ဥုံဖွ - "ထောင်သရဲနှင့် ဘာယာဒုတ်"
(မိုးမခ) သြဂုတ် ၄၊ ၂၀၁၈
အရေးတော်ပုံကာလအတွင်းမှာ အရေးတော်ပုံကြီးကို သေးသိမ်စေမည့် လူသတ် ခေါင်းဖြတ် စတဲ့ ပြစ်မှု့ကြီးတွေကို ကျူးလွန်ပြီးအင်းစိန်ထောင်ထဲမှာ ပြစ်ဒဏ်ခံနေကြတဲ့ ရန်ကုန်ဘက်က လူရမ်းကား လူမိုက်အုပ်စုတွေဟာ ၉၃ အလွန် ကာလအရောက်မှာတော့ တောင်ငူထောင်ထဲကို ထောင်ပြောင်းအဖြစ်နဲ့ ရောက်လာကြပြီး ဗိုလ်ကျစိုးမိုး ခဲ့ကြဘူးတယ်။ ထောင်ပိုင်ကို လစာမက မက်မောလောက်တဲ့ ရွှေတိုငွေစ ပေးရုံတင်မက လစဉ် ရွှေ ၂ ကျပ်သား တန်ကြေးရှိတဲ့ငွေကို ပေးမယ်ဆိုတဲ့ မက်လုံးတွေနဲ့ နယ်ခံဖြစ်တဲ့ ၆ ဆောင်ပိုင်တန်းစီးကို ဖြုတ်ခိုင်းပြီး နေရာဝင်ယူခဲ့တယ်။ လူပုံတွေက ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း ထောင်ထောင်မောင်းမောင်းတွေနဲ့ ရွှေဘတောင် လန့်လောက်တဲ့ စတိုင်တွေဆိုပဲ။
ဒီနေရာမှာ ထောင်ပြောင်းဆိုတဲ့ ဝေါဟာရခက်ဆစ်ကို နားလည်လွယ်အောင် ပြောပြရရင် အကျဉ်းသား
တယောက် ထောင်စည်းကမ်း မလိုက်နာလို့ပဲဖြစ်ဖြစ်၊ အုပ်စုဖွဲ့ပြီး ရမ်းကားတတ်လို့ပဲ့ဖြစ်ဖြစ်၊ ထောင်ပိုင် ထောင်မှူးတွေကို ထိုက်သင့်သလောက် ရေမလောင်းလို့ပဲဖြစ်ဖြစ်၊ ရန် ခဏခဏဖြစ်တတ်လို့ပဲ ဖြစ်ဖြစ် ထောင်ပြောင်းပေးတတ်ပြီး၊ တချို့လည်း လက်ရှိကျနေတဲ့ထောင်မှာ ကိုယ့်ထက်စွာတဲ့၊ မိုက်တဲ့၊ အစွမ်းထက်တဲ့၊ ဆရာကျတဲ့သူတွေကို မကျော်နိုင်လို့ တခြားထောင်ပြောင်းပြီး လူမိုက်လုပ်စီးပွားရှာလိုတဲ့ အကြံအစည်နဲ့ သက်ဆိုင်ရာ ထောင်ကျရုံး ကိုင်တဲ့ထောင်မှူးကို ငွေပေးပြီး ပြောင်းခိုင်းကြတာလည်း ရှိလေရဲ့။
ဒီလို ငွေပေးပြီး နေရာယူလာကြတဲ့ ထောင်ပြောင်းအုပ်စုတွေဟာ ပေးထားရတာနဲ့တန်အောင် ၀င်လာသ
မျှ "ကျသစ်" တွေကို ၀ုန်း ဒိုင်း ဗုန်း ဂွမ်းနဲ့ ထုနှက်ကန်ကျောက်ပြီး ကြောက်သွားအောင်လုပ် မတန်တဆငွေ
တောင်းကြပါတယ်။ မပေးနိုင်တဲ့သူတွေကိုတော့ စိတ်ကြိုက် ထိုးနှက်ကန်ကျောက်ပြီး စက်ဆုတ်ရွံရှာဘွယ်ကောင်းတဲ့ မိလ္လာဘုတ်ပို့ ချေးပုံးထမ်း ခိုင်းကြပါတယ်။ ကိုယ့်အိမ်က ထောင်ဝင်စာ လာတွေ့ရင်ပိုက်ဆံကို အမိအရတောင်းခိုင်းပြီး ဧည့်တွေ့တွေ ပြန်သွားတာနဲ့ ထောင်ဝင်စာထုပ်တွေထဲက စားသောက်စရာတွေကို အနိုင်ကျင့် ယူသွားလေ့ရှိပါတယ်။ တန်းစီးကိုယ်တိုင် ပေးကျွေးမွေးမြူထားတဲ့ ထောင်တွင်း လူမိုက် ခိုးဆိုးနှိုက်တွေကလည်း အင်အားတောင့်တင်းပေတာကိုး။
