ညိုထက်ညို ● ၁ နာရီ ၃၈

ညိုထက်ညို ● ၁ နာရီ ၃၈
(မိုးမခ) သြဂတ်စ် ၁၂၊ ၂၀၁၈

Auckland လေဆိပ်တွင် wheel chair service ရယူသည့် သက်ကြီးအရွယ် ခရီးသည်များ နားနေရန် စီစဉ်ထားသည့် ခုံတန်းလျား ကလေးတွင် ထိုင်ရင်း ကျန်နေခဲ့သည့် အဖေ့ ကို ရက်ငါးဆယ် လောက်အကြာတွင် ရေဝေးသုဿာန် အအေးခန်း ဝင်ဝင်ချင်းတွင်ရှိသည့် သင်္ဂြိုဟ်တော့မည့် အလောင်းများကို ပြင်ဆင်ရန် ခေတ္တထားသည့် အခန်းကလေးတွင် အလောင်း စင်ပေါ် လဲလျောင်းလျက် အနေအထားဖြင့် ကျွန်တော် ပြန်တွေ့ရပါသည်။

အဖေ့အလောင်း ဘေးပတ်လည်တွင် ရေများ ရွှဲအိုင်လျက် အဖေ့ လက်ဖျားခြေဖျား ကလေးများတွင် ရေခဲမှုန်ကလေး များက ကပ်နေကြပါသည်။ အဖေ့အလောင်း ကို ပြင်ဆင်ပေးနေသည့် သုဿာန်ဝန်ထမ်း တစ်ဦး က အဖေ့ ကိုယ်အပေါ်ပိုင်းမှာ လွှမ်းထားသည့် အဝတ် ကို ဖယ်လိုက်တော့ အဖေ့ ရင်ဘတ် အပေါ်ပိုင်းတွင် ပေါ်နေသော အနီရောင် သွေးကြောကြီးတွေကို သစ်ပင်က ရေသောက်မြစ်တွေလို ခက်မယှက်ဖြာလျက် ကျွန်တော် တွေ့ရပါသည်။ ဘာကြောင့် ထိုသို့ ဖြစ်နေပါသလဲ ကျွန်တော် မသိသော်လည်း သိဖို့လည်း မလိုအပ်တော့သောကြောင့် အဖေ့အလောင်း ကို သုဿာန်က ဝန်ထမ်းများက ပြင်ဆင်ပေးနေသည် ကိုသာ ကြည့်နေမိပါသည်။

ယခုကဲ့သို့ အတွေ့အကြုံ ကို ဒီတစ်ခါ ပထမဆုံး ကြုံရခြင်း ဖြစ်သောကြောင့် ကျွန်တော် အဖေ့အလောင်း ဘေးမှာ မတ်တပ်ရပ်လျက် သေချာ ကြည့်နေမိပါသည်။ ကြည့်နေတုန်းတွင် ဝန်ထမ်းနှစ်ယောက် က အဖေ့ အလောင်း အောက်ခြေတွင် ခင်းထားသော အဝတ်စ ကို နောက်ကတစ်ယောက် ရှေ့ကတစ်ယောက် မ ပြီး အဖေ့ ကို အလောင်းတင်သည့် လှည်းကလေး ပေါ်မှ အလောင်းပြင်မည့် စင်ကလေးပေါ် စွေ့ခနဲ တင်လိုက်ကြပါသည်။ ပြီးတော့ ကျင့်သားရနေပြီ ဖြစ်သည့် လက်များနှင့် အဖေ့ ကို အပေါ်အင်္ကျီ ဝတ်ပေးသူက ဝတ်ပေး၊ အောက်က ပုဆိုး လွှမ်းပေးသူက လွှမ်းပေး၊ အဖေ့ ဆံပင်ကို ဖြီးပေးသူက ဖြီးပေး နှင့် ဇယ်ဆက်သလို လှုပ်ရှားလိုက်ကြပါသည်။ အကြောင်းမသိခင်က ကျွန်တော့်အထင်များ တက်တက်စင် အောင် မှားပြီး တစ်မိနစ် အတွင်း အလောင်းပြင်ဆင်ခြင်း အမှု အားလုံး ပြီးဆုံးသွားပါသည်။

ပြီးတော့ အဖေ့ အလောင်းပတ်လည်တွင် ပန်းများ ကြဲဖြန့်ခြင်း၊ ဇာပဝါ လွှမ်းခြုံခြင်း အစရှိသည့် အဆုံးသတ် လုပ်ငန်းများကို လုပ်ကိုင်ရန် အဖေ့အလောင်းကို အအေးခန်းမှ အသုဘခန်းမ သို့ အလောင်းတင်ထားသော လှည်းကလေးကို တွန်း၍ ကျွန်တော်တို့ ယူဆောင်ခဲ့ကြပါသည်။

နောက် နှစ်နာရီ လောက်ကြာတော့ အဖေ့ ကို မီးသင်္ဂြိုဟ်စက် အောက်ခန်း က မီးတောက်မီးလျှံ တွေအောက်မှာ ထားခဲ့ပြီး ကျွန်တော် အိမ်သို့ လုံးလုံးလျားလျား အဖမဲ့သား တစ်ယောက် အဖြစ် ပြန်လာခဲ့ပါသည်။

အိမ်သို့ ပြန်ရောက်တော့လည်း တစ်နေ့လယ်လုံး အိမ်မှာ မနက်ဖြန်တွင် အိမ်တွင် ပြုလုပ်မည့် အဖေ့ ရက်လည် အတွက် ဆွေတွေမျိုးတွေ နှင့် ရှုပ်ယှက်ခတ် နေကြပါသည်။

