စိုးခိုင်ညိန်း ● နှလုံးသားမြေပေါ်တွင် ကွမ်းသွေး မထွေးရ
(မိုးမခ) သြဂတ်စ် ၁၉၊ ၂ဝ၁၈
(မိုးမခ) သြဂတ်စ် ၁၉၊ ၂ဝ၁၈
ကျွန်တော်တို့မြို့လေးကို သတင်းစာက တစ်ရက်နောက်ကျပြီးမှရောက်တယ်။ ဒါတောင် မနက်ခင်းမှာရောက်တာ မဟုတ် ဘူး။ နေ့လယ် ၁၂ နာရီကျော် ညနေပိုင်းလောက်မှ ဆိုင်ကိုရောက်တယ်။ ဂျာနယ်တွေရောင်းတဲ့ ကွမ်းယာဆိုင်လေးကို ကိုယ် ဖတ်ချင်တဲ့သတင်းစာကို နေ့တိုင်းယူပါ့မယ်ဆိုပြီး မှာခိုင်းထားရတယ်။ ညနေခင်းလောက်ရောက်ရင် ကျွန်တော်က ကွမ်းယာ ဆိုင်မှာ သတင်းစာဝင်ဝယ်ပြီး လက်ဖက်ရည်ဆိုင်ထိုင်လေ့ရှိတယ်။ တစ်ရက်မှာတော့ ကျွန်တော်နေ့စဉ် အမြဲတမ်း သတင်းစာ ဝယ်ဝယ်နေတဲ့ ကွမ်းယာဆိုင်ကညီမလေးက အကို ကွမ်းစားမလားလို့ မေးတာနဲ့ ကြုံရပါတယ်။ ကျွန်တော်က ကွမ်းမစားပေမဲ့ ဆိုင်မှာ ခဏတဖြုတ်ထိုင်ပြီး သတင်းစာကို ဟိုလှန် သည်လှန် ဖတ်ကြည့်နေလေ့ရှိတာဆိုတော့ သူမေးမယ်ဆိုလည်း မေး ချင်စရာပါပဲ။ ဆိုင်က ကွမ်းယာဆိုင်ဆိုပေမဲ့ အတော်လေး ကျယ်ကျယ်ဝန်းဝန်း ရှိပါတယ်။ အဖီချထားတဲ့ အမိုးအောက်မှာ ထိုင်စရာ ခုံတန်းလျားရှည်လေးလည်းရှိပြီး ဆိုင်ကရောင်းတဲ့ သတင်းစာ၊ ဂျာနယ်တို့ကို ဝယ်ပြီး ထိုင်ဖတ်ကြတော့ လူက ပြတ်တယ် မရှိပါဘူး။ ကွမ်းသွေးထွေးစရာ ခွက်ကလေးတွေလည်း သေချာလုပ်ပေးထားပြီး မြေပေါ်မှာ ကွမ်းသွေးမထွေးရ ဆိုတဲ့ ဆိုင်းဘုတ်လေးတောင် ချိတ်ထားလိုက်သေးတယ်။ ကွမ်းရောင်းပေမဲ့လည်း လူမြင်ကွင်း မြေကွက်လပ်မှာ ကွမ်းသွေး တွေ ဗလပွနဲ့ဆို အကျည်းတန်နေမှာမို့ အဲဒီဆိုင်းဘုတ်လေး ချိတ်ထားတာဟာ လွန်တယ်လို့ မဆိုသာပါဘူး။ ကွမ်းစားတဲ့ လူ တွေကလည်း လွယ်ရင်လွယ်သလို တွေ့ရာနေရာ ဗျစ်ခနဲ့ ထွေးပစ်လိုက်တာပဲ မဟုတ်လား။
တခြားမကြည့်ပါနဲ့ဦး၊ ကျွန်တော်တို့ ဈေးထဲက အများသုံးဈေးအိမ်သာမှာ အိမ်သာတက်ရင်း ထွေးထားတဲ့ ကွမ်းသွေးကွက်တွေ နံရံထောင့်မှာ ပေပွလို့။ ရန်ကုန်ရောက်တဲ့အခါ တိုက်ခန်းလှေကားကျဉ်းတွေကို တက်ရတဲ့အခါတွေမှာလည်း လှေကားနံရံ ထောင့်တွေမှာ ကွမ်းသွေးကွက်တွေ မြင်မကောင်းဘူး။ လမ်းလျှောက်သွားတော့ ပလက်ဖောင်းတွေပေါ်မှာ ကွမ်းသွေးကွက် တွေက ရှောင်လို့ မရသလို၊ တက္ကစီငှား စီးတော့ မီးပွိုင့်မိနေတုန်း ကားဆရာက တံခါးကို အသာလေးဟပြီး ကတ္တရာလမ်းမပေါ် ကွမ်းသွေးကို ဗျစ်ခနဲ့ ထွေးချလိုက်တာ တွေ့ရတာပါပဲ။ တချို့ဆို အလှစိုက်ထားတဲ့ ပန်းအိုးထဲကိုတောင် ထွေးထားတာ တောင် တွေ့ဘူးသေးတယ်။ ဒါကြောင့် ကွမ်းသွေးမထွေးရဆိုတဲ့ ဆိုင်းဘုတ်ကလေးတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဒါ တောင်မှပဲ အဲဒီဆိုင်းဘုတ်ပေါ်ကိုပဲ ရွဲ့ထွေးသွားတဲ့သူက ရှိသေးတယ်။ အမှိုက်မပစ်ရဆိုတဲ့ဆိုင်းဘုတ်ဟာ အမှိုက်ပုံထဲ ရောက်နေသလိုမျိုးပေါ့။
လူတိုင်းကတော့ သန့်ရှင်းမှုကို ကြိုက်နှစ်သက်သူချည်းပါပဲ။ ဒါပေမဲ့လည်း အဲဒီလူတွေကပဲ အမှိုက်ဆိုလည်း စည်းကမ်းမဲ့ တွေ့ရာ ပစ်လိုက်တာပဲ။ ကွမ်းသွေးလည်း ကြုံရာထွေးလိုက်တာပဲ။ လူတိုင်းကသာ အသိဥာဏ်ရှိတဲ့အတိုင်း လိုက်နာနေထိုင် မယ်ဆိုရင် အဲဒီလိုမျိုးဆိုင်းဘုတ်တွေဟာ ချိတ်ထားစရာ မလိုပါဘူး။ ဘယ်လိုနေရာမျိုးမှာ အမှိုက်မပစ်သင့်ဘူး၊ ကွမ်းသွေး မထွေးသင့်ဘူးဆိုတာ အသိဉာဏ်ရှိတဲ့သူတိုင်း သိပြီးသားပဲဟာ။ အများသုံးအိမ်သာနံရံထောင့်မှာ ကွမ်းသွေးထွေးရမဲ့ နေရာ မဟုတ်တာ လူတိုင်းသိပါတယ်။ လူရဲ့ အသိဉာဏ်နဲ့ပဲ မထွေးဖို့ ရှောင်ကျဉ်ရမှာပဲ ဖြစ်ပါတယ်။ လမ်းမပေါ်မှာ ဆိုင်းဘုတ်ရှိရှိ မရှိရှိ အမှိုက်မပစ်သင့်ဘူးဆိုတာ လူတိုင်းသိပြီးသားပါပဲ။ သိတဲ့အတိုင်း လိုက်နာဖို့ပဲ လိုတာပါ။
ကျွန်တော်လည်း မန္တလေးမှာနေတုန်း လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်တုန်းက ကွမ်းစားခဲ့ဘူးပါတယ်။ အဲဒီတုန်းက ကွမ်း သွေးကို လွယ်ရင်လွယ်သလို ထွေးလိုက်မိတာပါပဲ။ ကိုယ်ထွေးလိုက်တဲ့ ကွမ်းသွေးဟာ ပတ်ဝန်းကျင် အများအမြင်မှာ အရုပ် ဆိုးပြီး ကျန်ခဲ့သလားလို့လည်း စဉ်းစားနေခဲ့တာ မဟုတ်ပါဘူး။ လတ်တလော ကိုယ်အဆင်ပြေရင် ပြီးရောဆိုတဲ့ စိတ်နဲ့ လုပ် လိုက်တာချည်းပါပဲ။
အမှန်တော့ ကျွန်တော်က ကွမ်းကို ကြိုက်လွန်းလို့စားခဲ့တာတော့ မဟုတ်ပါဘူး။ ကွမ်းရောင်းတဲ့ ကောင်မလေးကို ဖွန်ကြောင် ချင်တဲ့စိတ်နဲ့ စားခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့က ကဗျာရူး၊ စာရူးဖြစ်နေတဲ့ အချိန်၊ အပေါင်းအသင်း သူငယ် ချင်းတွေကလည်း ကဗျာသမား၊ စာသမားတွေပဲ များတယ်။ ကျွန်တော်တို့နေတဲ့ ရပ်ကွက်ထိပ်က လမ်းဘေးက ညောင်ပင် အောင်မှာ ကွမ်းယာဆိုင်ရှိတယ်။ ရောင်းတဲ့ကောင်မလေးက ခပ်ချောချောလေး၊ အဲဒီမှာ ကျွန်တော်တို့အုပ်စုက ညမှာ သောက်စားပြီးလို့ ခပ်ထွေထွေလေးဖြစ်နေရင် ကွမ်းဆိုင်သွားပြီး ရစ်ကြတာပေါ့လေ။ နေ့တိုင်းနီးပါးပဲဆိုပါတော့၊ ကျွန်တော် တို့ ဘယ်လိုပဲ ရစ်ရစ် စစ၊ ကောင်မလေးကတော့ ပြုံးလို့ပါပဲ။