အိပ်ယာလိပ်ဆိုလည်း သူတို့အဖွဲ့ထဲကလူ ချုပ်တဲ့အိပ်ယာလိပ် ၀ယ်ရမယ်၊ ကော်ဖီမစ်ဆိုလည်း သူတို့အဖွဲ့ရောင်းတဲ့ ကော်ဖီမစ်ပဲ ၀ယ်ရမယ် စသဖြင့် ပိုက်ဆံရမည့် ဝင်ပေါက်မှန်သမျှကို သူတို့လူတွေပဲ အုပ်စိုးထားကြတယ်။ ကြာလာတော့ တခြားအကျဉ်းသားတွေ မကြည်ကြတော့ မခံရပ်နိုင်ကြတော့ဘူး။ ဖိလွန်းတော့ ကြွချင်ချင်ဖြစ်လာပြီ၊ တီးတိုးတီးတိုးဖြစ်လာပြီ။ နှစ်သေးသမားတွေက ကိုယ်ကျတဲ့နှစ်ကြည့်ပြီး သီးခံနေကြပေမည့် နှစ်ကြီးသမားတွေကတော့သေမထူး နေမထူးဇာတ်ခင်းဘို့ တာစူလာကြပြီ။
တော်လှန်မှုတခု၊ ပုန်ကန်မှုတခု၊ အရေးတော်ပုံတခု ဖြစ်တော့မည်ဆိုရင် လူစွမ်းကောင်း၊ သူရဲကောင်းဆို
တာ ပေါ်လာတတ်တယ်လို့ ဆရာမြတ်မင်းသူ ပြောတဲ့အတိုင်း လူစွမ်းကောင်း သတ္တိခဲ ၂ ယောက် ပေါ်လာတယ်။ တောင်ငူနယ်ခံတွေဖြစ်ကြတဲ့ စန်းမိုးနဲ့ ချစ်တော် "ချစ်ထော်" ဆိုတဲ့ လူရွယ်၂ယောက်။
စန်းမိုး ... သူက ထောင်ထဲမရောက်ခင် အပြင်မှာတုန်းက သနပ်ခါးပါးကွက်ကြားနဲ့ နေတတ်လွန်းလို့ သူ့ကို
အခြောက် လို့တောင်ခေါ်ပြီး အကြောင်းအားလျှော်စွာ လူသတ်မှုဖြစ်ပြီး ထောင်ကျလာတာ၊ သူ ထောင်ကျတော့ သူ့အသက်က ၁၇နှစ် ပိုပို ၁၈နှစ်သား လောက်ပဲရှိသေးသတဲ့။ နောက် ... ချစ်တော်"ချစ်ထော်" သူလည်း လူသတ်မှုနဲ့ ၀င်လာတဲ့ လူရွယ်တယောက်ပဲ။ သူတို့ရည်ရွယ်ချက်က နယ်မြေပြန်လုချင်တဲ့ ရည်
ရွယ်ချက် မဟုတ်ဘူး။ အကျဉ်းသားအားလုံးအပေါ် မတရားလုပ်လို့၊ ဖိနှိပ်လို့၊ အနိုင်ကျင့်လွန်းလို့ ဒီလိုကြံစည်ကြတာ၊ မင်းသားကြီး သီဟတင်စိုးရဲ့ ဇာတ်လမ်းတွေထဲက စိတ်ဓာတ်မျိုးနဲ့ ဆိုပါတော့။
တယောက်ချင်းဆိုရင် တန်းစီးရဲ့ ခွန်အားဗလနဲ့ အရပ်အမောင်းအပြင် သူမွေးထားတဲ့ ခွေးဆိုးတွေပါ ရှိနေ
တော့ ယှဉ်ဘို့မလွယ်ဘူး။ ထောင်ပိုင်ကို သွားတွေ့ ပူဇော်ပြီး ပြန်လာချိန်မှာတော့ တယောက်ထဲ သွားလာတတ်တဲ့ ဟာကွက်ကိုစောင့်ပြီး နှစ်ယောက် ၀ိုင်းတွယ်ပြီး ပွဲသိမ်းခရာ မှုတ်ပေးလိုက်ကြတယ်။