အဖေ့ အသုဘ ကို မီရန် မနေ့ညကမှ လက်မတင်ကလေး ရန်ကုန်ကို ပြန်ရောက်ခဲ့ရသည့် ကျွန်တော့်အတွက် အဖေ့ ကို ခြောက်ရက်မြောက်နေ့ မှ သင်္ဂြိုဟ် ခဲ့ရသောကြောင့် အဖေ့ အသုဘ နှင့် ရက်လည် မှာ ကပ်လျက် ဖြစ်နေပါသည်။

နောက်တစ်ရက် ကျတော့ အဖေ့ ရက်လည် ကို ကျွန်တော်တို့ အိမ်မှာပဲ သံဃာတော် တွေကို မနက်စောစော အရုဏ်ဆွမ်း မုန့်ဟင်းခါး ကပ်ပြီး ဆွေမျိုးတွေ မိတ်သင်္ဂဟ တွေနှင့် ကျင်းပပါသည်။
နောက် သုံးလေးငါးရက် လောက်အထိတော့ အိမ်မှာ အဖေ့သတင်း လာမေးသော လူတွေ၊ အမေ့ထံ လာစကားပြောသော ဆွေမျိုးတွေ နှင့် ရှုပ်ယှက်ခတ် နေပါသည်။

မှတ်မှတ်ရရ အဖေ ရက်လည်ပြီး နောက်တစ်ပတ် လောက်နေမှ အိမ်မှာ လူနည်းနည်း ရှင်းသွားပါသည်။
အဲဒီကျမှ အိမ်ရှေ့ဧည့်ခန်း က အဖေ ထိုင်နေကျ ကုလားထိုင် မှာ ခဏထိုင်ရင်း အဖေ့အကြောင်း စဉ်းစားမိပါသည်။
ကျွန်တော် နှင့်အတူ ရှိမနေခဲ့သည့် အဖေ့ ဘဝ နောက်ဆုံးကာလမှာ အဖေ ဘာတွေ လုပ်နေခဲ့ပါသနည်။
ဒီမှာပင် အဖေ့ နောက်ဆုံး ခြေရာ တွေကို ကျွန်တော် နောက်ယောင်ပြန်ခံ မိပါသည်။


………………………………… ………………………………. ……………………………


အဲဒီနေ့ည ရှစ်နာရီ မှာ ထုံးစံအတိုင်း အဖေ ခဏ အိပ်ပါသည်။ ၁၁နာရီ လောက်ကျတော့ အိပ်ရာက ပြန်ထပါသည်။ ထို့နောက် အိပ်ရာရှိသည့် အိမ်အလယ်ခန်း ထွက်ထွက်ချင်း အိမ်ရှေ့ဧည့်ခန်း က အဖေ ထိုင်နေကျ ကုလားထိုင်တွင် အဖေ ထွက်ထိုင်ပါသည်။
ပြီးတော့ ကျွန်တော်တို့ မိသားစု မရှိတုန်း အိမ်မှာနေရန် သမီးကလေး တစ်ယောက် နှင့်အတူ ခဏရောက်နေသည့် ကျွန်တော်တို့ အိမ်မှာ အရင်တုန်းက နေခဲ့သည့် ခင်မာဦး နှင့် စကားပြောပါသည်။
အရင်တုန်းက တစ်ခါမှ ထိုသို့ စကားပြောဖူးခြင်း မရှိသော်လည်း အဲဒီနေ့ကတော့ နာရီဝက်လောက် ကြာသည်အထိ ဘေးကခုံမှာ ထိုင်နေသော ခင်မာဦး နှင့် အဖေ စကားတွေ ရှည်ရှည်လျားလျား ပြောနေသည် ဟု ဆိုပါသည်။

၁၁နာရီခွဲ လောက်ကျတော့ အဖေ က ခင်မာဦး ကို အပေါ်သို့ တက်အိပ်တော့ ဟု ဆိုပါသည်။ အဲဒီအချိန် က အိမ်မှာ လွန်ခဲ့သော တစ်လခွဲ လောက်ကမှ Auckland မှ ရန်ကုန်သို့ ပြန်သွားသော အဖေ တစ်ယောက်တည်းပဲ ရှိပြီး အမေ နှင့် ကျွန်တော် က Auckland တွင် ကျန်ရစ်ခဲ့ခြင်း ဖြစ်လေရာ ညဘက် အိပ်ချိန် ဆိုလျှင် အိမ်အောက်ထပ် အလယ်ခန်း က အဖေ့အိပ်ရာ မှာ အဖေ တစ်ယောက်တည်း အိပ်ပြီး ခင်မာဦး အပါအဝင် သူ့သမီးကလေး နှင့် ခင်မာဦး ထက် ငယ်သော ကျွန်တော်တို့ အိမ်တွင် အမြဲတမ်းနေသည့် အသက် နှစ်ဆယ် လောက်ပဲ ရှိသေးသည့် ခိုင်ခင်ဦး က အိမ်ပေါ်ထပ် က ထပ်ခိုးပေါ်မှာ အိပ်ကြပါသည်။

ဒီမှာပဲ ခင်မာဦး က အဖေ့ ကို နှုတ်ဆက်ပြီး အိမ်ရှေ့ဧည့်ခန်း က ဖွင့်ထားသော မီးကို ပိတ်ပေး၍ အိမ်အပေါ်ထပ် သို့ တက်သွားပါသည်။
အိမ်ရှေ့ဧည့်ခန်း မှောင်ကြီးထဲမှာ အဖေ တစ်ယောက်တည်း ထိုင်ကျန်နေခဲ့ပါသည်။


………………………….. ………………………. ………………………….


