စာနယ်ဇင်းကာတွန်းကျင့်ဝတ်ဆိုင်ရာဆွေးနွေးပွဲ မြန်မာနိုင်ငံကာတွန်းဆရာများအသင်းရုံးခန်း



စာနယ်ဇင်းကာတွန်းကျင့်ဝတ်ဆိုင်ရာဆွေးနွေးပွဲ မြန်မာနိုင်ငံကာတွန်းဆရာများအသင်းရုံးခန်း
K (မိုးမခ) သြဂုတ် ၃၊ ၂၀၁၈


မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှစီစဉ်သော စာနယ်ဇင်းကာတွန်းကျင့်ဝတ်ဆိုင်ရာဆွေးနွေးပွဲကို ရန်ကုန်မြို့ အမှတ် (၁၇၃/ ၁၇၅) ပန်းဆိုးတန်းတာဝါ-အခန်းအမှတ်(၆၀၁)ပန်းဆိုးတန်းလမ်း(အလယ်)ရှိ မြန်မာနိုင်ငံကာတွန်းဆရာများ အ သင်းရုံးခန်းမှာ သြဂုတ်လ ၄ရက်နေ့ နေ့လယ် ၁ နာရီမှ ၃နာရီထိ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါဆွေးနွေးပွဲမှာ ကဏ္ဍအလိုက် ဦးဆောင်ဆွေးနွေးမယ့်ပညာရှင်များကတော့ ကာတွန်းဆရာ ဦးဝင်းအောင်၊ ဥပဒေ ရေးရာ ဦးအောင်စိုးဦး၊ ဂျာနယ်လစ်အယ်ဒီတာ ဦးဇေယျာလှိုင်၊ သတင်းမီဒီယာကောင်စီမှ ဦးသီဟစောတို့ဖြစ်ပါတယ်။

ဟောပြောဆွေးနွေးမှုနဲ့ပတ်သက်ပြီး ကာတွန်းဝင်းအောင်က “ တော်တော်များများက ဖေ့ဘုတ်မှာရော ကျင့်ဝတ်နဲ့ ပတ် သက်ပြီး မသိတဲ့သူတွေ ရှိတယ်လေ။ လူငယ်တွေလည်းသိအောင် ဆွေးနွေးနိုင်အောင် ပြုလုပ်ပေးတာဖြစ်ပါတယ်"လို့ ပြော ပြပါတယ်။

ယခုပြုလုပ်တဲ့ဆွေးနွေးပွဲဟာ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ဆွေးနွေးပွဲဖြစ်တယ်လို့လည်း သိရပြီး ကာတွန်းကျင့်ဝတ်နဲ့ ပတ် သက်ပြီး ကာတွန်းမိုးထက်မိုးက ...
“ကာတွန်းကျင့်ဝတ်မှသည် ပညာရှင်ဖြစ်ဖို့ဆိုရင် ပညာအသိ..သိရမယ်။ ပညာမသိ/မရှိဘဲ တတ်သယောင်ယောင်နဲ့ ၀င်ယောင်နေရင် မိမိလည်း အကျိုးမရှိ၊ ၀န်းကျင်အတွက်လည်းအကျိုးမရှိ လောက နစ်နာဖို့ပဲရှိ တယ်။ ကာတွန်းပညာမှာ ကာတွန်းရုပ်ကလေးတွေဆွဲတတ်ရုံနဲ့ ပညာရှင်ဖြစ်မယ်ဆိုရင် ပုံဆွဲတတ်တဲ့ကလေးတွေလည်း ပညာရှင် ဖြစ်ရောပေါ့။ ဒီလိုမဟုတ်ဘူး။

ကာတွန်းတစ်ခုကောင်းဖို့ဆိုရင် ဖွဲ့စည်းပုံတွေ ကောင်းရမယ်။ ဖွဲ့စည်းပုံတွေဆိုတာမှာ အရုပ်ရဲ့ဖွဲ့စည်းပုံရှိသလို၊ ကိုယ်ပြော ချင်တဲ့အကြောင်းအချက်အလက်တွေ (idea)ရဲ့ ဖွဲ့စည်းပုံလည်းရှိတယ်။ အဲဒီ ၂ ခု ကောင်းနေရမယ်။

ကိုယ်ရေးတတ်သလိုလျှောက်ရေးနေပြီး ကာတွန်းဆရာကွလို့ ကိုယ်ထင်ရာ တံဆိပ်ခတ်နေဖို့ထက် ကိုယ်ရေးတဲ့ကာတွန်း ဟာ နှစ်သက်ဖွယ် ဖြစ်ရဲ့လား၊ ကိုယ်ပြောချင်တဲ့အကြောင်းအရာပေါ်ကို တကယ်ရောက်ရဲ့လား၊ ရယ်ပြုံးပျော်ရွှင်စေရဲ့ လားဆိုတဲ့..လားပေါင်းများစွာမေးခွန်းတွေအပေါ်မှာ ကောင်းမွန်စွာဖြတ်ကျော်နိုင်ဖို့လိုမယ်။

