယ်။ ဒီဟာတွေအားလုံးက တရုတ်အစိုးရရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာဆွမ်ကော်ရှန်းရဲ့ စီစဉ်ဆောင်ရွက်ပေးခဲ့မှုကြောင့် ဖြစ်ပါတယ်။ 


Myanmar State Counsellor Daw Aung San Suu Kyi (L) smiles at Chinese President Xi Jinping and his wife Peng Liyuan during a welcome ceremony for leaders attending the Belt and Road Forum, at the Great Hall of the People in Beijing, China May 14, 2017.  Photo: REUTERS

တရုတ်အစိုးရအနေနဲ့ OBOR လို့ခေါ်တဲ့ ကမ္ဘာတလွှား ပိုးလမ်းမကြီးဖောက်မယ့် မဟာဗျူဟာစီမံကိန်းကြီးမှာ မြန်မာပြည်က မဟာဗျူဟာအရ အရေးပါတဲ့ နေမြေဒေသတခုဖြစ်တဲ့အခါမှာ တရုတ်နယ်စပ်တလျှောက်မှာရှိတဲ့ တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်နိုင်ဖို့ အထူးအရေးကြီးနေပါတယ်။ ၂၀၁၇ ခုနှစ်၊ မေလအတွင်း တရုတ်ပြည်မှာ Belt & Road Forum အစည်းအဝေးကြီး ကျင်းပတုန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။ အဲ့ဒီမှာ တရုတ်အစိုးရအနေနဲ့ မြန်မာအစိုးရကို ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့အတွက် ကူညီဆောင်ရွက် ပေးသွားမယ်ဆိုတဲ့ အခိုင်အမာကတိပြုပြောကြားချက်တွေ ရှိနေခဲ့ပြီးသားဖြစ်ပါတယ်။ ဒီနှစ်မကုန်မီမှာ တရုတ်သမ္မတကိုယ်တိုင် မြန်မာပြည်ကို အလည်လာတဲ့အခါ OBOR အတွက် MOU သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ဖို့ အစီအစဉ်ရှိတယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ အဲ့ဒါနဲ့ အချိန်မီ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေကို NCA လက်မှတ်ရေးထိုးနိုင်စေဖို့ တရုတ်အနေနဲ့ အင်တိုက်အားတိုက် ကြိုးပမ်းနေပုံရပါတယ်။ ၂၁-ရာစုပင်လုံ တတိယအစည်းအဝေးကာလအတွင်းမှာ တရုတ်အစိုးရအထူးကိုယ်စားလှယ် မစ္စတာဆွမ်ကော်ရှန်းဟာ တပ်/ချုပ်နဲ့ သီးခြားတွေ့ဆုံမှုတွေလုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။ 


Senior General Min Aung Hlaing receives Special Envoy H.E. Mr. Sun Gouxiang of Asian Affairs of Ministry of Foreign Affairs of the People’s Republic of China, at Bayintnaung villa in Nay Pyi Taw. July 13, 2018 (Photo: Sr. Gen. Min Aung Hlaing website)

● ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် NCA-S EAO
၂၁-ရာစုပင်လုံ တတိယအစည်းအဝေးမတိုင်မီ ၂၀၁၈ ခု၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့မှာ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဖိအားပေးဆောင်ရွက်သွားခဲ့တာကို တွေ့ရပါတယ်။ UNFC-DPN နဲ့ NLD အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင် (PC) တို့ (၁၇)လကျော်ကြာဆွေးနွေးမှုဟာ “ဖက်ဒရယ်ဒီမိုကရေစီ” ဝေါဟာရ အဓိပ္ဗါယ်ဖွင့်ဆိုချက်နဲ့ ထစ်ဆို့နေပြီး၊ နည်းလမ်းရှာနေချိန်မှာ NMSP အနေနဲ့ မြေပြင်မှာ KNU တပ်ဖွဲ့အချို့နဲ့ တပ်မတော်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တို့ရဲ့တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ခဲ့ရခြင်း၊ NMSP ဂိတ်စခန်း အချို့ကို တပ်မတော်က အကြောင်းအမျိုးမျိုးပြပြီး သိမ်းပိုက်ခဲ့ခြင်း၊ NMSP အုပ်ချုပ်ရေးနယ်မြေဒေသအတွင်း ဂျပန်မှ ပေးနေတဲ့လူသားချင်းစာနာမှု အကူအညီတွေကို ဆက်လက်ပေးဖို့ရန် ဆိုင်းငံ့ခံရခြင်းတို့ ဖြစ်ပေါ်ခဲ့ပါတယ်။ ပြီးနောက် UNFC ထဲကနေ NMSP နဲ့အတူ LDU လားဟူအဖွဲ့တို့ပါ NCA မှာ ပါဝင်လက်မှတ်ရေးထိုးစေဖို့ ဒရွတ်တိုက် ဆွဲခေါ်သွားခဲ့ပါတယ်။ ဖေဖေါ်ဝါရီလ (၁၃)ရက်နေ့ လက်မှတ်မရေးထိုးမှီ ဂျပန်အစိုးရရဲ့အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါနဲ့ NMSP ဥက္ကဋ္ဌတို့ နေပြည်တော်(ကြပ်ပြေး)မှာ ပူးတွဲ သတင်းစာရှင်းလင်းပွဲလုပ်ပြီး မွန်ပြည်နယ်ရှိ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြပါတယ်။

