အိုစိုး - နှစ် ၃၀မုန်တိုင်းထဲက ရှင်သန်နေတဲ့ သစ်ပင် (သို့မဟုတ်) သက်ဝင်းအောင်စာကြည့်တိုက်
( ၈၈ နှစ် ၃၀ အမှတ်တရ)
(မိုးမခ) သြဂုတ် ၆၊ ၂၀၁၈
(သူ့ဖေ့စ်ဘွတ်က ကူးယူပါတယ်)
အတိတ်
လွန်ခဲ့တဲ့ နှစ် ၃၀ က အဖြုအစိမ်း ကျောင်းသားလေးတွေဟာ ခုချိန်မှာ ၄၀ကျော်အရွယ်တွေဖြစ်လို့နေပါပြီ၊ဒါပေမယ့် တစ်နှစ်တစ်ခါ ၈ရက် ၈လဆိုတဲ့အသံကြားတိုင်း ကျောင်းသားကလေးတွေလို တက်ကြွပြီး
အတိတ်ဆီပြန်ပြန်ရောက်သွားတတ်တာ နှစ်တိုင်းပါဘဲ
ဆရာနေလင်းအောင်(LCCI) အင်တာဗျုးတစ်ခုမှာ ပြောခဲ့သလို ၈၈ကို ချေဂွေးဗားရား၊ ဖူးချစ်၊ အတွေးအမြင် စတဲ့ စာအုပ်မျိုးတွေဖတ်တဲ့ ကျောင်းသားတွေက ဦးဆောင်ခဲ့ကြတယ်ဆိုတာလေး ပြန်သတိရမိပါတယ် ဘာစာမှမဖတ် ဘာလေ့လာမှုမှမရှိဘဲ နိုင်ငံရေးကို ဦးဆောင်လိုမရသလို ဘာမှမသိတဲ့သူတွေ ဦးဆောင်ခဲ့လို့လည်း နိုင်ငံဟာ ချွတ်ခြုံကြခဲ့ရတာပါ။
၈၈ အလွန်ကာလတွေဟာ နိုင်ငံရေးစာအုပ်တွေဖတ်ဖို့ဆိုတာ ရှာဖွေရတာမလွယ်ကူသလို ဝယ်ဖတ်ဖို့ဆိုတာလည်း ကျောင်းသားအရွယ်တွေဖြစ်တဲ့အတွက် မဝယ်နိုင် သူငယ်ချင်းအကိုတွေ အဖေတွေစုထားတဲ့စာအုပ်တွေကို အိမ်သွားလည်ရင်းငှား၊အချင်းချင်းလဲဖတ် နဲ့ဖြတ်သန်းခဲ့ကြရတဲ့ လူငယ်ဘဝဟာလည်းလွမ်းစရာပါ
ကျောက်မြောင်းထဲ ၈၉ လောက်မှာ ယောနသံဆိုပြီး နိုင်ငံရေးစိတ်ဝင်စားတဲ့လူငယ်တွေက စုပြီး မိမိတို့စုဆောင်းထားတဲ့စာအုပ်တွေ (နိုင်ငံရေး နဲ့ ဘာသာပြန် စာအုပ်တွေများပါတယ် ) ငှါးပေးတာက အစပြုပြီး စာကြည့်တိုက်အလုပ်ကိုစိတ်ဝင်စားခဲ့ကြတာပါ
၉၃ မှာတော့ ဗဂျီအိမ်ဆိုပြီး ကျွန်တော်တို့ဆုံစည်းရာ စာအုပ်အငှါးဆိုင်လေးဖွင့်ဖြစ်ခဲ့ကြသလို အဲ့နှစ်မှာဘဲ သက်ဝင်းအောင်နဲ့အမှတ်တရဖြစ်စေမဲ့ စာပေဟောပြောပွဲလေးကို ပိုစ့်စကဒ်ရောင်းပြီး လုပ်ဖြစ်ခဲ့ကြပါတယ် ဆရာဦးအောင်သင်းနဲ့ ဆရာဖေမြင့်တို့ ဟောပြောခဲ့ကြတဲ့ပွဲမှာ မဝသ ဥက္ကဌ က စကားတက်ပြောလို့ဆိုပြီး ချေဂွေးဗားရားခရေစီ သက်ဝင်းအောင်က ရန်သူနဲ့ပူးပေါင်းရကောင်းလားလို့ပြောကာ ပွဲမှာမီးဖြတ်မယ်လုပ်လို့ ရန်ဖြစ်ခဲ့ကြရတာလေးကလည်း တကယ့်အမှတ်တရပါ
လူငယ်ဆိုတာ ဒေါသထွက်မယ် ပေါက်ကွဲမယ် ထင်ရာလုပ်မယ် ဒါပေမယ့် မတရားတာတွေရင်ငြိမ်ခံမနေဘူး ပိုက်ဆံအတွက်မဟုတ်တာမလုပ်ဘူးဆိုတဲ့အမြင်ဟာ ကျွန်တော်တို့မျိုးဆက်တွေမှာ တွေ့ခဲ့ရသလို ရဲဘော်ရဲဘက်စိတ်နဲ့နေထိုင်ခဲ့ကြတာတွေဟာ အောင့်မေ့သတိရစရာအဖြစ်ရှိနေအုန်းမှာဖြစ်ပါတယ်။
