
ခင်ဇော်မိုး ● ခရီးသွား အတ္ထုပ္ပတ္တိအစ
(မိုးမခ) သြဂတ်စ် ၂၊ ၂၀၁၈
(မိုးမခ) သြဂတ်စ် ၂၊ ၂၀၁၈
အဝေးပြေးကားကြီးပေါ်မှ ကျွန်မဆင်းလိုက်ချိန် ကားဝန်းကြီးထဲတွင် လူပေါင်းများစွာ သွားလာကူးသန်းနေကြသည်။ "သြော်.. ရန်ကုန် ရန်ကုန်"ဟုလည်း စိတ်ထဲမှ ရေရွတ်လိုက်မိသည်။ ဖျတ်ခနဲ သတိရမိသွားတာက တောသားကိုရင်နှင့်မမမိုးဇာတ်လမ်းထဲက ကိုရင်ပြောသည့် "ရန်ကုန်ဆိုတာ တို့ရွာဘုရားပွဲထက်စည်ကားပါလား" ဟူသော စကားကိုပင်။ စူးစမ်းကြည့် နေမိချိန်မှာပဲ လာကြိုသည့် အစ်ကိုအစ်မတွေရောက်လာသည်နှင့် အဝေးပြေးကားဝန်းကြီးကို ကျောခိုင်းခဲ့တော့သည်။ ကျွန်မတို့အညာမှာ ည (၉) နာရီလောက်ဆို တိတ်ဆိတ်နေပြီ။ နေ့ခင်းဘက်အလုပ်လုပ်ထားသည်မို့ စောစောစီးစီး အိပ်စက် အနားယူကြပေမယ့် ရန်ကုန်မြို့ကြီးကတော့ လမ်းသလားကောင်းဆဲအချိန်ပါပဲ။ တဝူးဝူးတဝေါဝေါမြည်တွန်နေသည့် ကား၊ အင်ဂျင်စက်သံတွေကို စက္ကန့်မလပ်ကြားနေရသည်မှာ ကျွန်မအတွက် မောပန်းသလိုခံစားရသည်။ ခရီးပန်းလာသည်မို့ အတွေးနယ်ဆက်မချဲ့နိုင်တော့။
"ဘုရားဖူးပြီးတာနဲ့ ပြန်လာခဲ့နော်" လို့ မှာလိုက်သည့် အမေ့စကားက ကြာကြာနေမည်ဟုကြံစည်ထားသော ကျွန်မအတွေး တွေကို ရစ်ပတ်နေသည်။ ဒါပေမဲ့ ကျွန်မအနေနှင့် အညာသူမို့လားမသိ။ ရန်ကုန်က ကျွန်မအတွက် အသက်ရှူကြပ်သလို ခံစားနေမိသည်။ ပေါလိုက်သည့်လူ၊ ကြပ်လိုက်သည့်ကား။ တချို့သူတွေအတွက် ခက်လိုက်သည့် စီးပွားရှာမှု၊ မြို့ကြီးကျယ် သလောက် နေစရာရှားနေသော လူတချို့ကို မြင်ကွင်းထဲမှာတွေ့ရသည်။ အညာသူကျွန်မအတွက် ရက်သတ္တပတ်ထိကြာ မြင့်သော်လည်း ရန်ကုန်နှင့် အသားမကျခဲ့ပေ။ ဒီလိုနှင့် ရွာကအစ်ကိုအစ်မတွေကို အမြန်ဆုံး ဘုရားဖူးလိုက်ပို့ခိုင်းခဲ့သည်။
