အေးငြိမ်း ● အမှားထောက်ပြခြင်း အနုပညာ

အေးငြိမ်း ● အမှားထောက်ပြခြင်း အနုပညာ
(မိုးမခ) သြဂတ်စ် ၁၉၊ ၂၀၁၈


(၁) အဖိုးနည်းလျှင် အိုးကွဲသာ ရလိမ့်မည်
ကျွန်တော် ယခုလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ထိ QEHS Internal Auditor Course (ISO 9001, ISO 14001, ISO 45001) သွားတက်သည်။ TÜV SÜD-PSB ၌ ဖြစ်၏။ ဈေးကြီးသဗျို့။ ၃ ရက်သင်တန်းကို မြန်မာငွေနှင့် ဆယ်သိန်းလောက် ပေးရ သည်။

သို့သော်လည်း တန်ပါသည်။ သင်တန်းနေရာက Furama River Front Hotel, မနက်စာ၊ နေ့လည်စာ၊ နေ့ခင်းလဖက်ရည် သုံးကြိမ်ကျွေးတာဆိုတော့ အစားအသောက်တင် တနေ့ကို ၈၀၊ ၉၀ ဘိုးလောက်ရှိမည်။ အခန်းခ၊ သင်တန်းဆရာခနဲ့ဆို ဟာ၊ အဲသလောက်ဆို နင်ရို့ဘို့ ကျန်ပါဦးမလားဆိုတော့ သင်တန်းဆရာက ရှူး၊ တိုးတိုး၊ ဘော့စ်မကြားစေနဲ့ ဆို၏။

နောက်ပြီး သင်တန်းသားကို ၉ ယောက်သာ ခေါ်သည်။ သို့မှ သင်တန်းဆရာနှင့် သင်တန်းသားတို့ ကျကျနန ထိတွေ့ဆက်ဆံ နိုင်မည်။

သင်တန်းဆရာမှာ အလွန်တော်ပါသည်။ အလွန်တက်ကြွ ဖျတ်လတ်လှ၏။ နောက်ပြီး Role play လုပ်တော့လည်း Confined Space ထဲဝင်သွားလို့ အောက်ဆီဂျင်ပြတ်တာကို သရုပ်ပြတာ တခါတည်း ခွေခေါက်ကျကာ မျက်ဖြူများလန်လျှက် ကြမ်းပြင်ပေါ် တုံးလုံးပက်လက် လဲပြသည်။ ပြောတာကလည်း တကယ့်ကို အားရပါးရပြောတာဖြစ်၏။

ကျွန်ုပ်တို့က မေးခွန်းများမေးသည့်အခါတွင်လည်း မင်းတို့ကမေးလို့ ငါဖြေခွင့်ရတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ် ဆိုကာ ကျကျနန ရှင်းပြ၏။

သူရှင်းပြတာကောင်းတော့ အကုန်လုံးကို ကျကျနန နားလည်သွားသည်။ မြန်မာစကားတွင် အဖိုးနည်းတော့ အိုးကွဲပဲရမယ် ဟူသည့် စကားပုံရှိ၏။ မိတ်ဆွေတို့ကိုလည်း ပစ္စည်းဝယ်သည်ဖြစ်စေ၊ သင်တန်းတက်သည်ဖြစ်စေ၊ ဈေးပေါတာမရွေးပါနှင့်။ အိုးကွဲပဲ ရပါလိမ့်မည် ဟု သတင်းစကားပါးလိုပါသည်။

(၂) ပြည်ဗာလနံထောင်စု

ISO 45001, 5.1 Leadership and Commitment အပိုဒ်ခွဲ (k) ၌ -
Protecting workers from reprisals when reporting incidents, hazards, risks and opportunities;

- ဟု ပါ၏။

အကယ်၍ မန်နေဂျာတဦးသည် လုပ်ငန်းခွင်ထဲ၌ အန္တရာယ်မကင်းသည့် အလုပ်တခုကို လုပ်နေသည်ဖြစ်အံ့။ အလုပ် သမား တဦးသည် ထိုမန်နေဂျာ အန္တရာယ်မကင်းသည့်အလုပ် လုပ်နေကြောင်းကို ထောက်ပြနိုင်ခွင့်ရှိရမည်။ ထိုသို့ ထောက်ပြသည့် အတွက် ထိုအလုပ်သမားကို အရေးယူ၊ အပြစ်ပေးခြင်းမှ (အဖွဲ့အစည်း/စီမံခန့်ခွဲရေးအဖွဲ့/ အုပ်ချုပ်ရေး အဖွဲ့ သည်) အကာ အကွယ်ပေးရမည်။