မနက် ငါးနာရီ လောက်ကျတော့ ထုံးစံအတိုင်း အိမ်မှာ အစောဆုံး နိုးသည့် ကရင်မလေး ခိုင်ခင်ဦး က အိမ်အောက် ဆင်းလာပါသည်။
အိမ်အောက်ရောက်တော့ အိမ်အလယ်ခန်း မီး က ပွင့်နေပါသည်။ ပုံမှန်အတိုင်း အဲဒီအချိန် ဆိုလျှင် အဖေ က နိုးနေနှင့်ပင် ဖြစ်သောကြောင့် ခိုင်ခင်ဦး က အဖေ ဘယ်မှာလဲ ရှာကြည့်တော့ အိမ်ရှေ့ဧည့်ခန်း က ထိုင်နေကျ ခုံကလေးမှာ အဖေ ထိုင်နေတာ လှမ်းတွေ့ရပါသည်။ အဲဒီမှာပဲ အိမ်ရှေ့ခန်းက ကြောင်ကလေး က အိမ်ထဲ ဝင်လာပြီး အစာတောင်းသောကြောင့် အစာကျွေးရပါသည်။ ခါတိုင်းဆိုလျှင်တော့ ဒီအချိန်ဆိုလျှင် အဖေ လမ်းထွက်လျှောက်ဖို့ ပြင်ဆင်မြဲ ဖြစ်ပါသည်။ ဒီနေ့တော့ ငါးနာရီခွဲ သည်အထိ အဖေ ထိုင်ခုံပေါ်မှာပဲ ထိုင်နေဆဲ ဖြစ်သောကြောင့် အဖေ့ ကို နှိုးရန် ခိုင်ခင်ဦး အိမ်ရှေ့ခန်းသို့ ထွက်လာခဲ့ပါသည်။

အိမ်ရှေ့ဧည့်ခန်း က မီးကို ဖွင့်၍ ခိုင်ခင်ဦး အဖေ့ ကုလားထိုင် ဘေး မှာ မတ်တပ်ရပ်လျက် အိပ်ရာက ထလာပြီး ကုလားထိုင် ပေါ်မှာ ခဏထိုင်ရင်း ပြန်အိပ်ပျော်နေဟန် ရှိသော အဖေ့ ကို နှိုးပါသည်။ အဖေ မနိုးပါ။ အဖေ က ကုလားထိုင် လက်ရမ်း ပေါ်တွင် လက်တင်ပြီး ထိုင်လျက် ခေါင်းကို ဘုရားစင်ဘက် ငဲ့လျက် အိပ်ပျော်နေဟန် ရှိပါသည်။ အဲဒီမှာပဲ ခိုင်ခင်ဦး စိတ်ထဲ တစ်မျိုး ဖြစ်လာသောကြောင့် အိမ်အလယ်ခန်းထဲ ပြန်ဝင်လာပြီး အပေါ်ထပ် သို့ တက်၍ ခင်မာဦး ကို နှိုးပါသည်။ ပြီးတော့ ခင်မာဦး နှင့် နှစ်ယောက်သား အောက်သို့ ပြန်ဆင်းလာပါသည်။ ပြီးတော့ ခင်မာဦး က အဖေ့ ကို နှိုးကြည့်ပါသည်။ အဖေ မနိုးသောကြောင့် သတိလစ်နေပြီ ဟု ထင်ပြီး ကျွန်တော်တို့ အခန်း နှင့် ကပ်လျက် တစ်ဖက်ခန်းသို့ ပြေး၍ တစ်ဖက်ခန်းက သူနာပြုဆရာမဟောင်းကြီး ဒေါ်ခင်ရီ နှင့် သမီးဖြစ်သူကို သွား၍ ခေါ်ပါသည်။ ဒေါ်ခင်ရီ တို့ သားအမိ ချက်ချင်း ရောက်လာပြီး အဖေ့ ကို ကြည့်ကြပါသည်။ အဖေ ကွယ်လွန်နေပြီ ဖြစ်ပါသည်။

ဒီမှာပင် လူတွေသိသော အဖေ့ဇာတ်လမ်း အဆုံးသတ်သွားပြီ ဖြစ်၍ ဘယ်သူကမှ မသိနိုင်တော့သော အဖေ့ဇာတ်လမ်း ကို ကျွန်တော် ဆက်စဉ်းစားမိပါသည်။

