ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) - ဂိတ်စောင့်သူများနှင့် ချိုးဖောက်သူများ
ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ – အခန်းဆက် ၅
(မိုးမခဘာသာပြန်အခန်းဆက်) သြဂုတ် ၁၁၊ ၂၀၁၈
ဝေါဟာရ ရှင်းလင်းချက်
Gatekeeping =- ဂိတ်စောင့်ခြင်း။ နိုင်ငံရေးတွင် ဒီမိုကရေစီစနစ်မကျဆုံးအောင်စောင့်ရှောက်ခြင်း
Gatekeeper - ဂိတ်စောင့်သူ။ နိုင်ငံရေးတွင် ဒီမိုကရေစီစနစ်ကို မပျက်စီးအောင် စောင့်ရှောက်သောသူ
ထိုဝေါဟာရများ၏ ဆန့်ကျင်ဘက်များမှာ
Gatecrashing ဂိတ်ချိုးဖောက်သူ။ နိုင်ငံရေးတွင် ဒီမိုကရေစီစနစ်ကို ကျဆုံးအောင်လုပ်ခြင်း
Gatecrasher ဂိတ်ချိုးဖောက်သူ။ နိုင်ငံရေးတွင် ဒီမိုကရေစီစနစ်ကို ပျက်စီးအောင်၊ ကျဆုံးအောင် လုပ်သောသူ။
သာမန်အဓိပ္ပာယ်တွင် ပါတီတစ်ခုခုကို မဖိတ်ဘဲ လာရောက်သူကို ခေါ်သည်။ (Party Crasher)
Steven Levitsky နှင့် Danem Ziblatt တို့ရေးသော HOW DEMOCRACIES DIE စာအုပ်ကို ဆက်လက်၍ဘာသာ ပြန်ခြင်း။
၂၀၁၆ မတိုင်မီ အထိ ထရမ့် သမ္မတ မဖြစ်မီ အမေရိကန်နိုင်ငံတွင် ဒီမိုကရေစီစနစ်ကို ပျက်စီးအောင်၊ ကျဆုံးအောင် လုပ်မည့်သူ (ဂိတ်ချိုးဖောက်သူ) များသည် သမ္မတရာထူးကို မရခဲ့ချေ။ ဤသို့ဖြစ်ခြင်းသည် ဂိတ်ချိုးဖောက်သူများသည် သမ္မတရာထူးကိုရရှိအောင် မကြိုးပမ်းသောကြောင့်မဟုတ်ပါ။ ကြိုးပမ်းသော ဂိတ်ချိုးဖောက်သူများသည် ပြည်သူလူထုထောက်ခံမှုကို မရသောကြောင့်လည်း မဟုတ်ပါ။
အမေရိကန်နိုင်ငံရေးလောကတွင် ဂိတ်ချိုးဖောက်သူများရှိခဲ့ ပါသည်။ ပြည်သူလူထုထောက်ခံမှုကိုလည်း အတော်ရရှိခဲ့ပါသည်။ ၁၉၃၀နှစ်များ အတွင်းတွင်ပင် ဂိတ်ချိုးဖောက်သူ ပေါင်း (၈၀ဝ) ကျော်ရှိခဲ့ပါသည်။
ထိုကာလအတောအတွင်း ထင်းရှားသော ဒီမိုကရေစီဆန့်ကျင်သူများအကြောင်းကိုပြောရလျှင် -
Father Charles Coughlin - ကစ်သလစ်ဘုန်းတော်ကြီး ဖားသားချားလ်ကူလင်ဖြစ်သည်။ သူ၏ရေဒီယိုအစီစဉ်ကို အပတ်စဉ်နားထောင်သူပေါင်း သန်းလေးဆယ် ရှိသည်။ သူသည် ဒီမိုကရေစီကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်သူဖြစ်သည်။ နိုင်ငံရေးပါတီများကို ဖျက်သိမ်းပစ်ရေးကို တောင်းဆိုသည်။ ရွေးကောက်ပွဲများရှိခြင်းအပေါ်မှာလည်း ဆန့်ကျင်သည်။ သူသည် Social Justice (လူမှုရေး တရားမျှတမှု) အမည်ရှိသတင်းစာတွင် ဒီမိုကရေစီကို ဆန့်ကျင်သော အယူအဆများကို ရေးသားသည်။ ၁၉၃၀နှစ်များတွင် ဖက်ဆစ်ဝါဒနှင့် နာဇီဝါဒတို့ကို ထောက်ခံပြီး အာဏာရှင်မူဆိုလီနီကို ချီးမွမ်းပြောဆိုသည်။ ဘုန်း တော်ကြီး ကူလစ်သည် အလွန်လူကြိုက်များသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ရုစ်ဘယ့်ပြီးလျှင် သြဇာအရှိဆုံးသော နိုင်ငံ ရေးသမားတစ်ယောက်ဖြစ်သည်။
