ဆောင်းဝေ( နတ်မောက်)- ရွှေဝါရောင်ကိုဖြတ်သန်းခြင်း (သို့) ပျံသန်းခရီးစဉ်

ရွှေဝါရောင်ကိုဖြတ်သန်းခြင်း (သို့) ပျံသန်းခရီးစဉ်
ဆောင်းဝေ( နတ်မောက်)
(မိုးမခ) သြဂုတ် ၁၅၊ ၂၀၁၈

(၁)

ရောက်ရှိလာခဲ့၊ ဒါမှမဟုတ် ကျွန်တော်တို့တိုးဝင်သွားခဲ့။ ကျွန်တော်တို့မစောင့်နိုင်တော့လို့၊ ဒါမှမဟုတ် ဆက်ပြီး သည်းမခံနိုင်တော့လို့။ အဲဒီနှစ်တစ်နှစ်ကို ကျွန်တော်တို့မုန်းတီးခဲ့၊ ဒါမှမဟုတ် ပွေ့ဖက် ရင်ဆိုင် ပစ်ခဲ့။ ကျွန်တော်တို့(အားလုံး) တယောက်တလမ်းကိုယ်စီကိုင်ဆောင်ကာ သမိုင်းရဲ့အရေပြားပေါ်မှာ ဘယ် တော့မှမပျက်ပျယ်တော့မယ့် တော်လှန်ရေးတတ်တူးကို အနာခံရေးထိုးခဲ့ကြ။ 

(၂)

တကယ်တမ်းကျတော့ ဒီတနည်းပဲရှိတော့တာပါ။ ဒီတနည်းပဲရှိတော့တာဆိုတော့ ဒီတနည်းတည်းကိုပဲ ကျွန်တော်တို့ ရွေးချယ်ကြရတော့တာပေါ့။ နည်းနည်းကြာပြီဆိုတော့ နှစ်အားဖြင့် ၅၀- ၆၀ ရှိပြီဆိုတော့ မျိုး ဆက်ပေါင်းများစွာတောင်ကျော်ဖြတ်ခဲ့ကြပြီးပြီဆိုတော့ ဒီအမှောင်ထုက လိုအပ်တာထက် ပိုမိုထူထဲ နက်နဲ မယ်။ ဒီလမ်းက ထင်ထားတာထက်ပိုမိုခက်ခဲကြမ်းတမ်းမယ်ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့မှာ အခြားနည်း လမ်းမှမရှိတော့တာ။ ကျွန်တော်တို့မှ မတော်လှန်ရင်ဘယ်သူတော်လှန်မလဲ၊ အခုမှမတော်လှန်ရင် ဘယ် တော့တော်လှန်မလဲ။ ဘဝပေါင်းများစွာပေးခဲ့ပြီဆိုတော့ ထပ်ပေးဆိုလည်း ထပ်ပေးရုံပဲပေါ့။ 
 
အသက်ပေါင်းများစွာစတေးခဲ့ပြီးပြီဆိုတော့ လိုအပ်ရင်ထပ်စတေးလိုက်ရုံပါပဲ။ မျိုးဆက်ပေါင်းများစွာကွယ်ပျောက်ပေးခဲ့ပြီးပြီဆိုတော့ နောက်ထပ်အမျိုးတွေနဲ့ထပ်ဆက်ရုံပဲပေါ့။

စတင်ဘာလဟာ မိုးရာသီဆိုပေမယ့်နေပူကျဲကျဲပါ။ စတင်ဘာဟာ ကိုးလပိုင်းဆိုတော့ ကိုးဂဏန်းကြိုက်တဲ့ မြန်မာတွေအတွက် ကိုးဂဏန်းပေါ်ကိုတည့်တည့်တက်ထိုင်ကာ တော်လှန်ရေးတံခါးကို အားအင်အပြည့်နဲ့ တွန်းဖွင့်လိုက်ရုံပဲပေါ့။ ကိုးနဝင်း မိုးလင်းမှသိမယ် ဆိုလည်းရတယ် အဲဒီအလံကိုကျွန်တော်တို့မျိုးဆက်ရဲ့ လက်ထဲမှာ လွှင့်ထူနိုင်ရင်ပြီးရော။ အဲဒါနဲ့ ကျွန်တော်တို့လမ်းမပေါ်ထွက်လာခဲ့

