လှကျော်ဇော ● ရှစ်လေးလုံးနဲ့ ဗကပ

လှကျော်ဇော ● ရှစ်လေးလုံးနဲ့ ဗကပ
(မိုးမခ) သြဂတ်စ် ၁၇၊ ၂၀၁၈

“စစ်တပ်ကကွန်မြူနစ်ကို ကြောက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကွန်မြူနစ်က အဓိကရန်သူဖြစ်လို့ပဲ။ ကွန်မြူနစ်ကလည်း တိုင်းပြည်ရဲ့နှလုံးသည်းပွတ်ဖြစ်တဲ့ ကျောင်းသားများထဲဝင်တယ်။ ကျောင်းသားတွေရဲ့မျက်နှာဖုံးနောက်မှာ ကွန်မြူနစ်တွေ တပိုင်းတစ ပါကောင်းပါနိုင်တယ်။ ပါလည်း ပါပါတယ်။ မြေအောက်အဖွဲ့စသဖြင့်ပေါ့။ တိုင်းပြည်က complex ဖြစ်သွားတယ်" (ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ၈-၈-၂ဝ၁၈၊ ရှစ်လေးလုံးအနှစ် (၃ဝ) ပြည့် အခမ်းအနား။)

သတင်းကွန်ရက်တွေပေါ်တက်လာတဲ့ အသံဖိုင်အစအနလေးပါ။ မိန့်ခွန်းအပြည့်အစုံရှာမရလို့ ဒီပြောဆိုချက်ပေါ်ပဲ အခြေ တည်ပြီး ဒီဆောင်းပါးကိုရေးပါတယ်။ မကြားရတာကြာဖြစ်တဲ့ ကွန်မြူနစ်တစ္ဆေကြောက်တရားကို ရွေးကောက်ခံကိုယ်စား လှယ်ကြီးတဦးဆိုသူက မရဲတရဲ ပြောသွားတာပါ။

နှစ်ပေါင်း (၂၆) နှစ်ကြာ မဆလစစ်အာဏာရှင်စနစ်ကို တတိုင်းပြည်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တညီ တညွတ်တည်း အုံကြွတော်လှန်ဖြုတ်ချခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးကို စစ်တပ်က ရက်ရက်စက်စက်နှိမ်နှင်းဖြိုခွဲပြီး-ထပ်ဆင့်အာဏာသိမ်းပြီးနောက် နဝတဗိုလ်ချုပ်များက မိမိတို့ရဲ့လုပ်ဆောင်ချက်များ (ရက်စက်မှုများ) တရားဝင်ကြောင်း (legitimate) ပြသနိုင်ဖို့ စစ်ထောက်လှမ်းရေးခေါင်ချုပ်က သတင်းစာရှင်းလင်းပွဲများပြုလုပ်ပြီး အကြောင်းအမျိုးမျိုးပြခဲ့ပါ တယ်။ အဲဒီအထဲက လူသိအများဆုံးအကြောင်းပြချက်ကတော့ ဗကပများ အာဏာကိုဖြတ်လမ်းကရယူဖို့ကြိုးပမ်းချက် ဆိုတာပါပဲ။

အခုတခါ-ဒီရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ သွေးတွေချွေးတွေ အသက်တွေ ဘဝတွေနဲ့လဲပြီး တစိတ်တပိုင်းရရှိလာခဲ့ တဲ့ပြည်သူ ရွေးကောက်တင်မြှောက်ပေးလိုက်တဲ့ အစိုးရ၊ ပြည်သူ့ကိုယ်စားလှယ်ဆိုသူကြီးက ဒီဗိုလ်ချုပ်များနဲ့ အသံတူဟစ် လာတာကတော့ အတော်ထူးဆန်းတယ်လို့ တချို့ကဆိုလာပါတယ်။ ကိုယ်စားပြုတဲ့ အကျိုးစီးပွားတွေတူလာရင် အတွေး တူ-အမြင်တူ-အပြောတွေတူလာတတ်ကြပါတယ်။ အထူးအဆန်းတော့မဟုတ်လှပါဘူး။
--------------------------------


ကျွန်မနဲ့ သတင်းမီဒီယာတွေရဲ့တွေ့ဆုံမေးမြန်းခန်းတွေမှာ အကြောင်းသင့်လာတိုင်း ရှစ်လေးလုံးအရေးအခင်းမှာ ဗကပက ပါခဲ့ပါသလားဆိုတဲ့ မေးခွန်းမျိုး မေးခံရတတ်ပါတယ်။ ကျွန်မ တခါမှမငြင်းဆိုခဲ့ဘူးပါဘူး။ ငြင်းဆိုစရာအကြောင်းလည်း မရှိ ပါဘူး။ ၁၉၈၅ ခုနှစ်မှာကျင်းပခဲ့တဲ့ ကျွန်မတို့ဗမာပြည်ကွန်မြူနစ်ပါတီ တတိယကွန်ဂရက်အပြီးမှာချမှတ်ခဲ့တဲ့ ရှေ့လမ်းစဉ်မှာပါခဲ့တဲ့အတိုင်းပါပဲ။