လှလိုက်သည့်အကွက်ခင်ဗျာ။ ဤအပိုဒ်သည် ကျန်သည့် ISO 9001, ISO 14001 တို့နှင့် ကွဲပြားခြားနားချက်ဖြစ်၏။ ကျန် standard နှစ်ခုတွင်မပါ။ 45001 တွင်သာပါသည်။

ကျွန်ုပ်တို့မြန်မာပြည်တွင် ဤယဉ်ကျေးမှု ပျောက်ဆုံးနေသည်။ ကျွန်ုပ်တို့ဆီတွင် သားသမီးက မိဘအမှားကိုထောက်ပြခြင်း၊ တပည့်က ဆရာ့အမှားကိုထောက်ပြခြင်း၊ အောက်လက်ငယ်သားက လူကြီး၏အမှားကို ထောက်ပြခြင်းတို့မှာ အလွန်ရိုင်း သော၊ မယဉ်ကျေးသော၊ မနာခံတတ်သော အပြုအမူများဖြစ်လေသည်။

အကယ်၍ ကျောင်းသားတယောက်က ဆရာမှားနေသည်ကို ထောက်ပြသည်ဖြစ်အံ့။ မင်းဘာကောင်လဲ၊ ငါဘာကောင်လဲ နှင့် တွေ့သွားမည်။ ဆရာသည် မမှားတော့ပြီလော။ (မမှားတဲ့ရှေ့နေ၊ မသေသော ဆေးသမားဟူသည့်စကားပုံတွင် ကျွန်ုပ် ကတော့ မမှားသည့်ဆရာ၊ မနာတတ်သည့်အမတ်ဟု ထပ်ဖြည့်ချင်မိလေ၏။)

နောက်ပြီး မြန်မာယဉ်ကျေးမှု မျက်နှာစာမှာကိုက မိဘစကား၊ နားထောင်ငြားသော်၊ သံပြားကျောက်စောင်း၊ ကျိုသော်ပြောင်း ၏ဟု ဆိုထားသည်မဟုတ်ပါလား။ ဤနေရာတွင်သုံးထားသည့် မိဘစကားဆိုသည်မှာ ပြောသမျှစကားအားလုံးကို ဆိုလို သည်ဟု နားလည်မိပါသည်။ သို့ဆိုလျှင် ကျွန်ုပ်ခေါင်းထဲ၌ အတွေးတစ ဝင်လာ၏။ မိဘလုပ်သမျှ၊ ပြောသမျှသည် ဘယ် သောအခါမှ မမှားတော့ပြီလော။ အခါခပ်သိမ်း အလုံးစုံချည်း မှန်နေပါသလော။

သားသမီးသည် မိဘပြောတာ နားထောင်ရမည်။ တပည့်သည် ဆရာပြောတာကို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ နာယူရ မည်ဟု ကျွန်ုပ်တို့ယဉ်ကျေးမှုတွင် သည်လိုပဲခံယူထားကြ၏။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ဤယဉ်ကျေးမှုကို ကျွန်တော် မကြိုက်ပါ။ မနှစ်သက်ပါ။ ခံတွင်းမတွေ့ပါ။

ကျွန်တော်ကတော့ သားသမီးသည် မိဘက အကျိုးသင့်အကြောင်းသင့်နှင့် နည်းမှန်လမ်းမှန်ဆုံးမလျှင် နာခံရမည်။ ဆရာက သင်ကြားပြသသည်တို့မှာ မှန်ကန်ကောင်းမွန်နေပါက နာယူရမည်။ သည်အတိုင်းသာ ဖြစ်စေချင်ပါသည်။ အနို့၊ မြတ်စွာ ဘုရားကလည်း သည်အတိုင်းဟောခဲ့သည်မဟုတ်လော။ ကျွန်ုပ် ဂေါတမမြတ်စွာဘုရားကို ချစ်ခင်မြတ်နိုး တန်ဘိုးထားမိ သည်မှာ ဤအချက်များကြောင့် ဖြစ်သည်။

