ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် - အပိုင်း (၁၉)
(မိုးမခ) သြဂတ်စ် ၃၊ ၂ဝ၁၈
(မိုးမခ) သြဂတ်စ် ၃၊ ၂ဝ၁၈
ဘုန်းတော်ကြီးဒလိုင်းလားမား အိန္ဒိယပြည်ကိုရောက်သွားပြီဟူသော သတင်းက တိဗက်ပြည်သူတွေကို စိတ်သက်သာရာ ရစေပါသည်။ ဘုန်းတော်ကြီး ဒလိုင်းလားမားသည် တိဗက်ပြည်သူတို့အတွက် သက်ရှိဘုရားတဆူပင်ဖြစ်သည်။ အရာရာ အားလုံးကို ဆုံးရှုံးရမည်ဆိုလျှင်တောင်မှ ဒလိုင်းလားမားကိုယ်တော်လေးကို မဆုံးရှုံးသေးသရွေ့ ဆုံးရှုံးသည်ဟု တိဗက်ပြည် သူတွေက မခံယူ။ လားမားကိုယ်တော်လေး ဒီကမ္ဘာကြီးထဲမှာ သက်ရှိထင်ရှားရှိနေခြင်းက တိဗက်ပြည်သူတွေကို အားသစ် အင်သစ်တွေ တိုးစေခဲ့ပါသည်။ အသက်နှင့်ခန္ဓာ တည်မြဲနေသေးသရွေ့ လားမားကိုယ်တော်လေးကို ဖူးမြင်ခွင့်ရဖို့ အခွင့် အရေးတွေ သူတို့မှာ အပြည်အဝရှိနေသေးသည်။ ဘဝမှာ ဘာမှကြီးကြီးမားမား မဖြစ်လို။ သို့သော် တကြိမ်တခါလောက်တော့ လားမား ကိုယ်တော်လေးကို ဖူးမြင်ခွင့်ရချင်ကြသည်မှာ တိဗက်လူမျိုးတို့၏ အပြင်းပြဆုံး ဆန္ဒတစ်ခုပင်ဖြစ်သည်။
တိဗက်ပြည်သည် အရင်လိုလွတ်လပ်သော တိဗက်တိုင်းပြည်တခု မဟုတ်တော့။ အရင်လို တရားသံတွေ၊ ဂါထာမန္တရား ရွတ်အံသံတွေ မကြားရတော့။ ပုတီးစိပ်သံ၊ ကြေးစည်သံတို့ ဆိတ်သုဉ်းသွားခဲ့ကြလေပြီ။ တောင်တန်းကြီးများ၊ ထင်းရှုးတော ကြီးများကိုဖြတ်ပြီး ဆီးနှင်းတို့ ထူထပ်သိပ်သည်းစွာ ကျလေ့ရှိသော တိဗက်ပြည်၊ ရေခဲတောင်ကြီး တွေကြားမှာ လားမားတို့၏ သင်္ကန်းရောင်ဖြင့် လှချင်တိုင်းလှနေသည့် တိဗက်ပြည်၊ ရိုးသားမှု၊ စာနာမှုနှင့် မေတ္တာတရားတို့ဖြင့် ထုံမွှမ်းထားအပ်သော တိဗက် ပြည်သည် အခုတော့ သေဆုံးသွားခဲ့ရပြီဖြစ်သည်။ “ကိုယ်နေထိုင်နေတဲ့ ကိုယ့်တိုင်း ပြည်ဆုံးရှုံးသွားတယ်ဆိုတာ တကယ်တော့ ကိုယ့်မိဘတွေ သေဆုံးသွားတာနဲ့ အတူတူပဲပေါ့ဗျာ”ဟု တိဗက်အမျိုးသားကြီး လော့ဆန်ညိမ်မက ဝမ်းနည်း စကားဆိုပါသည်။
တိဗက်ပြောက်ကျားတပ်များရဲ့ အခြေအနေက တနေ့တခြားဆိုးရွား လာလေပြီ။ လက်နက်ခဲယမ်းများလည်း သိပ်မရှိတော့။ လက်နက်အတွက် အိမ်နီးချင်းနိုင်ငံများဖြစ် သည့် အိန္ဒိယ၊ နီပေါနှင့် ဘူတန်တို့ကို အားကိုးလို့မရတော့။ သူတို့ကိုယ်တိုင်က ပီကင်းရဲ့ ငြိုငြင်မှာကို စိုးရိမ်နေကြသူများဖြစ်သည်။ တိဗက်ပြောက်ကျားတပ်တချို့ လက်နက် ချလိုက်ပြီဆိုသော သတင်း တွေ နေ့စဉ်လိုလို ကြားနေရသည်။ သူတင်ကိုယ်တင် ယှဉ်ပြိုင်သည့်နေရာမှာ အင်အားချင်းမျှဖို့ အရေးကြီးကြောင်း တိဗက် တို့ ကောင်းကောင်းနားလည်သွားပြီဖြစ်သည်။ သူတို့ရဲ့ မီးကျိုးမောင်းပျက် လက်နက်ကလေးများဖြင့် ခေတ်မီတရုတ် တပ်မတော်ကြီးကို အဘယ်သို့လျှင် တန်ပြန်ခုခံတိုက်ခိုက်နိုင်ပါအံ့နည်း။ တရုတ်စစ်သားများက တရွာဝင်တရွာထွက် တအိမ် တက်ဆင်း စစ်ဆေးရှာဖွေပြီး တိဗက်အမျိုးသားများကို ဖမ်းဆီးနေပြီဖြစ်သည်။ မြို့တော်လာဆာကို သိမ်းပိုက် ပီးနောက် ဇုန် သုံးခုဖြင့် ထိန်းချုပ်ထားပြီဖြစ်သည်။ အများစုကတော့ တောင်တန်းများ ရေခဲပြင်ကြီးများကိုဖြတ်ကျော်ပြီး အိမ်နီးချင်း တိုင်းပြည်များသို့ ထွက်ပြေးတိမ်းရှောင် နေကြပြီဖြစ်သည်။ အခုတော့ နယ်စပ်ဒေသမှာရှိသည့် ထွက်ပေါက်များကိုပါ ပိတ်ဖို့ ကြိုးပမ်းနေကြလေပြီ။ လမ်းများကို တင်းတင်းကျပ်ကျပ်ပိတ်ဆို့ စစ်ဆေးပြီး ညမထွက်ရ အမိန့်ထုတ်သည်။ သစ်နှင့် သဘာဝတွင်းထွက်ပစ္စည်းများကို ကားကြီးကားငယ်များဖြင့် ပြည်မကြီးသို့ သယ်ယူနေလေပြီ။ ဟောင်ကောင်နှင့် ထိုင်ဝမ်ဈေး ကွက်တွင် တိဗက် ရှေးဟောင်းပစ္စည်းများက နေရာယူထားပြီးဖြစ်သည်။
ဒလိုင်းလားမားကိုယ်တော်လေးသည် အိန္ဒိယနိုင်ငံကို ဘေးကင်းစွာရောက်ရှိသွားသည့် တိုင် တိဗက်ပြည်မှာ ပန်ချန်းလားမား ကိုယ်တော်လေး ကျန်နေခဲ့သည်။ တော်လှန်ရေး ကာလသုံးလအတွင်းမှာ နှစ်သောင်းကျော်သော တိဗက်ပြည်သူများ အသက်ပေးခဲ့ကြရပြီးပြီ။ ယခုအချိန်ထိလည်း ဖမ်းဆီးချုပ်နှောင်မှု၊ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်မှု တွေရှိနေသေးသည်။ လက်နက်ချင်း၊ အင်အားချင်း မညီမျှသည့် ဒီတိုက်ပွဲကို ဆက်ပြီး ဆင်နွှဲနေဦးမည်ဆိုလျှင် တိဗက်ပြည်သူတွေ ဒီထက်ပိုပြီး အထိနာဖို့ပဲ ရှိပါသည်။ တိဗက်ပြောက်ကျားစစ်ပွဲ ဆင်နွှဲခြင်းကို ရပ်မှဖြစ်တော့မည်။ ၁၉၅၉-ခု ဧပြီလ ၃ဝ-ရက်နေ့မှာ လက် နက်ကိုင်တော်လှန်ရေးကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ပန်ချန်း လားမားကိုယ်တော်လေးက ကြေညာလိုက်ပါသည်။ တိဗက်ပြောက်ကျားစစ်ဆင်ရေးတို့ အဆုံးသတ်သွားလေပြီ။ တနှစ်ကျော်ကြာဆင်နွှဲခဲ့သည့် စစ်ဆင်ရေးအတွင်းမှာ ရှစ် သောင်းခုနှစ်ထောင်ကျော်သော တိဗက်ပြည်သူတို့ အသက်ဆုံးရှုံးခဲ့ရပါသည်။
စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထိမ်းသိမ်းခံရသူအများစုကို ရဲဘက်စခမ်းတွေဆီပို့သည်။ ကျောက်ထုတ်စခမ်းတွေမှာ ကျောက်ထု ခိုင်းသည်။ လမ်းဖောက် သစ်ထုတ်နှင့် မိုင်းတွင်း စသည့် အလုပ်ကြမ်းတွေရှိရာဆီကို ပို့သည်။ သြဇာတိက္ကမကြီးမားလှသည့် လားမားကြီး များကို ဖမ်းဆီးထိမ်းသိမ်းလိုက်ပြီး ဘုန်းကြီးကျောင်းများကို ပိတ်ပစ်ခဲ့သည်။ ၁၉၅၉-ခုနှစ်ကနေ ၁၉၆၁-ခုနှစ်ထိ နှစ်နှစ်အတွင်း ကျောင်းပေါင်း ခြောက်ထောင့်ငါးရာ နှစ်ဆယ့်လေးကျောင်းကို ဖျက်ဆီးပစ်ခဲ့သည်ဟုဆိုပါသည်။ တိဗက်ပြည် ရဲ့ ပထမဆုံးကျောင်းဖြစ်မှာ စမ်မြေကျောင်းဖြစ်ပြီး လားမားငါးရာကျော် နေထိုင်သီတင်းသုံး နေသည့် ကျောင်းတိုက်ကြီး တတိုက်ဖြစ်သည်။ ယခုတော့ လားမာ ၃၆ ပါးမျှသာ ကျန်တော့သည်။ ကျောင်းဆောင်အများစုကလည်း ဖျက်ဆီးခံလိုက် ရပြီဖြစ်သည်။ တချိန်တုန်းက ပျော်ရွှင် စရာကောင်းသည့် အနာဂတ်မျှော်လင့်ချက်တွေက အခုတော့ စိုးရိမ်ထိန့်လန့်မှုတွေနှင့် ရောပြွမ်းနေပြီဖြစ်သည်။ လုံခြုံမှုကင်းမဲ့ပြီး စိုးရိမ်မှုများဖြင့် ရှင်သန်နေရသောဘဝသည် တန်ဖိုးမဲ့သော ဘဝတခုပင်ဖြစ်သည်။ တိဗက်ပြည်မှာကျင့်သုံးနေသည့် တရုတ်ပေါ်လစီက သားရေဦးထုပ်စိုနှင့်တူနေကြောင်း တိဗက်လွတ်မြောက်နယ်မြေမှာ ရောက် ရှိနေသည့် တိဗက်အမျိုးသားကြီး လော့ဆန်ညိမ်မက ပြောပါသည်။ သံသယ၊ အကြောက်တရားနှင့် စိုးရိမ်ထိန့် လန့်မှုတို့ဖြင့် ရှင်သန်ရသောဘဝသည် အဓိပ္ပါယ်မဲ့သောဘဝများသာဖြစ်ကြောင်း တိဗက်ပြည်သူတို့က ပိုသိပါသည်။
ဒီဇင်ဘာမြူနှင်းတွေက တိဗက်ပြည်ကို မိမိရရ လွှမ်းခြုံထားပြီဖြစ်သည်။ ဘယ်ကိုပဲ ကြည့်လိုက်ကြည့်လိုက် တွေ့မြင်နေရသည့် မြင်ကွင်းတွေက မပီဝိုးတဝါး။ မြူခိုး တွေဝေနေပြီး ဆီးနှင်းတွေ တဖွဲဖွဲကျနေသည့် ဆောင်းရာသီအောက်မှာ တိဗက်တောင် တန်းကြီးတွေကတော့ အိပ်မောကျနေကြလေပြီ။ တိဗက်ပြည်သူတွေမှာတော့ အိပ်လို့ ပျော်မှပျော်ကြပါ့မလား ကျနော်တပ် အပ်သေချာမသိ။ တိဗက်ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေက ဟိမဝန္တာတောင်တန်းကြီးတွေပေါ်ကနေ ဖြာကျလာသည့် ဆီးနှင်းခဲကြီးတွေနဲ့ တူသလား၊ မတူသလား ကျနော်မဝေခွဲတတ်တော့။ တောအထပ်ထပ် တာင်အစွယ်စွယ်ကို ဖြတ်ကျော် တိုက်ခတ်လာသည့် တိဗက်ပြည်ရဲ့ လေနုအေးက တိဗက်ပြည်သူတွေကို မနွေးစေတော့ဘူးတဲ့ဗျာ။
ဆက်လက်ဖော်ပြပါဦးမည်။
ကိုသစ် (သီတဂူ)
၈၊ ၂၊ ၂ဝ၁၈
Comments