မောင်ဥက္ကလာ - ဖိတ်စာရလား - မဆိုင်သူ မကပ်နဲ့



မောင်ဥက္ကလာ - ဖိတ်စာရလား - မဆိုင်သူ မကပ်နဲ့
(မိုးမခ) သြဂုတ် ၁၀၊ ၂၀၁၈

စာမရေးတာကြာပြီ … ဘာဖြစ်လို့လဲဆိုတော့ ဓါတ်ဆီဈေးကြီးလို့၊ ဒေါ်လာဈေးတက်လို့မဟုတ် အချိန်မရှိလို့ မရေးတာ၊ အထူးအားဖြင့် “လူသတ်သမားတွေ လွတ်နေတဲ့” ဒီမိုး ခရေဇီ (This rain is crazy - that's why it's causing flood everywhere) ဖြစ်နေတဲ့ တိုင်းနိုင်ငံကြီးမှာ စိတ်ဆိုးလွယ်တဲ့ လူကြီးတွေ စိတ်ခု၊ အထင်လွဲမယ့်စာမျိုးတွေ ရေးရမှာ လက်တွန့်နေမိလို့ပါ။ 

ဒီတခါ လူကြီးတွေ စိတ်ဆိုးစိတ်ခုမယ့်စာမျိုး မရေးဘူး။ ကြိုပြောပါရစေ ... သက်တူရွယ်တူအတွက် ရေးတာပါ။ စိတ်မဆိုးနဲ့ လူအုပ်နဲ့ ဝိုင်းမရိုက်နဲ့။ မကျေနပ်ရင် ဖွဘုတ်ကနေ Live လွှင့်ပြီး လူဒိုင်း လူဒိုင်းဆိုပြီး ဆဲဆိုစိန်ခေါ်ပါ။ ကိုယ်ကတော့ ကြောက်လို့ တုံ့ပြန်မယ်မဟုတ်။

တမနက်လုံး လည်းကတုံးဝတ်လိုက်၊ ကချင်ပုဆိုးစွပ်လိုက်။ တော်ကြာနေ ပင်နီတိုက်ပုံဝတ်လိုက်၊ ချိတ်ပုဆိုးစွပ်လိုက် မှန်ကြည့်လိုက် အလုပ်ရှုပ်နေတဲ့ မောင်ဥက္ကလာကို အခန်းထောင့်မှာ စာကျက်သယောင်ရှိတဲ့ မြေးမလေးက “ဖိုးလေး အလှုသွားမလို့လား ”လို့ တချက်မေးလိုက်တယ်။ 

“အခြားတနေရာ သွားမလို့” ပြောတော့ .. 

“ သြော် … သိပြီ .. ဟို အရက်အရမ်းသောက်ပြီး တွေ့မရှောင် နိုင်ငံရေးလား … ဝေဖန်ရေးတွေ မပြတ်ပြောတဲ့ ဖိုးလေးသူငယ်ချင်း နောက်တယောက် သွားပြန်ပြီလား ...” လို့ မေးပြန်တယ်။
“ကောင်မလေး … အရမ်းကာရော ပေါက်ပေါက်ရှာရှာ” လို့ ဟောက်လိုက်တော့ … 

”သိဘူးလေ … ဖိုးလေး ဘော်ဘော်တွေက တယောက်ပြီးတယောက် သွားနေကြတော့ … အဲ့ဂလို ထင်တာပေါ့” လို့ ပြန်တွတ်တယ်။
အင်း … သူပြောမယ်ဆိုလည်း ပြောစရာ … ခရီးကြမ်းကြီးကို အသက်မသေ ကျော်လွှာဖြတ်သန်းပြီး ဒီဘက်ခေတ်ကောင်း ရောက်ခါနီး၊ ကိုယ်လူဆိုသူတွေ ပလ္လင်ထက်ရောက်မှ အပစ်ပယ်ခံဖြစ်ကာ ရင်ကွဲနှလုံးခွဲခံ ကြေမွသွားတဲ့ ကောင်တွေ မနည်းတော့ပြီ။ ပြေးကြည့်လိုက် ကိုယ်နဲ့ တကောင်စ နှစ်ကောင်စပဲ ကျန်တော့တယ်။

မြေးမနဲ့ စကားပြောဆိုရင် ရေချိုးခန်းထဲဝင် လက်သီးလက်မောင်းတန်းပုံပါ အနီရောင်တီရှက်နဲ့ ဂျင်းဘောင်ဘီအနက်ကိုဝတ်ပြီး ပြန်ထွက်လာတော့ … စစ်ထောက်လှမ်းရေး ဝင်စားသလားမသိ မျက်ခြေမပြတ် စောင့်ကြည့်နေတဲ့ မြေးမက … 