အဖေ့ ကို တွေ့ရှိချိန်တွင် အဖေ က အိမ်ရှေ့က ညက သူထိုင်ကျန်ခဲ့သော ကုလားထိုင် မှာပင် ထိုင်လျက်သား ကွယ်လွန်နေခြင်း ဖြစ်ပါသည်။ အဖေ့ခေါင်းမှာ ဘုရားစင်ဘက်သို့ ငဲ့နေပြီး လက်နှစ်ဖက်မှာ ကုလားထိုင် လက်ရမ်း ပေါ်တွင် တင်နေလျက်သား ဖြစ်ပါသည်။ အဖေ့ပါးစပ် မှ အမြှုပ်ကလေး အနည်းငယ် ထွက်နေတာက လွဲ၍ အဖေ က ပကတိ အိပ်ပျော်နေသလိုပင် ဖြစ်ပါသည်။ အဖေ့အလောင်း ကို မျက်မြင်ကိုယ်တွေ့ တွေ့ရသော ဟိုဘက်ခန်းက သူနာပြုဆရာမကြီး ဒေါ်ခင်ရီ နှင့် အဖေ့အလောင်း ၏ ဓာတ်ပုံ ကို နောက်မှ တွေ့ရသော ယခင် သင်္ဃန်းကျွန်း မြို့နယ် ဆေးရုံအုပ်ကြီး အဖြစ် ပင်စင်ယူသည်အထိ လုပ်ကိုင်ခဲ့သော ကျွန်တော့်အဒေါ် ၏ ပြောပြချက်အရ အဖေ ဝေဒနာ ကို အနည်းငယ်သာ ခံစားရပြီး ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ပါသည်။ အဖေ့ နောက်ဆုံး ကြွင်းကျန်ရစ်သော ရုပ်ကလာပ်တွင် ကွယ်လွန်ခါနီး ဝေဒနာ ခံစားရသောကြောင့် ရုန်းကန်လှုပ်ရှား ထားရသည့် လက္ခဏာ ဘာမှ မတွေ့ရပါ။ သေဆုံးသွားသည့် လူပေါင်းများစွာ၏ ရုပ်ကလာပ်ပေါင်းများစွာ ကို တစ်သက်လုံး တွေ့ခဲ့ရသူ နှစ်ဦး ၏ စကား ဖြစ်သောကြောင့် ထိုစကားမှာ ယုံကြည်ထိုက်သည့် စကား ဖြစ်ပါသည်။

အဖေ့ ကို အိမ်ပေါ်မှ ဆေးရုံသို့ သယ်ယူသွားရာတွင် ကျွန်တော့် အဒေါ်ဝမ်းကွဲ နှင့်အတူ ပါလာသော ကျွန်တော့် နှမဝမ်းကွဲ ဆရာဝန် ဖြစ်သူ ၏ ခန့်မှန်းချက် အရ အဖေ့ ကို တွေ့ရချိန်တွင် အဖေ ကွယ်လွန်နေသည် မှာ သုံးနာရီ နှင့် လေးနာရီကြား ရှိပြီ ဖြစ်၍ ခန့်မှန်းခြေ ညတစ်နာရီ နှင့် နှစ်နာရီ အကြား တွင် အဖေ ကွယ်လွန်ခဲ့ခြင်း ဖြစ်မည် ထင်ပါသည်။

ထို့နောက် အဖေ နှင့် နောက်ဆုံး အဆက်အသွယ် ကို ကျွန်တော် ထပ်မံ စဉ်းစားကြည့်ပါသည်။ ခင်မာဦး ၏ ပြောပြချက်အရ ည ၁၁နာရီခွဲ တွင် သူ အပေါ်ထပ်သို့ အိပ်ရန် တက်သွားပြီးနောက် နာရီဝက် လောက်အကြာတွင် အိမ်အောက်ထပ် မီးဖိုခန်း ဆီမှ အဖေ အိမ်သာ ရေဆွဲချသံ၊ အဖေ ပါးစပ်ထဲက အံကပ်ကို ဖြုတ်၍ ဆေးနေသံ တို့ကို အပေါ်ထပ်က ကြားနေရပါသည်။ ထိုအချိန်တွင် နာရီကို လှမ်းကြည့်လိုက်မိရာ ၁၂နာရီ ထိုးဖို့ ငါးမိနစ်သာ လိုတော့သည် ဟု ဆိုပါသည်။

ထိုအချိန်၏ နောက်ပိုင်းမှာတော့ ဘယ်သူကမှ မသိနိုင်တော့သော အဖေ့ ဇာတ်လမ်း သာ ဆက်ရန် ကျန်ရှိပါတော့သည်။

မနက်ငါးနာရီ ကရင်မလေး ခိုင်ခင်ဦး အိမ်အောက်ထပ် သို့ ဆင်းလာချိန်တွင် အိမ်အလယ်ခန်း မှ မီးမှာ ပွင့်လျက်သား ဖြစ်နေပါသည်။ ထို့ပြင် မီးဖိုခန်းမီး နှင့် အိမ်သာမီး မှာလည်း ပွင့်လျက်သား ဖြစ်နေပါသည်။ ထို့ပြင် အဖေ့အတွက် ထောင်ပေးခဲ့သော ခြင်ထောင်မှာလည်း ခြေရာလက်ရာ မပျက် ထောင်ထားပေးခဲ့သည့် အတိုင်း ဖြစ်နေပါသည်။

ထို့ကြောင့် အဖေ မီးဖိုခန်း မှ ပြန်ထွက်အလာတွင် အိပ်ရာသို့ လုံးဝမဝင်ဘဲ အိမ်ရှေ့က သူထိုင်ခဲ့သော ကုလားထိုင် သို့သာ ပြန်လာခဲ့ကြောင်း ထင်ရှားပါသည်။

အကယ်၍ အိပ်ရာသို့ ဝင်ရန် ရည်ရွယ်ချက် ရှိလျှင် မီးဖိုမီး နှင့် အိမ်သာမီး တို့ကို ပိတ်ခဲ့ဖို့ များပါသည်။ တစ်ခါတစ်ခါ ညဘက်တွင် အဖေ မီးဖိုမီး ကို မပိတ်ဘဲ ထားတတ်ကြောင်း ခင်မာဦး ထံမှ သိရသော်လည်း အိမ်အလယ်ခန်း မီး မှာလည်း ပွင့်လျက်သား ရှိနေရာ အဖေ အိပ်ရာသို့ ဝင်ရန် ရည်ရွယ်ချက် အလျဉ်း မရှိခဲ့ကြောင်း သိသာပါသည်။

