မင်းည ● စီးသူမဲ့ဖိနပ်များ

မင်းည ● စီးသူမဲ့ဖိနပ်များ
(မိုးမခ) သြဂတ်စ် ၂၆၊  ၂၀၁၈

ကျွန်တော် သဘောကျ၊  နှစ်ခြိုက်မိသည့် အသုံးအဆောင်ပစ္စည်းများထဲတွင် ဖိနပ်များလည်း ပါဝင်ပါသည်။ သဘောကျ နှစ် ခြိုက်မိသည့် အလျှောက်လည်း အလျဉ်းသင့်လျှင် သင့်သလို ဖိနပ်များကို ဝယ်ယူစုဆောင်းလေ့ရှိပါသည်။ ကျွန်တော့်ထံ တွင် အမှတ်တံဆိပ်မျိုးစုံဖြင့် ဖိနပ်အမျိုးအစား အတော်စုံလင်စွာပင် ရှိနေခဲ့ပါသည်။  ထို့အတူ ဖိနပ်များကို မည်သည့်ခုနှစ်တွင် မည်သည့်နိုင်ငံမှ စတင်အသုံးပြုခဲ့သည် ဖိနပ်များ မည်သို့ဖြစ်ပျက်ပေါ်ပေါက်လာသည်ဆိုသော အချက်အလက်များကို စိတ် ဝင်စား စူးစမ်းခဲ့ဘူးသလို ဖိနပ်များသာ မပေါ်ပေါက်ခဲ့လျှင်ဆိုသည့် အတွေးမျိုးကိုလည်း မကြခဏပင် တွေးမိခဲ့ဘူးပါသည်။ တကယ်တော့ ကျွန်တော်တို့ အရွယ်မရောက် လူလားမမြောက်သေးခင်ကပင် ဖိနပ်များနှင့် ထိတွေ့နေခဲ့ရပြီ ဖြစ်ပါသည်။ တကယ်လည်း ကျွန်တော်တို့၏ မိဘညီအကိုမောင်နှမများသည်  ကျွန်တော်တို့ လမ်းကို ကောင်းမွန်ဖြောင့်တန်းစွာ မ လျှောက်တတ်သေးခင်ကပင် ဖိနပ်များကို ဝယ်ယူဆင်မြန်းပေးခဲ့ကြပါသည်။ ခြေတလှမ်း လှမ်းလိုက်တိုင်း ကျွီကနဲအသံ မြည်တတ်သည့်ဖိနပ်ကလေးများသည် ကျွန်တော်တို့ ပထမဦးဆုံးစီးနင်းခွင့်ရခဲ့သည့် ဖိနပ်များဟုပင် ပြောရလိမ့်မည် ထင်ပါ သည်။  ထို့အတူ ကျွန်တော်တို့ငယ်ဘဝများ၏ သင်္ကေတ၊  ကျွန်တော်တို့၏ လမ်းလျှောက်ချင်စိတ်ကို နှိုးဆော်ပေးခဲ့သော အရာများထဲမှတခုဟူ၍လည်း ပြော၍ရနိုင်ပါသေးသည်။ ဖိနပ်များနှင့်ပတ်သတ်၍ နောက်ထပ် ကျွန်တော်မှတ်မိနေခဲ့သည် တခုကတော့ ပုံပြင်တပုဒ်ပင် ဖြစ်ပါသည်။ တကယ်လည်း ဖိနပ်တဖက်ကို အကြောင်းပြုထားသည့် ကမ္ဘာကျော် စင်ဒရဲလား ပုံပြင်လေးက ကျွန်တော်တို့ ကလေးဘဝ ညပေါင်းများစွာကို လွှမ်းမိုးထားခဲ့ဘူးပါသည်။ ညကပွဲတခုတွင် မင်းသမီးလေး၏ ဖိနပ်တဖက်ကျွတ်ကျန်ခဲ့ပုံ မင်းသားလေးမှ ထိုကျန်ခဲ့သည့် ဖိနပ်တဖက်ဖြင့် မင်းသမီးလေးကို မရမက လိုက်လံရှာဖွေခဲ့ပုံ အကြောင်းအရာများက ကလေးဘဝများကိုလွန်မြောက်၍ အရွယ်ရောက်လာသည့်အထိပင် ကျွန်တော်တို့၏ နှလုံးသားထဲ တွင် စွဲထင်နေခဲ့ကြပါသေးသည်။