ကျွန်တော်တို့ဖတ်ခဲ့တဲ့စာတွေ၊သိခဲ့တဲ့အသိတွေဟာ ဒီနေ့အထိကျွန်တော်တို့ဘဝကိုရိုက်ခတ်နေသလို လက်ထဲမှာစာအုပ်လေးကိုင်ကိုင်လာတတ်တဲ့ ကိုသက်ဝင်းအောင်ဟာလည်း သေဆုံးသွားပေမယ့်(၂၀၀၆ မန္တလေးအိုးဘိုထောင်အတွင်းကျဆုံး) သူ့နာမည်နဲ့စာကြည့်တိုက်လေး ၁၂.၁၂.၂၀၁၂ မှစတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ် ၊ရန်ကုန်တိုင်းဒေသကြီး၊တာမွေမြို့နယ်၊ကျောက်မြောင်း၊၁၀၆အောင်မင်္ဂလာလမ်းမှာဖွင့်လှစ်ထားတဲ့ကိုသက်ဝင်းအောင်အထိမ်းအမှတ်စာကြည့်တိုက်ဟာ မြန်မာနိုင်ငံမှာ ၈၈ဖြတ်သန်းခဲ့ကြသူတွေထဲမှာ တစ်ခုတည်းသော ကျောင်းသားနံမည်နဲ့ဖွင့်လှစ်နိုင်ခဲ့တဲ့စာကြည့်တိုက် လေးတစ်ခုဖြစ်ပါတယ်။
ပစ္စုန်ပ္ပန်
သက်ဝင်းအောင်စာကြည့်တိုက်အနေနဲ့လက်ရှိနိုင်ငံရေးစာပေကိုအဓိကထားငှါးပေးတာပါ၊ကျောင်းသားသမဂ္ဂက ကျောင်းသားတွေ ၊ကလေးလူငယ် လူကြီးအရွယ်မရွေးဖတ်နိုင်အောင် စာအုပ်စာတမ်းအစုံစုဆောင်း ငှါးပေးနေတဲ့အပြင် ပြီးခဲ့တဲ့လပိုင်းက အမေရိကန်က Ph.D ဘွဲ့အတွက် စာတမ်းလုပ်ဆောင်နေတဲ့ ဗီယက်နမ်ကျောင်းသူလေးတစ်ယောက်ကို ကူညီပေးခဲ့ရပါသေးတယ် လက်ရှိလည်းစာတမ်းပြုစုလိုသူ ၊စာအုပ်မိုဘိုင်းငှါးပေးလိုသူတွေအတွက် အားကိုးစရာစာကြည့်တိုက်တစ်ခုဖြစ်ပါတယ်။
အနာဂတ်
စာကြည့်တိုက်အနေနဲ့ကိုယ်ပိုင်နေရာ မရှိသေးတဲ့အတွက် ကိုသက်ဝင်းအောင်ကိုချစ်သူများ၊ အကသ သူငယ်ချင်းများက စုပေါင်းအခန်းငှါးပြီး လုပ်ဆောင်နေကြရတာပါ တကယ်တော့ ၈၈ ရဲ့နှစ် ၃၀ပြည့်အလွန်မှာ နိုင်ငံရေးစာပေတွေကို လူငယ်တွေစိတ်ဝင်စားလာအောင် ကျောင်းသား ဝင်ထွက်သွားလာစရာနေရာတစ်ခုဖြစ်လာအောင် ၈၈ ကိုတမ်းတရုံမဟုတ်ဘဲ လူထုအတွက် မျက်စီဖွင့်ပေးတဲ့နေရာလေးဖြစ်လာဖို့ ဝိုင်းဝန်းလုပ်ဆောင်ကြစေချင်မိပါတယ်။
လက်ရှိစာကြည့်တိုက်လေးဟာ မြန်မာနိုင်ငံအနှံကစာကြည့်တိုက်တွေအားထားရာ ကလေး လူငယ် လူကြီးပါအားကိုးရတဲ့ စာကြည့်တိုက်တခုအဖြစ် ရှင်သန်နေတဲ့အတွက် နှစ် ၃၀ မုန်တိုင်းထဲက ရှင်သန်နေသော သစ်ပင်လို့ တင်စားလိုက်တာပါ ၈၈ အလွန် နိုင်ငံရေးလောကဓံ ခံစားခဲ့ရတဲ့ သက်ဝင်းအောင်သာရှိနေသေးရင် ဒီနေ့ခေတ်နိုင်ငံရေးအခြေအနေကို ဘယ်လိုသုံးသပ်မလည်းဆိုတာ စဉ်းစားရင်း ၈၈ နှစ် ၃၀ အမှတ်တရ ရေးသားလိုက်ရပါတယ်။

Comments