(၃)

စက်တင်ဘာနေ့လယ်ခင်းနေရောင်ဟာ တခုခုကိုမောဟိုက်ဆာလောင်နေသလိုမျိုးနဲ့ မြေပြင်ပေါ်မှာပြေး လွှားလောင်ကျွမ်းနေတော့တာပဲ။ သဘာဝနေအပူရောင်ဟာ အာဏာရှင်အပူလောက်မပြင်းပြပါဘူး။ နွေမိုးဆောင်းမှာ ဘယ်ရာသီရယ်လို့လဲ ကျွန်တော်တို့မရွေးချယ်ခဲ့ပါဘူး။ နှစ်ထောင့်ခွန်ဖြစ်ဖြစ်၊ ရှစ်ဆယ့်ရှစ် ဖြစ်ဖြစ်၊ ထောင့်ကိုးရာခုနစ်ဆယ့်လေးဖြစ်ဖြစ်၊ ခုနစ်ဆယ့်ငါးဖြစ်ဖြစ်၊ ဦးသန့်အရေးအခင်းဖြစ်ဖြစ်၊ အလုပ် သမားကိစ္စဖြစ်ဖြစ်၊ ထောင့်သုံးရာပြည့်ဖြစ်ဖြစ်။ ရေနံမြေသပိတ်ဖြစ်ဖြစ်၊ ပြည်သူကိုဖိနှိပ်ညှဉ်းပန်းနေတဲ့အစိုးရကိုတော်လှန်ဖို့ဆိုရင် ဘယ်ပြည်သူမှ ရာသီ နှစ်လနဲ့နေရာတွေကို ရွေးချယ်နေမှာမဟုတ်ပါဘူး။ အဲဒီလိုနဲ့ကျွန်တော်တို့လမ်းမတွေပေါ် တက်ညီလက်ညီထွက်လာခဲ့ပေါ့။

မြန်မာပြည်အလယ်ပိုင်းကနေစတင်ခဲ့တဲ့တော်လှန်ရေးဟာ တနိုင်ငံလုံးကိုပြန့်နှံ့ရောက်ရှိခဲ့ပါတယ်။ လက်ထဲမှာဓားတွေတုတ်တွေမပါဘဲနဲ့၊ လက်ထဲမှာ သေနတ်တွေကျည်ဆံတွေနဲ့လက်နက်တွေမပါဘဲနဲ့၊ လူကိုသေစေနိုင်တဲ့အရာဆိုရင် လက်ထဲမှာအပ်တိုတချောင်း၊ ဘောပင်တချောင်းတောင်မပါဘဲနဲ့ ကျွန်တော်တို့လမ်းမတွေပေါ် တူညီသော အသွေးအသားနဲ့ ထွက်လာခဲ့ပေါ့။ 
 
အဝတ်တထည်ကိုယ်တခုနဲ့ပဲပေါ့။ နောက်ဆုတ်စရာမြေလည်းမရှိတော့ ရှေ့မှာချောက်ကမ်းပါးနက်နက်ကြီးဆိုလည်း ကျွန်တော်တို့မှာရှေ့ဆက်တိုးဖို့ပါပဲ။ နေပူကျဲကျဲကြီးထဲမှာအရေပြားပေါ်က တိုက်စားနေရောင်ကို ဥပေက္ခာပြုပြီး တခုခုကိုဆာလောင်နေတဲ့ပုံနဲ့ ကျွန်တော်တို့ ငြိမ်းချမ်းစွာလှည့်လည်ခဲ့ကြပေါ့

အဲဒီအချိန်မှာ ကျွန်တော်တို့တောင်းဆိုခဲ့တဲ့အသံဟာ တိတ်ဆိတ်လွန်းလှတယ်။ လက်ထဲမှာတုတ်တွေဓားတွေမပါဘူးဆိုတော့ မေတ္တာတရားဟာ ကျွန်တော်တို့ရဲ့လက်နက်ပဲပေါ့။ တိတ်ဆိတ်တဲ့ညမှာ ကိုယ့် နှလုံးခုန်သံကိုယ်ပြန်ကြားရသလို မှောင်မဲတိတ်ဆိတ်တဲ့ညတွေမှာ တိုင်ကပ်နာရီ ဆီကလာတဲ့ နာရီလက်တံရဲ့အသံကိုပြန်ကြားရသလို ကျွန်တော်တို့ရဲ့တိတ်ဆိတ်တဲ့အသံကို ဆူဆူညံညံ ကြားကြရပေါ့။

