မိုးကျော်အောင် - ထိုနံရံပြိုလဲအောင် ငါတို့သံပြိုင်တေးဆိုခဲ့ကြပေါ့

ထိုနံရံပြိုလဲအောင် ငါတို့သံပြိုင်တေးဆိုခဲ့ကြပေါ့
မိုးကျော်အောင်
(မိုးမခ) သြဂုတ် ၉၊ ၂၀၁၈

လွန်ခဲ့တဲ့ နှစ် ၃၀ ဆီက ဒီကနေ့လိုညမျိုးမှာ ကျနော်တို့မိတ်ဆွေ သူငယ်ချင်းတစုဟာ ခမ်းနားကြီးကျယ်လှ တဲ့ သမိုင်းဖြစ်ရပ်ကြီးတခုရဲ့တစွန်းတစကို တို့ထိပါဝင်ဖို့ အစပြုခဲ့ကြပါတယ်။ ပျဉ်းမနားမြို့ ရှစ်လေးလုံး လူ ထုလှုပ်ရှားမှုအရေးတော်ပုံရဲ့ဇာတ်လမ်းအစဟာ အဲဒီနေ့ည ဘီအိုစီရပ်က “ပန်းရိုးမ“ ကဖေးကနေ အစပြု မြစ်ဖျားခံခဲ့တယ်ဆိုရင် မှားမယ်မထင်ပါဘူး။
လွန်ခဲ့တဲ့ နှစ် ၃၀၊ အဲဒီနေ့မနက် (၈-၈-၈၈ မနက်) က ပန်းရိုးမဆိုင်မှာ အချိန်နဲ့အမျှ ဝင်ထွက်စားသောက် နေလို့ ရင်းနှီးကျွမ်းဝင်နေတဲ့ ရန်ကုန် ဝိဇ္ဖာ-သိပံ္ပကျောင်းသား ကိုဖုန်းမြင့် ကျနော့်ဆီ ရောက်လာပါတယ်။ သူနဲ့အတူပါလာတဲ့ အရပ်ပုပြတ်ပြတ်ကျောင်းသားတယောက်နဲ့လည်း မိတ်ဆက်ပေးပါတယ်။ ရန်ကုန် ဝ/သ ကျောင်းသား ကိုစိန်ရွှေပါ။ သူတို့က စကားတီးတိုးပြောလာပါတယ်။
ဒီနေ့ (၈-၈-၈၈) ပျဉ်းမနားမှာ လူထုလှုပ်ရှားမှုမဖြစ်သေးလို့ စိတ်ထဲ ခံပြင်းနေကြတဲ့အကြောင်း၊ နောက် တနေ့ (၉-၈-၈၈) ကျရင် လှုပ်ရှားမှုမဖြစ်ဖြစ်အောင် လုပ်ကြမယ့် အကြောင်း၊ အစီအစဉ်တွေဆွဲ ဆွေးနွေး တိုင်ပင်ဖို့ အစည်းအဝေးလုပ်ချင်တဲ့အကြောင်း၊ ညဆိုင်ပိတ်ချိန်မှာ လူစုပေးထားဖို့အကြောင်း ပြောလာကြ တယ်။
အဲဒီကာလက ပျဉ်းမနားမှာ ပန်းရိုးမကဖေးဟာ ကဗျာဆရာ၊ ပန်းချီဆရာ၊ အနုပညာသမားများ ဆုံမှတ် တည်ရာ၊ ကူးလူးဆက်သွယ်ရာနေရာတခု ဖြစ်ခဲ့ပါတယ်။ ပျဉ်းမနားလောကရဲ့ ကြီးလေးကြီးဖြစ်တဲ့ မောင် သင်းခိုင်၊ မောင်လေးမွန်၊ မောင်ခိုင်မာနဲ့ ဇော်(ပျဉ်းမနား) တို့ စတည်းချရာ ဌာနချုပ်လည်း ဖြစ်ခဲ့ပါတယ်။
အဲဒီနေ့ညက လက်ဖက်ရည်ဆိုင်ပိတ်ပြီးချိန်မှာ အရေးပေါ်လူစုပြီး ကျနော်တို့ အစည်းအဝေးထိုင် ဖြစ်ကြ တယ်။
