ခိုင်ကြည်သစ် ● တရုတ်၊ မြန်မာနှင့် အနောက်ကမ္ဘာ

ခိုင်ကြည်သစ် ● တရုတ်၊ မြန်မာနှင့် အနောက်ကမ္ဘာ
(မိုးမခ) သြဂတ်စ် ၁၂၊ ၂၀၁၈


(၁)
ကနေဒါလူ့အခွင့်အရေး ပြတိုက် (Canadian Museum for Human Rights – CMHR) အနေဖြင့် ဒေါ်ေ အာင်ဆန်းစုကြည်အား ရည်ညွှန်းထားသော ဂုဏ်ပုဒ်များကိုဖယ်ရှားမည်ဖြစ်ကြောင်း CBC သတင်းဌာန (ကနေဒါ ရုပ်သံကော်ပိုရေးရှင်း) က ဩဂုတ် ၁ ရက်တွင် ဖော်ပြခဲ့သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဘင်္ဂါလီများ (မူရင်း ရိုဟင်ဂျာ) အပေါ် အကြမ်းဖက်မှုများကို ပြစ်တင်ရှုတ်ချရန် ပျက်ကွက်သဖြင့် ယင်းသို့ဆောင်ရွက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ပြတိုက်၏ ပြည်သူ့ရေးရာနှင့် စီမံချက်များဌာန ဒုတိယအကြီးအကဲ အန်ဂျလာကတ်ဆီ (Angela Cassie) က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား အပ်နှင်းထားသော ဆုတံဆိပ်များ ပြန်လည်ရုပ်သိမ်းခြင်း၊ ပြတိုက်များတွင် ခမ်းခမ်းနားနား ထားရှိခဲ့ကြသော ဒေါ်အောင်ဆန်းစုကြည်၏ ပန်းချီရုပ်ပုံများအား ဖယ်ရှားခြင်းများကို အနောက်  နိုင်ငံအတော်များများတွင် ဆောင်ရွက်ခဲ့ကြသည်။ ယင်းဆောင်ရွက်ချက်များသည် အနောက်နိုင်ငံများအနေဖြင့် လူ့အခွင့်အရေးကို အင်မတန်တန်ဖိုး ထားကြောင်းပြသရနှ်နှင့် ဘင်္ဂလီအရေးကိစ္စတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက်အပေါ် ၎င်းတို့၏သဘောထားကို ထင်ဟပ်ဖော်ပြနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ၎င်းတို့က အကြောင်းပြကြသည်။ သို့ရာတွင် ရခိုင်ပြည်နယ်အတွင်း ARSA အကြမ်းဖက် တိုက်ခိုက်မှုများအပြီး လူ့အခွင့်အရေးချိုးဖောက်မှုစွတ်စွဲချက်များ၊ ယင်းနှင့်ဆက်နွယ်သည့်ကိစ္စရပ်များကို စုံစမ်းစစ်ဆေးနိုင်ရန်အတွက် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ကို မြန်မာအစိုးရက ဖွဲ့စည်းပေးလိုက်သောအချိန်ကာလနှင့်တိုက်ဆိုင်စွာ ယခုကဲ့သို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထိုးနှက်တိုက်ခိုက်လိုက်ခြင်းမှာ လူ့အခွင့်အရေး သက်သက်တော့မဟုတ်တန်ရာ တွေးဆမိသည်။ အနောက်အင်အားကြီးနိုင်ငံများ၏ လူထုခေါင်းဆောင်အပေါ် ထိုးနှက်တိုက်  ခိုက်နေပုံများက မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ချင်သလိုစွက်ဖက်၍ မရသည့်အတွက် စိတ်ဆိုး  ဒေါသထွက် နေသော ရန်စွယ်ငေါငေါကို ထုတ်ပြလိုက်ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။