ဘာ့ကြောင့် အဖေ အိပ်ရာသို့ မဝင်ဘဲ အိမ်ရှေ့ခန်းသို့ ပြန်၍ ကုလားထိုင်မှာ ပြန်ထိုင်ခဲ့ပါသနည်း။

ဤမေးခွန်း ကို မဖြေမီ အဖေ့ နောက်ခံ အကြောင်းခြင်းရာ တို့ကို ကျွန်တော် စဉ်းစားမိပါသည်။ လွန်ခဲ့သော ၁၃နှစ် က နှလုံးသွေးကြော ပိတ်သည့် ဝေဒနာ ကို အဖေ ခံစားခဲ့ရရာ ထိုင်းနိုင်ငံတွင် နှလုံးသွေးကြော အစားထိုးသည့် ခွဲစိတ်ကုသမှု ကို ခံယူခဲ့ရပါသည်။ ခွဲစိတ်မှုမှာ အောင်မြင်သော်လည်း အဖေ့ နှလုံးသွေးကြောများ၏ အခြေအနေမှာ ကောင်းမွန်သော အနေအထားတွင် မရှိဘဲ ဆရာဝန်များက အဖေ့သက်တမ်းကို နောက်ထပ် ဆယ်နှစ် ဟုသာ ခန့်မှန်းပေးခဲ့ကြပါသည်။ ကွယ်လွန်သည့် အချိန်တွင် ခွဲစိတ်ခဲ့သည်မှာ ၁၃နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်ရာ ဆရာဝန်များ ခန့်မှန်းသည်ထက် ဆယ်နှစ်မျှ ပို၍ အဖေ နေသွားခဲ့ရပါသည်။

မကွယ်လွန်မီ နောက်ဆုံး သုံးပတ်မျှ အလိုတွင်မူ ရံဖန်ရံခါ အဖေ အသက်ရှူကြပ် လာခဲ့ပါသည်။ ထို့ကြောင့် သင်္ကြန်မတိုင်မီတွင် ဆရာဝန် သွားရောက်ပြသခဲ့ရာ ဆရာဝန် က သွေးစစ်ရန် နှင့် နှလုံးအား echo ရိုက်စစ်ဆေးရန် ညွှန်ကြားခဲ့ပါသည်။ အဖေ သွေးကို ချက်ချင်း သွားစစ်ခဲ့၍ သွေးအဖြေများမှာ ကောင်းမွန်ခဲ့သော်လည်း echo ရိုက်ခြင်းမပြုမီ တွင် အဖေ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ပါသည်။
ခန့်မှန်းချက်အရ ည တစ်နာရီ နှင့် နှစ်နာရီ အကြားတွင် အဖေ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် အဖေ့ နောက်ဆုံး ခြေရာ များအရ ည၁၂နာရီ ခန့်တွင် အိပ်ရာ သို့ မဝင်ဘဲ အိမ်ရှေ့ဧည့်ခန်းရှိ သူ ထိုင်နေကျ ကုလားထိုင် သို့ ပြန်ထိုင်ခဲ့ခြင်း ဖြစ်လေရာ တိတိကျကျ ဆိုရသော် ည၁၂ နာရီ နှင့် ညသန်းခေါင် နှစ်နာရီ အကြား တစ်ချိန်ချိန်တွင် အဖေ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ပါသည်။

ထိုအခါမှ ထူးခြားသော တိုက်ဆိုင်မှုကလေး တစ်ခုအား ကျွန်တော် သွားသတိရမိပါသည်။

အဖေ ဆုံးသောနေ့က အဖေ ဆုံးကြောင်း သိပြီးနောက် ကျွန်တော်တို့ သားအမိ နှစ်ယောက် အဖေ နောက်ဆုံးနေထိုင် သွားခဲ့ရာ အခန်းထဲတွင် မျက်ရည်ကျသည့်အခါ ကျရင်း အဖေ့အကြောင်း ပြောနေမိကြပါသည်။ နယူးဇီလန် စံတော်ချိန် မနက် ၁၁နာရီခွဲ ခန့်တွင် အဖေ ဆုံးကြောင်း သိခြင်းဖြစ်ရာ ညနေ သုံးနာရီလောက်တွင် အမှတ်မထင် အဖေ့ အခန်းထဲက စားပွဲပေါ် တင်ထားသည့် စားပွဲတင် နာရီကလေး အား ကျွန်တော် ကြည့်လိုက်မိပါသည်။ ထိုအခါ နာရီကလေးမှာ ၁နာရီ ၃၈မိနစ် တွင် ရပ်တန့်နေကြောင်း ကျွန်တော် သိလိုက်ရပါသည်။
အမေ့ ကို မေးကြည့်သောအခါ မနက် ၁၁နာရီခွဲ ခန့်အထိတော့ နာရီကလေးမှာ သွားနေသေးကြောင်း ပြောပါသည်။ ထို့ကြောင့် နာရီကလေးမှာ လွန်ခဲ့သော တစ်နာရီခွဲ သာသာ လောက်က ရပ်တန့်သွားခဲ့ခြင်း ဖြစ်ကြောင်း သိသာပါသည်။ ထိုအချိန်တွင် ကျွန်တော်သည် အဖေ ဆုံးသည့်အချိန် ကို မြန်မာစံတော်ချိန် မနက်ငါးနာရီ ဟုသာ သိထားပါသည်။ နာရီကလေးမှာ ဓာတ်ခဲအံဖုံးကလေး ပြုတ်နေပြီး ယခင်ကလည်း ရံဖန်ရံခါ အကြောင်းတစုံတရာကြောင့် ဓာတ်ခဲကလေး လွတ်သွားသည့်အခါ ရပ်တန့်သွားတတ်မြဲ ဖြစ်ပါသည်။ ယခုလည်း ထိုသို့ဖြစ်ကြောင်း ကျွန်တော် သိပြီး နာရီကလေးကို ယူ၍ ဓာတ်ခဲကလေးကို ဖြုတ်ကာ ပြန်တပ်လိုက်ပါသည်။ ထိုအခါမှ နာရီကလေးမှာ ပုံမှန်အတိုင်း ဆက်သွားပါတော့သည်။