နောက်တနေ့ (၉-၈-၈၈)အချိန်က မနက်၁၂ နာရီ၊ နေရာ က ဗိုလ်ချုပ်လမ်းပေါ် ရွှေနန်းတော် ကဖေး၊ ကျနော်တို့ပန်းရိုးမအုပ်စုက တယောက်ကို ငါးယောက်နှုန်း၊ စည်းရုံးခေါ်လာပြီး ကျောင်းသားအဖွဲ့ကို ဝန်းရံကူညီကြရမယ်။ ကျောင်းသားအုပ်စုကတော့ ရွှေနန်းတော်ဆိုင်နဲ့ လေးငါးအိမ် အကွာက “ဗင်းနစ်“ ကဖေးမှာထိုင်ပြီး လမ်းစထွက်ကြမယ်။ အဲဒီနေရာတွေ အလုပ်မဖြစ်ရင်ရွှေချီရပ် (၄)လမ်း၊ “စပယ်ဦး“ ကဖေးက ထွက်ကြမယ်ပေါ့။ ကျနော်တို့ ဆုံးဖြတ်ချက်တွေ မြန်မြန်ချ၊ အစည်းအဝေးကို မြန်မြန် ရုပ်သိမ်း လိုက်ကြပါရဲ့။
ကိုဖုန်း၊ စိန်ရွှေနဲ့ ဇော်ဇော်(ခွေးပု) တို့ သုံးယောက် ပြန်ကြလို့ မကြာသေးပါ။ ရန်အောင်(၁)ရပ်ကွက် ပါတီ၊ ကောင်စီလူကြီးတွေ၊ အရံမီးသတ်အဖွဲ့တွေ ဆိုင်ကိုပိတ်ပြီး၊ ကျန်တဲ့ ကျနော်တို့ (၉)ယောက်ကို ဖမ်းထိမ်း လိုက်ပါရော။ ကံကောင်းသွားတာက ကျောင်းသားတွေ အပြန်စောလို့ သူတို့ကို မမိလိုက်တာပါ။ 
ကျနော်တို့ ချေပ ချက်တွေကို သိပ်မယုံကြဘူး။ သံသယလည်း မကင်းချင်ကြဘူး။ ကျနော်တို့ (၉)ယောက် (ကိုသာချို၊ ကိုလွင်ဦး(တိရစ္ဆာန်ဆရာဝန်)၊ ကိုထွန်းနေအောင်၊ အမှတ်(၂) သတ္ထုရုံးက ကိုမောင်မောင်၊ ကိုတင်ဝင်းမောင်၊ စောဂျိုးဇက်၊ ကိုအောင်နိုင်(ဘိုကုန်းရပ်)ကို ရှမ်းကန်နံဘေးက ရပ်ကွက်ရုံးကိုခေါ်ပြီး သတိပေးလက်မှတ်ထိုးခိုင်းတယ်။ တယောက်စီ နာမည်မေးတိုင်း ကိုယ့်နာမည်ကိုယ် လေသံမာမာနဲ့ တုံ့ ပြန်ပြောကြတာကို သဘောကျနေမိတာ မှတ်မိနေပါသေးတယ်။
၉-၈-၈၈ တမနက်ခင်းလုံး အသက် ၃၀ အရွယ် ကျနော်ဟာ လူငယ်လေးတယောက်လို စိတ်လှုပ်ရှားနေ တယ်။ တက်ကြွတဲ့စိတ်တွေ၊ စွန့်စားလိုစိတ်တွေနဲ့ စိုးရိမ် စိတ်တွေ ရောနှောနေလို့လား မသိ။ ကျနော့်ခန္ဓာထဲက သွေးတွေ ပူနွေးစွာ စီးဆင်းနေလေရဲ့။ ကျနော်တို့ မျှော်လင့်ယုံကြည်နေတဲ့ လူထုအုံကြွ မှု တော်လှန်ရေးကြီးရဲ့ တဖြေးဖြေးနီးကပ်လာတဲ့ ခြေသံဟာ မြင့်မြင့်မားမားခံစားလောက်ရတဲ့အထိ စိတ် လှုပ်ရှားစရာ ကောင်းလှတယ်မဟုတ်လား။