(၂)
အနောက်ကမ္ဘာသည် ကမ္ဘာကြီး၏ နေရာဒေသတိုင်းတွင် ဆရာကြီးများလို နေရာတကာ ဝင်ရောက်စွက်ဖက်လိုသည်။ အသာစီးအနေအထားကို ရယူလိုကြသည်။ ကမ္ဘာ့စီးပွားရေးတွင် ဦးဆောင်ကဏ္ဍကို တဖြည်းဖြည်း ရယူလာသော တရုတ် နိုင်ငံအပေါ် အနောက်ကမ္ဘာက မလိုမုန်းထားဖြစ်ခဲ့သည်။ တဖက်တွင်လည်း ၎င်းတို့နှင့် နိုင်ငံရေးအယူဝါဒ ဆန့်ကျင်ဘက် ဖြစ်သည် တရုတ်နိုင်ငံအား တတ်နိုင်သမျှ ရန်သူများစေလိုမည်မှာ အသေအချာပင်ဖြစ်သည်။ အနောက်အုပ်စုက ၄င်းတို့နှင့် နိုင်ငံရေးအယူဝါဒ ဆန့်ကျင်ဘက်ဖြစ်သော ဆိုဗီယက်ယူနီယံကြီးကို အလွယ်တကူဖြိုခွဲနိုင်ခဲ့သော်လည်း တရုတ်ပြည်ကိုမူ ထိုသို့ မလုပ်နိုင်ခဲ့ကြ။  တိန့်ရှောင်ဖိန်ခေတ်  ပြုပြင်ပြောင်းလဲမှုများက တရုတ်ကို အင်အားပိုမိုတောင့်တင်းစေခဲ့သဖြင့် အနောက် အုပ်စုက မျက်မုန်းကျိုးခဲ့သည်။ တိန့်ရှောင်ဖိန်၏ ကဏ္ဍ (၄) ရပ်ခေတ်မီရေးလှုပ်ရှားမှုတွင် စစ်ရေးကဏ္ဍ ခေတ်မီ ရေးပါ ပါဝင်ခဲ့သည်။ ယင်းအချက်က အနောက်ကမ္ဘာအတွက် စိတ်ဆိုးဒေါသထွက်စရာဖြစ်မည်မှာ မလွဲပေ။ တိန့်ရှောင်ဖိန်၏ ကဏ္ဍ (၄) ရပ် ခေတ်မီရေးတွင်   သိပ္ပံပညာကိုလည်း မြှင့်တင်အားပေးခဲ့သလို အောင်မြင်မှုများလည်း ဖြစ်ထွန်းလာနေသည်။  ထင်ရှားသောဥပမာတခုမှာ စစ်အေးကာလအတွင်း ဆိုဗီယက်နှင့် အမေရိကန်တို့ အပြင်းအထန် ပြိုင်ဆိုင်ခဲ့သည့် အာကာသစူးစမ်းလေ့လာမှု နယ်ပယ်ထဲသို့ တရုတ်တို့ ဝင်ရောက်လာနိုင်ခြင်းဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် အာကာသထဲသို့ တရုတ်လူမျိုးအာသာယာဉ်မှူးများ ရောက်ရှိလာကြတော့သည်။ ၂၀၁၃ ခုနှစ်တွင် လကမ္ဘာပေါ်သို့ တရုတ်အာကာသယာဉ် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည်။ တရုတ်လူမျိုး အာကာသယာဉ်မှူးများ လကမ္ဘာပေါ်သို့ စေလွှတ်နိုင်ရေးကိုလည်း ကြိုး ပမ်းနေကြသည်။ အနောက်အုပ်စု၏ တရုတ်နိုင်ငံအပေါ်ထားရှိသော မလိုမုန်းထားမှုနှင့် ကမ္ဘာ့အရေးဝင်ရောက်စွက်ဖက်လိုမှုများပေါင်းစုံသွားခြင်းက တရုတ်၏ ပတ်ဝန်းကျင်နိုင်ငံများအရေးတွင် အနောက်ကမ္ဘာက ထဲထဲဝင်ဝင် ဝင်ရောက်စွက်ဖက်ဖို့ အကြောင်းအရင်းဖြစ်လာသည်။ ထိုသို့ တရုတ်နှင့် အမေရိကန်ကြား မြေစာပင်ဖြစ်ခဲ့ရသည့် နိုင်ငံများတွင် မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်ခဲ့သည်ဟု ဆိုရမည်။