“သိပြီး … ဖိုးလေးက မကြီးမငယ်နဲ့ ဘာအရေး ညာအရေး ဆန္ဒသွားပြမလို့ မဟုတ်လား။ ဖိုးလေးရယ် … အသက်လည်း ကြီးပါပြီ … စိတ်လျှော့လိုက်ပါ။ အဲဒီလို လုပ်မယ့်အစား ဘယ်သူဘယ်ဝါကပ်ပြီး အသက်ခုနှစ်ဆယ်၊ ရှစ်ဆယ်ရောက်ရင် အစိုးရမှာ လူကြီးလုပ်ဖို့ အားမွေးထားပါ။ ”

ဒီကလေးမ အံ့ဖွယ်သရဲ ဆီလိုအပေါက်ရှာ စကားတတ်တယ်။ ဘယ်သူဘယ်ဝါဆီက ဒီလိုစကားမျိုးတွေ သင်ယူလာလဲ မသိ။ ဒါနဲ့ သူ့အမေးအပြောကို သူနားလည်အောင် ပြန်ပြောမိတာက … 

“ဒီလို သမီးရဲ့  ဒီနေ့က ဟိုးလွန်ခဲ့တဲ့ နှစ် (၃၀) တုန်းက အဖိုးလေး မျိုးဆက်ဟောင်းကြီးတွေ တက္ကသိုလ်ကျောင်းသားဘဝ ပျော်မြူးနေတုန်း အကြောင်းအမျိုးမျိုးကြောင့် အနုပ်စုတ်ကုပ်စုတ် တပါတီ အာဏာရှင် ဆိုရှယ်လစ်အစိုးရကို ဆန္ဒတွေပြ တွန်းလှန်ခဲ့ကြတယ်။ တချို့ ကတော့ အရမ်းကာရော သူတို့လုပ်လို့ ဒီခေတ်ပြောင်းတော်လှန်ရေးကြီး ကျရှုံး … အယ် .. အောင်မြင်ခဲ့တဲ့လို့ လက်ပတ်နီကြီးတွေပတ်ပြီး ဒီနေ့အထိ ဟောပြောနေတုန်း။ တချို ကလည်း အခြောက်တိုက် မာစီဒီး၊ ဖို့ဒ်ကားကြီးတွေ စီးရလို့ ကျေနပ်ပျော်နေကြတယ်။
ဆိုခဲ့သလို အဲဒီအချိန်တုန်းက သူတို့အာဏာကို ထိပါးလာတဲ့ လူ၊ ဘုန်းကြီး၊ ယောက်ျားမိန်းမ၊ ခလေးခွေးမရှောင် အစွယ်တဖွေးဖွေး ကျွေးတဲ့လက် ပြန်ကိုက်တတ်တဲ့ စစ်ဘီလူးတွေ ရက်ရက်စက်စက် သတ်ဖြတ်ချေမှုန်းလို့ ရာထောင်နဲ့ချီ ဆန္ဒပြသူတွေ သွေးမြေကျခဲ့တာ ဒီနေ့ဆို နှစ်သုံးဆယ် ပြည့်ခဲ့ပြန်ပြီ။ အဲဒီနေ့မှာ သေသွားတဲ့ လူတွေကို အောက်မေ့ဂုဏ်ပြုပွဲ အခမ်းအနား သွားမလို့ ဘာဝတ်သွားရင် ကောင်းမလဲလို့ ရွေးနေတာ။”

“အဲဒါ ဒီနေ့လား။ အိမ်ကလူတွေနဲ့ ရပ်ကွက်လူတွေ ဘယ်သူမှ မသိဘူးနော်။ သမီးတို့ကျောင်းမှာလည်း အဆူအပူ အရိုက်ကြမ်းတဲ့ ဆရာ၊ ဆရာမတွေ၊ ကိုယ်လိုသူလို သမိုင်းဆို နားကန်းတလုံးမှ မသိတဲ့ သူငယ်ချင်းတွေ ပြောတာလည်း မကြားမိ။ အရင်တုန်းကလည်း အဖိုးလေး မုန့်ကျွေးပြောပြလို့ သမီးတို့ နည်းနည်းသိပေမယ့် ဘာဖြစ်လို့ အဲဒီအကြောင်းတွေကို သမီးတို့ကျောင်းမှာ မသင်၊ မပြောကြတာလဲ … ”