အခြားတဖက်မှာလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ခံ JICA အဖွဲ့က ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် တနင်္သာရီးတိုင်းအတွင်း ကွင်းဆင်းလေ့လာရေးတွေကို စဉ်ဆက်မပြတ်ဆောင်ရွက်နေလျှက် ရှိပါသည်။ Italian-Thai ကုမ္ဗဏီနဲ့ ဂျပန်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတို့ပါဝင်နေတဲ့ အမေရိကန်ဒေါ်လာ (၈.၆) ဘီလျံတန်ဖိုးရှိတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကြီးဟာ ဒေသတည်ငြိမ်မှုနဲ့ ဒေသခံလူထုရဲ့ ထောက်ခံသဘောတူညီချက်ကိုရရှိဖို့ရန် အထူးအရေးကြီးနေပါတယ်။ (၆-၈-၂၀၁၈)ရက်နေ့ VOA မြန်မာပိုင်းအစီ အစဉ်မှာ တနင်္သာရီးတိုင်းအစိုးရ စီးပွားရေးနဲ့ဘဏ္ဍာရေးဝန်ကြီးဖြစ်တဲ့ ဦးဖြိုးဝင်းထွန်းက ပြောကြားတဲ့အထဲမှာ သဘာဝဘေးအန္တရာယ်မရှိ၊ ဘာသာရေးပဋိပက္ခမရှိ၊ KNU နဲ့ NMSP တို့ဟာ NCA လက်မှတ်ထိုးပြီး ငြိမ်းချမ်းရေးသဘောတူညီချက်တို့ ရထားပြီးဖြစ်တာကြောင့် ငြိမ်းချမ်းတဲ့ဒေသဖြစ်နေပြီ၊ ငြိမ်းချမ်းရေးညီလာခံကိုလည်း ပထမဆုံးလုပ်နိုင်တဲ့ဒေသဖြစ်လို့ တနင်္သာရီတိုင်းဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာနိုင်ဖို့မျှော်လင့်ကြောင်း ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဟာ NCA လက်မှတ်ရေးထိုးရေးနဲ့ ဆက်စပ်ခဲ့တဲ့သဘောမှာ ရှိပါတယ်။ ၂၁-ရာစု ပင်လုံတတိယအစည်းအဝေးဖွင့်ပွဲအခမ်းအနားကို တက်ရောက်လာခဲ့တဲ့ ဂျပန်အစိုးရအထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါဟာလည်းပဲ အခမ်းအနားတက်ရောက်ပြီးနောက် တပ်/ချုပ်နဲ့ သီးသန့်တွေ့ဆုံခဲ့တာတွေ ရှိခဲ့ပါတယ်။ 


Senior General Min Aung Hlaing, at a meeting with Mr. Yohei SASAKAWA, chairman of the Nippon Foundation and Special Envoy of the Government of Japan for National Reconciliation in Myanmar, at Bayintnaung villa in Nay Pyi Taw. (Photo: Sr. Gen. Min Aung Hlaing website) July 11, 2018