စစ်အာဏာရှင်စနစ်ဆန့်ကျင်တဲ့ လူတန်းစားလူအလွှာအသီးသီး (ကျောင်းသားတလွှာတည်းမဟုတ်) ကို စည်းရုံးလှုံ့ဆော်ပြီး တပါတီအာဏာရှင်စနစ် တိုက်ဖျက်ရေးကိုလုပ်ဆောင်ပြီး ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေးအတွက်ကြိုးပမ်းရေးဆိုတာပါ ပဲ။

ကျွန်မတို့ရဲ့လတ်တလောလုပ်ငန်းစဉ်ကလည်း စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးပါပဲ။ ဒီလုပ်ငန်းကို ကျွန်မတို့ဦးဆောင်နိုင်ရင် ဦးဆောင်မယ်။

ကိုယ်ဦးမဆောင်နိုင်တော့ရင်လည်း ဦးဆောင်လုပ်ဆောင်နိုင်သူများကို ဝန်းရံမှာပါ။ ဒါ့ကြောင့် စစ်အာဏာရှင်စနစ်တိုက် ဖျက်ရေးလုပ်ငန်းတွေမှာ ကျွန်မတို့ဗကပများ ရတဲ့နေရာ၊ လုပ်နိုင်သမျှနေရာ၊ လုပ်ခွင့်ရသမျှနေရာတွေက အရင်ကရော၊ အခုရော၊ နောင်မှာရော ပါဝင်ပတ်သက်နေမှာပါ။ ဒါကို ဗမာပြည်သူများသာမက ဗမာပြည်အရေး ထဲထဲဝင်ဝင်လေ့လာဖူးတဲ့နိုင်ငံခြားသမားများတောင် သိပါတယ်။

ဥပမာ- Martin Smith ရဲ့ Burma;Insurgency and the Politics of Ethnicity. စာအုပ်မှာ ဒီလိုရေးထားတာတွေ့ရပါတယ်။
“ဗမာပြည်ရဲ့ အရေးပါတဲ့အရေးအခင်းလှုပ်ရှားမှုကြီးတွေမှာ ဗမာပြည်ကွန်မြူနစ်ပါတီပါဝင်ပတ်သက်နေတယ်ဆိုတာ မထူး ဆန်းပါဘူး။ မပါဝင်ဘူးဆိုမှ ထူးဆန်းတာပါ။” တဲ့။

၁၉၈၅ ခုနှစ် ဗကပကတင်ခဲ့တဲ့ကြွေးကြော်သံ (၂) ရပ် (တပါတီအာဏာရှင်စနစ်တိုက်ဖျက်ရေးနဲ့-ပါတီစုံဒီမိုကရေစီ စနစ်ကျင့် သုံးရေး) ဟာ ၃ နှစ်အကြာ ၁၉၈၈ ခုနှစ်မှာ လူထုကြား ကျသွားပါတယ်။ ဒီနောက်မှာတော့ လူထုကြီးတရပ်လုံးဟာ အလွန်ညီ ညွတ်တက်ကြွစွာ တီထွင်ဖန်တီးမှုမျိုးစုံနဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအရေးတော်ပုံကြီးကို ဆင်နွှဲခဲ့ကြပါတယ်။ ဒီအရေး တော်ပုံကြီးရဲ့ရည်မှန်းချက်များဟာ အခုထိအပြည့်အဝမရသေးပေမယ့် တစုံတရာအတိုင်းအတာတခုအထိတော့ရနေပါပြီလို့ဆိုနေကြသော်လည်း ၂ဝဝ၈ အောက်က ရင်ကြားစေ့ထားရတာဖြစ်လို့ စစ်အာဏာရှင် အလိုမကျရင် အချိန်မရွေး ပျောက် ဆုံးသွားပါလိမ့်မယ်။