“ အဖိုးလေးအထင် အစိုးရက တဦးတယောက်ကို ကြောက်နေလို့ ဖြစ်မယ် … အဲဒါကြောင့် ဟို ရူးကြောင်မူးကြောင် ပဲညွှန့် ပြောင်းသွားတဲ့ သမီးတို့ ပညာရေးကို အခုထိ ဘာမှမယ်မယ်ရရ မပြင်နိုင်သေးတာ။ ပြီးတော့ သမီးလေးတို့နဲ့ တမျိုးသားလုံး ‘အ’ အောင် သမိုင်းဆိုတာကို မသင်တော့တာ။ သူတို့အမြင် နိုင်ငံသားတွေ မျက်စိကန်း၊ ‘အ’ မှ ငြိမ်းချမ်းမှာလို့ ထင်နေကြတာ …”

အဲ့ဂလို မြေးမလေးကို ရှင်းပြသလိုလိုနဲ့ နိုင်ငံရေးတွေပါပြီး လူကြီးမကြိုက်တာတွေ ပြောမိသွားတာပါ။ အဲဒါ ကလေးအပြစ် ကျနော်မျိုးအပြစ် မဟုတ်ပါ။ သူကလေးမေးလို သိသလိုတတ်သလို ဖြေမိတာ။
“ဖိုးလေး ဒါတွေ လေရှည်ပြောနေရင် ဖိုးလေးသွားရမယ့်ကိစ္စ ရောက်မှာ မဟုတ်တော့ဘူး။ ဖိုးလေး ဘယ်လိုဝတ်သင့်သလဲဆိုတာကို သမီး ရွေးပေးမယ် … ဒီမှာကြည့် .. နာရေးတို့၊ အောက်မေ့ဘွယ် အခမ်းအနား၊ ဒီလိုနေ့မျိုးဆိုရင် အမည်းရောင် အနက်ရောင်ဝတ်စုံတွေ ဝတ်ရတယ်။ တောက်တောက်ပြောင်ပြောင်၊ ဖြူဖြူကျားကျားတွေ မဝတ်ရဘူး။ ဖိုးလေးကလဲ နိုင်ငံတကာ အခမ်းအနားတွေ မကြည်ဖူးဘူးလား… အဲဒီမှာ ခေါင်းဆောင်၊ နောက်လိုက် ပြည်သူတွေ အမည်းရောင်ဝတ်စုံတွေဝတ်ပြီး ကျဆုံး၊ သေဆုံးသွားသူတွေကို ဂုဏ်ပြုကြတာ။ ဘယ်သူမှ ပုဝါခြုံပြီး၊ ဖြူဖြူတောက်တောက်တွေ၊ ရွှေတွဲလဲငွေတွဲလဲ၊ ပန်းတွေပန်ဆင်ပြီး မိန့်ခွန်းခြွေဖို့ မသွားကြဘူးလေ။”

စိတ်ထဲမှာ ဒီကလေးမလေး ဆယ်တန်းတောင် မအောင်သေးဘူး အကွပ်အထိန်းမဲ့ တော်တော်တက်နေလိုက်တာလို့ ကြိတ်ချီးကျူးမိကာ … 

“ကဲ ကောင်းပါပြီ မယ်မင်းကြီးမ အကြံပြု၊ ဆင်မြန်းပေးတဲ့အတိုင်း သွားပါတော့မယ်။”

“အယ် … ပန်းဆိုလို့ အဖိုးလေး လမ်းထိပ်ဈေးထဲက နှင်းဆီနီ… အနက်ရောင်ရရင်တော့ ပိုကောင်းပေါ့ … တပွင့်လောက် ဝယ်သွားပြီး အောက်မေ့ဘွယ်အခမ်းအနား သတ်မှတ်ထားတဲ့နေရာမှာ တလေးတစားထားပြီး သေသွားသူတွေကို ဆုတောင်းမေတ္တာပို့လိုက်ပေါ့။”

ကိုယ့်ကိုယ် ဆရာလုပ်နေသူကို တချက်ကြည့်ပြီး … 

“အဲဒါတွေ လိုလို့လား … ဟိုမှာ အဖွဲ့အစည်းတွေ၊ ဆရာဆရာမကြီးတွေက ပန်းခြင်းတွေ၊ ပန်းခွေတွေ ချကြမှာ။ ပြီးတော့ သူတို့တွေရဲ့  ဂုဏ်ပြောင်ခဲ့တဲ့ အတိတ်ဇာတ်လမ်းတွေ ပြောမှာကို နားထောင်ရအုံးမှာ… ဖိုးလေး ယူသွားတဲ့ ပန်းလေး မျက်နှာငယ်စရာ ဖြစ်နေပါ့မယ်…”