မြန်မာပြည်တွင် စစ်အာဏာရှင်ခေတ်တလျှောက် ကုလသမဂ္ဂစင်မြင့်တွင် တရုတ်နိုင်ငံ၏ အကာအကွယ်ပေးမှုကြောင့် တရုတ်နှင့် မြန်မာစစ်အစိုးရတို့ကြား ကျယ်ပြန့်သောအကျိုးစီးပွားဆက်စပ်မှုများ  ဖြစ်ပေါ်ခဲ့သည်။ တရုတ်က မြန်မာစစ် အစိုးရကို ကမ္ဘာ့စင်မြင့်တွင် အကာအကွယ်ပေးသလို၊ မြန်မာ့သယံဇာတများ ကိုလည်း လွယ်လွယ်ကူကူ ထုတ်ယူသုံးစွဲခွင့်တွေ ရရှိခဲ့သည်။ တဖက်တွင်လည်း မြန်မာပြည်က အာဏာရှင်လူတန်းစားအတွက် တရုတ်ရင်းနှီးမြှုပ်နှံမှုများက ငွေတွင်းဖြစ် လာခဲ့သည်။ အကျိုးဆက်မှာ တရုတ်မုန်းတီးရေး စိတ်ဓာတ်များ မြန်မာပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက် လာခြင်းဖြစ်သည်။

ထိုကာလတွင် အနောက်အုပ်စုအနေဖြင့် တရုတ်နိုင်ငံကိုဒုက္ခပေးလိုသော ၎င်းတို့၏အတွင်းစိတ်ကို သကာအုပ်ကာ မြန်မာ နိုင်ငံအပေါ် ချဉ်းကပ်ခဲ့သည်။ သူတို့၏အတွင်းစိတ်ကို အုပ်ထားသောသကာမှာ အခြားမဟုတ်။ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးပါသည်ဆိုသောသကာပင် ဖြစ်သည်။ မြန်မာပြည်သူလူထု၏  စစ်အာဏာရှင်စနစ် အလျင်အမြန် ကျဆုံးစေလိုသော ဆန္ဒ၊ တရုတ်နိုင်ငံ၏ တဖက်သက်ဆန်သော စီးပွားရေးအမြတ်ထုတ်မှုကို ဖယ်ရှားလိုသောဆန္ဒများနှင့် အနောက်အုပ်စု၏ တရုတ်ဆန့်ကျင်ရေးမဟာဗျူဟာတို့ အကျိုးစီးပွားခြင်း ထပ်တူကျခဲ့သည်။ ထို့ကြောင့်ပင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ကို ကမ္ဘာ့ဒီမိုကရေစီ၏ ပုံရိပ် (icon) ဖြစ်လာအောင် တွန်းပို့ပေးခဲ့သည်။ မြန်မာ့ဒီမိုကရေစီရေး ထဲထဲဝင်ဝင် ပံ့ပိုးကူညီမှုများထက် ဆုတံဆိပ်များ၊ ဘွဲ့လက်မှတ်များဖြင့် ပုံရိပ်တခု ဖန်တီးခဲ့ကြခြင်းက အလေးသာခဲ့သည်။ (၄င်းတို့ အလိုဆန္ဒမပြည့်ဝသည့်အခါ ယင်း ပုံရိပ်ကိုပင် လက်နက်တခုလို ပြန်လည်အသုံးချနေကြသည်။)