၁၉၃၃ စီးပွားရေးကပ်ဆိုက်သော ကာလတွင် တက်လာသောနိုင်ငံရေးသမားတစ်ယောက်မှာ ဟူဝီလောင်း (Huey Long) ဖြစ်သည်။ သူသည် လူဝစ္စီယာနာမြို့တော်ဝန်ဖြစ်ပြီး အလွန် စကားပြောကောင်းသူ ဖြစ်သည်။ သူသည် ဥပဒေအရအုပ်ချုပ်မှုကို ဆန့်ကျင်သူဖြစ်သည်။ သူသည် လာဘ်ထိုးမှုများနဲ့ ခြိမ်းခြောက်မှုများကို သုံး၍ တရားသူကြီးများနှင့် ပုံနှိပ်မီဒီယာများကို သူ့အလိုကျဖြစ်စေသည်။
အတိုက်အခံအမတ်တစ်ယောက်က "ခင်ဗျား နိုင်ငံတော်အခြေခံဥပဒေကို ကြားဖူးသလား ..." ဟု မေးသော် သူက "အခု ကျွန်တော်ဟာ အခြေခံဥပဒေပဲ" လို့ဖြေသည်။
သတင်းစာအယ်ဒီတာ ဟော်ဒင်ကာတာ (Hodding Carter) က ဟူဝီလောင်းကို 'အမေရိကန်မြေမှာ ပေါက်ဖွားတဲ့ တကယ့်အာဏာရှင် ပဲ'ဟုခေါ်သည်။
၁၉၃၄ ခုနှစ် တွင် ဟူဝီလောင်းသည် ပြည်သူများအား နိုင်ငံ၏ကြွယ်ဝမှုများကို ညီတူညီမျှ ခွဲဝေသည့် စီမံကိန်းကို တင်ပြခဲ့သည်။ သူ့တင်ပြချက်နှင့်ပတ်သက်၍ ရရှိသောစာများသည် အခြား ဆီးနိတ်အမတ်များအားလုံး ပေါင်းလဒ်ထက် များသည်။ သမ္မတထက်ပင် များသည်။ ဟူစီလောင်းသည် သမ္မတရွေးကောက်ပွဲ ဝင်ရန် စီစဉ်ခဲ့သည်။ သူက ပြောသည်မှာ 'ရုစ်ဘယ့်လောက်တော့ အပျော့ပေါ့'ဟုဆိုသည်။
သို့သော် ၁၉၃၅ တွင် ဟူဝီလောင်း အလုပ်ကြံခံရသည့်အတွက် ဘာဖြစ်မည်ကို မသိခဲ့ရချေ။
ဒီမိုကရေစီ ဆုံးရှုံးရမည့်အဖြစ်များသည် ဒုတိယကမ္ဘာစစ်အပြီးကာလတွင်လည်း ရှိခဲ့သည်။
ဆီးနိတ်အမတ် ဂျိုးဇက်မက်ကာသီသည် စစ်အေးကာလ ကွန်မြူနစ်တို့၏ အန္တရာယ်ကို အကြောင်းပြ၍ ဖြတ်တောက်ခြင်း၊ ပိတ်ပင်ခြင်း၊ စိစစ်ခြင်း အစရှိသော အလုပ်တို့ကို အားပေးလုပ်ဆောင်ခဲ့သည်။ အမေရိကန်ပြည်သူများ၏ ထောက်ခံမှုကိုလည်း ရရှိခဲ့သည်။ မက်ကာသီသည် လူကြိုက်အများဆုံးကာလတွင် အမေရိကန်လူထု တဝက်နီးပါး၏ ထောက်ခံမှုကို ရရှိခဲ့သည်။ ၁၉၅၄တွင် ဆီးနိတ်လွှတ်တော်က သူ့ကိုပယ်ချခဲ့သည်။
၁၉၆၈နှင့် ၁၉၇၂ ကြားတွင် အယ်လ်ဘားမားမြို့တော်ဝန် ဂျော့ခ်ျဝဲလေ့စ်သည် သမ္မတဖြစ်ရန် ကြိုးပမ်းခဲ့သည်။ သူသည် အကြမ်းဖက်မှုကို အားပေးသူဖြစ်ပြီး အခြေခံဥပဒေ၏ စံနှုန်းများကို ပစ်ပယ်သူ ဖြစ်သော်လည်း သူ၏အပြောအဆိုကောင်းခြင်းတို့ကြောင့် ဒီမိုကရေစီကို ကျဆုံးအောင်လုပ်မည့်သူ ဟူသည်ကို မသိနိုင်ချေ။ သူ၏စကားများကို နားထောင်ကြည့်ပါ။
သူက ဆိုသည်မှာ ... 'အခြေခံဥပေဒထက်ပိုပြီး သြဇာအာဏာရှိတဲ့ အရာတစ်ခုဘဲ ရှိပါတယ်။ အဲဒါကတော့ ပြည်သူလူထုရဲ့ ဆန္ဒသာ ဖြစ်ပါတယ်။ ဒါဟာ သဘာဝကျပါတယ်။ တကယ်တော့ အခြေခံဥပဒေဆိုတာ ဘာလဲ၊ ပြည်သူလူထုက ပေါက်ဖွားလာတာ မဟုတ်လား။ ပြည်သူလူထုသာလျှင် အခြေခံဥပေဒရဲ့ မူလပိုင်ရှင် မဟုတ်လား။ ဒါကြောင့် အခြေခံဥပေဒရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ ပြည်သူလူထုဟာ သူတို့မလိုချင်တော့တဲ့ အခြေခံဥပဒေကို သူတို့ကိုယ်တိုင် ပယ်ဖျက်လိုက်နိုင်တာပေါ့' ...
