မောင်မောင်စိုး ● တတိယအကြိမ် ၂၁ ရာစုပင်လုံကို အနီးကပ်ကြည့်ရှုခြင်း - အပိုင်း (၁)

 မောင်မောင်စိုး ● တတိယအကြိမ် ၂၁ ရာစုပင်လုံကို အနီးကပ်ကြည့်ရှုခြင်း - အပိုင်း (၁)
(မိုးမခ) သြဂတ်စ် ၂၊ ၂၀၁၈


● နောက်ကျခဲ့သော ညီလာခံ
ဒုတိယအကြိမ်ပင်လုံညီလာခံအပြီး တနှစ်ခန့်ကြာမှ တတိယအကြိမ်ညီလာခံကို ကျင်းပနိုင်ခဲ့ပါသည်။ ယခုထက်စော၍ ကျင်းပရန်စီစဉ်ခဲ့ကြသော်လည်း ကျင်းပခြင်းမရှိနိုင်ခဲ့ပေ။ NCA လက်မှတ်ထိုးထားသော EAOs များနှင့် အစိုးရ/တပ်မတော် ကြား အမျိုးသားအဆင့်နိုင် ငံရေးဆွေးနွေးပွဲများကျင်းပရေးနှင့်ပတ်သက်၍၎င်း၊ နိုင်ငံရေးဆွေးနွေးမှုများမှသဘောတူညီချက်ရယူမှုရာတွင်၎င်း သဘောထားကွဲလွဲမှုများကြောင့် မကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။

အချိန်ကာလကြာ ညီလာခံမကျင်းပနိုင်ဘဲဖြစ်နေရာမှ ယခု တတိယအကြိမ်ပင်လုံညီလာခံသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အသက်ဆက်ရန် မဖြစ်မနေကျင်းပခဲ့ရသော ညီလာခံဟုဆိုနိုင်သည်။ ညှိနှိုင်းမရသော အရေးပါသည့် နိုင်ရေးနှင့်လုံခြုံရေး ကဏ္ဍမှ အရေးကြီးသောအချက်များကို ချန်လှပ်၍ ညှိနှိုင်းရန်လွယ်ကူမည့်ကဏ္ဍနှင့် အချက်အလက်များကို ရွေးထုတ်၍ သ ဘောတူညီချက်ရယူသည့်ညီလာခံဟု ဆိုရပါမည်။

ဤညီလာခံတွင် လုံခြုံ ရေးကဏ္ဍမှ မည်သည့်သဘောတူညီချက်မှ မပါဘဲနိုင်ငံရေးကဏ္ဍမှ ၄ ချက်၊ စီးပွားရေးကဏ္ဍ မှ ၁ ချက်၊ လူမှုရေးကဏ္ဍမှ ၇ ချက်မြေယာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍမှ ၂ ချက် စုစုပေါင်း ၁၄ ချက်အား သဘော တူညီချက်ရယူသွားမည်ဖြစ်သည်။ နိုင်ငံရေးကဏ္ဍ အချက် ၄ ချက်တွင် အရေးကြီးသော တိုင်းရင်းသားအခွင့်အရေးပြဿနာများမပါဘဲကျား/မ မခွဲခြားရေးပြဿနာကဲ့သို့ သာမန်ဒီမိုကရေစီပြဿနာများသာပါဝင်သည်။ ထို့ပြင် တိုင်းရင်းသားအခွင့် အ ရေးနှင့်ညိသော အခြားကဏ္ဍမှ အချက်အချို့လည်း ၂၀၁၈ ခုနှစ် ဇူလိုင် ၉ ရက်နေ့တွင်ကျင်းပသော UPDJC အစည်းအဝေးတွင် ချန်လှပ်ထားခဲ့ရသည်ဟု ဆိုပါသည်။

● တတိယပင်လုံဖွင့်ပွဲ မိန့်ခွန်းများ ကောက်နုတ်ချက်များ
ညီလာခံဖွင့်ပွဲနေ့တွင်ပြောကြားသော အဖွင့်မိန့်ခွန်းများမှ ညီလာခံအခြေအနေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အခြေအနေနှင့် ပါ ဝင်သည့် အစုအဖွဲ့အသီးသီး၏ သဘောထားများကို တွေ့မြင်နိုင်ပါသည်။

● ဒေါ်အောင်ဆန်းစုကြည် (အစိုးရ)

အစိုးရအဖွဲ့ခေါင်းဆောင်တဦးအနေနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တခုလုံးအား အကောင်းမြင်ဘက်မှကြည့်ရှု ချဉ်း ကပ်သုံးသပ် သွားသည်ဟု ဆိုရပါမည်။ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပါ အဓိကအချက်များမှာ ...