“ဟာ ဖိုးလေးကလဲ … ဖြစ်သင့်တာက တက်ရောက်လာသူတွေအားလုံး အနက်ရောင်၊ အမည်းရောင် ဝတ်စုံတွေနဲ့ နှင်းဆီပန်း၊ သစ္စာပန်း စသဖြင့် ပန်းတပွင့်ဆီကိုင်ပြီး အားလုံးတူညီ သတ်မှတ်ထားတဲ့နေရာမှာ ဂါရဝပြု၊ အလေးပြု လုပ်ကြနိုင်ရင် ပိုကောင်းအနှစ်သာရရှိတယ်။ ဖိုးလေးတို့ … အခုလုပ်မယ့် ရှစ်လေးလုံးလား။ ရှစ်သုံးလုံးပွဲမှာဆို အဲဒီကျင်းပတဲ့နေရာကို အားလုံးလက်တွဲ တန်းစီးပြီး ရှစ်ပတ်ပတ်ပြီးမှ ပန်းတွေ၊ ပန်းခြင်း၊ ပန်းခွေတွေကို ချကြရင် ပိုကြည့်ကောင်းမယ်လို့ သမီး တွေးကြည့်မြင်မိတယ်။”

အလိုလေ … ဒီကလေးမ ဘယ်အချိန်ကတည်းက ဒါတွေ တွေးနေ၊ စဉ်းစားနေလဲမသိ … သူ့အဖေ၊ အမေတွေ သိသွားရင် ကျုပ် ပယောဂတွေကြောင့်လို့ ထင်ယောင်ထင်မှား ဖြစ်ကုန်တော့မယ်။ 

“သမီးလေး ပြောတာတွေ အလွန် ဗယ်ရီဂွတ်ပါတယ်။ ဒါပေမဲ့ လုပ်မယ့် အခမ်းအနားက ရှစ်လေးလုံး နှစ်သုံးဆယ်ပြည့် ပွဲပါ။ ဘယ်ကနေ ဘယ်လို ရှစ်သုံးလုံး ဖြစ်သွားရတာလဲ … ပေါက်ပေါက်ရှာရှာ … ဟို ရေဘေးဒုက္ခရောက်နေသူတွေကို မကယ်နိုင်၊ ဘာမှမလုပ်တတ်တဲ့ ဟို ဖဲခိုး (ဘိုသံနဲ့ပြောခြင်း) တိုင်း ဝံကြီးလို ကွန်မြူနစ်တွေ တစ်လုံးကို အမှောင့် ပယောဂတွေနဲ့ ယူသွားလို့လား။”

“ဟုတ်ဘူးလေ .. ဖိုးလေးကလဲ .. ဖဲခိုးတိုင်းဝံကြီးဆိုတာ မျောက်ဝံလား၊ ဝက်ဝံလား။ ကွန်မြူနစ်က … ဘယ်မှာ နစ်တာလဲ … တိုက်တန်နစ်တော့ ကြည့်ဖူးတယ် … အို .. ဖိုးလေးတို့ ဂျန်နရေးရှင်းက အတော်ရှုပ်တာပဲ … ဒါကြောင့်လဲ သမီးတို့ ကျောင်းမှာဆို ဘာတွေ သင်နေမှန်း မသိဘူး။ ထားတော့ ဖိုးလေးပြောတဲ့ ရှစ်လေးလုံးက ဖိုးလေးတို့ခေတ်တုန်းကလေ … အဲဒီမှာ ရှစ်လေးလုံး … အခုဒီနှစ်ကို ကြည့်လိုက်တော့ ရှစ်တယောက်ပျောက်၊ သုံးလုံးပဲ တွေ့လို့ပါ။ ဒါကြောင့် သမီးက ဒီနှစ်ကို ရှစ်သုံးလုံးလို့ ပြောတာ။ တဘောင်အရကြည့်ရင် တစ်လုံးလေထဲကျ ငါ ငုပ်လို့ရဆိုပြီး ဖိုးလေးပြောတဲ့ ဟိုအခွင့်အရေးသမားတွေ ယူသွားသလား မသိဘူးနော် … နောက်ဆိုရင် နှစ်လုံး၊ တစ်လုံးပဲ ကျန်တော့မယ်။”