မြတ်စွာဘုရားက ဟေ့ကောင်တွေ၊ မင်းတို့ ငါပြောတာပဲ နာခံရမယ်။ ဟုတ်တယ်မဟုတ်ဘူး ဘာမှ ပြန်ကွန်ပလိန်းတက်မယ် မကြံကြနဲ့ဟု မဆိုခဲ့။ ငါပြောတာတွေ လက်တွေ့ကျင့်သုံးပြီး ဟုတ်တယ်၊ မှန်တယ်၊ ကြိုက်တယ်ဆိုမှလက်ခံဟုသာ ဆုံးမခဲ့ လေသည်။

ထို့ပြင်တဝ မြတ်စွာဘုရား၏ လက်ယာရံ အဂ္ဂသာဝကကြီးဖြစ်တော်မူသော အရှင်သာရိပုတ္တရာကလည်း မှားနေတာကို ထောက်ပြလျှင် အကျိုးအကြောင်းဆီလျော်ပါက လက်ခံရမည် ဆိုသည့်အကြောင်း နမူနာပြကာ ဆုံးမခဲ့သည်။

အခါတပါးသော် သာမဏေငယ်လေးတပါးက အရှင်သာရိပုတ္တရာ သင်္ကန်းရုံထားသည်ကို အောက်စမညီကြောင်း ထောက် ပြ၏။ ဤသည်ကို အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ရိုသေစွာနာခံလျှက် သင်္ကန်းကိုပြင်ရုံကာ ကိုရင်လေးအား ညီပါပြီလား င့ါရှင်ဟု တလေးတစား ပြသခဲ့သည်။

ကျွန်ုပ်တို့ထံတွင် ဤမျှကောင်းမွန်လှသော အဆုံးအမများ၊ နမူနာများရှိပါလျှက် အနည်းငယ်မျှ အတုမယူနိုင်ကြခြင်းကား မည်သည်နှင့် တူသနည်းဟူမူ ပတ္တမြားတုံးကို မည်ကဲ့သို့ သုံးရမှန်းမသိ၍ ဖိုခုံလောက်တုံး* လုပ်နေသော လူ့ဗာလနံကဲ့သို့ ဖြစ်၏။

*ဖိုခုံလောက်တုံး = ထမင်းအိုးကို ထင်းမီးဖြင့်ချက်ရာတွင် အိုးတည်ရန် တည်ထားသော ကျောက်တုံး။ ပုံမှန်အားဖြင့် သုံးတုံးရှိ၏။ အဘယ်ကြောင့် ဆိုသော် 3 Dimension သာ ရှိသောကြောင့်တည်း။

အမှန်စင်စစ် ကျွန်ုပ်တို့ကား ငါသာအမှန်၊ နင်ရို့ပြောတာ အကုန်လုံးအမှား။ မြန်မာပြည်မှာ ငါ့လောက်တတ်တာ တယောက်မှ မရှိဘူး ဟု အချောင် မာနတက်နေသည့် လူ့ဗာလနံများသာ ဖြစ်ချေ၏။

(၃) အတော်တုံးသည့် ကျွန်ုပ်
ဒေါ်အောင်ဆန်းစုကြည် စင်ကာပူလာတော့ ဒီအစိုးရလက်ထက်မှာမှ ကြောက်နေသေးရင် အဲဒါ အတော်တုံးတဲ့သူပဲဟု ပြောခဲ့၏။

ဟုတ်ကဲ့၊ ကျွန်တော် ငတုံးပါခင်ဗျာ။ စာလေးနည်းနည်းလောက် ရေးမယ်ကြံလိုက်။ ရန်ကုန်က မမတို့ ငါးပိကြော်ရမှာ အား နာလိုက်နှင့် ဟိုဟာလည်း မရေးနိုင်၊ သည်ဟာလည်း မရေးဖြစ် ရှိခဲ့သည်။

အင်မတန်ထိန်းရေးတာတောင် မမက ရန်ကုန်ကနေ လှမ်းလှမ်း ဆင်ဆာဖြတ်သေးသည်။ ဟဲ့၊ ဘယ်သူတို့ အဖမ်းခံရတာ နင်မတွေ့ဘူးလားဆိုလိုက်သည်နှင့် ကျွန်ုပ်မှာ အူယားဖားယား ပြန်ပြန်ဖျက်နေရလေသည်။