၁။ NCA သည် ပြီးပြည့်စုံခြင်းမရှိဟုဆိုနိုင်သော်လည်း ငြိမ်းချမ်းရေးအတွက် အစပြုချက်ဟူ၍ NCA နှင့်ပတ်သက်၍ ထပ်မံရပ် ခံ။

၂။ NCA ကိုပြန်လည်သုံးသပ်ပြီး အလွတ်သဘောဆွေးနွေးပွဲများ ကြိမ်ဖန်များစွာကျင်းပခဲ့ပြီး သဘောတူညီချက်များရယူခါ ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စုဖြစ်ထွန်းရေး အရွေ့တခု ဆောင်ရွက်ရန်လှုံ့ဆော်။ (အရင်က လက်မခံသော ဖက်ဒရယ် ကို ယခုလက်ခံလာသည်ကို အကောင်းမြင်ဖို့လိုသည်ဟုဆို)

၃။ NCA ၏အသီးအပွင့် JMC ၏ကဏ္ဍကို လေးစားပြီးလက်နက်ကိုင်ပဋိပက္ခလျော့ချနိုင်မှုကို ဆက်လက်ထိမ်းသိမ်းရန်။

၎။ NCA မှာ လက်မှတ်မထိုးသေးသော အဖွဲ့များ ပါဝင်ဖို့လိုအပ်။

၅။ Biletral ထိုးခြင်း၊ NCA ထိုးခြင်း၊ ပြည်ထောင်စု သဘောတူညီမှုရယူခြင်းတို့ တဆင့်ပြီးတဆင့် ခရီးပေါက်နေ။ ဝိဝါဒ ကွဲပြားသော အဖြေရှာမှုများနှင့် ထွေပြားလျင်သော်၎င်း အားလုံးညှိနှိုင်းပြီးမှ ငြင်းပယ်လျင်သော်၎င်း ယုံကြည်မှု ပျက်ပြားနိုင် သည်ကို သတိပြုရန်။

၆။ အားလုံးညှိနှိုင်းပြီး အပေးအယူအလျော့အတင်းနှင့်စေ့စပ်ညှိနှိုင်းရန်၊ ကွဲလွဲမှုများကို ကျော်လွှားရန်။

၇။ နောက်ဆုံးတွင် မည်သူက ငြိမ်းချမ်းရေးလိုလားသည် မလိုလားသည်ဆိုသည်မှာ ၂၁ ရာစုပင်လုံညီလာခံတွင် ပေါ်လွင် လာမည်ဖြစ်ပြီး ပြည်သူလူထုက စောင့်ကြည့်နေသည်ဟုဆိုသည်။

● ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (တပ်မတော်)
တပ်မတော်ခေါင်းဆောင်တယောက်အနေနှင့် တပ်မတော်သဘောထားကိုဖေါ်ပြသွားသကဲ့သို့ တပ်မတော်အားလည်း ကာ ကွယ် ရပ်ခံသွားသည်။ မိန့်ခွန်းပါအဓိကအချက်များမှာ ...

၁။ တိုင်းပြည်ဖွံ့ဖြိုးရန် ငြိမ်းချမ်းရေးလိုအပ်။

၂။ ပြည်တွင်းစစ်တရားခံသည် ကိုလိုနီစနစ် သွေးခွဲအုပ်ချုပ်ရေးမှအခြေခံ။ နောက်ပိုင်းတွင် နိုင်ငံရေး၊ အယူဝါဒရေး၊ ဘာသာ ရေးများပေါ်တွင် အခြေခံပြီး လက်နက်ကိုင်ပုန်ကန်မှုများပေါ်လာ။ တပ်မတော်ကြောင့် ပေါ်လာသည်မဟုတ်။