တိတ်ဆိတ်လွန်းတဲ့အသံကို ကမ္ဘာကြီးကတောင်ကြားခဲ့ကြရပေါ့။ အာဏာရှင်ကိုသတ်ဖို့၊ ပြည်သူကိုရန်သူ သဖွယ် ဆက်ဆံတဲ့စစ်အစိုးရကိုသတ်ဖို့အတွက် အဲဒီမေတ္တာတရားကိုပဲ ကျွန်တော်တို့တိတ်ဆိတ်စွာ ကိုင်စွဲ တော်လှန်ခဲ့တာပေါ့။ ကမ္ဘာကြီးရဲ့နောက်ဆုံးအချိန်ထိ အဲဒီအသံကိုကြားနေကြရအုံးမှာပါ။ ကမ္ဘာပေါ်မှာရှိတဲ့ဘယ်နိုင်ငံ၊ ဘယ်တော်လှန်ရေးမဆို ပြည်သူတွေကသာ နောက်ဆုံးမှာအနိုင်ရရိုး ထုံးစံပါ။

ပူလောင်ပြင်းရှတဲ့စက်တင်ဘာလရဲ့နေလယ်ခင်းကတ္တရာလမ်းမဟာ လူငယ်တွေရဲ့ခြေထောက်တွေကိုမပူလောင်စေနိုင်ခဲ့ဘူး။ တလမ်းပြီးတလမ်း တမြို့ပြီးတမြို့လှည့်ပတ်ကာ တော်လှန်ရေးမီးနဲ့ စစ်အစိုးရကို လောင်မြိုက်ပူလောင်သွားအောင်ရှို့နိုင်ခဲ့ကြတယ်။ ကျွန်တော်တို့ကိုင်စွဲထားတာက ကိုယ့်အသက်ဟာ ကိုယ့်ဓားလက်နက်၊ကိုယ့်အသွေးအသားဟာ ကိုယ့်ခံတပ်၊ ကိုယ့်မပျော်ရွှင်မှုဟာ ကိုယ့်နေရာ ထိုင်ခင်း၊ ကိုယ့် ဆာလောင်မှုဟာ မကြောက်ရွံ့မှုဖြစ်ပြီး ကိုယ့်ဘဝကတော့ သူတို့အချိန်မရွေးသေနတ်မောင်းဖြုတ် ချလိုက်လို့ရတဲ့ ရှေ့တည့်တည့်ကပစ်ကွင်းပေါ့။

တကယ်လည်း ပြည်သူတွေရဲ့ဘဝက သူတို့နှစ်ပေါင်းခြောက်ဆယ်ကြော်ကြာအောင် ပေါက်ဓားနဲ့မကြာ ခဏ ပစ်ပေါက်ခဲ့တဲ့သစ်ခြောက်ပင်အသေပါပဲ။ ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ၊ ပဲခူး အစချီပြီး တနိုင်ငံလုံး က ပြည်သူတွေဟာ ဒီတော်လှန်ရေးထဲ တိုင်ပင်စရာမလိုဘဲ ညီညွတ်စွာပါဝင်ဆင်နွှဲခဲ့ကြတယ်။ 
 
ကျွန်တော်တို့ဟာ မန္တလေး၊ မဟာအောင်မြေ၊ စိန်ပန်းရပ်ကွက်ထဲကနေ ကမ္ဘာကြီးကြားအောင် တိတ်ဆိတ် လွန်းလှတဲ့ အသံနဲ့အော်ဟစ်နိုင်ခဲ့ကြတယ်။ အိမ်တော်ရာ၊ ဈေးချို၊ ရှစ်ဆယ့်လေးလမ်း၊ ဘုရားကြီး စသဖြင့် ကျွန်တော်တို့ပခုံးပေါ်မှာ အိမ်ကအမေမသိအောင် သမိုင်းပေးတာဝန်ကြီးကိုထမ်းလို့