ကျွန်တော်တို့က စရင် စာလိုလို ၊ ကဗျာလိုလိုတွေဖွဲ့ပြောပြီး စကြတာ၊ ဥပမာ 'ဒီမယ် ညီမလေး နင်ကလေ ငါ့နှလုံးသားကို ကွမ်းရွက်လေး တစ်ရွက်လို သဘောထားနေတာပဲ။ ကပ်ကျေးလေးနဲ့ ကွမ်းရွက်ကို ညှပ်သလို ငါ့နှသားကို ဖဲ့လိုက်၊ ပြီးရင် နာသွားလားဟင်ဆိုပြီး ထုံးလေးတို့လိုက်၊ ပြီးရင် လုံးခြေပြီး တခြားသူလက်ထဲ ထိုးထည့်လိုက်တော့တာပဲ' စသည် အဲလိုမျိုး တွေပေါ့။ တခါမှာတော့ ညီမလေး ခများ ဒေါသတွေထွက်ပြီး ကပ်ကျေးနဲ့ ကောက်ရွယ်ပြီး ထိုးလိုက်မှာနော်လို့ ပြောနေတယ်။ အဲဒီမှာ ကျွန်တော်က နင်ကိုယ်တိုင်တော့ ငါ့ကိုမထိုးပါနဲ့ဟာ တကယ်လို့ ငါသေသွားရင် နင်ထောင်ထဲရောက်နေပါ့မယ်၊ နင်သေစေချင်ရင် ကပ်ကျေးပေး၊ ငါ့ကိုယ်ငါပဲ ထိုးသတ်လိုက်ပါ့မယ်လို့ပြောတော့မှ ညီမလေးက ပြုံးရယ်လာတော့တယ်။
"ညီမလေးရေ မင်းကြံတိုင်းအောင်စေဖို့ လမ်းထိပ်က ညောင်ပင်ရိပ်မှာ ကွမ်းတယာ ရေတမှုတ်နဲ့ ကိုယ့်နှလုံးသားကို နှုတ် ပိတ်စေခဲ့ပေါ့" ဆိုပြီး ကျွန်တော့်ရဲ့ ကဗျာတစ်ပုဒ်ထဲ ထည့်ရေးခဲ့ဘူးသေးတယ်။ ကဗျာဆိုလို့ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ကဗျာဆရာစံညိမ်းဦးရဲ့ ကဗျာတစ်ပုဒ်က ခေါင်းထဲရောက်လာပြန်တယ်။ သူ့ရဲ့ကဗျာကလည်း ကွမ်းယာဆိုင်လေး တဆိုင် အကြောင်းကိုပဲ ရေးဖွဲ့ထားတာပါပဲ။
ကွမ်းရွက်လေးတွေလို စိမ်းစိမ်းစိုမနေတဲ့ ကွမ်းယာဆိုင်
ညှီမလားအထင်နဲ့
ယင်ကောင်တွေက တအုံးအုံး
ညီမလေးကတော့ ပြုံးလို့။
ရမ္မက်နဲ့ အရက်နံ့တွေက တလှိုင်လှိုင်
ချွေးနဲ့ ရေမွှေးနံ့တွေက တကြိုင်ကြိုင်
သူတို့က
ညီမလေးရဲ့ လက်ကလေးကိုမှ ပိုင်ဆိုင်လိုလှရဲ့တဲ့
ကယ်တင်ရှင်လေသံများနဲ့ ဝိုင်းရံကြ
ညီမလေးကတော့ ပြုံးလို့။
ညီမလေး တခစ်ခစ်ရယ်လိုက်ရင်ပဲ
သူတို့ရဲ့ အိမ်ပြန်စိတ်များခမျာ
တံခါးပိတ် ပိတ်သွားခဲ့ရသတဲ့
ညီမလေးကတော့ ပြုံးလို့။
နဂါးလို ရောက်လာ
ကျားလိုပြန်သွားတဲ့ မျက်လုံးတွေ…
ရင်ညွန့်ဆီ တလက်လက်
အတွန့်တက်နေတဲ့ မျက်လုံးတွေ…
နှုတ်ခမ်းပါးလေးဆီ လမ်းသလား
ခြေများတဲ့ မျက်လုံးတွေ…
ညီမလေးကတော့ ပြုံးလို့။
ဘဝဆိုတာ
အပြုံးတွေ အရှုံးတွေနဲ့ သီတဲ့
ပန်းကုံးတစ်ကုံးသာ ဖြစ်တယ်။
ညီမလေး ဘယ်အထိ ပြုံးနိုင်မှာတဲ့လဲ
ညီမလေးရဲ့ ဒိုင်ယာရီမှာ
အရှုံးတွေ ပါမလာဖို့ကိုတော့
အနီးက ကုက္ကိုပင်တပင်ဟာ တတွတ်တွတ်
သူဟာ
ဂါထာတစ်ပုဒ်ကို ရွတ်ဆိုလို့ပေါ့။ ။
(စံညိမ်းဦး)
ကျွန်တော်တို့ရဲ့ ညီမလေးကွမ်းယာဆိုင်မှာလည်း ကျွန်တော်တို့လို လာပြီး ရစ်ကြ၊ ငမ်းကြ၊ စလေ့ နောက်လေ့ ရှိတဲ့ သူတွေ အများကြီး ရှိတာပါပဲ။ ကျွန်တော်တို့ကတော့ စချင် နောက်ချင် ပျော်ချင်ပါးချင်တဲ့ စိတ်ရင်းနဲ့ပါပဲ။ စော်ကားချင်တဲ့ ရာဂစိတ်နဲ့ မဟုတ်ပါဘူး။ ကျန်တဲ့ အချိန်တွေမှာ မောင်လို နှမလို ခင်မင် ရင်းနှီးနေကြတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ချို့ကတော့ ကျွန်တော်တို့ အဖွဲ့လို မဟုတ်ဘူး။
တခါကတော့ ညီမလေးက ကျွန်တော်တို့အဖွဲ့ကို အကူအညီတောင်းတာကိုတောင် ကြုံရဖူးသေးတယ်။ အဲဒီနေ့ကတော့ ကျွန်တော်တို့က စိတ်ကောင်းဝင်ပြီး သိပ်မရစ်ကြပါဘူး။ အဲဒီအချိန်မှာပဲ အတော်ကိုပဲ မူးနေကြတဲ့ လူနှစ်ယောက်ရောက်လာပြီး ညီမလေးကို ရိသဲ့သဲ့ လုပ်ကြတယ်။ သူတို့ပုံစံတွေက စတဲ့ နောက်တဲ့ပုံစံတောင် မဟုတ်ဘူး။ သူတို့ ရိသဲ့သဲ့လုပ်တာက တော့်တော့ကို ဆိုးဆိုးဝါးဝါး ဖြစ်ပါတယ်။ အဲဒီမှာ ညီမလေးက ကျွန်တော်တို့အဖွဲ့ကို အကူညီတောင်းတာပေါ့။ ကာကွယ် ဖြေရှင်းပေးဖို့ပေါ့။ ဒါနဲ့ပဲ ကျွန်တော်တို့က ကြားတည်းကဝင်ပြီး သူရဲကောင်း လုပ်ပေးလိုက်ရသေးတယ်။
ကျွန်တော်တို့ရဲ့ ကွမ်းယာဆိုင်ညီမလေးက ပါးကွက်ကြားလေးနဲ့ ရိုးရိုးယဉ်ယဉ်လေး နေတတ်သူပါ။ လမ်းဘေးမှာ ကွမ်းယာ ရောင်းနေရပေမဲ့လည်း ဘဝကို တန်ဖိုးရှိရှိ အလေးထားပြီးနေတတ်သူ ဖြစ်ပါတယ်။ ဘာမှ နာမည်ပျက်မရှိသလို ဘာမကောင်း တဲ့သတင်းမှလည်း မကြားရပါဘူး။ အခြေနေအရ လာသမျှပုရိသတွေကို အပြုံးလေးနဲ့ ဆက်ဆံနေရပေမဲ့လည်း သူ့ဘဝကို တော့ သူရောင်းနေတဲ့ ကွမ်းရွက်လေးတွေလိုတော့ အဖြစ်မခံဘူးဆိုတာ နားလည်ထားပါတယ်။
သိပ်မကြာခင်မှာပဲ ကျွန်တော်လည်း ကွမ်းယာပြတ်၊ ရန်ကုန်ပြောင်းလိုက်ရလို့ အဆက်သွယ်လည်း ပြတ်သွားပါတယ်။ နောက်တော့ ညီမလေးလည်း အိမ်ထောင်ကျသွားတယ်လို့ သတင်းတော့ ကြားလိုက်ရတယ်။ ပြီးခဲ့တဲ့နှစ်က မန္တလေးကို ရောက်တော့ သားတွေ၊ သမီးတွေနဲ့ သိုက်သိုက်ဝန်းဝန်း ဖြစ်နေတဲ့ ညီမလေးကို ပြန်တွေ့ရတယ်။ အရင်လို ကွမ်းယာရောင်း နေဆဲ၊ လာသမျှကို ပြုံးပြနေဆဲပါပဲ။
စိုးခိုင်ညိန်း
Comments