ထို့အတူ အရွယ်ရောက်လာသည်နှင့်အမျှ ကျွန်တော်တို့သည်လည်း ဖိနပ်များဖြင့် ပိုမိုထိတွေ့ ရင်းနီးလာခဲ့ကြရပါသည်။ စင်ကြယ်ဖိနပ်၊ မြင်းကြယ်ဖိနပ်၊ ကတ္တီပါဖိနပ်၊ အစရှိသည့် ဖိနပ်အမျိုးအစားပေါင်း မြောက်များစွာထဲမှ ကျွန်တော်တို့ကြိုက်နှစ် သက်သည့်ဖိနပ်များ ကျွန်တော်တို့ ခြေထောက်များဖြင့် သင့်တော်အဆင်ပြေမည့် ဖိနပ်များကို ဝယ်ယူဝတ် ဆင်ခဲ့ကြပါသည်။ တကယ်တော့ ဖိနပ်များနှင့်ပတ်သတ်၍ အမှတ်ရစရာများက ကျွန်တော့်ထံတွင် မြောက်များစွာပင် ရှိနေခဲ့ပါသည်။ ထိုမြောက် များစွာသော အမှတ်ရစရာများထဲမှ ကျွန်တော်အမှတ်မိဆုံးကတော့ ဝထ္ထုတိုတပုဒ်ကိုပင်ဖြစ်ပါသည်။ ဟုတ်ပါသည်။ ဝတ္ထု ရေးသူ၏အမည်မှာ ကိုခေးဖြစ်ပြီး  ၁၉၈၄ ခု ဒီဇင်ဘာလထုတ် ပန်းဝေသီမဂ္ဂဇင်းမှာ ပါဝင်ခဲ့သည့် ကျောင်းအဆင်းမှာ ဆိုသည့် ဝထ္ထုတိုလေးပင် ဖြစ်ပါသည်။ ဆရာသည် သူ၏ ထိုဝထ္ထုလေးတွင် ဖိနပ်အသစ်ဝယ်ဖို့ရာ မတတ်နိုင်သည့် ကျောင်းသားလူငယ် တယောက် မြောင်းထဲမှ ဖိနပ်အပြတ်တရံကို ရယူပုံကို ရေးဖွဲ့ထားပြီး ဝထ္တုလေး၏ အဆုံးသတ်ကိုတော့ သတိသံဝေဂရယ်ဖွယ် စာကြောင်းကလေးတကြောင်းဖြင့် အဆုံးသတ်၍ထားပါသည်။ ကျွန်တော် နှစ်သက် မှတ်မိနေခဲ့သည်မှာလည်း ထိုစာကြောင်း လေးကိုပင် ဖြစ်ပါသည်။ တကယ်လည်း ထိုဝထ္ထုထဲမှ "ငါ့မှာဖိနပ်မရှိတော့ ငါငိုမိတယ်။ ခြေထောက်မရှိတဲ့သူတွေ့တော့ ငါ အငိုရပ်သွားတယ်" ဆိုသည့် စကားလေးက ကျွန်တော့်နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာတွင် ဖတ်မိသည့်နေ့မှစတင်၍ စူး တချောင်းလို စူးနစ်ဝင်နေခဲ့ပါသည်။ တကယ်လည်း ကျွန်တော်တို့၏ပတ်ဝန်းကျင်များတွင် ကျွန်တော်တို့ တွေ့ကြုံခံစား နေရ သည့် အဖြစ်အပျက်များထက် အဆပေါင်းမြောက်များစွာ ဆိုးရွားသည့်အဖြစ်အပျက်များကို ခံစားနေခဲ့ရသူများကို တွေ့မြင်နိုင်ကြရမည်ဖြစ်ပါသည်။