ထောင်ပိုင်တွေသိသွားပြီးသက်သက်သာသာပဲ ထောင်တွင်းပြစ်ဒဏ် ချလိုက်ပါတယ်။ "တသေဒဏ်၊
တကျွန်းနဲ့ တိုက်ပိတ်ပြစ်ဒဏ်" ... တဲ့။
တကယ်တော့ ထောင်တွင်းပြစ်ဒဏ်ဆိုတာ တရားရုံးပြစ်ဒဏ်လို မဟုတ်ဘူး။ ပါးစပ်ထဲ တွေ့တဲ့အတိုင်း မ
ထင်ရင်မထင်သလို ပြစ်ဒဏ် ချတတ်တာမျိုးကိုး။ နောင်ကျဉ်အောင်ဆိုတဲ့ သဘောမျိုး။ နောက်လူတွေ မလုပ်ရဲအောင် ဆိုတဲ့ သဘောမျိုးတွေလည်း ပါချင်ပါမှာပေါ့။ တရားရုံးပြစ်ဒဏ်ကတော့ သိရင်သိသလို၊ မျက်နှာ
ကြီးရင် ကြီးသလို၊ ပေးနိုင်ရင်ပေးနိုင်သလို၊ သနားရင် သနားသလို လိုတိုး ပိုလျှော့ရှိတယ်။ အင်း ... သနားရင် သနားသလို ဆိုတဲ့စကားကို စာအရသာ ရေးရတာပါ၊ တရားသူကြီးဖြစ်တဲ့နေ့ကစပြီး သနားတတ်တဲ့စိတ်ကို ၀ါသနာနှင့်တကွ ပယ်သတ်ထားတတ်ကြပြီး "ဤအမှုတွင် အမှန်အကန် စားပါမည်၊ အကယ်၍ မစားမိပါက ကျမ်းစူးပါစေသား"ရယ်လို့ ကျမ်းကျိမ်ခဲ့ကြလေသလားမသိ။
ဆေးမှုနဲ့ကျနေတဲ့ "နောင်နောင်" ဆိုတဲ ကောင်လေးတယောက်ကို ထောင်ထဲကို ဆေးပြားတွေသွင်းတာ မိလို့ "ထောင်တသက်၊ လွတ်ရက်မရှိ" ထောင်တွင်းပြစ်ဒဏ် ခံချထားတာကိုလည်း တွေ့ခဲ့ရပါတယ်။ သွင်းတဲ့လူကလည်း ရောက်အောင်သွင်းတတ်ပြီး၊ ချတဲ့လူတွေကလည်း တန်အောင် ချတတ်ကြပါပေရဲ့။
သူတို့နှစ်ယောက် တိုက်ထဲရောက်သွားချိန်မှာ တန်းစီးအသစ် တက်လာတယ်။ သူ့နာမည်ကတော့ "ချက်ကြီး" တဲ့။ သူ့အကြောင်းကို စုံစမ်းကြည့်လိုက်တော့ သူ့ရဲ့အထက်အရာရှိကို သတ်ပြီး ထောင်ထဲ ၀င်လာတဲ့ စစ်သား။ ဖြစ်ပုံက ဒီလို ... သူ့အထက်အရာရှိသမီးနဲ့က ရည်းစားတွေ ဖြစ်နေကြတာ တဲ့။ အဲဒါကိုသိပြီး "ငါ့သမီးနဲ့ တူသလား တန်သလား ဘာညာနဲ့ မတူမတန် မှိုချိုး၊ မျှစ်ချိုး ပြောပြီး လူကြားထဲမှာ ပါးရိုက်လိုက်လို့ ရှက်ဒေါသတွေဖြစ်ပြီး သတ်ပစ်လိုက်တာတဲ့။ လူပုံက သေးကွေးပေမည့် ဇ က မသေးဘူး။
သူ တက်လာလာချင်း အကျဉ်းသားတွေကို "အခုအချိန်ကစပြီး တယောက်နဲ့တယောက် အနိုင်မကျင့်ကြနဲ့၊ဒီထဲကို ပျော်လို့ ဆိုပြီး လာနေတဲ့သူ တယောက်မှ မပါဘူး။ ပေးနိုင်တဲ့လူ ပေး၊ မပေးနိုင်တဲ့လူ နေ၊ ရှိတဲ့အလုပ်တွေကိုတော့ ညီညီညာညာနဲ့ မခိုမကပ်လုပ်ကြ၊ ဟိုတိုက်ထဲ ရောက်နေတဲ့ နောင်တော်ကြီးတွေကို ကျေးဇူးတင်ကြ၊ သူတို့လွတ်လာရင် အခုလုပ်နေတဲ့တန်းစီးနေရာက သူတို့နေရာပဲ" လို့ ခပ်တိုတိုပဲ ပြောသွားတယ်။