၃။ ၁၉၄၈ ခုနှစ် မေလ ၁၅ ရက်မှာ နုမူ ၁၅ ချက်ထွက်လာပြီး ဗိုလ်နေဝင်းဥက္ကဌလုပ်ပြီး ငြိမ်းချမ်းရေးစတင်။
- ၁၉၆၃ ခုနှစ် ဇွန် ၁၁ ရက်မှာ တော်လှန်ရေးကောင်စီက ငြိမ်းချမ်းရေးကမ်းလှမ်းခဲ့။
- ၁၉၈၀/၈၁ မှာလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ခဲ့။
- ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ အဖွဲ့ကြီး ၁၇ ဖွဲ့၊ အဖွဲ့ငယ် ၄၀ နှင့်အပစ်ရပ်ငြိမ်းချမ်းရေးယူခဲ့။
- ၂၀၁၁ ခုနှစ် သြဂုန်လ ၁၈ တွင် ၁/၂၀၁၁ ကြေညာထုတ်ပြန်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတင်ခဲ့။ ယခုချိန်ထိ ၁၀ ဖွဲ့ NCA ထိုးပြီး။

၎။ လွှတ်တော်က အတည်ပြုပြီးသည့် NCA ကို EAOs အဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးထိုးဖို့လို။

၅။ လက်ရှိနိုင်ငံရေးဆွေးနွေးပွဲများတွင် နိုင်ငံရေးပြဿနာများ မပြီးပြတ်ဘဲချန်ထားကြသည်များကို ပြီးပြတ်အောင်ဆွေးနွေးဖို့ လိုကြောင်း။ ၂၀၂၀ခုနှစ်မှာ ကျင်းပမည့် ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးပြတ်စေရေးဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း။

၆။ သဘောတူညီချက်ကိုသာ ထိမ်းသိမ်းနိုင်ရင် သေနတ်သံထွက်မည်မဟုတ်၍ ကိုယ့်လူကိုယ်ထိမ်းရန်လိုကြောင်း။

၇။ နိုင်ငံရေးပါတီများ/တိုင်းရင်းသားအဖွဲ့အစည်းများသည် ၎င်းတို့အားထောက်ခံသူများကိုသာ ကိုယ်စားပြုကြောင်း၊ တပ်မ တော်သည်သာ ပြည်သူလူထုတရပ်လုံးကို ကိုယ်စားပြုကြောင်း။

၈။ အခြေခံဥပဒေပြင်ဆင်ရေးအား ဥပဒေပါ ပြဌာန်းချက်များအတိုင်း ပြုလုပ်ရန်။

၉။ တခုတည်းသောတပ်မတော်တရပ်တည်ဆောက်ပြီး လက်နက်ကိုင်လမ်းစဉ်ချုပ်ငြိမ်းစေရန်

၁၀။ ပြည်တွင်းအားသည် ပြည်တွင်းမှာသာရှိပြီး အရွေ့တခုအတွက် အချိန်မဆွဲကြရန်။ တည်ငြိမ်အေးချမ်းသော နယ်စပ် ဒေသများဖြစ်စေရန် ဆောင်ရွက်သွားမည်ဟုဆိုသည်။

● ဗိုလ်ချုပ်ကြီးစောမူတူးစေးဖေါ (KNU)
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖက်မှ အမြင်နှင့်စိုးရိမ်ပူပန်မှု အား ဖေါ်ပြသွားသည်ကိုတွေ့ရသည်။

၁။ EAOs အဖွဲ့ ၈ ဖွဲ့ စတင်လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးအုတ်မြစ်ချခဲ့။

၂။ အချက် ၃၇ ချက်ပါ ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း ၁အား ချုပ်ဆိုနိုင်ခဲ့။

၃။ ဒို့တာဝန်အရေးသုံးပါးကို ရှေ့ရှုပြီး လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှု များပေါ် အခြေခံသည့် ပင်လုံစိတ်ဓါတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်အခွင့်အရေးများ အာမခံချက်ရှိသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ် အခြေခံသော ပြည်ထောင်စုအား ဆွေးနွေးပွဲရလဒ်နှင့်အညီ တည်ဆောက်သွားရန်။

၎။ ပင်လုံစာချုပ်အရ ပြည်ထောင်စု ဖြစ်ပေါ်လာ။ ပြည်ထောင်စုအား စစ်ရေးဖိအားနှင့်တည်ဆောက်၍ မရနိုင်။ တိုင်းရင်းသား ချင်းစည်းလုံးညီညွတ်ရေးကို တိုင်းရင်းသားများကြား လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှုအခြေခံများပေါ်မှသာ တည် ဆောက်နိုင်။ ယုံကြည်မှု၊ နားလည်မှု၊ စာနာမှုများပေါ်မှသာ တည်ဆောက်နိုင်။