● ဖွံ့ဖြိုးရေးအခြေပြု ငြိမ်းချမ်းရေးလား ၊ ငြိမ်းချမ်းရေးအခြေပြု ဖွံ့ဖြိုးရေးလား

စစ်မှန်တဲ့နိုင်ငံရေးအဖြေထုတ်နိုင်ပါမှ ရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးကို ရရှိနိုင်မှာပါ။ လက်ရှိမှာ ငြိမ်းချမ်းရေး ဖော်ဆောင်မှုနဲ့အတူ တွဲပါလာနေတဲ့ ပြည်တွင်းစစ်ဖြစ်နေတဲ့ မတည်ငြိမ်တဲ့တိုင်းရင်းသား နယ်မြေဒေသတွေက မဟာဖွံ့ဖြိုးရေးစီမံကိန်းကြီးတွေဟာ ငြိမ်းချမ်းရေးကိုအထောက်အကူပြုဖို့ လိုအပ်ပါလိမ့်မယ်။ ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေးဟာ ဒွန်တွဲနေတာမှန်ပေမယ့် မဟာစီမံကိန်းကြီးတွေ အကောင်အထည်ဖော်နိုင်ဖို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အသုံးချခံကိရိယာတစ်ခုအဖြစ် အသုံးမပြုမိဖို့ အထူးအရေးကြီးပါတယ်။

NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေကို စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်နိုင်ဖို့အတွက် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းကို မကြာမီက ဖွဲ့စည်းခဲ့တာကို တွေ့ရပါတယ်။ အစိုးရငြိမ်းချမ်းရေးကော်မရှင် (PC) ရဲ့ အကြံပေးအဖွဲ့ဝင် ဒေါက်တာအောင်ထွန်းသက်နဲ့ UMFCCI တို့ကိုယ်တိုင် ပါဝင်အားဖြည့်ဆောင်ရွက် ပေးနေတာကိုလည်း တွေ့ရပါတယ်။ စီးပွားရေးလုပ်ငန်းဟာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိုဦးတည်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ကာလတွေက ငြိမ်းချမ်းရေးဖော်ဆောင်မှုကနေ ရရှိခဲ့တဲ့သင်ခန်းစာတွေကိုလည်း ပြန်ကြည့်သင့်ပါတယ်။ ဥပမာ - (၂၁)ရာစုပင်လုံ တတိယအစည်းအဝေးဖွင့်ပွဲကို လာရောက်တက်တဲ့ PSLF အဖွဲ့ရဲ့ ကိုယ်စားလှယ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့တဲ့အခါ ၎င်းတို့အနေနဲ့ တပ်မတော်အစိုးရလက်ထက်မှာ ဒေသဖွံ့ဖြိုးရေးကတိက၀တ်နဲ့ လက်နက်ချကာ PSLO အဖွဲ့ကိုလည်း ဖျက်သိမ်းခံခဲ့ရကြောင်း၊ သို့သော်လည်း လမ်းကောင်းကောင်းတခုတောင် မဖောက်နိုင်ခဲ့ဘဲ ဒေသအခြေအနေဟာ မူးယစ်ဆေးဝါးနဲ့ ပျက်စီးနေခဲ့ရကြောင်း လက်တွေ့ပကတိအခြေအနေတွေကို တင်ပြခဲ့တာကို တွေ့ရပါတယ်။ KIO ကချင်အဖွဲ့ဟာလည်း ၁၉၉၄ ခုနှစ်မှာ တပ်မတော်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးသဘာတူစာချုပ်ချုပ်ဆိုပြီးနောက် ဘူးဂါးဆိုတဲ့စီးပွားရေးကုမ္ဗဏီတခု သီးသန့်တည်ထောင်ပြီး နှစ်ပေါင်း (၂၀)ခန့် လုပ်ကိုင်ခဲ့ကြပါတယ်။ ယခုလည်းပဲ အဲ့ဒီကုမ္ဗဏီက ရပ်တည်နေဆဲ ထင်ပါတယ်။ ယင်းကာလက စီးပွားရေးလုပ်ငန်းတွေကို နားလည်မှုနဲ့ ပွင့်လင်းမြင်သာမှုကင်းမဲ့စွာ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် KIO ကချင်အဖွဲ့ဘက်ကနေကြည့်ရင် အောင်မြင်မှုရှိခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ KIO နယ်မြေထဲမှာရှိတဲ့ မြေပေါ်မြေအောက် သဘာဝသယံဇာတတွေကို ထုတ်လုပ်ရောင်းချခဲ့ပြီး၊ တရုတ်ရင်းနှီးမြှုပ်မှုတွေနဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေကိုလည်း ဖော်ဆောင်နိုင်ခဲ့ကြပါတယ်။ KIO အုပ်ချုပ်ရေးနယ်မြေထဲက ရေးအားလျှပ်စစ်ကို မြစ်ကြီးနာမြို့တော်အထိ ဖြန့်ဖြူးပေးပြီး အစိုးရအုပ်ချုပ်ရေးနယ်မြေရှိ လျှပ်စစ်ဓာတ်အား လိုအပ်မှုကို တစိတ်တပိုင်းထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့် KIO ဘက်က ဖြန့်ဖြူးပေးတဲ့ လျှပ်စစ်ဓာတ်အားကိုသုံးစွဲမှုကြောင့် အစိုးရဘက်ကလည်း ကျသင့်ငွေတွေကို KIO ဘက်သို့ ပြန်ပေးဆောင်ရပါတယ်။ အခုအချိန်ထိ အစိုးရဘက်က KIO ဘက်ကို ပေးဆောင်ရန် အကြွေးတွေရှိနေသေးကြောင်း သိရှိရပါတယ်။ အဲ့ဒီလိုမျိုး အစိုးရနဲ့ တော်လှန်ရေးအဖွဲ့အစည်းတို့အကြား ပူးတွဲစီမံခန့်ခွဲမှုတို့ လက်တွေ့ကျကျ ဖော်ဆောင်နိုင်ခဲ့ကြတာကို အကောင်းဘက်ကနေ ရှုမြင်ကြည့်လို့ရပါတယ်။ ဒါပေမယ့် ၂၀၁၁ ခုနှစ်၊ ဇွန်လမှာ သေနတ်ပြန်ပေါက်ဖို့ အခွင့်အလမ်းပေးခဲ့တာကလည်း အားလုံးသိကြတဲ့အတိုင်း တာပိန်ရေအားလျှပ်စစ်စီမံကိန်းကို အကြောင်းပြုလို့ နှစ်ပေါင်း (၁၇)နှစ်ကြာ အပစ်အခတ်ရပ်စဲရေးဟာ ပျက်ပြားခဲ့ရပြီး၊ ဒီနေ့ထိ သေနတ်သံတွေမစဲသေးပါ။ စစ်ဘေးဒုက္ခသည်တွေ သိန်းချီဖြစ်နေပါပြီ။ ၎င်းတို့ကိုယ်တိုင် ဖောက်လုပ် တည်ဆောက်ခဲ့ကြတဲ့ လမ်း၊ တံတားနဲ့ စံပြ ကျေးရွာကြီး ကျေးရွာငယ်တွေဟာ တိုက်ပွဲတွေကြောင့် ဖျက်ဆီးပြိုပျက်ခြင်းတို့ ခံထားရပါပြီ။ ဆိုတော့ နှစ်ရှည်လများတည်ဆောက်ခဲ့ရတဲ့ အခြေခံအဆောက်အဦနဲ့ ဒေသခံလူမှုစီးပွားဘ၀တွေဟာ သုံးလေးနှစ် ကာလတိုတခုအတွင်း ပျက်စီးသွားခဲ့ကြရပြီး၊ ဒီနေ့ထိ ပြန်လည်ထူထောင်နိုင်ဖို့ အခွင့်အလမ်း မရရှိတဲ့အပြင် ဆိုးကျိုးနဲ့ အနိဌာရုံတွေကသာ တိုးပွားလာနေပါတယ်။ ဒါကြောင့် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကသာ တာရှည်ခံတဲ့ ဖွံ့ဖြိုးရေး တိုးတက်ရေးတို့ကို ဖော်ဆောင်နိုင်မှာပါ။