အဖေ အိပ်ရာထဲ မဝင်ဘဲ ကုလားထိုင်တွင် ပြန်ထိုင်ခဲ့သည့် ရည်ရွယ်ချက် ကတော့ အမျိုးမျိုး ဖြစ်နိုင်ပါသည်။ အဖေ မဆုံးမီ လွန်ခဲ့သော နှစ်ပတ်လောက်က ညသန်းခေါင်လောက်တွင် အဖေ အသက်ရှူရကြပ်ပြီး နိုးလာလေရာ ဧည့်ခန်းသို့ ထွက်၍ ကုလားထိုင်ပေါ် ထိုင်ပြီး အသက်ရှူလေ့ကျင့်ခန်း အား ပြုလုပ်နေရပါသည်။ ထပ်၍ ဆက်စပ်စဉ်းစား ကြည့်ရာ အသက်ရှူရသည်မှာ တစ်မျိုး ဖြစ်လာသောကြောင့် အဖေ အိပ်ရာမဝင် သေးဘဲ ကုလားထိုင် သို့ ပြန်ထိုင်ခဲ့ခြင်း ဖြစ်နိုင်ပါသည်။ နောက်တစ်မျိုး ဖြစ်နိုင်သည်မှာ အဖေ အိပ်ရာမဝင်ချင် သေးသောကြောင့် အိမ်ရှေ့သို့ ပြန်လာပြီး ကုလားထိုင်ပေါ် ပြန်ထိုင်နေခဲ့ခြင်းလည်း ဖြစ်နိုင်ပါသည်။ ထိုကဲ့သို့လည်း အဖေ ပြုလုပ်တတ်၍ ကုလားထိုင်ပေါ် ထိုင်ရင်း အိပ်ပျော်သွားတတ်သော အလေ့အထ လည်း ရှိသူ ဖြစ်ပါသည်။

ဘာပဲဖြစ်ဖြစ် ညသန်းခေါင်အလွန် နှစ်နာရီအတွင်း အဖေ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်မည် ဖြစ်ရာ ပုထုဇဉ် တို့၏ ထုံးစံအတိုင်း အဖေ့ လားရာဂတိ အကြောင်း ကျွန်တော် ဆက်စဉ်းစားမိပြန်ပါသည်။

စင်စစ် အဖေ့တစ်သက်တွင် လူအပေါင်းအား ငွေကြေးအားဖြင့် လည်းကောင်း၊ ငွေကြေး မလိုအပ်သူများ အား လူအား ဖြင့်လည်းကောင်း၊ အဆက်အသွယ် အားဖြင့် လည်းကောင်း ကူညီခြင်းအမှု ကို တရံမလပ် ပြုလုပ်ခဲ့လေရာ အဖေ မှာ လူချစ်လူခင် အလွန်ပေါများလှသူ ဖြစ်ပါသည်။

ထိုသို့ လူချစ်လူခင် ပေါများကြောင်းကို အဖေ့ အသုဘ က သက်သေပြပါသည်။ အဖေ့ အသုဘတွင် ယခင် နှစ်ပေါင်း သုံးလေးဆယ် က ကျွန်တော်တို့ အိမ်တွင် အိမ်အကူလုပ်ခဲ့ဖူးသူ အစ်မကြီး ကအစ အာဇာနည် ခေါင်းဆောင်ကြီး တစ်ဦး ၏ သမီး အလယ် ကုလသမဂ္ဂ လက်ထောက်အထွေထွေ အတွင်းရေးမှူးချုပ် (ဟောင်း) အဆုံး လူတန်းစားအားလုံး လိုက်ပို့ခဲ့ကြပါသည်။

အထူးသဖြင့် အဖေ့ ဘဝတွင် ဆင်းရဲချို့တဲ့သူ များအား စဉ်ဆက်မပြတ် ကူညီခဲ့လေရာ ဆုံးပါးသွားသည့် အချိန်တွင်လည်း အဖေ့အား သူ ကူညီထောက်ပံ့ ခဲ့သူ ကျွန်တော်တို့ လမ်းထဲက ကားစောင့်ကြီးများက အိမ်ပေါ်က မ ချသွားခဲ့ကြပါသည်။ အဖေ့ ဘဝ တလျှောက်လုံးတွင် ဝန်ထမ်းဘဝ ရရှိသော ပင်စင်လခ အားလုံးအား တစ်ပြားတစ်ချပ် မကျန် လစဉ် လှူဒါန်းသွားခဲ့ပါသည်။