၅။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို မူဘောင်ပြဌာန်းချက်များနှင့်အညီ မကျင်းပနိုင်ခြင်း၊ ဆွေးနွေးသောအ ကြောင်းအရာများအပေါ်အမြင်မတူ၍ သတ်မှတ်သည့် အချိန်ကာလအတွင်း ညီလာခံမကျင်းပနိုင်ခြင်းတို့အား ထောက်ပြ။

၆။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နောက်ပြန်လျှောမကျရန် လိုအပ်သည်ဟုထောက်ပြသွားပါသည်။

● ဒေါ်အေးနုစိန် (ANP)
နိုင်ငံရေးပါတီအစုအဖွဲ့မှ ပထမဆုံး အဖွင့်မိန့်ခွန်း ပြောခွင့်ရသည့် တိုင်းရင်းသားပါတီဖြစ်သည်။ ပထမနှင့်ဒုတိယအကြိမ်တို့တွင် ပြည်မမှပါတီကြီးများဖြစ်သည့် NLD နှင့် USDPတို့မှပြောခွင့်ရခဲ့ပြီး ယခုအကြိမ်တွင် တိုင်းရင်းသားပါတီတခုဖြစ်သည့် ANP ပါတီမှပြောခွင့်ရခဲ့ပြီး တိုင်းရင်းသားပါတီတခု၏အမြင်ကို ကြားသိရသည်။

၁။ ၁၉၄၇ ခုနှစ်အခြေခံဥပဒေအောက်တွင် ရခိုင်သည် ပြည်နယ်အဆင့်ပင်မရခဲ့။ ၁၉၇၄ ခုနှစ်အခြေခံဥပဒေတွင် ပြည်နယ် နယ်အဆင့်ရခဲ့သော်လည်း ဘာမှမထူးခြားဘဲ ဆင်းရဲမွဲတေခဲ့။

၂။ ANP ပါတီ၏ ရည်မှန်းချက်များမှာ
- စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်။
- ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားမျိုးစုများ၏အကျိုးစီးပွားအား ကာကွယ်စောင့်ရှောက်ရန်နှင်ဖွံ့ဖြိုးတိုးတက်စေရန်။
- ဒီမိုကရေစီစနစ် ဖွံ့ဖြိုးရေး ကြိုးပမ်းဆောင်ရွက်ရန်။

၃။ မြန်မာ့နွေဦးဟုပြောရမည့်အချိန်တွင် ပြည်နယ်နှင့်ပြည်မကြား ဖွံ့ဖြိုးမှုမညီမျှခြင်း၊ ပြည်နယ်များတွင် စစ်ဘေးဒဏ်နှင့် ဆင်းရဲနွမ်းပါးမှု ဒဏ်ခံနေရ။

၎။ တိုင်းရင်းသားများကို အစွန်းရောက်နေသူများဟု မမှတ်ယူဘဲ ဗမာပါတီကြီးများနှင့်တပ်မတော်၏ သဘောထားကြီးမှု ကိုမျှော်လင့်။

၅။ မြန်မာပြည်ငြိမ်းချမ်းရေး ဒီမိုကရေစီရေးမှာ ဖြေရှင်းရန်လိုအပ်နေသည်မှာ ဘင်္ဂါလီမွတ်စလင်ပြဿနာလည်းတခုအပါအဝင်ဖြစ်။ ၎င်းပြဿနာ သည်နိုင်ငံသားနှင့်တရားဝင်နေထိုင်မှုပြဿနာကို ပြတ်ပြတ်သားသား မဖြေရှင်းနိုင်၍ဖြစ်ပေါ်လာခြင်း ဖြစ်။

၆။ ရခိုင်ပြဿနာဟု ပြောဆိုနေကြသည့် ဘင်္ဂါလီမွတ်စလင်ပြဿနာကို ဖြေရှင်းရာတွင် ပထမအနေနှင့် ရခိုင်တိုင်းရင်းသားများ ၏ မူလအခွင့်အရေး မဆုံးရှုံးရန်လိုအပ်ပြီး ဒုတိယအနေနှင့် ပြဿနာကိုဖြေရှင်းရာမှာ ရခိုင်လူမျိုးများ၏အသံကို မပစ်ပယ်ရန် နှင့် ရခိုင်လူမျိုးတို့၏နိုင်ငံရေးကဏ္ဍအား မပစ်ပယ်ရန် အရေးကြီးသည်ဟု ထောက်ပြသွားခဲ့သည်။