သူ့လက်ထက်မှာ တော်တော်ပြောင်းလာတယ်။ အခုလို ၀ါတွင်းကာလတွေမှာ သံဃာတွေပင့်ပြီး သီလပေး
တရားနာပွဲတွေ လုပ်ပေးတယ်။ လပြည့် လကွယ်နေ့တိုင်း ပဌာန်းတို့၊ ဓမ္မစင်္ကြာတို့ ရွတ်ဘို့ အဖွဲ့တွေ ဖွဲ့ပေးတယ်။ ဒီအဖွဲ့တွေကို သူကိုယ်တိုင်ဦးစီးပြီး ကော်ဖီတို့၊ မုန်တို့၊ လဘက်သုတ်တို့ စတာတွေ စီစဉ်ပြီး ကျှေးမွေးတယ်။ အကျဉ်းသားတွေ တီဗွီကြည့်ရဘို့ ထောင်ပိုင်နဲ့ အကြီးအကျယ် ငြင်းခုံဆွေးနွေးပြီး တီဗီ သွင်းခွင့်ရအောင် လုပ်တယ်။ တီဗွီဝယ်ဘို့အတွက် တတ်နိုင်တဲ့သူတွေ စေတနာရှိသလောက် ထည့်ဝင်ကြဘို့ တိုက်တွန်း စည်းရုံးပြီးဝယ်တယ်။ သင်္ကြန်ရက်တွေမှာ တဆောင်နဲ့ တဆောင် အပြိုင်အဆိုင် မုံ့လုံးရေပေါ်၊ သာကူ၊ မုန့်ဟင်းခါး၊ ကြာဇံ စတာတွေ ချက်ပြုတ် စီမံပေးပြီး စိတ်ညစ်နေတာတွေကို ပြေပျောက်အောင် လုပ်ပေးတယ်။
တီဗွီကို ည ၉ နာရီ ထိ ကြည့်ခွင့်ရတယ်။ ၉ နာရီ ထိုးတာနဲ့ အိပ်ချိန်သတ်မှတ်ပြီး တီဗွီပိတ်၊ ပိတ်ပြီး အလှည့်ကျကင်းသမားတွေ ကင်းစောင့်ပြီး အခြေအနေကို သတင်းပို့၊ ပို့ပြီးတာနဲ့ ၀ါးကုလားတက်ကို တောက် တောက် တောက် တောက် တောက် လို့ ရှေ့ ၂ ချက် ကို နဲနဲခြားပြီး နောက် ၃ ချက် ကို ဆက်တိုက် ခေါက်ရတယ်။
ကင်းသမားကို "ဘာယာ" လို့ ခေါ်တယ်။ ကင်းချိန်တွေက ၉ နာရီ ကနေ ၁၁ နာရီ၊ ၁၁ နာရီ ကနေ ၁ နာရီ၊ ၁ နာရီ ကနေ ၃နာရီ၊ ၃ နာရီ ကနေ ၅ နာရီထိ လေးချိန် စောင့်ရတယ်။ ၅ နာရီ ကျတဲ့ နောက်ဆုံး ကင်းသမားက သူ့အချိန်ပြည့်တာနဲ့ အားလုံးကိုနှိုး ဘုရားဝတ်တက်ရတယ်။ ည အိပ်ချိန်၉ နာရီ ကနေ ၅ နာရီ ထိ တာဝန်အရှိဆုံးနဲ့ အာဏာအရှိဆုံးက "ဘာယာ"လို့ခေါ်တဲ့ ကင်းသမား။
တန်းစီးရဲ့ အာဏာကုန်လွှဲအပ်ခြင်းခံရသူ၊ တယောက်နဲ့ တယောက် ထ ရန်ဖြစ်ကြ၊ သတ်ကြရင်ပဲ ဖြစ်ဖြစ်၊
ထောင်ဖောက်ပြေးရင်ပဲ ဖြစ်ဖြစ် ဘာယာရဲ့တာဝန်၊ သူ့လက်ထဲက ဘာယာဒုတ်နဲ့လည်း ရိုက်ခွင့် ရှိသလို