အဖေ့ဘဝ နောက်ဆုံး ကာလပိုင်းတွင် အဖေသည် လူတစ်ဦး၏ အခြားသူတစ်ဦးအား ပေးရမည့်အကြွေးအား ကိုယ်စားဝင်ရောက်ဆပ်ပေးပြီး ထိုသူက သူ့အပေါ် တင်ရှိနေသော ကြွေးအားလုံးအားလည်း လျှော်ပစ်ခဲ့ပါသည်။ သို့သော် ထိုသူကပင် ကျွန်တော်တို့ မိသားစုပိုင်ဆိုင်မှုတစ်ခုအား အလွဲသုံးစား လုပ်ပြန်သောကြောင့် အဖေမဆုံးခင် တစ်လလောက် အလိုတွင် ကျွန်တော်တို့ မိသားစု သိန်းရာဂဏန်း မျှ ဆုံးရှုံးသွားခဲ့ရပါသည်။ ထိုပမာဏမှာ ကျွန်တော်တို့အား အထိုက်အလျောက် ထိခိုက်စေလေရာ အဖေ့မှာလည်း စိတ်ထိခိုက်သွားခဲ့ရှာပါသည်။ သို့သော် ထိုသူ့အား အဖေချက်ချင်းခွင့်လွှတ်ပြီး ထောင်မချတန်းမချ ရုံမျှမက လစဉ် သူ့ထံလာ၍ ယခင်လို မုန့်ဖိုးလာယူရန်ပင် ထပ်ပြောခဲ့ပြန်ပါသည်။

ဤမျှဆိုလျှင် အဖေကဲ့သို့သော လူတဦးအား ထပ်၍မတွေ့နိုင်တော့ဟု ကျွန်တော်ပြောလျှင် လူတိုင်းလိုလို လက်ခံကြလိမ့်မည်ဟု ထင်ပါသည်။

ထို့ကြောင့် အဖေ ဆုံးပါးသွားသောအခါ ကြားသိရသူ လူအပေါင်းက အဖေ ကောင်းရာ ဘုံဘဝ သို့ မုချ ရောက်ရလိမ့်မည် ဖြစ်ကြောင်း တညီတညွတ်တည်း ပြောခဲ့ကြပါသည်။

ကျွန်တော့်တစ်သက် တွင်သာမက အဖေ နှင့် တွေ့ထိဆက်ဆံသူ များ၏ အတွေ့အကြုံ အရပါ အဖေ စိတ်ဆိုးခြင်း ဒေါသထွက်ခြင်း ကို လုံးဝ မတွေ့ဖူးဘဲ သူ့ထက် များစွာ နိမ့်ကျသူတို့ကိုပင် သေသည်အထိ ခင်ဗျား ကျွန်တော်နာမ်စားဖြင့်သာ သုံးစွဲသွားခဲ့ပါသည်။ နောက် ထူးခြားတာတခုကတော့ ကျွန်တော့်တသက်တွင် အဖေ့ပါးစပ်မှ ဆဲရေးသော စကား အား တရံတခါမှ မကြားဖူးခဲ့တာဘဲ ဖြစ်ပါသည်။

ထို့ကြောင့် အဖေ့ လားရာဂတိအတွက် ကျွန်တော် စိုးရိမ်ပူပန်ခြင်း အလျဉ်းမရှိသော်လည်း ဤနေရာတွင် ကျွန်တော်တို့ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် များ ပြောနေကျ နောင်ဘဝ နှင့် စပ်လျဉ်း၍ အဖေ့ သဘောထားအား ဆက်ပြီး စဉ်းစားမိပါသည်။

ကျွန်တော့်တစ်သက် အဖေ နှင့် စကားပြောခဲ့ဖူးသမျှတွင် အဖေ့စကားအားလုံး သည် သေဆုံးခြင်းတွင် အဆုံးသတ်၍ သေသည်၏ အခြားမဲ့ ဖြစ်ရာ ကာလအကြောင်း အဖေတခါမှ ပြောဆိုဆွေးနွေးခြင်း အလျဉ်းမရှိခဲ့ကြောင်း သတိထားမိပါသည်။

ဤနေရာတွင် ဗုဒ္ဓ အား ပုထုဇဉ် လူအားလုံး တို့ အကြီးအကျယ် စိတ်ဝင်စားကြသည့် နောင်ဘဝအကြောင်း မေးလျှောက်ခဲ့သည့် မေးခွန်းလေးခု အား ကျွန်တော် ပြန်စဉ်းစားမိပါသည်။
မေးခွန်းလေးခုအား အကျဉ်းချုပ်၍ ဖော်ပြရလျှင် သတ္တဝါသည် သေပြီးနောက် ဖြစ်၏၊ မဖြစ်၏၊ ဖြစ်သည်လည်းဖြစ် မဖြစ်သည်လည်း မဖြစ်၊ ဖြစ်သည်လည်းမဟုတ် မဖြစ်သည်လည်း မဟုတ် ဟူ၍ ဖြစ်ပါသည်။
ထိုမေးခွန်း လေးခုမှာ သတ္တဝတို့ သေဆုံးပြီးနောက် မည်သို့ဆက်ဖြစ်မည် ကို တွေးဆနိုင်သော မေးခွန်းများဖြစ်၍ ထိုမေးခွန်းလေးခုထက်ပို၍လည်း ဘာမှ မေး၍ မဖြစ်နိုင်လောက်အောင် ပြည့်စုံလှပါသည်။
ထို ပြည့်စုံလှသော မေးခွန်းလေးခု အား ဗုဒ္ဓ မည်သို့ ဖြေကြားခဲ့ပါသနည်း။