ဤစကားများသည် ပြည်သူလူထု အကြိုက်ဖြစ်သည်။ သို့သော် ဂျော့ဝဲလေ့စ်သည် ပြည်သူလူထုစိတ်ကြိုက် စကားများကိုသုံး၍ သူ၏ပန်းတိုင်ဖြစ်သော ဒီမိုကရေစီကျဆုံးခြင်းကို ဦးတည်သည့်အလုပ်များကို လုပ်မည်ဟူသည်ကို ဘယ်သူမှမမြင်နိုင်ချေ။
အမေရိကန်နိုင်ငံကို အာဏာရှင်များလက်ထဲသို့ မရောက်အောင် တားဆီးနိုင်သောအရာမှာ အမေရိကန်နိုင်ငံ၏ ဒီမိုကရေစီအပေါ် ယုံကြည်ခြင်း၊ ဂတိကဝတ်ပြုထားခြင်းတို့ ဖြစ်သည်ဟု ယူဆဖွယ်ရှိပါသည်။ သို့သော် သမိုင်းကိုပြန် ကြည့်လျှင် ဂိတ်စောင့်သူများဖြစ်ကြသော နိုင်ငံရေးပါတီများကြောင့် ဖြစ်သည်ကို တွေ့ရှိနိုင်သည်။
ဂိတ်စောင့်သူများ၏ သမိုင်းကို ပြန်လည်လေ့လာကြည့်မည် ဆိုလျင် - အမေရိကန်နိုင်ငံကို စတင်ထူထောင်ခဲ့စဉ်ကပင် ဖြစ်သည်။ ၁၇၈၇ ခုနှစ် အမေရိကန်နိုင်ငံ၏ အခြေခံဥပဒေသည် ကမ္ဘာပေါ်တွင် ပထမဦးဆုံးသော သမ္မတစံနစ်ကို ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ သမ္မတစံနစ်သည် ဂိတ်စောင့်ခြင်းလုပ်ငန်းအတွက် စိန်ခေါ်မှုဖြစ်သည်။
ဤနေရာတွင် သမ္မတစံနစ်နှင့် ပါလီမန်ဒီမိုကရေစီစနစ်တို့၏ ကွားခြားပုံကို သိဖို့လိုအပ်ပါသည်။ ပါလီမန်ဒီမို ကရေစီစံနစ်များတွင် ဝန်ကြီးချုပ်ဖြစ်လာမည့်ပုဂ္ဂိုလ်သည် ပါလီမန်အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ပါလီမန်၏ အရေးပါသောခေါင်းဆောင်များက ဝန်ကြီးချုပ်ကို ရွေးချယ်ရသည်။ ဝန်ကြီးချုပ်အရွေးခံရသော သူသည် ပါလီမန်အတွင်းရှိ နိုင်ငံရေးသမားများ၏ ထောက်ခံမှုကို ရရှိမည်။ အစိုးရဖွဲ့ပုံဖွဲ့နည်းသည် စစ်ထုတ်ကိရိယာ သဘောမျိုးသက်ရောက်သည်။
သမ္မတစနစ်တွင်မူ သမ္မတသည် လွှတ်တော်၏အဖွဲ့ဝင် ဖြစ်စရာ မလိုပါ။ လွှတ်တော်က တင်မြောက်ခြင်းလည်း မဟုတ်ပါ။ သီအိုရီ (စာတွေ့) သဘောအရပြောရလျှင် သမ္မတကို ပြည်သူလူထုက ရွေးချယ်ခြင်းဖြစ်သည်။ သီအိုရီသဘောတရားအရ မည်သူမဆို သမ္မတ အရွေးခံနိုင်သည်။ အကယ်၍ ထိုသူသည် လုံလောက်သောထောက်ခံမှုကို ရရှိလျှင် သမ္မတဖြစ်နိုင်သည်။
ဤသည်ကား ပါလီမန်ဒီမိုကရေစီစံနစ်နှင့် သမ္မတစံနစ်တို့၏ ကွာခြားချက်ကို ဘာသာပြန်ဆိုသူ (ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)) က နားလည်သလောက် ဘာသာပြန်ခြင်း ဖြစ်သည်။
(ဆက်လက်ဖော်ပြပါမည်)
Comments