● အဖွင့်မိန့်ခွန်းများအားသုံးသပ်ချက်
အစိုးရအာဘော်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းသည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား အကောင်းမြင်ဖက်မှ သုံး သပ်သည်။ NCA အားထပ်မံအတည်ပြု ပြီး NCA လုပ်ငန်းစဉ်အတိုင်း နိုင်ငံရေးဆွေးနွေးပွဲအားဆက်လက်ဖေါ်ဆောင်ရန် အတည်ပြု သည်။ အပေးအယူ အလျော့အတင်းနှင့်စေ့စပ်ညှိနှိုင်းပြီး ကွဲလွဲမှုများကိုကျော်လွှားခါ ဒီမိုကရေစီဖက်ဒရယ်နိုင်ငံတည်ဆောက်မည်ဟု ဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းတွင် ထူးခြားချက်မှာ ၂၁ ရာစုပင်လုံညီလာခံအတွင်း ငြိမ်းချမ်းရေးမလိုလားသူများပေါ်လာနိုင်သည်ဟု ညွှန်းဆိုသွားသည်ကိုတွေ့ရပြီး ထိုသူများသည်မည်သူမည်ဝါများဖြစ်သည်ဆိုခြင်းကို၎င်း ထိုသူများကို မည်သို့ မည်ပုံကျော်လွှားဖြေရှင်းမည်ဆိုခြင်းကို၎င်း ဖေါ်ပြထားခြင်းမရှိပါ။ အနာဂါတ်တွင် ကြုံတွေ့ရမည့် ပြဿနာတရပ်အဖြစ် ရည်ညွှန်းထားသည်ဟု ဆိုရပါမည်။

တပ်မတော်၏အာဘော်ဖြစ်သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏မိန့်ခွန်းသည် တပ်မတော်အားကာကွယ်ပြောဆိုသွား သကဲ့သို့ တပ်မတော်၏သဘောထားအားလည်း ဖေါ်ပြသည်ကိုတွေ့ရသည်။

ပထမအချက်အနေနှင့် လက်နက်ကိုင်ပဋိပက္ခများသည် တပ်မတော်ကြောင့် ပေါ်ပေါက်လာရခြင်းမဟုတ်ကြောင်း၊ အခြေခံ အားဖြင့် နယ်ချဲ့ကိုလိုနီများ၏ သွေးခွဲအုပ်ချုပ်မှုကြောင့်ဖြစ်ပြီး နောက်ပိုင်းတွင် နိုင်ငံရေး၊ အယူဝါဒရေး၊ ဘာသာရေးနှင့် ပတ်သက်သည့် အခြေခံပေါ်မှ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်လာကြောင်းရပ်ခံသည်။ သို့သော် အနှစ် ၇၀ ကြာပြည်တွင်းစစ် တွင်တပ်မတော်သည် အစိုးရတာဝန်ကို နှစ် ၅၀ ကြာ တာဝန်ယူခဲ့သည့်ပြင် လက်ရှိ ၂၀၀၈ အခြေခံဥပဒေအောက်တွင်လည်း တပ်မတော်၏သီးခြားအခန်းကဏ္ဍရှိနေပေရာ တပ်မတော်အနေနှင့် တာဝန်ရှိမှု တာဝန်ယူမှုအပိုင်းနှင့်ပတ်သက်ပြီး ရှောင်လွှဲ ရန် ခက်ခဲပါသည်။