အိမ်ခြေယာမဲ့ ကြုံရာနေရာကို အိမ်လုပ်နေကြရသူတွေ တောင်းရမ်းစားသောက် အသက်မွေးမြူနေရသူတွေ စိတ်ပေါ့သွပ်ရူးနှမ်းနေသူတွေနှင့်အနာရောဂါ ကြီးမားစွာ ခံစားနေရသူများကို ထုနှင့်ဒေးပင် တွေ့မြင်ကြရမည် ဖြစ်သည်။ ထို့အတူ မျက်စိ မမြင်သူ ကိုယ်လက်အင်္ဂါမသန်စွမ်းသူပေါင်းမြောက်များစွာကိုလည်း တွေ့မြင်နိုင်ကြပါသေးသည်။ ထိုကဲ့သို သောကပရိဒေဝ ပေါင်း မြောက်များစွာဖြင့်  လူများကို တွေ့မြင့်မိသည့်အခါတိုင်းတွင်လည်း ကျွန်တော်သည် အထက်ပါစာသားလေးကို သတိ ရသွားမိတတ်ပါသည်။ တကယ်လည်း ဖိနပ်မရှိသူတယောက်နှင့် ခြေထောက်မရှိသူတယောက်ကို နှိုင်းယှဉ်ကြည့်သလိုမျိုး  ကျွန်တော်ရင်ဆိုင်ခံစားနေရသည့် ဒုက္ခများကို တချို့တော့သူများ ရင်ဆိုင်နေရသည့် ဒုကဒ္ခများနှင့် နိုင်းယှဉ်ကြည့်လိုက်လျှင် ကျွန်တော်တို့ ခံစားနေရသည်မှာ ဒုက္ခဟု နာမည်တပ်၍ မရသည့်အထိ မှေးမှိန်သွားသည်ကို တွေ့ရှိရပါသည်။ အထူးသဖြင့် စစ်ဘေးစစ်ဒဏ်ကို ခံနေရသည့်ဒေသများ အကြမ်းဖက်တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပေါ်တတ်သည့်ဒေသများရှိ လူများ၏ သောကပရိဒေဝများနှင့် နှိုင်းယှဉ်လိုက်လျှင် ကျွန်တော်တို့ ရင်ဆိုင်ကြုံတွေ့နေရသည် ဒုက္ခဆိုသည်များက ရယ် မောစရာတခုအဖြစ်သို့ပင် ရောက်ရှိသွားလိမ့်မည်ဟု ထင်ပါသည်။

မည်သို့ပင် ဖြစ်စေ။ ဖိနပ်များ၏အကြောင်းကို ပြောမည်ဆိုလျှင် ခြေထောက်များ၏အကြောင်းကိုလည်း ချန်ထားခဲ့၍ မရဟူ ထင်ပါသည်။ တကယ်လည်း ဖိနပ်ဆိုသည်မှာ ခြေထောက်များရှိမှသာလျှင် စီးနင်းခွင့်ရသည့်ပစ္စည်းဖြစ်ပါသည်။ ခြေ ထောက်မရှိသူတယောက်အတွက် ဘယ်လောက်တန်ဖိုးကြီးသည့် ဖိနပ်ဖြစ်နေသည်ဖြစ်စေ အသုံးဝင်လိမ့်မည်မဟုတ်ပါ။ တကယ်တော့ ဖိနပ်များသည် ကျွန်တော်တို့အတွက် တချို့သော စူးညှောင့်ခလုတ်များ၏ရန်မှ ကာကွယ်ပေးနိုင်သည်မှ အပ ကျွန်တေိာ့တို့ဘဝ၏ အရေးပါလှသည့် အခန်းကဏ္ဍတွင် ရှိနေခဲ့သည်မမဟုတ်ပါ။ သို့ပါသော်လည်း ထိုဖိနပ်များကို စီးနင်းခွင့် ရသည့်ခြေထောက်များကတော့ ကျွန်တော်တို့ဘဝအတွက် အရေးပါသည့် ခန္ဓာကိုယ်အစိတ်အပိုင်းတခုအဖြစ် တည်ရှိနေခဲ့ပါ သည်။

ဖိနပ်မရှိသူတယောက်အတွက် ဘယ်လိုဆိုးကျိုး ကြီးကြီးမားမား ဖြစ်ပေါ်လာစေခြင်း မရှိနိုင်သော်လည်း ခြေထောက်မရှိသူ တယောက်အတွက်တော့ သူ၏ တဘဝလုံးကိုပင် ဆုံးရှုံးသွားစေနိုင်သည်အထိ ဆိုးကျိုးများ ဖြစ်ပေါ်လာစေနိုင်လိမ့်မည်ဖြစ်ပါသည်။ တကယ်လည်း ခြေထောက်များကို ဆုံးရှုံးလိုက်ရခြင်းကြောင့် ကျန်သည့်အရာများကိုပါ စွန့်လိုက်ကြရသည့်လူများကို မြောက်များစွာပင် တွေ့ရှိခဲ့ဘူးပါသည်။ အထူးသဖြင့် အချို့သောသူများသည် သူတို့၏ခြေထောက်များ လက်များနှင့်အတူ သူတို့၏ ဘဝများ အလုပ်အကိုင်များကိုပါ စွန့်လွှတ်ခဲ့ကြရပါသည်။