လူကြီးတွေကကြည်နူးမှုနဲ့မျက်ရည်တွေဝဲလို့၊ လူငယ်တွေက ရဲရင့်တတ်ကြွမှုနဲ့ လက်သီးတွေကို ကျစ်ကျစ် ပါအောင်ဆုပ်လို့။ ခြစ်ခြစ်တောက်နေရောင်နဲ့ကတ္တရာရဲ့ပျော်ကျနေတဲ့အပူလှိုင်းကြားထဲကနေ ငြိမ်းချမ်းရေး သစ်ပင်ကိုတဖြုတ်ဖြုတ်ကြွေကျလှုပ်ခါနေအောင် ယိမ်းထိုးတွန်းခါနိုင်ခဲ့ကြတယ်။ 
 
ကျွန်တော်တို့စတင်ထွက်ခွာမယ့်နေရာရဲ့တောင်မြောက်လမ်းမပေါ်မှာ လမ်းအစနှစ်ဘက်ကနေပြီး လက် နက်ကိုင်စစ်သားတွေဟာ လက်နက်အပြည့်အစုံနဲ့ရပ်နေခဲ့ကြပေမယ့် သူတို့ရှေ့ကနေပဲတမြို့လုံးအနှံ့ ကျွန်တော်တို့ ကိုယ့်အသက်ကိုအလံလိုလွှင့်ထူကာလျှောက်လှမ်းနိုင်ခဲ့ကြတယ်။

ရှေ့ဆုံးကနေအလံကိုင်တဲ့သူငယ်ချင်းတယောက်က “ သူငယ်ချင်းတို့ သူတို့ပစ်ခတ်လို့ ကိုယ်လဲကျသေဆုံး သွားရင် ကိုယ့်ကိုတွန်းလှဲပြီးအလံကိုယူသွားကြ၊ အေး… အလံတော့ မလဲစေကြနဲ့“ တဲ့။

ကျွန်တော်တို့သွေးတွေဟာပွက်ပွက်ဆူနေပါတယ်။ ဆာလောင်နေတဲ့ကြောင်ဟာ အမှောင်ကိုတဂျစ်ဂျစ် ကုတ်ခြစ်လို့၊ လင်းယုန်ပျိုဟာ ပေပေါင်းများစွာအမြင့်အထိ တဟုန်ထိုးပျံသန်းထိုးတတ်သွားလို့၊ဲမြှား တန်းလန်းတဲ့ ကျားသစ်တောင်မှ တောမြိုင်လည်ထဲ တဝုန်းဝုန်းပြေးလွှားလို့၊ အိမ်ပြန်လာခဲ့နော်ဆိုတဲ့ အိမ်ကမိဘတွေရဲ့ဖုန်းဆက်မှာကြားသံကိုပစ်ချကာ ကျွန်တော်တို့လည်းရှေ့ဆက်လို့။

မနက်မိုးလင်းတာနဲ့လမ်းရဲ့တဖက်တချက်ကနေ သေနတ်တွေနဲ့ချိန်ထားကြ၊ ညညဆို ကောင်းကင်ပေါ် ကနေ ထောက်လှမ်ရေးလေယာဉ်တွေဟာစောင့်ကြည့်ပျံသန်းကာ ခြောက်လှန့်ကြ၊ နိုင်ငံခြားသတင်းဌာန တွေကနေတဆင့် ရန်ကုန်မှာ ပခုက္ကူမှာသံဃာတော်တွေ အဖမ်းခံရပြီဆိုတဲ့သတင်းက ကျွန်တော်တို့ရှေ့က လမ်းပေါ်မှာ သွေးစက်တွေအဖြစ် ပျစ်ခဲစွန်းထင်းလို့။ အချို့သူငယ်ချင်းတွေလည်း နေ့မြင် ညပျောက်ဖြစ် လို့။

လူငယ်ဆိုတာ ခေတ်ကိုဖွင့်တဲ့သော့ပါ။ တော်လှန်ရေးရဲ့နိမိတ်ပုံပါ။ ခုမှမတော်လှန်ရင် ဘယ်တော့ တော်လှန်မလဲ၊ ကျွန်တော်တို့မှမတော်လှန်ရင် ဘယ်သူတော်လှန်မလဲ။ 
 
ကျွန်တော်တို့နောက်မဆုတ်ခဲ့ကြတာ သေချာခဲ့ပါတယ် ။

(၄)