ဘာယာဒုတ်နဲ့ ကုလားတက်ကို ခေါက်ပြီးတော့လည်း နှိုးခွင့်၊ သတင်းပို့ခွင့်ရှိတယ်။
သရဲခြောက်တယ်၊ သရဲစီးတယ်ဆိုတဲ့ အဖြစ်မျိုးကို အပြင်မှာတုန်းက ကြားဖူးရုံသာ ရှိခဲ့ပေမည့် ထောင်ကျ
ကာမှ တခန်းလုံးကို သရဲစီးပြီး အိပ်နေသူတွေ အားလုံး အသံနက်ကြီးတွေနဲ့အော်ကြတဲ့ အသံတွေကို ကြားမိမှ ထိတ်လန့်ကြောက်ရွံပြီး အသားတွေ တဆတ်ဆတ်တုန်အောင် ဖြစ်ခဲ့ရတယ်။ ကိုယ်တွေနေခဲ့ရတဲ့ အဆောင်မှာ ဖြစ်တာတော့မဟုတ်ဘူး။ တခြားအဆောင်မှာဖြစ်တာ။
သရဲ စပြီး စီးတော့မည့်အသွင်မျိုး အိပ်နေရင်း ၀ူးဝူးဝါးဝါး စဖြစ်ချိန်မှာ အဲဒီအကျဉ်းသားကို ဘာယာဒုတ်နဲ့
ရိုက်လိုက်လို့ရင် သရဲမစီးတော့ဘူးတဲ့။ စ စီးပြီး ၂ယောက်၊ ၃ယောက်လောက် အော်လာပြီ ဆိုရင်လည်း နောက်လူတွေ ဆက်မစီးအောင် နောက်ဆုံး အစီးခံနေရတဲ့အကျဉ်းသားကို ရိုက်လိုက်ရင်လည်း ရပ်သွားသတဲ့။ ခပ်ထူထူ ခပ်အအ ကောင်မျိုး ကင်းကျပြီး အမြန်မတားဆီးနိုင်တဲ့ အချိန်မျိုးဆိုရင်တော့ တဆောင်လုံး အစီးခံရပြီး ဆူညံ ပွက်လောရိုက်ပြီသာ မှတ်ပေရော့။ ဒါက ယောက်ျားလေးဆောင်မှာ စီးတဲ့ သရဲ။
မိန်းကလေးဆောင်က သရဲကြတော့ စီးတာမဟုတ်ဘူး။ ခီး တာတဲ့။ မိန်းမဆောင်က သရဲအကြောင်းကိုတော့ ကိုယ်တွေလို ၂ လုံး မှု နဲ့ ကျခဲ့တဲ့လု ပ်ဖော်ကိုင်ဘက်က ပြန်ပြောပြ
လို့ သိရတာ။ သူလည်း လက်တွေ့မကြုံခဲ့ဘူးပေမည့် သူ့ရှေ့က နှစ်ကြီးကျတဲ့ စီနီယာအမကြီးတယောက်လက်တွေ့ဖြစ်ခဲ့တဲ့ အကြောင်းပြောပြလို့ ကြောက်ပြီး ညအိပ်တိုင်း ဘုရားစာတွေရွတ်ပြီး စောင်နဲ့တင်းနေအောင် ပတ်ပြီးမှ အိပ်သတဲ့။ သူစီးတဲ့ အချိန်မှာ မလှုပ်နိုင်၊ မရုန်းနိုင်အောင် ဖြစ်
ပြီး လင်မယားအရသာကို အပြည့်အ၀ ခံစားရသလိုပဲတဲ့။ သရဲထွက်သွားတဲ့အချိန်မှာတော့ အားအင်တွေ
ဆုတ်ယုတ်သွားပြီး နွမ်းလျှ မောဟိုက် သွားသတဲ့။ သူလည်း သူ့ရှေ့က တယောက် သတိပေး ပြောကြားထားဘူးပေမည့် ရှောင်တိမ်းခြင်းငှါ မတတ်သာခဲ့ပါဘူးတဲ့။ သေချာတယ် ... ဒီသရဲကတော့ မုဒိန်းကောင်သေလို့ ၀င်စားတဲ့ သရဲပဲ နေမှာ။
မှတ်ချက်။ ။ ညစ်ပတ်ပြီး ရေးခြင်း မဟုတ်ပါ၊ အမှန်ကို ရေးသားခြင်းသာ ဖြစ်ပါသည်၊ ရိုင်းသည်ဟု ယူဆပါ
က အနူးအညွတ်တောင်းပန်ပါသည်။ ။
ဥုံဖွ
Comments