စနစ်ဆိုးတွေကိုဖယ်ရှားဖို့ကြိုးစားရာမှာ လွယ်လွယ်ကူကူရတာ မရှိနိုင်ပါဘူး။ တဆင့်ပြီးမှ တဆင့်တက်ရတာပါ။ အဲဒီ အဆင့်တွေမှာ တချို့လူတွေ (ဥပမာ-အထက်ကပဲခူးတိုင်းဝန်ကြီးချုပ်)(အောက်ခြေလွတ်) သွားတတ်ပါတယ်။ မိမိကိုယ်မိမိ ပြည်သူလူထုရဲ့ကိုယ်စားလှယ်လို့သဘောထားရင်တော့ ပြည်သူလူထုကြီးတရပ်လုံး မလွတ်မြောက်မချင်း အဆက်မပြတ် ကြိုးစားရမှာပါ။ အခုတော့ကြည့်ရတာ ပဲခူးဝန်ကြီးချုပ်က စစ်အာဏာရှင်တွေရဲ့ ရပ်တည်ချက်အတိုင်း နိုင်ငံရေးနိုးကြားမှုရှိတဲ့ ကျောင်းသားတွေကို မျက်စိစပါးမွေးစူးနေပုံရှိတယ်။ နောင်တနေ့အတွက် အခုကတည်းက ဆင်ခြေရှာထားပုံရပါတယ်။

ဒီချုပ်အစိုးရထဲကဝန်ကြီးချုပ်တွေ အာဏာလေးရလာတာ ၂ နှစ်ကျော်ရှိသေး ဇာတိတွေပြလာတာတွေ့လာနေရပါတယ်။ စားကြွင်းစားကျန်စားရတာကို ယစ်မူးလာတယ်။ တလောက ကယားဝန်ကြီးချုပ်ကလည်း တပ်ကိုတာဝန်ပေးရမယ်လို့ ပြော တာလည်းကြားရတယ်။(သူမပြောပါဘူးလို့ငြင်းတာလည်း ကြားရပါတယ်။)
--------------------------

ဒီနေရာမှာ ကြံကြိုက်လာလို့ ဖေဖေ သူ့စာအုပ်ထဲရေးထားတာလေး ဝေမျှချင်လာပါတယ်။

“ကျွန်တော့်အတွေ့အကြုံအရတော့ အထူးသဖြင့် လူထု၏ ဒုက္ခဝေဒနာကို မခံစားနိုင်၊ မစာနာနိုင်နှင့် လက်လွတ်စပါယ် ပြောတတ်၊ ဆိုတတ်၊ လုပ်တတ်ကိုင်တတ်သူများသည် လက်ရှိထောက်လှမ်းရေးသော်၎င်း၊ နောင်တနေ့ဖောက်ပြန်သွား သူများသော်၎င်း၊ ဖြစ်နေတတ်ပါသည်။ ဗမာပြည်နိုင်ငံရေးမုန်တိုင်းကလည်း အလွန်ပြင်းထန်လေရာ အခြေခံစိတ်များ တ ကွေ့မဟုတ် တကွေ့ ဖျတ်ကနဲဖျတ်ကနဲပေါ်လာတတ်ပြီး၊ အဆင့်တဆင့်ရောက်သည့်အခါ၊ သစ္စာဖောက်များဖြစ်သွားကြ ပါတော့သည်။"
(ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော။ ကိုယ်တိုင်ရေးအတ္ထုပွတ္တိ၊ ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့ (ယဉ်မျိုးစာပေ) နှာ - ၂၇ဝ)။

တကယ်လည်း လူတဦးတယောက်အနေနဲ့ သူရဲကောင်းဖြစ်သွားတာပဲဖြစ်ဖြစ်၊ သစ္စာဖောက်ဖြစ်သွားတာပဲဖြစ်ဖြစ်၊ တနေ့ တရက်တည်းနဲ့ဖြစ်သွားတာ မဟုတ်ပါဘူး။ အရေအတွက်တွေ တဖြည်းဖြည်းစုစည်းလာပြီးမှ အရည်အချင်းတရပ်ကို ပြောင်း လဲသွားတာဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကြီးကိုပယ်ဖျက်ပေးနိုင်ကောင်းရဲ့ဆိုပြီး ပြည်သူလူထုကြီးတရပ်လုံးက (သွေး တွေ၊ ဘဝတွေ၊ အသက်တွေပေးပြီး) ပခုံးနဲ့ထမ်းတင်ပေးခဲ့တဲ့ ပြည်သူ့ကိုယ်စားလှယ်ကြီးတချို့ပြောဆိုလုပ်ဆောင်ချက် တွေဟာ အတော်အံ့သြစရာကောင်းပါတယ်။ စေတနာနဲ့ သတိပေးလိုက်ပါရစေ။ အရေအတွက်တွေ တဖြည်းဖြည်းများလာ နေပြီနော်လို့။

လှကျော်ဇော
၁၃-၈-၂ဝ၁၈။

မှတ်ချက်
သြဂုတ်လ (၁၅) ရက်နေ့ ၇၉ နှစ်ပြည့်ပါတီမွေးနေ့ကို ဂုဏ်ပြုရေးသားပါတယ်။
0