ရွှေဝါရောင်တော်လှန်ရေးဆိုတာ သံဃာတော်တွေရဲ့သင်္ကန်းအရောင်ကို ရည်ညွှန်းသုံးနှုန်းခဲ့ကြတာပါ။ မှောက်ထားတဲ့သပိတ်ထဲမှာ ဘာမှထည့်မရတော့ဘူးဆိုလို့ ကိုယ်မလိုချင်တဲ့အရာကိုလည်းမထည့်ချင် တော့လို့ သပိတ်တွေကိုမှောက်ထားခဲ့ကြတာပါ။ ကုန်ဈေးနှုန်းကြီးတာတွေ၊ အလုပ်လက်မဲ့နှုန်း များလာတာတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ လွတ်လပ်ခွင့်ပျောက်ဆုံးခဲ့တာတွေ၊ပစ္စုပန်ဘဝရဲ့ လိုအပ်တာထက်ပိုမိုသော ဆင်းရဲဒုက္ခတွေ၊ အနာဂတ်ပျောက်ဆုံးမှုတွေအတွက် တနိုင်ငံလုံးရဲ့ ပြည်သူ အားလုံးရဲ့ကိုယ်စား သံဃာတော်တွေဦးဆောင်ပြီး ဒီသပိတ်ကိုမှောက်ခဲ့၊ ဒီတော်လှန်ရေးကို ဆင်နွှဲ ခဲ့ကြတာပါ။

အချို့သံဃာတော်တွေလည်း အဖမ်းခံကြရ၊ ထောင်နန်းစံကြရ၊ လူဝတ်လဲကြရ၊ ခွေးလိုဝက်လို အနှိပ်စက် ခံကြရ၊ ပြည်ပထွက်ပြေးကြရ၊ ဘဝပျက်ကြရ။

တချို့လည်း သေစာရင်းထဲလည်းမပါ ရှင်စာရင်းထဲလည်းမတွေ့ရပါပဲ လူမသိသူမသိပျောက်သွားကြ။

ပေးခဲ့ကြရပါတယ်။ အသက်လည်းပေးရ ဘဝလည်းပေးရ၊ အသွေးအသားနဲ့ခန္ဓာကိုယ်အစိတ်အပိုင်းများ လည်း လိုအပ်သလိုထုတ်ပေးရ၊ လူ့အခွင့်အရေးနဲ့လွတ်လပ်မှုလည်းပေးရ၊ လွတ်လပ်စွာပြောဆိုခွင့်လည်း ပေးရ၊ နေရောင်ခြည်နွေးနွေးနဲ့မနက်ခင်းကော်ဖီလည်း မသောက်ဘဲနဲ့ပေးခဲ့ရ၊ ကိုယ်နမ်းမယ့် ချစ်သူရဲ့ပါး ပြင်လည်းထိုးပေးခဲ့ရ၊ လရောင်လိမ်းကျံထားတဲ့ညဦးပိုင်းဂီတတွေလည်း ခေတ်အဆက်ဆက် ပေးခဲ့ရ။

နောက်ဆုံး အိပ်နေချိန်မှာ အခန်းတံခါးကို ဘယ်သူလာခေါက်က်ပြီး ငါ့ကိုဘယ်ကိုဆွဲခေါ်သွားမလဲဆိုတဲ့ကြောက်ရွံ့စိတ်ကိုတောင် ပေးခဲ့ရ။

တကယ်တော့ ပေးစရာမကျန်တော့တဲအထိ ပေးခဲ့ရတာပါ။ ကျွန်တော်တို့ဟာ တခုခုရဖို့ရဖို့အတွက် ဘဝ များစွာ၊ နေ့ရက်များစွာ၊ မျိုးဆက်များစွာရင်းထားရတာဆိုလည်း ရင်းထားရတာ များပြားလွန်းတော့ ရင်းနေတဲ့အနာကိုတောင် ဆက်ရင်းထားခဲ့ရတာပါ။ နောက်ဆုံးတော့ အဲဒီရင်းနေတဲ့အနာလည်း လောက် တဖွားဖွားဖြစ်ပြီး ကျွန်တော်တို့ဘဝတွေလည်း ယင်တလောင်းလောင်းနဲ့ဆိုတော့  ကမ္ဘာပေါ်ရှိ ဘယ်နိုင်ငံ တကာလူသားတွေကမှ ကောက်မကြည့်ချင်ကြတော့ဘူး။