ဗုဒ္ဓ ဖြေကြားခဲ့သည်မှာ ရိုးရိုးရှင်းရှင်း ကလေးပင် ဖြစ်ပါသည်။ ထိုမေးခွန်းလေးခု၏အလိုအတိုင်း သူယူစွဲခြင်းမရှိဟူ၍ ဖြစ်ပါ သည်။

သာမန်အားဖြင့် တွေးကြည့်လျှင် မေးခွန်းလေးခု အနက် တစ်ခုခုတော့ ဖြစ်ရတော့မည် ဖြစ်လေရာ ထိုလေးခုစလုံးအတိုင်း ယူစွဲခြင်းမရှိ ဟူသော ဗုဒ္ဓ ၏ အဖြေမှာ နားမလည်နိုင်စရာ ကောင်းလှပါသည်။

ကျွန်တော်တို့ နားမလည်သလို ဗုဒ္ဓထံပါးတွင် အမြဲခစားနေသော ရှင်အာနန္ဒာလည်း နားမလည်သောကြောင့် ဗုဒ္ဓအား မေး လျှောက်ပါသည်။ ထိုအခါ ဗုဒ္ဓက အလွန် ရှင်းလင်းပြတ်သားသော အဖြေအား ပြန်လည် ဖြေကြားပါသည်။

ဗုဒ္ဓက ထိုမေးခွန်းလေးခုစလုံးကို မေးသောသူများသည် ဝေဒနာအားလည်းကောင်း၊ သညာအားလည်းကောင်း၊ အချုပ်အား ဖြင့် ခန္ဓာငါးပါးမှ တစ်ပါးပါး အားလည်းကောင်း ‘ငါ’ ဟူ၍ယူစွဲပြီး မေးခြင်းဖြစ်လေရာ ‘ငါ’ ဟူ၍ အယူအစွဲလုံးဝမရှိသော ဗုဒ္ဓအ တွက် ထိုမေးခွန်းလေးခုစလုံးသည် မေးခွန်းပင် မမည်တော့သော မေးခွန်းများ ဖြစ်နေပါသည်။

အမေးပင်မရှိသောအရာအတွက် အဖြေ ဘယ်မှာရှိနိုင်ပါမည်နည်း။

ထိုသို့ မရှိသော ‘ငါ’ သွားစရာရှာရင်း ပူပန်စိတ်ဆွေး ရတက်မအေး ဖြစ်နေကြသူများအား ဗုဒ္ဓပြောခဲ့သော အခြားစကားများ လည်း ရှိနေပါသေးသည်။

‘အာနန္ဒာ၊ လူသေတိုင်း ငါ့ကိုမေးမြန်းနေလျှင် ငါ့အား ပင်ပန်းစေရုံမျှသာ ဖြစ်၏’ ဟု ဗုဒ္ဓ အတိအလင်းပြောခဲ့ပါသည်။

ထို့ပြင် ဖြစ်ပွားခဲ့ပြီးသော အတိတ်တရားစုတို့ကိုလည်းကောင်း မဖြစ်သေးသော အနာဂတ်တရားအစုတို့ကိုလည်းကောင်း ပူပင်ခြင်း စိုးရိမ်ခြင်းမဖြစ်ကြဘဲ လက်ရှိပစ္စုပ္ပန်တည့်တည့်တွင်သာ အာရုံစိုက်၍ ကောင်းရာကောင်းကြောင်းများ လုပ်ဆောင် ကြရန် အဖန်ဖန်အထပ်ထပ် ပြောခဲ့ပြန်ပါသည်။

ထို့ပြင် ‘ငါ၏ တရားသည် ပုခက်နျင့် ခေါင်းတလားအကြားတွင်သာ ကျက်စား၏’ ဟုလည်း ပြောခဲ့ပြန်ပါသည်။

ထို့အတူ အဖေ့ဘဝတွင်လည်း သေဆုံးပြီးနောက် သူသွားရမည့် နောင်ဘဝနှင့်ပတ်သက်၍ ဘာဆိုဘာမှ တွေးတောစဉ်း စားခြင်းမပြုခဲ့သည်မှာ အမှန်ပင်ဖြစ်ပါသည်။

စင်စစ် သူ့အတွက်သူ ဘာမှမလုပ်ခဲ့သော အဖေ့အတွက် သေလွန်ပြီးနောက် သူသွားရမည့်နေရာတစ်နေရာရာအတွက် ဘာ မှ မစဉ်းစားခဲ့သည်မှာလည်း သဘာဝကျလှပါသည်။

လက်ငင်း မြင်နေရသော ယခုဘဝမှာပင် သူ့အတွက် သူမစဉ်းစားခဲ့။ သူသည် ဘယ်သူကမှ မမြင်ရသော နောင်ဘဝအတွက် ဘယ်မှာ စဉ်းစားနေပါဦးမည်နည်း။

ထို့ကြောင့် ကျွန်တော်လည်း အဖေပင်မစဉ်းစားခဲ့သော သူ့ လားရာဂတိအတွက် အဖေ့အစားဝင်၍ စဉ်းစားစရာအကြောင်း မရှိတော့ကြောင်း စဉ်းစားမိပါသည်။

အဖေကလည်း ကျွန်တော့်ကို ထိုသို့ပင် ဖြစ်စေချင်ပါလိမ့်မည်။

ညိုထက်ညို
0