မနက် ၁၂ နာရီမထိုးခင်ကတည်းက ရွှေနန်းတော်ကဖေးရဲ့ လမ်းမပေါ်မျှော်ကြည့်လို့ရတဲ့ စားပွဲတလုံးမှာ ကျနော်တို့ ရောက်ရှိနေခဲ့ပါတယ်။ ကျနော်ရယ်၊ အကိုလို ချစ်ခင်ရတဲ့ ကိုတင်အောင်လှ၊ ကဗျာဆရာ အောင်သစ်ဝေ၊ ရှေ့နေ ကိုအောင်ရတို့ စားပွဲမှာထိုင်ရင်း ဗိုလ်ချုပ်လမ်းမပေါ်ကို မျှော်တလင့်လင့်စောင့်စား နေကြပါတယ်။ အခြားစားပွဲတွေမှာလည်း ကျနော်တို့ သိတဲ့သူတွေရော၊ မျက်နှာစိမ်းတွေရော ကျနော်တို့ လိုပါပဲ ဂဏှာမငြိမ်ဖြစ်နေကြတာ သိသိသာသာပါပဲ။ မနက်၁၂ နာရီထိုးပြီးတဲ့ အထိ လှုပ်ရှားမှုတစုံတရာ မရှိခဲ့။ အထက-၁နဲ့ အထက-၂မှ ကျောင်းသားတွေ ကျောင်းဆင်းလာတဲ့အထိ အကြောင်းမထူးသေး။
တချို့လည်းမစောင့်နိုင်တော့ ထပြန်ကုန်ကြတယ်။  နေ့လည် ၁ နာရီခွဲ ရန်ကုန်ကလာတဲ့ အမြန်ရထား အမှတ်(၂)မီးရထားဂိတ်ကို ဖြတ်ခုတ်မောင်းသွားပြီးတဲ့ အချိန်မှာ တော့ ကျနော့်ဘဝမှာ ဘယ်တော့မှ မေ့ ဖျောက်မရတဲ့ပုံရိပ်တခု ရောက်ရှိလာပါတော့တယ်။
မနေ့ညက အစည်းအဝေးပွဲ ပါဝင်ခဲ့တဲ့ စိန်ရွှေဟာ ခေတ်အဆက်ဆက် ဗမာ့နိုင်ငံရေးတွေမှာ ကျောင်းသား တွေ ဦးဆောင်ဦးရွက်ပြုခဲ့တယ်ဆိုတဲ့ အစဉ်အလာကို လက် ဆင့်ကမ်းသယ်ဆောင်လာရင်း ကျောင်းသား တယောက်ပီသစွာ ဗင်းနစ်လက်ဖက်ရည်ဆိုင်ကနေ ဗိုလ်ချုပ်လမ်းမပေါ်ကို ဦးဆုံး ခြေချလို့ တဦးတည်း ထွက်ပေါ် လာခဲ့ပြီ ဖြစ်တယ်။
ပျဉ်းမနားမြို့ ရှစ်လေးလုံးလူထုအရေးတော်ပုံရဲ့ နိဒါန်းအစကို စိန်ရွှေရဲ့ခြေလှမ်းတွေနဲ့ စခဲ့တယ်လို့ ပြောရ မှာဖြစ်တယ်။ သူဟာ လမ်းမပေါ်မှာ ဆယ့်ငါးမိနစ်ကျော်ကြာ ကြာ အော်ဟစ်ပြောနေတာကို ကျနော်တို့ မြင်နေရတယ်။ လူတွေ လမ်းမပေါ်ဆင်းလာပြီး သူနဲ့ လာပူးပေါင်းဖို့၊ ပြည်သူတွေရဲ့မျိုသိပ်ထားတဲ့ ဆန္ဒတွေ ကို ဖော်ထုတ်ကြ ဖို့ ပျဉ်းမနားမြို့သားတွေ သတ္တိရှိကြဖို့၊ စသဖြင့် လူငယ်တယောက် စွန့်စွန့်ဝံ့ဝံ့လုပ်ပြနေ တာတောင် ကျနော်တို့ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့သူတွေ မထွက်ရဲကြ၊ တွေဝေနေကြဆဲ။
ဆယ့်ငါးမိနစ်ကျော်ကြာတော့ ဒုတိယ တယောက်ထွက်ပေါ်လာပါတယ်။ လက်ကိုင်ပုဝါစည်းထားပေးမယ့် ဒါ ကျနော့် သူငယ်ချင်း သာချိုပါပဲလေ။ နောက်တော့ တယောက်ပြီးတယောက် ထွက်လာကြပြီး ဆယ် ယောက် ဆယ့်ငါးယောက်လောက် ဖြစ်လာတယ်။ ခွပ်ဒေါင်းအလံကို လွှင့်ထူလို့ ကြွေးကြော်သံတွေ ဟစ်ေ ကြွေးလို့ လူထုလှုပ်ရှားမှုချီတက်ပွဲကို စတင်ဖို့ တာစူနေကြပါပြီ။