ပျော်ရွှင်စရာဆိုလို့ မပျော်ရွှင်တဲ့အကြောင်းကို ကဖေးဆိုင်တွေမှာ တိုးတိုးတိတ်တိတ်ထိုင်ပြောခဲ့ရတာပါပဲ။ ကားပေါ်နဲ့ရထားတွေပေါ်မှာ ကြောက်ရွံ့နေတဲ့မျက်လုံးတွေအကြောင်း အလုပ်ခန်းနဲ့ရုံးခန်းတွေထဲက ရှေ့ ဆက်လျှောက်စရာလမ်းမရှိတော့တဲ့ဘဝတွေအကြောင်း၊ ဘွဲ့ရလည်းပညာမတတ်တော့တဲ့ အိမ်ဦးခန်းက ဘွဲ့လတ်မှတ်တွေအကြောင်း၊ တခုခုဆိုတုန်လှုပ်တတ်တဲ့ ကျွန်တော်တို့ဘဝနဲ့ အဲဒီ့ တုန်လှုပ်စရာခုခုဆိုတာ ဟာလည်း နေရာတကာမှာ အမြဲရှိနေတတ်တဲ့ ကျွန်တော်တို့နေ့စဉ်ဘဝအကြောင်း၊ ဆင်းရဲခြင်းဒုက္ခတရား တွေဟာ အခေါင်းနဲ့မဆန့်တဲ့အလောင်းတွေလို ကျွန်တော်တို့နေ့စဉ်ဘဝထဲ ကြပ်ညှပ်နေခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုပျော်ရွှင်နေတယ်လို့ထင်နေခဲ့ကြပေမယ့် ကျွန်တော်တို့ဟာ သနားစရာလည်းကောင်းခဲ့၊ ဝမ်း နည်းဖို့လည်းကောင်းခဲ့၊ လျှောက်စရာလမ်းတွေလည်းပျောက်ခဲ့

နောက်ဆုံးတော့ ကျွန်တော်တို့ဟာ အပြုံးအရယ်မရှိတော့တဲ့ကျောက်တုံးကျောက်ခဲတွေလို ဝမ်းနည်းဖို့နဲ့ ပျော်ရွှင်ဖို့မေ့လျော့သွားခဲ့တဲ့စက်ရုပ်တွေလို
နေ့စဉ် လမ်းမတွေပေါ်မှာ ။

(၅)

ရန်ကုန်ဆူးလေလမ်းမပေါ်ကရွှေဝါရောင်၊ ရွှေတိဂုံဘုရားပေါ်က ဆုတောင်းမေတ္တာပို့သံတွေ၊ ပခုက္ကူမြို့ လယ်ကဓာတ်တိုင်မှာ ကြိုးနဲ့ချည်ရိုက်ခဲ့တဲ့ သမိုင်းရဲ့ကျောက်ပေါ်က ဒဏ်ရာဒဏ်ချက်တွေ၊ မန္တလေး ရှစ်ဆယ့်လေးလမ်းပေါ်က ရွှေဝါရောင်တွေ၊ ထောင်ထဲကရွှေဝါရောင်တွေ၊ ဘဝပျက်ခဲ့တဲ့ရွှေဝါရောင်တွေ၊ မိဘနဲ့ဆွေမျိုးတွေပါ ဒုက္ခရောက်ခဲ့တဲ့ရွှေဝါရောင်....

” ဒီည မင်းတို့ကိုဖမ်းကြတော့မယ် ပြေးကြတော့” ဆိုတဲ့ရွှေဝါရောင်တွေ၊ “ငါလဲကျရင် ငါ့ကိုထားခဲ့၊ ငါကိုင်ထားတဲ့အလံကိုလဲမကျအောင် မင်းတို့ဆက်သယ်သွား” ဆိုတဲ့ ရွှေဝါရောင်တွေ။