ပထမဆုံး ရွှေတိဂုံဘုရားကို သွားဖူးမြော်ကြသည်။ ရန်ကုန်ဆိုတာ အညာသူကျွန်မအတွက် မြင်မြင်သမျှက အဆန်းအပြားဖြစ်နေသည်မှာ အမှန်။ ရန်ကုန်ကိုကမ္ဘာကသိနေတာ မဆန်းပါလားဟု ရွှေတိဂုံ ဘုရားကြီးကို အဝေးကနေဖူးတွေ့လိုက် ကတည်းက သိခဲ့ရသည်။ ဘုရားခြေတော်ရင်းတွင် အစာကောက်နေသည့် ခိုအုပ်ကြီးက တနေရာမှတနေရာသို့ ပျံကျသွား လာနေသည်မှာ သစ်ရွက်ကြွေတွေကို လေမှုတ်သွားသလို လွင့်ခနဲ ဝဲခနဲ။ ဘုရားရင်ပြင်ပေါ်ထိ ဇောင်းတန်းအတိုင်း ခြေလျှင် တက်ကြသည်။ ရင်ထဲမှာလည်းကြည်နူးလို့ပါပဲ။ မြင့်မားလွန်းသော သိဂုင်္တ္တရကုန်းကို နတ်တို့်ဖန်ဆင်းခဲ့လေသလား ထင်မိ သည်။ ရွှေတိဂုံစေတီတော်ကြီးကို ဥက္ကလာပမင်းကြီးက မဟာသက္ကရာဇ် (၁၀၃) ခုနှစ်မှာ တည်ထားကိုးကွယ်ခဲ့သည်ဟု သိခဲ့ရ သည်။
တနေရာအရောက်မှာ ကားလမ်းဖြတ်ဖောက်ထားတာတွေ့တော့ အံ့သြနေမိတာတာအမှန်။ တကြိမ်တါခါမျှ မဖူးမြော်ဖူး သည့် ကျွန်မအတွက် ကမ္ဘာ့အံ့ဖွယ်တခုပါပဲ။ စေတီတော်ကြီးကိုဖူးမော့ကြည့်မိသည်။ ယခင်က ဉာဏ်တော် (၄၄) တောင်ရှိပြီး ယခုဉာဏ်တော် (၃၂၆) ပေရှိသည်။ လူကြီးတွေပြောစကားအရ ရွှေတိဂုံစေတီတော်ကြီးကို လူတစ်ရစ်၊ နတ်တစ်ရစ် တည် ထားခဲ့သည်ဟု သိရသေးသည်။ ဘုရား ရင်ပြင်ထက်ရောက်တော့ ဖူးမြော်ကြည်ညိုရခြင်းမှာ စိတ်ကို အေးချမ်း လှစေသည်။ ထူးခြားသည့် ခံစားမှုမျိုးပင်။ ဘုရားရင်ပြင်ထက်မှာ လူတွေများပြားလှသည်မှာ ပုရွက်ဆိတ်အုံ တုတ်နှင့်ထိုးဆွထားသလို။ ကျွန်မအတွက်တော့ ရန်ကုန်က အံ့ဖွယ်လူစည်ကားရာအရပ်ပါပဲ။
အဲဒီနေ့က တနေကုန် ရန်ကုန်မြို့ရှိ အထင်ကရတန်းခိုးကြီးဘုရားတွေကို ဖူးမြော်ဖြစ်ခဲ့သည်။ စိတ်ထဲမှာလည်း ထပ်ဆင့်တွေးလိုက်မိသည်။ ရန်ကုန်သည် သိပ်ချစ်စရာကောင်းသောမြို့။ ဒါကြောင့် လူစည်ကား လွန်းလေသလားဟု တွေးထင်မိသည်။ မှတ်မှတ်ရရ ရေလယ် ကျောက်တန်းဘုရားကို မဖူးမြော်ခဲ့ရပေ။ ကျွန်မအနေနှင့်လည်း ဖူးမြော်ခဲ့ရသည့် ဘုရားစေတီများနှင့်ပင် ကျေနပ်နေသည်က တကြောင်း၊ လူရှုပ် ကားကြပ်လွန်းသည်ကတကြောင်း၊ နောက်ရက်သွားရောက်မဖူးမြော်ခဲ့မိ။ ဒီလောက်နှင့်အိမ်ပြန်ဖို့ ကျွန်မအနေနှင့်စိတ်ကူးမရှိသေး။ ခက်တာက ရန်ကုန်မှာလည်း မပျော်မွေ့။ ဒါနှင့်ပဲ မြစ်ကြီးနားက အသိဆီ လှမ်းပြီးဖုန်းဆက်မိသည်။ အသိလို့သာပြောရသည်။ သူတို့သမီးတယောက်လို ချစ်ကြသူတွေသာ။ လာချင်သည့်အကြောင်းပြောတော့ သူတို့စီစဉ်ပေးကြသည်။ အဲ့ဒီအချိန်က ကျွန်မအသက်က (၁၉) နှစ်ပဲ ရှိသေးသည်။ ပြီးတော့ ဒါကပထမဆုံးခရီးဖြစ်ပြီး တယောက်တည်းဆိုတော့ သူတို့အနေနှင့်စိုးလည်းစိုးရိမ်နေကြရသည်။
ရန်ကုန်မှအသိတွေကလည်း ပထမဆုံးခရီးသွားဖူးစရှိသေးသည်မို့တစ်ကြောင်း၊ မြစ်ကြီးနားမှာအခြေနေမကောင်းသည်က တကြောင်း မသွားဖို့တားမြစ်ကြပါသေးသည်။ မတော်တဆ လမ်းခုလတ်မှာ အလွဲအချော်ဖြစ်ခဲ့ရင်ဆိုသော့အသိက သူတို့ စိတ်ကို ပူပန်စေခဲ့သည်။ ပြီးတော့ ကျွန်မ မသွားလိုအောင် "မြစ်ကြီးနားက မြို့ခြောက်၊ ဘာမှမစည်ကားဘူး။ ဟိုရောက်မှ ခရီးပန်းတာအဖတ်တင်ပြ်ီး နောင်တရနေမယ်" ဟု ပြောခဲ့ကြသည်။ ခေါင်းမာလွန်းသည့် ကျွန်မဆုံးဖြတ်ချက်ကို နောက်ဆုံး သူတို့လက်လျှော့ခဲ့ကြသည်။ အစ်ကိုအစ်မတွေနှင့်အတူ ရန်ကုန်မှာအလုပ်လုပ်နေကြသည့် ရွာကရင်းနှီးသူတွေက ကျွန်မ ပြန်တော့မယ်ဆိုတော့ အချိုရည်ဗူးတွေ၊ မုန့်တွေ လမ်းမှာစားဖို့ လက်ဆောင်ဝယ်ပေးကြသည်။ တယောက်တလက် ပေးကြသည်မှာ ခြင်းတလုံးနှင့်ပြည့်သွား၏။ ဒါကလည်း ကျွန်မတို့အညာသူ အညာသားများ၏ ဓလေ့တခုပင်။ ရင်နှီးချစ်ခင်သူတွေဆီအလည်သွားတယ် ၊ အလည်လာကြတယ်ဆိုရင် အပြန်မှာလက်ဆောင်ပစ္စည်းတွေ ပေးလေ့ရှိကြသည်။ မြို့က အသိတွေ ရွာကိုအလည်လာတယ်ဆိုရင်လည်း ကိုယ့်ယာထွက်သီးနှံတွေ ပေးလေ့ရှိသည်။ ကောင်းတာ မကောင်းတာ အပထား ပေးကြလေ့ပင်။