ဟုတ်ကဲ့၊ ကျွန်တော် ငတုံးပါခင်ဗျား။

သည်ကနေ့ ဖေ့စ်ဘုတ်ပေါ်တွင် အစိုးရ၏အမှားများကို ထောက်ပြသည့် ပို့စ်များ တွေ့မိ၏။ ထိုပို့စ်များအောက်တွင် ၇ သိန်း၊ ၄ သောင်း၊ ၈ ထောင်၊ ၃ ရာ၊ ၄ ဆယ့်၊ ၉ ခုမျှသော ကွန်မင့်များကိုလည်း အသင်ဖတ်ရလိမ့်မည်။ ထိုကဲ့သို့သော ကွန်မင့်များကို မဖတ် လိုသောကြောင့်လည်း ကျွန်တော် ဘာမှမရေးခြင်း ဖြစ်လေသည်။

ပြည်သူလူထုသည် နေရာအနှံ့အပြားတွင်ရှိ၏။ မျက်စိပေါင်း သန်းနှင့်ချီရှိ၏။ အစိုးရဟူသည် မျက်လုံးအနည်းငယ်သာ ရှိ သည်။ ထို့ပြင် နေရာတကာ အနှံ့မရောက်နိုင်။ တိုင်းပြည်အတွင်း ဘာတွေဖြစ်ပျက်နေသည်ကို အခါခပ်သိမ်း မသိနိုင်။ အစိုး ရထက် နည်းပညာပိုင်းတွင် ပိုမိုကျွမ်းကျင်သော ပြည်သူများ တိုင်းပြည်တွင် အနမတဂ္ဂရှိသည်။ ထိုသူများ၏ အကြံပြုချက် များကို ထည့်သွင်းမစဉ်းစားသင့်ပါသလော။

ပြည်သူများက အကျိုးသင့်အကြောင်းသင့် ထောက်ပြလာလျှင် လက်ခံရမည်သာ ဖြစ်၏။ အမှန်ဆို ထိုကဲ့သို့ ထောက်ပြသူ များကို ဆုလဒ်များပင် ပေးသင့်လေသည်။ ထို့ကြောင့်လည်း ဆိုကရေးတီးက သူ့အတွက်အကောင်းဆုံးဆုမှာ အိမ်ကောင်း ကောင်း ဆောက်ပြီး အစားကောင်းကောင်း ကျွေးထားခြင်းသာဖြစ်သည်ဟု ဆိုခဲ့ခြင်းဖြစ်၏။ သို့တိုင် သူလည်းပဲ အဆိပ် သောက် သွားရသည်သာ ဖြစ်လေသည်။

ကျွန်ုပ်တို့ခေတ်မှ လူများကား ဆိုကရေးတီးလောက် မမိုက်မဲ။ အနို့ အမေပေးထားသည့် အသက်ကလေးမှာ တချောင်းမျှသာ ရှိသည်။ ထွက်သွားလျှင် ပြန်ထည့်လို့ ရစကောင်းသောအရာမဟုတ်။ အရမ်းရောကာရော ရမ်းမိုက်လို့မဖြစ်။ ဆိုကရေးတီး ကတော့ အဆိပ်ခွက်ကို ရဲရဲသောက်နိုင်ပေမည်။ သူ့အကြောင်း သူသိပေသကိုး။

ကျွန်ုပ်တို့လို အပြစ်အနာအဆာများနှင့် ပြည့်နေသူများအဖို့တော့ သူ့လို အဆိပ်ခွက်ကို ကိုကာကိုလာအမှတ်နှင့် သောက်နိုင် ပါ့မလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်၏။ သို့မို့ကြောင့်လည်း လူလိမ္မာသားသမီးများ လုပ်နေကြရခြင်း ဖြစ်လေသည်။

အခုတော့ ကျွန်ုပ်က ကျောင်းသုံးစာအုပ်မှ အမှားများကို အပင်ပန်းခံလျှက် ကျကျနန ပြုစုထားတာကိုပင် တင်ပြရဲသူမရှိ။ အားလုံးက ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ ဆိုကာ ချောင်ထိုးထားခြင်း ခံရလေသည်။

နိဂုံးချုပ်ရလျှင်

မိမိအမှားကိုထောက်ပြမှာ ကြောက်နေသည့် လူ့အဖွဲ့အစည်းကား တိုးတက်မှုနှင့် ဝေးနေဦးမည်သာဖြစ်ကြောင်း ကျွန်ုပ်က ရဲရဲကြီး ပြောလိုက်ပါသတည်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၈ သြဂုတ်လ၊ ၂၀၁၈ ညနေ ၈ နာရီ
0