နိုင်ငံတကာအကူအညီရရှိဖို့ ငြိမ်းချမ်းရေးပွဲတွေ လုပ်ပြရသလိုမျိုး မဖြစ်ဖို့ကလည်း အထူးအရေးကြီးပါတယ်။ ပြီးခဲ့တဲ့ ၂၁-ရာစုပင်လုံ တတိယအစည်းအဝေးဖွင့်ပွဲအခမ်းအနားမှာ ရခိုင်အမျိုးသားပါတီ (ANP) ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်ရဲ့ မိန့်ခွန်းမှာ ဘင်္ဂလီကိစ္စကို ထည့်သွင်းပြောကြားခဲ့မိလို့ ဖွင့်ပွဲတက်ရောက်လာတဲ့ နိုင်ငံတကာသံတမန်အသိုင်းအ၀ိုင်းက ဝေဖန်သံတွေ ထွက်ခဲ့ပါတယ်။ NLD အစိုးရရဲ့ ဘင်္ဂလီပြဿနာဖြေရှင်းရေးမှာ လိုအပ်ချက်နဲ့ အားနည်းချက်တွေကို ထောက်ပြခဲ့မိလို့ စိတ်ကွက်ခဲ့တာတွေကြောင့် UPDJC ရဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့ကနေ ၎င်းတို့သဘောထား မဟုတ်ကြောင်းကို ချက်ချင်းထုတ်ပြန်ပြီး ANP ကိုယ်စားလှယ်ခေါင်းဆောင်ရဲ့ မိန့်ခွန်းကို သွယ်ဝိုက်တဲ့ ကန့်ကွက်မှု ပြသကာ နိုင်ငံတကာသိအောင် ထုတ်ပြန်ခဲ့ကြပါတယ်။ ဒီဟာက ဘာကြောင့်ဖြစ်ရတာပါလဲ…။ ၂၁-ရာစုပင်လုံ အစည်းအဝေးကြီးတွေအပါအ၀င် ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးတခုလုံးကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းကနေ တောက်လျှောက်ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ နိုင်ငံတကာအစိုးရတွေအနေနဲ့ International Peace Support Group (IPSG) / Peace Support Fund (PSF) ဆိုပြီး စုဖွဲ့ကူညီခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်မှာ Joint Peace Fund (JPF) ဆိုပြီး စုဖွဲ့ကာ နိုင်ငံတကာငြိမ်းချမ်းရေးရန်ပုံငွေအဖွဲ့အနေနဲ့ ငွေကြေးနဲ့ နည်းပညာပိုင်းအရ တောက်လျှောက် ကူညီပေးနေတာပါ။ နိုင်ငံတကာရဲ့ ငြိမ်းချမ်းရေးရန်ပုံငွေနဲ့လုပ်တဲ့ ငြိမ်းချမ်းရေးပွဲအခမ်းအနားတွေမှာ နိုင်ငံတကာမှ အမြင်စောင်းမှု အဖြစ်မခံနိုင်တဲ့သဘောထားကို သူ့ဆန်စားတော့ သူ့မျက်နှာကြည့်ရတဲ့သဘောမျိုး ထင်ဟပ်ပြပါတယ်။ ဒါကြောင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အနှောင်အဖွဲ့ကင်းကင်းနဲ့ ကူညီတဲ့နိုင်ငံတကာအကူအညီဖြစ်လာဖို့အတွက် မိမိတို့ ကိုယ်တိုင်က အနှောင်အဖွဲ့ကင်းအောင် လုပ်ကိုင်တတ်ဖို့ လိုအပ်ပါလိမ့်မယ်။ နိုင်ငံတကာမှ ငြိမ်းချမ်းရေး ရန်ပုံငွေတွေကို လက်ခံရယူတဲ့အခါမှာ NCA လက်မှတ်ထိုး၊ လက်မှတ်မထိုး EAO အဖွဲ့တွေနဲ့ အစိုးရတို့အကြား ညှိနှိုင်းပေါင်းစပ်ရေးအဖွဲ့ Joint Coordination Body (JCB) ဆိုပြီး ဖွဲ့စည်းထားတာ ရှိပါတယ်။ အဲ့ဒီယန္တရားကို ဖန်တီး တည်ဆောက်တုန်းက နိုင်ငံတကာငြိမ်းချမ်းရေးရန်ပုံငွေတွေကို အသုံးပြုတဲ့အခါ OECD ရဲ့ National Ownership မူကို လက်ခံကျင့်သုံးနေတာကို တွေ့ရပါတယ်။ အစိုးရအနေနဲ့ နိုင်ငံတကာငြိုငြင်တာထက် မိမိတို့ပြည်တွင်း အမျိုးသား အင်အားစုတွေအကြား နားလည်မှု၊ ယုံကြည်မှုနဲ့ သဘောထားကြီးမှုတို့ကို ပြသနိုင်ဖို့က ပိုအရေးကြီးပါလိမ့်မယ်။