မကြာခင်ပဲ ဦးဆောင်ကျောင်းသားအဖွဲ့လေးဟာ ဗိုလ်ချုပ်လမ်းအတိုင်း နောက်မှ ရှေ့သို့ ချီတက်လာကြပြီ။ ရွှေနန်းတော်ဆိုင်ရှေ့ရောက်မှ ဆိုင်ထိုင်နေတဲ့ ကျနော်တို့ အရပ်သားအုပ်စုကလည်း တယောက်နဲ့ တယောက် အားပေးတိုက်တွန်းကြရင်း ကျောင်းသားတွေကို အားဖြည့် ပူးပေါင်းလိုက်ပါတယ်။
ဈေးမြောက်ဘက်တန်းရှေ့ရောက်တော့ ချီတက်ပွဲလူတန်းဟာ အတော်ရှည်လျားနေပြီပေါ့။ ကျနော် နောက်ကို လှည့်ကြည့်တော့ လူ တစ်ရာကျော် နှစ်ရာလောက် ရှိနေပါပြီ။ ရှေ့တပ်တော်ဦးမှာတော့ မနေ့ ညက ကိုဖုန်းမြင့် ကျနော့်ကို ရေးခိုင်းလို့ (ခွပ်ဒေါင်းပုံကို မေ့နေလို့) မဆွဲတတ်ဆွဲတတ်နဲ့ ဆွဲထားတဲ့ ခွပ် ဒေါင်းပုံပါတဲ့အလံ၊ ကိုဖုန်းမြင့်နဲ့ မောင်နှမတတွေ ဖြတ်ညှပ်ကတ် ဟန်းမိတ်လုပ်ထားတဲ့ ခွပ်ဒေါင်းအလံဟာ လေထဲမှာ ကြွားတလူလူဝေနေတာ မြင်ရတော့ အားရကျေနပ်လို့ ပီတီတွေ ဖြာနေမိပါတယ်။
ဒီလူတန်းရှည်ကြီးဟာ ဒီမှာတင်အဆုံးမသတ်ခဲ့ပါဘူး။ နောင်ရက်တွေအထိ ဆက်ကာဆက်ကာ ဖြစ်ခဲ့ပါ တယ်။ မြန်မာပြည်အနှံ့အပြား လှည်းနေလှေအောင်း မြင်း ဇောင်းမကျန် လူထုလူတန်းစား အလွှာစုံပါဝင် လို့ တကမ္ဘာလုံးကတောင် အံ့သြလောက်အောင် ဆက်လက်ချီလေမြဲ ချီတက်နိုင်ခဲ့ကြတာ၊ ခိုင်ခံ့လှပါပြီ ထင်နေတဲ့ မဆလ အပင်ကြီးကို ဖြိုလှဲပစ်လိုက်နိုင်တာ မျက်ရည်လည်လောက်အောင် နှစ်ထောင်း အားရ ဖြစ်ခဲ့မိပါတယ်။
 အဲဒီ သမိုင်းဆိုင်ရာကြီးမားတဲ့ အကွေ့အချိုး အပြောင်းအလဲဖြစ်စဉ်ကြီးဟာ အမှန်တကယ်ဖြစ်ခဲ့တယ်၊ ရှိခဲ့တယ်ဆိုတာနဲ့ အစိတ်အပိုင်းများစွာကနေ တဦးချင်း တယောက်ချင်း တူညီစွာပေါင်းစုပြီး တပါတီ အာဏာရှင်စနစ်ဆိုးဆိုတဲ့ ပစ်မှတ်ကို ထိမှန်အောင် ပစ်နိုင်ခဲ့ကြတယ်ဆိုတာကို နောင်မျိုးဆက်သစ်တွေ အနေနဲ့ သမိုင်းကိုသိရှိဖို့ အမှတ်တရအနေနဲ့ ပြန်ပြောင်းပြောပြလိုက်ရခြင်း ဖြစ်ကြောင်းပါ။
 ၈၈၈၈
--------
 ထိုနံရံပြိုလဲအောင်
ငါတို့ သံပြိုင်တေး ဆိုခဲ့ကြပေါ့

မိုးကျော်အောင်

Comments