ဒုတိယအနေနှင့် ပါတီအဖွဲ့အစည်းများနှင့် တိုင်းရင်းသားအဖွဲ့အစည်းများသည် ၎င်းတို့ထောက်ခံသူများကိုသာ ကိုယ်စားပြု ပြီး ပြည်သူလူထုကို ကိုယ်စားမပြုဘဲ တပ်မတော်သည်သာ ပြည်သူလူထုကို ကိုယ်စားပြုသည်ဟုဟု ပြောကြားချက်သည်လည်း အငြင်းပွားဖွယ်ဖြစ်သည်။ ပါတီအဖွဲ့အစည်း၏ ကိုယ်စားပြုမှုကို ငြင်းခုံနိုင်သော်လည်း ဒီမိုကရေစီနည်းနှင့် လူအများစုကရွေး ကောက်တင်မြှောက်လိုက်သော အစိုးရသည် ပြည်သူလူထုအများစုကိုကိုယ်စားပြုသည်ဆိုသည်ကိုတော့ ငြင်းပယ်၍မရပေ။ ထို့အတူ တပ်မတော်အနေနှင့် ပြည်သူလူထုအား ကိုယ်စားပြုသည်ဆိုခြင်းနှင့် ပတ်သက်၍ ပြည်တွင်း ပြည်ပလက်ခံနိုင်သည့် စံနှုန်းများရှိရန်လိုအပ်ပေသည်။ သို့ဖြစ်ရာ တပ်မတော်အား ကာကွယ်ပြောဆိုသည်ကို နားလည်၍ရသော်လည်း အထက်ပါ အချက်နှစ်ချက်သည် အငြင်းပွားဘွယ်ရာဖြစ်ပြီး အများလက်ခံနိုင်ရန် ခက်ခဲပေသည်။

တတိယအချက်အနေနှင့် ကာကွယ်ရေးဦးစီးချုပ်သည် NCA အားထပ်မံ အတည်ပြု ရပ်ခံပါသည်။ NCA နှင့်ပတ်သက်၍မူ အစိုးရနှင့်တပ်မတော် တသဘောထဲဟု ဆိုရပါမည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် NCA သည် အစိုးရနှင့်တပ်မတော်အတွက် မူဝါဒပြဿနာဖြစ်နေသကဲ့သို့ ဂုဏ်သိက္ခာပြဿနာလည်းဖြစ်သည်ဟု ဆိုရပါမည်။

တပ်မတော်၏ သဘောထားဖေါ်ပြချက်တွင် စတုတ္ထအချက်သည် ထူးခြားချက်ဖြစ်သည်။ သတိပြုရမည့်အချက်ဖြစ်ပါသည်။ ၎င်းမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် သဘောတူညီမှု မရသေးသည်များကို ဆိုင်းငံ့မထားဘဲပြီးပြတ်အောင် ဆွေးနွေးရန် တိုက်တွန်းထားပြီး ၂၀၂၀ တွင် ကျင်းပမည့်ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ဆွေးနွေးညှိနှိုင်းမှုများပြီးပြတ်ရန် မျှော်လင့်သည်ကို တွေ့ရသည်။ တပ်မတော်အနေနှင့် နိုင်ငံရေးဆွေးနွေးပွဲများအား အချိန်အကန့်အသတ်နှင့်လုပ်ဆောင်ရန် သဘောထားသည်ကို တွေ့ရသည်။ နိုင်ငံရေးဆွေးနွေးပွဲများကို၂၀၂၀ အထိသာ အချိန်ကန့်သတ်သည်ဟု ဆိုရပါ မည်။ ထို့ပြင် တပ်မတော်အနေနှင့် ငြိမ်းချမ်းရေးလုပ်ဆောင်နေသည်မှာ အင်အားချိနဲ့၍မဟုတ်ဟု ဆိုခဲ့ပါသည်။

ဤနေရာတွင် မရှင်းလင်းသည့်အချက်မှာ ၂၀၂၀ ခုနှစ် တွင် ကျင်းပ မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအား "ဒုတိယ အကြိမ်" ဟုသုံးစွဲခြင်း ဖြစ်ပါသည်။ လက်ရှိ အကြိမ်ရေတွက်ပုံနှင့် ကွဲလွဲနေသည်ကို တွေ့ရပါသည်။( PC မှတာဝန်ရှိသူတဦးမှမူ ညီလာခံအား တနှစ်လျင် ၂ ကြိမ် ကျင်းပရန် ဆုံးဖြတ်ထားသည်ဖြစ်ရာ ၂၀၂၀ ခုနှစ်တွင် ကျင်းပမည့် ဒုတိယအကြိမ်ကျင်းပမည့် ညီလာခံကို ရည်ညွှန်းသည်ဟုဆိုပါသည်)