ဒီတစ်ကြိမ် ၂၁-ရာစုပင်လုံ တတိယအစည်းအဝေးပြီးနောက် NCA လက်မှတ်ရေးထိုးထားပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လွတ်လွတ်လပ်လပ်လုပ်ခွင့်မရသေးတဲ့ RCSS အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ကလည်း ၎င်းရဲ့သဘောထားအမြင်ကို မီဒီယာမှတဆင့် ပြင်းပြင်းထန်ထန်ထုတ်ပြောလာပါတယ်။ ၂၁-ရာစုပင် တတိယ အစည်းအဝေးက အစိုးရအနေရဲ့ နိုင်ငံရေးအမြတ်ထုတ်တဲ့ပွဲ၊ တိုင်းရင်းသားတွေအတွက် ဘာအနှစ်သာရနဲ့ အဓိပ္ဗါယ်မှ မရှိဘူးလို့ ပြောင်ထုတ်ပြောလာခဲ့ပါတယ်။ ၎င်းရဲ့လူသိရှင်ကြား ဝေဖန်ထောက်ပြချက်အပြီး (၂၀-၇-၂၀၁၈) ရက်နေ့မှာ ငြိမ်းချမ်းရေးကော်မရှင်(PC)မှာ တပ်မတော်ကိုယ်စားလှယ်အနေနဲ့ပါဝင်နေတဲ့ PC အတွင်းရေးမှူး ဦးခင်ဇော်ဦး (ဒု-ဗိုလ်ချုပ်ကြီးငြိမ်း) ခေါင်းဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ ချင်းမိုင်ကို လာရောက်ပြီး ဥက္ကဋ္ဌယွက်စစ်နဲ့ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။ ဒါပေမယ့် မြေပြင်တိုက်ပွဲအခြေအနေတွေက အပြီးတိုင်ရပ်တန့်မှုထိ ထူးခြားလာတာကို မတွေ့ရှိရသေးပါ။ ဒီ့အပြင် ဦးခင်ဇော်ဦးနဲ့အဖွဲ့ဟာ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လနဲ့အဖွဲ့ကိုလည်း တနေ့တည်းမှာ ရှေ့ဆင့်နောက်ဆင့် တွေ့ဆုံဆွေးနွေးခဲ့တာကို တွေ့ရပါတယ်။ ဒီဆွေးနွေးပွဲကလည်း ကချင်၊ ရှမ်းပြည်တွေက မြေပြင်တိုက်ပွဲတွေကို ရပ်တန့်နိုင်ခြင်းမရှိခဲ့ပါ။ (၅-၈-၂၀၁၈)ရက်နေ့မှာ ဒု-ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ဦးဆောင်တဲ့ တပ်မတော် ကိုယ်စားလှယ်အဖွဲ့နဲ့ KIO ကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ငံ၊ ဒါလီမြို့မှာ ထပ်မံတွေ့ဆုံဖြစ်ကြပါတယ်။ ဒါပေမဲ့ ဆွေးနွေးပွဲက နာရီဝက်သာကြာပြီး၊ အောင်မြင်မှု မရရှိခဲ့ပြန်ပါဘူး။ ဆွေးနွေးပွဲတွေက ငြိမ်းချမ်းရေးကို ဦးတည်ဖို့ အတွက် စီးပွားရေးနဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေကိုအခြေခံတာထက် နိုင်ငံရေးဆန္ဒတွေအပေါ်အခြေခံမှ ဖြစ်ပါလိမ့်မယ်။

နောက်ဆုံးပြောရရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလာဖို့အတွက် ငြိမ်းချမ်းရေးကိုအကြောင်းပြကောင်းအောင်လုပ်တာထက် စစ်မှန်တဲ့နိုင်ငံရေးအဖြေရရှိဖို့ လိုအပ်ပါတယ်။ နိုင်ငံရေးအဖြေ (Political Settlement) မရမခြင်း ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ဖွံ့ဖြိုးရေး (Sustainable Development) ဖြစ်လာနိုင်မှာ မဟုတ်ပါ။

ဆောင်းပါးရှင် မောင်အဉ္စနမှာ နယ်စပ်အခြေစိုက် မြန်မာ့အရေးလေ့လာသူတဦး ဖြစ်သည်။

Comments