ဟာ … ဒီကလေးမလေး တကယ့်ကိုပဲ ပေါက်တီးပေါက်ရှာ ပြောတတ်တယ် …
ကဲ … အမွှေစိန်လေး … ညည်းနဲ့ လေရှည်နေလို့ မပြီဘူး … အချိန်မှန်ကျင်းပမယ့် ပွဲအမှီ ပြေးလိုက်အုံးမယ်။ တော်ကြာနေ နောက်ကျလို့ အပေါက်ဝက ပြန်လာနေရအုံးမယ်။
အဲ့ဂလို မြေးမလေး ဆင်မြန်းပေးလိုက်တဲ့ အထက်အောက် အနက်ရောင် (Man in Black) စတိုင်နဲ့ အပြေးအလွှာ ရောက်ရှိသွားတော့ ကျောင်းဂိတ်ဝမှာ တလူလူလွှင့်ထူထားတဲ့ ခွပ်ဒေါင်းအလံများ၊ အခမ်းအနားပွဲဆိုင်ဘုတ်ကြီးတို့ကို တွေးမြင်ပြီး ရင်ထဲတလှပ်လှပ်ဖြစ်မိ။ ပြီးတော့ အဓိပတိလမ်းမကြီးအတိုင်း လျှောက်လာပြီး ဘေးဝဲယာတလျှောက် စိုက်ထူထားတဲ့ အနီရောင် ဒေါင်းအလံတွေကို ဦးညွှတ်အလေးပြုပြီး အခမ်းအနား ကျင်းပရာ အပန်းဖြေရိပ်သာဆီ ရောက်ရှိခဲ့တယ်။ ဒီတခါတော့ အပန်းဖြေမှာ အလွမ်းတွေ ဝေရပြန်ပေါ့။
ကျောင်းဂိတ်ဝကနေ လျှောက်လာတဲ့ လမ်းတလျှောက်၊ အခမ်းအနားခန်းမထဲ ရောက်ရှိနေကြတဲ့ ရောင်စုံဝတ်စုံဝတ်မြန်းထားတဲ့ ကျောင်းသားအိုကြီးများ၊ မျိုးဆက်သစ်မျက်နှာသစ်များကို ငေးမောကြည့်ပြီး တရုန်းရုန်း ဟိုတိုးဒီဝှေ့ နှုတ်ဆက်ပြောဆိုနေကြများကိုကြည့်ပြီး နှစ် (၃၀) အကြာမှာ ဒီလူတွေ ဆံဖြူသွားကျိုး အတော်အိုစားသွားပါလားလို့ မှတ်ချက်ပြုမိ။ 

မြေးမလေး ပြင်ဆင်မှုနဲ့ ကိုယ်က မည်းသည်းနက်မှောင်နေပေမယ့် အများစုက အထက်ဖြူ၊ အောက်မည်းစိမ်းပြာ။ တချို့ တွေက လွှတ်တော်ပွဲ တက်သလို ပင်နီတွေနဲ့။ ဒီကြားထဲ အထက်အောက်ဖြူ မိက်ကပ်အဖွေးသား ချယ်မှုန်းဝတ်ဆင်ထားတဲ့ အကယ်ဒမီပွဲ တက်လာတဲ့ မင်းသမီးလိုလို ဒီမိုမင်းသမီးတွေလည်း တွေ့ရ။ သြော် … သူတို့လည်းလေ လောကီသားမို့ လှချင်ပေမည်။ 

အဲ့ဂလို အတွေးစုများနဲ့ ကသုတ်ကရိုက် နောက်ကျမှာကို စိုးရိမ်လို့ အပြေးအလွှာ ရောက်ခဲ့ပေမယ့် (၃) ရက်ကြာ ငွေကြေးအကုန်အကျခံပြီး (မည်သူမည်ဝါ မည်သို့မည်ပုံ ရရှိ၊ သုံးစွဲကုန်ကျသလဲ မသိ) တခြိမ့်ခြိမ့် ကျင်းပခဲ့တဲ့ နောက်ဆုံးနေ့ ပွဲကြီးက (၁၀) နာရီလောက်အထိ မစနိုင်သေး။ မီးကလေး တချက်ပိတ်လိုက်ပါ … ပြန်လာခဲ့မယ် ပြောတဲ့လူလည်း မရှိ။