EAOs ဘက်မှသဘောထားဖြစ်သည့် ဗိုလ်ချုပ်ကြီးမူတူးစေးဖေါ၏တင်ပြချက်မှာ ပထမအချက်အနေနှင့် မကြာမီက NCA နှင့် ပတ်သက်၍ သံသယရှိသည့်ကြေညာချက်တစောင်အား KNLAက ထုတ်ပြန်ခဲ့သော်လည်း KNU ဥက္ကဌအနေနှင့် NCA လမ်း ကြောင်းပေါ်တွင် အောင်မြင်မှုများရရှိကြောင်းပြောဆိုပြီး NCA အား ထပ်မံအတည်ပြုပါသည်။ KNU ဥက္ကဌ၏ NCA နှင့် ပတ် သက်သည့်သဘောထားမှာလည်း အစိုးရ၊ တပ်မတော်တို့နှင့်ကွဲလွဲမှုမရှိဟု ဆိုရပါမည်။

ဒုတိယအချက်အနေနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို စစ်ရေးဖိအားဖြင့်မတည်ဆောက်နိုင်ကြောင်း ယုံကြည်မှု၊ နား လည်မှု၊ စာနာမှုများဖြင့်သာ တည်ဆောက်နိုင်မည်မည်ဟု ဆိုသည်။ ဒို့တာဝန်အရေးသုံးပါးကိုလည်း ဖေါ်ပြသကဲ့သို့ အမျိုး သားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကိုလည်း ဖေါ်ပြပေရာ နှစ်ဖက်စေ့စပ်ညှိနှိုင်းနိုင်ရန် အားသန်သည်ဟုဆိုရပါမည်။

တတိယအချက်အနေနှင့် KNU ဥက္ကဌ ၏မိန့်ခွန်းတွင် ထူးခြားသည်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နောက်ပြန်လျှောကျမည်ကို စိုးရိမ်ပူပန်သည်ကိုတွေ့ရပြီး ရှေ့မတိုးနိုင်သော်မှ နောက်ပြန်လျှောမကျစေရေးအတွက် တိုက်တွန်းသွားသည်ကို တွေ့ရပါ သည်။ ဤသို့တိုက်တွန်းသည်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အချိန်မရွေးရပ်တန့်သွားနိုင်သည်ဟု သူသိမြင်ခံစားနေရ၍ ဖြစ်ပုံ ရသည်။

နိုင်ငံရေးပါတီအစုအဖွဲ့မှ ANP ပါတီ၏သဘောထားမှာ ၎င်းတို့ရခိုင်ပြည်နယ်၏ ထူးခြားချက်ကို ပိုမိုထင်ဟပ်ဖေါ်ပြသည်ဟုဆိုရပါမည်။ ဒေါ်အေးနုစိန်မိန့်ခွန်းတွင် အောက်ပါတို့ကို တွေ့ရသည်။

ပထမအချက် မြန်မာ့နွေဦးဟု ခေါ်ဆိုရမည့် မြန်မာပြည်ဒီမိုကရေစီအပြောင်းအလဲကာလတွင် ပြည်မနှင့်ပြည်နယ်ကြား ဖွံ့ဖြိုး မှု မညီညာသည့်အပြင် ပြည်နယ်များတွင် စစ်ဒဏ်နှင့်ဆင်းရဲမွဲတေမှု ဒဏ်ခံစားနေရသည်ကိုထောက်ပြသည်ကို တွေ့ရပါ သည်။

ဒုတိယအချက်အနေနှင့် တိုင်းရင်းသားများအား အစွန်းရောက်သူများဟု မသတ်မှတ်ဘဲ ဗမာပါတီကြီးများနှင့် တပ်မတော်၏ သဘောထားကြီးမှုကို မျှော်လင့်ကြောင့်ဖေါ်ပြပါသည်။

တတိယအချက်အနေနှင့် ရခိုင်ပြဿနာဟု ခေါ်ဆိုနေကြသည့် ဘင်္ဂါလီမွတ်စလင်ပြဿနာဖြေရှင်းရာတွင် ရခိုင်တို့၏ အသံ အား နားထောင်ရန်နှင့်ရခိုင်တို့၏နိုငံရေးအခန်းကဏ္ဍအား မပစ်ပယ်ရန် အရေးကြီးကြောင်း ထောက်ပြသွားသည်။ ဤအချက် သည် ဖက်ဒရယ်ဟုဆိုနေချိန်တွင် ပြည်နယ်သားတို့ ကိုယ်စားပြုမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် လက်တွေ့ပြဿနာကို ထောက်ပြ လိုက်သည်ဟု ဆိုရပါမည်။ ရခိုင်ပြဿနာဟုဆိုပြီး ပြဿနာဖြေရှင်းရာတွင် ရခိုင်ကိုယ်စားပြုမှု မပါဝင်ခြင်း၊ ရခိုင်တို့၏ အသံ နားမထောင်ခြင်းနှင့်ပတ်သက်၍ ဖက်ဒရယ်ဟုဆိုနေခြင်းအား မေးခွန်းထုတ်လိုက်ခြင်းလည်း ဖြစ်သည်။