တကယ်လည်း မိမိတို့၏ မူလအလုပ်မဟုတ်သည့် စာအုပ်စာစောင်များကို လှည့်လည်ရောင်းချ အသက်မွေးနေရသည့် ခြေတုတပ် စစ်သားဟောင်းကြီးများကိုအခါပေါင်း မြောက်များစွာပင် မြင်တွေ့ခဲ့ရဘူးပါသည်။ ထိုသို့ မြင်တွေ့မိမိတိုင်းမှာလည်း ကျွန်တော်သည် ဆရာအောင်ကိုကိုလတ် (တမူး) ရေးသားထားသည့် "စစ်ခြေထောက်စွပ်ပြုတ်"  ဆိုသည့် ကဗျာလေးထဲမှ ...

"မြေမြှုပ်မိုင်းထဲပါသွားတဲ့
ခြေထောက်တဖက်ကိုပြန်တွေ့တယ်
နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုပြီး
ငယ်ငယ်တုန်းက ဆော့ကစားရင်းပြောခဲ့ဖူးတယ်
မြေမြှုပ်မိုင်းနင်းမိပြီးရလာတဲ့
ခြေတုတဖက်ပျောက်နေတယ်
ခြေတလှမ်း ကုဋေတသန်းတန်တယ်ဆိုတဲ့စာအုပ်တွေ
သင့်အိမ်ရှေ့ လာရောင်းတဲ့အခါ အားပေးပါ"


ဆိုသည့် စာသားများကို ပြေးမြင်သတိရသွားမိတတ်ပါသည်။ တကယ်တော့ ထိုစစ်သားဟောင်းကြီးများသာမက ကျွန်တော် နိုင်ငံတွင် ဖိနပ်စီးခွင့်မရတော့သည့် လူပေါင်း မြောက်များစွာရှိနေခဲ့ပါသည်။ ထိုသူများထဲတွင် မှုလတန်းအရွယ်ကလေး များလည်းပါသလို လူငယ် လူရွယ်နှင့် လူကြီးများလည်း ကျန်မနေရစ်ခဲ့ပါ။ ပို၍ ထူးခြားသည်က ထိုလူများထဲမှာ အများစုသည် စစ်၏ဘေးထွက်ဆိုးကျိုးများကို ခံစားခဲ့ရသည့်သူများ ဖြစ်နေခဲ့ခြင်းဖြစ်ပါသည်။ တိတိကျကျ ပြောရလျှင် မြေမြှုပ်မှိုင်းများ၏ ဒဏ် လက်နက်ကြီး လက်နက်ငယ်များ၏ ဒဏ်ကို ခံစားထားရသည်သူများသာ ဖြစ်ပါသည်။ မည်သည့်တိုက်ပွဲတခုခုမှ ဝင် ရောက်မတိုက်ခိုက်ပဲ သူတို့ ခြေထောက်များကိုသာမက သူတို့၏ အိုးအိမ် စည်းစိမ် လယ်ယာကိုင်ကျွန်းများ စွန့်လွတ်ထား ခဲ့ရသူများဟု ပြောလျှင်တော့ ပိုမှန်လိမ့်မည်ထင်ပါသည်။ မည်သို့ပင်ဖြစ်စေ ဖိနပ်မရှိခြင်းဖြင့် မည်သည့်အရာတခုကိုမှ ဆုံးရှုံး မသွားနိုင်သော်လည်း ခြေထောက်မရှိလျှင်တော့ တစုံတခု (သို့မဟုတ်) တစုံတခုထက် ပိုသည့်အရာများကို ဆုံးရှုံးသွားနိုင် သာ ဖြစ်ပါသည်။ ထိုအတူ ဖိနပ်စီးခွင့်မရှိသည့်ခြေထောက်များ နောက်ထပ်တိုးပွားမလာဖို့နှင့် စီးသူမဲ့နေသည် ဖိနပ်ကလေး များ ထပ်မံမပေါ်လာဖို့အတွက်ကိုလည်း  ဆုတောင်းနေခဲ့မိပါတော့သည်။

မင်းည
0