နောက်တနေ့ည (၉) နာရီအချိန်တွင် GI Group ကားနှင့် မန္တလေးကိုဆင်းခဲ့သည်။ ကားပေါ်မှ ယာဉ်မယ်များက ခရီး တဝက်လောက်အရောက်တွင် မုန့်ဖြင့်ဧည့်ခံသည်။ မြန်မာ့ခရီးသွားဝန်ဆောင်မှုတွေ မဆိုးပေဘူးဟုတွေးမိရင်း၊ ယာဉ်မယ် မိန်းကလေးလှလှ၊ မမများကြောင့် ခရီးသွားများအတွက် အဆင်ပြေတာတော့အမှန်။ မန္တလေးဆိုတာလည်း ကျွန်မအတွက် ပထမဆုံးခရီးပင်။ မနက်ခင်း (၄) နာရီလောက်တွင် ကျွဲဆည်ကန်သို့ရောက်သည်။ ဂိတ်ထဲမှာပဲ စောင့်နေဟူသောကြောင့် ကျွန်မလည်းဂိတ်ထဲမှပင် စောင့်နေခဲ့သည်။ အဝတ်အစားအရောင်နှင့် ကျောပိုးအိတ်အရောင်၊ ကျွန်မပုံစံကိုလည်း ဖုန်း ဆက်ပြီး ကားနံပါတ်ဘယ်လောက်ဆိုတာကအစ အတိအကျချိတ်ဆက်ကြရသည်။ အဲ့မှာဦးလေးကြီးတယောက်က ကားပေါ်ရှိသမျှလူ ကုန်ပြီဆိုမှ ဂိတ်ထဲသွားထိုင်နေသည့် ကျွန်မကို လာခေါ်သည်။ လာကြိုရင်ပြော သူတို့နှင့်ဖုန်းပြောပြီးမှ လိုက်ရမယ်မှာထား၍ မြစ်ကြီးနားကလူတွေဆီဖုန်းခေါ်ပြီးပြောခိုင်းသည်။ သေချာပြီဆိုမှ ကျွန်မလည်းလိုက်သွားတော့သည်။ တော်တော်တော့ အလုပ်ရှုပ်ကြရတာ အမှန်။ မိုးတဖွဲဖွဲကျနေသည့် မနက်ခင်းမို့ မန္တလေး၏ အလှက မပီဝိုးတဝါး။ မန္တလေးမှာတော့ လျှောက်မလည်ဖြစ်ခဲ့။ ကျွန်မအနေနှင့်လည်း မြစ်ကြီးနားကိုပဲ သွားချင်နေမိတော့ ရထားလက်မှတ်ရဖို့ အရေးကြီး နေမိသည်။ ပြီးတော့ မန္တလေးကအိမ်ပြန်လမ်းနှင့်နီးနေတော့ အမေခေါ်မှာလည်း စိုးမိခြင်းပင်။ အခြေအနေ ရှုပ်နေချိန်မို့ မြစ်ကြီးနားရထားသည် အရင်တရက်က မထွက်ဘူးအသံကြားတော့ ကျွန်မစိုးရိမ်နေမီ တာအမှန်။ အဲ့ဒီအချိန်က မြစ်ကြီးနားတက်သည့် ကားလမ်းတွေ လုံးဝမကောင်းသေး။ဒီလိုနှင့် နေ့လည်ဘက်ရောက်တော့ ရထားလက်မှတ်သွားဖြတ်သည်။
ဘူတာအပေါ်ကိုတက်သည့်လမ်းမြင်တော့ အခုမှ မြို့ရောက်ဖူးသော ကျွန်မအတွက် တကယ့်အထူးအဆန်းပါပဲ။ `တော သားမြို့ရောက် ကျီးကန်တောင်းမှောက်´ဆိုသလို ဟိုဟိုဒီဒီ ငေးချင်ကြည့်ချင်စရာသာ ဖြစ်နေတော့၏။ ကံကောင်းစွာနှင့် ရထားထွက်မည်ဟုပြောသည်။ ပထမတွဲမှာ တခုံတည်းဘက်က နေရာရွေးဖြတ်ခဲ့သည်။ ညနေရောက်တော့ မန္တလေးက အသိတွေက မြို့သစ်ဘက်မှာနေသည့် အမျိုးတွေဆီ အလည်လိုက်ပို့သည်။ ပြီးတော့ အပြန်မှာ အောင်တော်မူဘုရားကို ဝင်ရောက်ဖူးမြော်ကြသည်။ ဘုရားဝန်းအတွင်းမှာလည်း စည်ကားလိုက်သည့်လူတွေ။ မန္တလေးမြို့၏ ညအလှ၊ ညမြင်ကွင်းကို ပထမဆုံးမြင်ဖူးသူ ကျွန်မအတွက်တော့ အထူးအဆန်းသာ ဖြစ်နေပြန်သည်။ ကျွန်မကြီးပြင်းခဲ့ရသည့် ရွာကလေးမှာတော့ မှောင်ရီပျိုးသည်နှင့် မှုန်ပြပြမီးရောင်ကလေးသာလင်း၍ ခပ်ဆိတ်ဆိတ်သာ ဖြစ်သည်။
ညဘက်မန္တလေးမြို့သူ၊မြို့သားများ အခုလိုဘုရားဖူးလေ့ရှိတာသိရတော့ ကြည်နူးမိသည်။ မန္တလေးမြို့ ကြီးနှင့်အတူ မြို့သူမြို့သားတွေကို လေးလည်းလေးစားမိတာအမှန်။ ဒီလိုမြင်ကွင်းသည် ကျေနပ်စရာအကောင်းဆုံးပင်။ လူငယ်တချို့ ကလည်း အကြွေစေ့တွေ ငွေဖလားထဲကိုလှမ်းထည့်လို ထည့်ကျ။ လူငယ်၊ လူကြီးတွေ တန်းစီပြီး သနပ်ခါးသွေး နေတာ တွေ့တော့ ဘာအတွက်လဲလို့ ကျွန်မမေးမိသည်။ နံနက်ခင်းဘုရားမျက်နှာသစ်တော်အတွက် သွေးကြခြင်းဟု ရှင်းပြကြသည်။ ဘာရယ်မသိ။ ကျွန်မကျေနပ်အားရစွာ ပြုံးလိုက်မိသည်။ ပြီးတော့ ကျွန်မသနပ်ခါးတွေ အများကြီးရအောင်သွေးသည်။ မြတ်စွာဘုရားတွက် မျက်နှစ်သစ်သနပ်ခါးရည်သွေးရသောကြောင့် ကျေနပ်ပျော်နေမိတာအမှန်။ ဘုရားမျက်နှာ သစ်သနပ်ခါးများ ကြုံတောင့်ကြုံခဲ သွေးရသည်ကိုပင် ကြည်နူးမဆုံးမိ။ အနီးနားမှ လူငယ်တွေကလည်း ရင်းနှီးဖော် ရွှေမှုရှိကြသည်။ မသိတာတွေပြောပြကြသည်။ ပျော်စရာကောင်းလှသည့် မန္တလေးပါလားဟု စိတ်မှရေရွတ်မိသည်။
အချိန်တန်၍သာ ပြန်ခဲ့ရသည်။ မန္တလေးမြို့နှင့် မြို့သူမြို့သားတွေ၏အပြုံးသည် ရင်ထဲကိန်းဝပ်ပါလာသည်။ "မန္တလေးရေ မင်းကိုငါချစ်တယ်"ဟု နှုတ်ဆက်ရင်း မနက် (၄) နာရီရထားနှင့် မြစ်ကြီးနားသို့ ခရီးဆက်ခဲ့တော့သည်။ ရထားကြီးက ဒဏ်ရာ ရသည့်မြွေဆိုးတကောင်နှယ် လူးလဲပြေးထွက်လာခဲ့သည်။ မန္တလေးမြို့ကြီးကတော့ နံနက်စောစော မြူ ဆိုင်းမြူငွေ့တွေကြား ဝေဝါးကျန်ရစ်ခဲ့တော့၏။
ခင်ဇော်မိုး
Comments