အခြေအနေက ဟိုလွန်ခဲ့တဲ့ နှစ် (၃၀) တုန်းကလို တရုန်းရုန်း။ ဒါပေမဲ့ အခုအခါမှာတော့ ဖိတ်စာနဲ့ ဖိတ်ကြားထားသူများ မရောက်သေးလို့လား။ ဖိတ်စာမရဘဲ တက်ရောက်လာသူတွေကို စီစစ်ဖို့လား မသိ။ ဟိုတစု ဒီတစု … တသက်တာ ခေါင်းဆောင်လုပ်ခွင့် လက်မှတ်ရထားသူတွေနဲ့ ဓါတ်ပုံတွေ တွဲရိုက်ကြ၊ လက်ဆွဲနှုတ်ဆက် မေးကြပြောကြနဲ့ ပျော်စရာကြီး။ တချိန်ကဆို ဓါတ်ပုံရိုက်သူက ထောက်လှမ်းရေးတွေ။ အခုတော့ လူတိုင်း … လူတိုင်း … ဖုန်းကင်မရာကိုယ်စီနဲ့ အကုန်ရိုက်၊ သတင်းထောက်တွေကလည်း တဝုန်းဝုန်း … ချွေးတဒီးဒီး ပြူးပြူးပြဲပြဲ ကိုယ့်ရုပ်ကြီးလည်း ဒီတဖျတ်ဖျတ်အောက်မှာ လွတ်မယ်မထင်… ကြောက်လိုက်တာ ဒူးတွေတုန်လို့...

ဘာလို ဒီအချိန်ကြီးမှာ ဒူးတွေတုန်၊ ရင်တွေခုန်နေတာလဲလို့ တွေးကြည့်တော့ ကိုယ်က ဖိတ်စာမရဘဲ လာခဲ့သူ ဖြစ်နေပြန်။ ဖွဘုတ်သတင်းတွေအရ ဒီ သမိုင်းဝင်နေ့ကြီးကို တက်ရောက်ဖို့ အခမ်းအနား ကျင်းပရေးအဖွဲ့ဝင်တွေ တအိမ်တက် တအိမ်ဆင်း၊ တရုံးဝင် တရုံးထွက် တလေးတစား ဖိတ်စာတွေ လိုက်ပေးနေကြောင်း သိခဲ့ရပြီး အဲဒီရက်တွေအတွင်း အိမ်ရှေ့ တံခါးတောင်မပိတ်၊ ဖုန်းခေါ်သံ အကျယ်ကြီးထားပြီး စောင့်ခဲ့မျှော်ခဲ့ပေမယ့် စာမလာ အကြောင်းမကြားနဲ့ မောခဲ့ရ။ 

တချို့ တွေတော့ ဖိတ်စာတွေ ဝမ်းပန်းတသာ ရရှိလက်ခံပြီး ပေါ်မလာခဲ့ … ဘယ်လာနိုင်မလဲ … ဒီပွဲက အကယ်ဒမီဆုပေးပွဲ၊ အိုင်ဒိုလ်ရွေးပွဲမှာ မဟုတ်တာ။ ကိုယ်တွေ ဖိတ်စာမရလို့ မြေးမလေးတောင် မပြောရဲ … တော်ကြာနေ ဖိုးလေးကလဲ ဖိတ်စာမရဘဲသွားတယ် … မရှက်ဘူးလားလို့ ပြောခံထိနေအုံးမှာ။

အဲ့ဂလိုနဲ့ အမြဲတမ်း နေရာမယူတတ်၊ မရတတ်တဲ့ မောင်ဥက္ကလာလည်း ဒီတပွဲတော့ နေရာကောင်းရအောင် အများစု ဓါတ်ပုံတွေရိုက်၊ စကားတွေပေါနေချိန်မှာ ရှေ့ ဆုံးတန်းမှာ သွားနေရာယူ ထိုင်နေလိုက်တယ်။ နောင်ဆို နေရာယူတတ်အောင် ကြိုတင်လေ့ကျင့်တဲ့ သဘောပေါ့။ 

အဲ့ဂလို နေရာယူပြီး ဖြတ်သွားဖြတ်လာ၊ အနီးအနား ဓါတ်ပုံလာရိုက်သူတွေကို သိသလိုလို၊ ဘာလိုလိုနဲ့ ပြုံးပြလိုက်၊ ခေါင်းငြိမ့်လိုက်နဲ့ ပူစပ်စပ်လေထုထဲမှာ ရှစ်ဆယ့်ရှစ် လက်ကမ်းစာရွက်ကို တဖျတ်ဖျတ်ခပ်ပြီး ကျင်းပလုဆဲဆဲ အခမ်းအနားကြီးကို မျက်စိအသာမှိတ် တောင်တွေးမြောက်တွေး စောင့်မျှော်နေလိုက်တယ်။