ဒေါ်အေးနုစိန်မိန့်ခွန်းနှင့် ပတ်သက်၍ လှုပ်လှုပ်ခတ်ခတ်ဖြစ်သည်။ထိုနေ့ညနေပိုင်းတွင် ၎င်းမိန့်ခွန်းပါသဘောထားမှာ နိုင်ငံ ရေးပါတီအစုအဖွဲ့၏ သဘောထားမဟုတ်ကြောင်း၊ မိန့်ခွန်းပါအကြောင်းအရာများသည်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်တိုက်ရိုက်သက်ဆိုင်ခြင်းမရှိဟုဆိုသည်။ နိုင်ငံရေးပါတီအစုအဖွဲ့ အတွင်းရေးမှူး စိုင်းကျော်ညွန့် (SNLD) ကမူ နိုင်ငံရေး ပါတီအစုအဖွဲ့မှ ပါတီများ ရွေးကောက်ခံရသည့်ရလဒ်အတိုင်း အလှည့်ကျပြောဆိုကြခြင်းဖြစ်ကြောင်း၊ ယခင် ပထမနှင့် ဒုတိယအကြိမ်တို့တွင်ပြောခဲ့သော NLD နှင့် USDP တို့သည်လည်း ၎င်းတို့ပါတီသဘောထားကိုပြောဆိုခဲ့ခြင်းဖြစ်ကြောင်း၊ စတုတ္ထပင်လုံတွင် အလှည့်ကျမည့် SNLD သည်လည်း ၎င်းပါတီ၏သဘောထားကို ပြောမည်သာဖြစ်သည်ဟုဆိုသည်။

ချုပ်၍ ဆိုရလျင် အစိုးရ/တပ်မတော်/ လက်မှတ်ထိုးထားသော EAOsတို့အနေနှင့် NCA လမ်းကြောင်းအား တသဘောတည်း အခိုင်အမာ ရပ်ခံပြီး NCA လုပ်ငန်းစဉ်အတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆက်လက်သွားမည်ဟု ဆိုပါသည်။ NCA မထိုးသေး သော အဖွဲ့များအားလည်း NCA လမ်းကြောင်း ထဲသို့ ခေါ်ယူသိမ်းသွင်းသွားမည်ဟုလည်း ဆိုပါသည်။

ထူးခြားချက်များအနေနှင့် အစိုးရက ငြိမ်းချမ်းရေးမလိုလားသူများ ပေါ်လာနိုင်သည်ဟု ညွှန်းဆိုသည်ကို၎င်း၊ တပ်မတော်က ငြိမ်းချမ်းဆွေးနွေးမှု အား ၂၀၂၀ ခုနှစ်တွင် ပြီးပြတ်ရန် မျှော်လင့်သည်ဟု အချိန်ပိုင်းခြားသတ်မှတ်ဖေါ်ပြသည်ကို၎င်း၊ လက် မှတ်ထိုးထားသော EAOs များက လက်ရှိသွားနေ သော ငြိမ်းချမ်းရေးလမ်းကြောင်း ရပ်တန့်မည်ကို စိုးရိမ်ပူပန်မှု ရှိနေသည်ကို ၎င်း၊ ဖက်ဒရယ်ဟုဆိုနေပြီး လက်တွေ့တွင် ရခိုင်ပြဿနာဖြေရှင်းရာတွင် တွေ့ရှိနေရသည့် ရခိုင့်အသံနှင့် ရခိုင် နိုင်ငံရေး ကဏ္ဍနှင့်ပတ်သက်ပြီး ANP ပါတီက ဖက်ဒရယ်မေးခွန်းထုတ်လိုက်သည်ကို၎င်း တတိယအကြိမ်ညီလာခံဖွင့်ပွဲ နေ့တွင် တွေ့ ရှိလိုက်ရပေသည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး

Comments