ပြည်သူဆိုတာ အစိုးရကောင်းရင်အမိန့်နာခံတတ်တဲ့သားသမီးတွေဖြစ်ပြီး အစိုးမကောင်းရင် တော်လှန်ရေး သမားတွေ၊ချီဂွေဗားရာတွေ၊ သခင်ဖိုးလှကြီးတွေ၊ ဂျော့ဝါရှင်တန်တွေ၊ မဟတ္တမဂန္ဒီတွေ၊ ဗိုလ်ချုပ် အောင်ဆန်းတွေ၊ မဝင်းမော်ဦးတွေ။

ရွှေဝါရောင်ဆိုတာ တောက်ပတည်ငြိမ်တဲ့အဝါရဲ့အပေါ်မှာ ထပ်သုတ်လိမ်းထားတဲ့ရွှေအရောင်၊ ရွှေဝါရောင် ဆိုတာ လူအခွင့်အရေးကိုအသက်နဲ့တောင်းခဲ့တဲ့ပြယုဂ်၊ ရွှေဝါရောင်ဆိုတာ ဘဝတွေကိုပေးပြီး ရဖို့ခက်ခဲတဲ့ ဒီမိုကရေစီကိုတောင်းယူခဲ့တဲ့အနုပညာ။

တကယ်တော့ ရွှေဝါရောင်ဆိုတာ အဝါရောင်သန်းနေတဲ့ရွှေပုရပိုဒ်မှာရေးထိုးသင့်တဲ့ မြင့်မြတ်တဲ့သံဃာ တော်တွေ ဦးဆောင်ခဲ့တဲ့ လူထုတော်လှန်ရေးပါ။

(၆)

၂၀၁၄ ခုနှစ်ထဲမှာကျွန်တော်ရေးခဲ့ဖူးတဲ့  “ တိုက်ပွဲ“ ဆိုတဲ့ကဗျာနဲ့ အထက်ပါစာသားတွေကိုအဆုံးသတ်ချင်ပါတယ်။ 

" တိုက်ပွဲ "

အသက်တချောင်းဟာ စကားလုံးတလုံး
စကားလုံးတွေကိုဆင့်ပြီး သမိုင်းကိုရေးသွားကြ ။

ရော့ ငါ့အသက်ကိုမင်းယူ
သရဖူကို ငါယူမယ် ။  ။

ဒီကိစ္စဟာ ၂၀၀၇ ကနေရေတွက်တော့ ၂၀၁၇ မှာ ဆယ်နှစ်ပြည့်ခဲ့ပါပြီ။
 
နိုင်ငံတွေ၊ ခေတ်တွေ၊ စနစ်တွေ၊ လူတန်းစာတွေ၊ နေရာနဲ့အချိန်တွေသာကွဲပြားသွားမယ်။ ပြည်သူဆိုတာ လိုအပ်ရင် တော်လှန်ရေးသမားတွေဖြစ်ပြီး လိုအပ်ရင် တိုက်ပွဲဝင်သူတွေပါ။ လိုအပ်ရင်မာလာလာတွေဖြစ်ပြီး လိုအပ်ရင်အေဗရာဟင်လင်ကွန်းတွေပါ။ 
 
ဒီမိုကရေစီငှက်ပျိုဟာ ကျွန်တော်တို့ နိုင်ငံကိုအရောက် နောက်ကျခဲ့တယ်ဆိုသော်လည်း ကျွန်တော်တို့ (အားလုံး)ရှေ့မှာ စတင်ကာ တဖျတ်ဖျတ် ပျံသန်းနေပါပြီ။

ခုတော့(အနည်းအကျဉ်း)ဒီအကြောင်းကို ကျွန်တော်တို့မှာ ရယ်ရယ်မောမော ပြန်ပြောနိုင်ခဲ့ပါပြီ။
တကယ်တော့ ကျွန်တော့်တကိုယ်ရေဆန္ဒအရဆိုရင် ဉာဏ်ပညာနဲ့ချစ်ခြင်းတရားကိုသာလျှင် ပြောဆို ချင်ပါတယ်။ ။

 ဆောင်းဝေ(နတ်မောက်)
 သြဂတ်စ်၊၂၀၁၇

မှတ်ချက်။ ။ ယခုစာမူကို လစဉ်ထုတ် မိုးမခမဂ္ဂဇင်း ၊ စက်တင်ဘာ ၊ ၂၀၁၇ တွင် ဖော်ပြပြီးဖြစ်သည်။
 
မိုးမခ
အယ်ဒီတာအဖွဲ့

Comments