ကွမ်းတရာညှက်ခန့်မှာ … လက်မောင်းကို လာတို့ထိပြီး … လက်ပတ်စီးထားတဲ့တယောက်က လာပြောတယ် … ဒီနေရာမှာ ထိုင်လို့မရဘူး။ ဒီရှေ့ ဘက်အတန်းတွေက ဖိတ်ကြားထားတဲ့ အထူးဧည့်သည်များအတွက် … ဒါကြောင့် နောက်ရွှေ့ ပေးပါတဲ့။ 

ရုတ်တရက် ဘာပြောရမှန်းမသိ … အိပ်ရာမှ လန့်နိုးသလို ရုတ်တရက် ထိတ်ကနဲ ဖြစ်သွားပြီး … ကြောင်အန်အန်နဲ့ ဟုတ်ကဲ့ဆိုကာ နောက်နှစ်တန်းကို ရွှေ့ ထိုင်လိုက်ပြီး ဘယ်သူဘယ်ဝါတွေ လာမလဲလို့ စောင့်ကြည့်နေလိုက်တယ်။

ခဏအကြာ တိုင်းဝံကြီးတွေ၊ အမတ်မင်းတွေ၊ သံတမန် အဖြူအဝါတွေ ရောက်ရှိလာသလို၊ တသက်တာ ခေါင်းဆောင်တွေလည်း မင်္ဂလာခမ်းမထဲ ဝင်လာတဲ့ သတိုးသား၊ သတိုးသမီးတွေလိုလို၊ အကယ်ဒမီပွဲ တက်လာတဲ့ မင်းသား၊ မင်းသမီးတွေလို အပြုံးကိုယ်စီ၊ လက်တွေဝှေ့ယမ်း ရောက်ရှိလာပြီး၊ တဦးနဲ့တဦး နှုတ်ဆက်၊ ဓါတ်ပုံတွေရိုက်၊ ဘီစီကွတ်ကဒ်တွေ ပေးကြနဲ့ တော်တော်လေး စည်းစည်းကားကား ဖြစ်သွားတယ်။
တဝုန်းဝုန်း တီးခတ်နေတဲ့ တေးဂီတအောက်က မြင်ရတဲ့ မြင်ကွင်းက တချို့ တွေအတွက် တကယ်ကြည်နူးစရာ… 

အဲ့ဂလိုနဲ့ ဘယ်အချိန်ရောက်ရမှန်း မသိလို့လား။ ဘယ်လိုပွဲ လုပ်မလဲဆိုတာ မသိလို့လား။ ဘယ်သူတွေ ဘာတွေပြောကြ ဆိုကြ ဖျော်ဖြေမယ်ဆိုတာ မသိလို့လား … လား … လားတွေနဲ့ ဧည့်သည်တော်တွေက တဖွဲဖွဲ တိုးဝှေ့ရောက်လာကြလို့ သတ်မှတ်ထားတဲ့ အထူးဧည့်သည်တော်များနေရာမှာ ပြည့်လျှံသွားပြီး ထိုင်ခုံတွေတိုး၊ နောက်တန်းကလူများ နေရာဖယ်ပေးရနဲ့၊ အရှေ့ ပိုင်းမှာလည်း ပြုံးချိုရွှင်ပြ မျက်နှာပေးနဲ့ ဝံကြီး၊ ဝံလေး၊ ကျောင်းသားခေါင်းဆောင်ကြီးများကိုလည်း အကုန်မြင်၊ အကုန်ရိုက် မီဒီယာအုပ်စုက မလွတ်တမ်း မှတ်တမ်းတွေ တင်မပြီသေး။ 

အဲ့ဂလိုအချိန်မှာ အခမ်းအနား ကြီးကြပ်သူတဦးရဲ့  အသံက ဖိတ်စာမပါလို့ လိပ်ပြာမလုံ ဖြစ်နေတဲ့ မောင်ဥက္ကလာ ရင်ကို စူးဖောက်ဝင်ရောက်လာတယ် ….

“စင်မြင်နဲ့ ရှေ့ ဘက်တန်းနေရာတွေကို မဆိုင်သူတွေ မဝင်ပါနဲ့ … အခမ်းအနား မကြာမီ စတင်ပါတော့မည်”…

ဟိုက် ... ရှာလပတ်ရည် … တော်သေးတယ် … ကိုယ်က အစောကြီးက ရှေ့ ကနေ ဖယ်ရှားခံလိုက်ရ … တော်ကြာနေ … မဆိုင်သူတွေဆိုပြီး အရေးယူခံနေရရင် ဒုက္ခ…