နိုင်ငံရေးသတင်းခေတ်ဖြစ်လို့ အယ်ဒီတာတွေကလည်း နိုင်ငံရေးနဲ့ဆိုင်ရာသတင်းကာတွန်းများကိုပဲ အဓိကထား ရွေးချယ် ကြတဲ့အခါမှာ အခြားလူမှုဝန်းကျင်တွေအကြောင်း၊ အလွဲအချော်တွေအကြောင်း၊ အူကြောင်ကြောင်ဖြစ်ရပ်တွေအကြောင်း ရေးဆွဲကြတဲ့ လူမှုကာတွန်းတွေ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ၊ ဖောက်ပြန်မှုတွေ၊ စာရိတ္တချို့ယွင်းမှုတွေ၊ အကျင့် ပျက်ခြစားမှုတွေ စသဖြင့် လူနေမှုစရိုက်တွေကို သရော်ထားတဲ့ကာတွန်းတွေရဲ့အရသာလည်း မှေးမှိန်လာသလိုဖြစ်နေ တယ်။ သတင်းစာတစ်ခုကိုဖတ်မိ/ကြားမိရုံနဲ့ အဲဒီသတင်းစာအတိုင်း ဒဲ့ကြီးပုံတူ ကူးရေးနေကြတဲ့ကာတွန်းတွေကိုလည်း ကြိုကြားကြိုကြား မြင်နေတွေ့နေရတော့ အံ့သြတကြီးလည်းဖြစ်မိပါရဲ့။

ဟိုးအရင်မဂ္ဂဇင်းခေတ်က ကာတွန်းတွေပြန်ကြည့်ရင် သတင်းကိုရေးတာလည်းမဟုတ်ဘဲ လူ့စိတ်၊ လူ့သဘာဝ၊ လူ့ပတ်ဝန်း ကျင်ကို သရော်ပြီးရေးကြတဲ့ကာတွန်းကောင်းတွေ အများကြီး တွေ့ရမယ်။လေ့လာရမယ်။ နမူနာယူရမယ်။ ပြန်လည်ဆန်း သစ်သင့်တယ်။

ကိုယ်ထင်သလိုရေးချင်ရာရေးကြတဲ့အခါမှာ စောင့်စည်းအပ်တဲ့ကျင့်ဝတ်တွေကိုလည်း မစဉ်းစားမတွေးတောဘဲ ကိုယ့် အတ္တ ခံစားချက်တွေကို ဦးစားပေးပြီး မိဘမောင်နှမ ဖတ်ကြည့်ဖို့မသင့်တော်တဲ့ အရေးအသားတွေ၊ သရုပ်ဖော်ပုံတွေနဲ့ ထင်သလိုရေးထားတာကိုမှ ဒီလိုကာတွန်းက ဒဲ့ထိတာကွလို့ မြှောက်သူကမြှောက်ပေးကြတော့လည်း ထီမထင်ကာတွန်း ဆရာတွေဆိုတာ မိုးဦးမှိုတွေလို အများအပြားပေါ်လာနိုင်သလို ကာတွန်းကျင့်ဝတ်၊ ကာတွန်းအရသာကောင်းတွေဟာ ရေပေါ်အရုပ်ရေးသလို ပျောက်ကွယ်နေသလို ခံစားရတယ်။

မိမိဖော်ပြတော့မယ့်ကာတွန်းမှာ ဘယ်လိုသက်ရောက်မှုတွေရလာမလဲဆိုတဲ့ ကျင့်ဝတ်ဆိုင်ရာထိန်းသိမ်းမှုတွေကို ကာတွန်း ရေးဆွဲသူတွေက သိထားမယ်/ကျင့်သုံးကြမယ်ဆိုရင် နောင်အခါပေါ်ထွန်းလာဦးမယ့် အနာဂတ်ကာတွန်းဆရာလေးတွေ အတွက် ရှေ့ဆောင်လမ်းပြကောင်းတွေဖြစ်လာကြမှာပေါ့။ တချိန်မှာလည်း ပြန်လည်လက်ဆင့်ကမ်း ပြောပြပေးနိုင်လာမှာ ပေါ့။

ပညာဆိုတာ သူ့ကို တကူးတကလိုက်ရှာသူဆီကိုသာ တွဲကပ်တဲ့သဘောရှိတယ်။ ပညာလိုချင်ရင် ပညာရှိရာသွားတဲ့။

ကျွန်တော်တို့တွေအားလုံး အနုပညာကျင့်ဝတ်တွေအကြောင်း တီးမိခေါက်မိသိရှိထားရင် ခုထက်ပိုကောင်းမွန်တဲ့အနုပညာ ကောင်းတွေ ဖန်တီးနိုင်ဖို့အခွင့်အလမ်းတွေ ထွက်လာနိုင်မှာပေါ့။

ကျွန်တော်တို့ကာတွန်းအသင်းကတော့ ကာတွန်းနဲ့ဆိုင်ရာ အတွေ့အကြုံမျှဝေခြင်းတွေ၊ ဖြတ်သန်းမှုတွေ၊ ခံစားချက်တွေကို လတိုင်းပြုလုပ်နေရာက ခုတစ်ခါတော့ ကာတွန်းနဲ့ဆိုင်ရာကျင့်ဝတ်တွေအကြောင်းကို ဘက်ပေါင်းစုံက တတ်သိပညာရှင် တွေက ရှုဒေါင့်အစုံစုံက ၀ိုင်းဝန်းဆွေးနွေးကြမှာမို့ ကာတွန်းဆရာတွေတင်မဟုတ်ဘဲ အခြားသောနေရာအသီးသီးက ပညာ ရှင်တွေကိုလည်း လာရောက်ဆွေးနွေးနိုင်ပါကြောင်း ခင်မင်မှုကို ရှေ့တန်းတင် ရင်းနှီးနွေးထွေးတဲ့စိတ်နဲ့ ဖိတ်ခေါ်လိုက်ရပါ တယ်။” 

လို့သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားပြောဆိုထားပါတယ်။

Comments