အဲဒီနောက် အခမ်းအနားစ၊ ပေးပို့လာတဲ့ သဝဏ်လွှာတွေဖတ် (တောင်ပြေးမြောက်ပြေးနဲ့ အလုပ်တွေ ရှုပ်နေသူတွေကတော့ လူမလာ၊ စာမပို့ မဆိုင်သလိုနေတာကို သတိထားမိ)၊ ခေါင်းဆောင်ကြီးတွေ မိန့်ခွန်းခြွေ၊ လွန်ခဲ့တဲ့ (၂) ရက်အတွင်း ဆွေးနွေးခဲ့တဲ့ နောက်ဆွဲတွဲ Implementation ဘာမှန်းမသိမရှိတဲ့ ဆွေးနွေးချက်တွေကို တမေ့တမော ဖတ်ပြနဲ့ နှစ် (၃၀) အခမ်းအနားကြီး ကသောင်းကနင်း ပြီသွားပြန်တယ်။ ဘယ်သူတွေ ဘာပြော၊ ဘာတွေ ဆက်လုပ်ကြမလဲ မသိ … 

ရင်ထဲကျန်ခဲ့တာကတော့ …
“မဆိုင်သူတွေ မဝင်နဲ့ ..” “ဖိတ်စာနဲ့ ကြွခဲ့ပါ” ဆိုတဲ့ အရာတွေ၊ အသံတွေ … ခေါင်းကုတ်စဉ်းစားမိတာက ရှစ်ဆယ့်ရှစ်တုန်းက အလွှာပေါင်းစုံလူထုကြီး ဖိတ်စာရလို့ လမ်းမပေါ်တက်၊ စစ်ဘီလူးတွေကို ရင်ကော့ရင်ဆိုင်ခဲ့ကြသလား… မဆိုင်သလို နေခဲ့လားပေါ့…

အပြန်လမ်းမှာ တယောက်ထဲ ငေးငေးမောမော အဓိပတိလမ်းအတိုင်း ပျောက်ဆုံးသွားတဲ့ ခြေရာများကို ကြိုးစားရှာဖွေကြည့်ရင် ဒီကျောင်းတဝိုက်မှာ ဒေါင်းအလံတွေ (၃) ရက်လောက် စိုက်ထူခွင့် ရခဲ့ပေမယ့် ပြန်မလာနိုင်တော့တဲ့ ဒေါင်းတွေ၊ ရဟန်းရှင်၊ ပြည်သူတွေ အညတရတွေကိုလည်း ဖိတ်စာပို့ပြီး မင်းတို့နဲ့လည်း ဆိုင်ပါသေးတယ် … ရှေ့ တန်းနဲ့ စင်မြင့်ပေါ် တက်ခွင့်ရှိပါတယ်လို့ ပြောလိုက်ချင် …

အဲ့ဂလို ဖြစ်ချင်မြင်ချင်ပေမယ့် လူသတ်သမားတွေ လွတ်လပ်နေတဲ့ ဒီမိုးခရေးဇီခေတ်ကြီး နဲ့ (၇၅) ရာခိုင်နှုန်း အုပ်ချုပ်ခွင့် ရထားသလိုလို ရှိနေတဲ့ ကတုန်ကယင် အစိုးရကြီးအောက်က ဒီတိုင်းဌာနေကြီးကို တိုင်းတပါးကနေ ပြန်လာခွင့် မရသေးတဲ့ ဒေါင်းအို၊ ကျောင်းသားအို၊ ဆရာအိုကြီးတွေလည်း ရှိနေသေး။ စစ်ရှောင် ဒုက္ခသည်တွေလည်း ကျန်နေသေး။ အဲ … သူတို့စရိတ် သူတို့စိတ်နဲ့ ပြန်လာခဲ့သူတွေကိုလည်း ဝဲလ်ကမ်း၊ ဟယ်လို လက်ကမ်းမကြိုဆိုသေး … အဖက်မလုပ်သေး … အခြေအနေက မဆိုင်သူတွေ နောက်ဆုတ်နေပေါ့။
ဘယ်ဂလိုပဲဖြစ်ဖြစ် … အိမ်ပြန်ရောက်ရင် အမွှေစိန်မြေးမလေး မေးမြန်းလာမယ့် ဖိုးလေးတို့ ရှစ်သုံးလုံးပွဲ ဘယ်လိုလဲဆိုတဲ့ အမေးကို ပြောပြဖို့ မစဉ်းစားနိုင်သေး …

ရှစ်ဆယ့်ရှစ် ဝိညာဉ်များ ငြိမ်းချမ်းဘုံနန်းမှာ လွတ်လပ်ပျော်ရွှင် ချမ်းမြေ့ကြပါစေ။

Comments