၂၀၀၇ ရွှေဝါရောင်တောင်လှန်ရေးက စစ်အာဏာပိုင်များအတွက် သတိပေးတပ်လှန့်လိုက်သည့်အချက်မှာ စစ်အာဏာရှင် စနစ်ဖြင့် တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်နိုင်ရေးမဖြစ်နိုင်တော့ဟူသည့်အချက်ဖြစ်သည်။ အခြားတဖက်တွင်လည်း သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှုက အာဏာကို အလုံးစုံဆုပ်ကိုင်ထားရန် မဖြစ် နိုင်ကြောင်း သတိပေးလာနေသည်။ ထို့ကြောင့်ပင် ညောင်နှစ်ပင်ညီလာခံကို တက်သုတ်ရိုက်ကာ ဆက်လက်ကျင်းပခဲ့ပြီး ၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်းကာလအတွင်းမှာပင် ဖွဲ့စည်းပုံအ ခြေခံဥပဒေကို အတည်ပြုခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီဆိုသည့်အချက်ကို မြန်မာနိုင်ငံသားများသာမက ဒီမိုကရေစီ ဘိုးအေကြီးများဟု ဆိုကြသည့် အမေရိကန်အပါအဝင် အနောက်အုပ်စု နိုင်ငံများလည်း သေ သေချာချာသိခဲ့ကြသည်ချည်းပင်။ သို့တိုင်အောင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးကို ကူညီနေပါသည်ဆိုသော ထိုအနောက်နိုင်ငံကြီးများက မသိကျိုးကျွံပြုခဲ့ကြ သည်။ ၎င်းတို့၏ ရည်ရွယ်ရင်းမှာ မြန်မာပြည်သူလူထု လွတ်မြောက်ရေး၊ ဒီမိုကရေစီကို အပြည့်အဝခံစားနိုင်ရေး မဟုတ်။ မြန်မာပြည်တွင်း ၎င်းတို့ဘက်ယိမ်းသော အစိုးရတရပ်ပေါ်ပေါက်လာရေး၊ တရုတ်နိုင်ငံ၏ သြဇာကိုတွန်းလှန်သော အစိုးရ တရပ်ပေါ်ပေါက်လာရေးသာ ဖြစ်သည်။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပကာ အစိုးရ တရပ်ပေါ်ပေါက်လာရေးကို ထဲထဲဝင်ဝင် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ အမေရိကန်လွှတ်တော်က လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ် (Jim Webb) အား မြန် မာနိုင်ငံသို့ အကြိမ်ကြိမ် စေလွှတ်ခဲ့ပြီး စစ်အစိုးရနှင့် အတိုက်အခံတို့အကြား ကြားဝင်ညှိနှိုင်းမှု များ ပြုလုပ်ခဲ့သည်။ ဂျွန်ယက်တော (John Yattaw) ဆိုသူ အမေရိကန်နိုင်ငံသားတဦး အင်းလျားကန်ကို လက်ပစ်ကူးကာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခံနေရသည့် အိမ်သို့ ချဉ်းနင်းဝင်ရောက်ခဲ့မှုကဲ့သို့သော သံသယဖြစ်ဖွယ်ကိစ္စရပ်များ လည်း ပေါ်ပေါက်ခဲ့သည်။ ယင်းအတွက် ဒေါ်အောင်ဆန်းစုကြည်မှာ အကျယ်ချုပ် တနှစ်ထပ်မံကျခံခဲ့ရသည်။ ထိုကာလ အတွင်း စစ်အစိုးရက ရွေးကောက်ပွဲကျင်းပကာ စစ်တပ်ကျောထောက်  နောက်ခံပြုသော အစိုးရတရပ် ပေါ်ပေါက်လာသည်။ ယင်းအစိုးရက တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကိုလျော့ချကာ ဝါရှင်တန်နှင့် ပိုမိုနီးစပ်အောင် ဆောင်ရွက်ခဲ့သည်။ အမေရိကန် သမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီးတို့ မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်ခဲ့သလို မြန်မာအစိုးရကလည်း အမေရိကန်နိုင်ငံ နှင့် နီးစပ်နိုင်ရေး အကျိုးစားကုမ္ပဏီတခုအား ဒေါ်လာသန်းချီပေးငှားရမ်းသည်ဟူသော သတင်းများလည်း ထွက်ပေါ်လာခဲ့ သည်။

အနောက်အုပ်စု၏ အန္တိမရည်မှန်းချက်မှာ မြန်မာ့ဒီမိုကရေစီအရေးမဟုတ်ပဲ၊ မြန်မာနိုင်ငံတွင် တရုတ်နှင့် အဆင်မပြပဲ သူတို့ နှင့်ပိုမိုနီးစပ်သည့် အစိုးရတစ်ရပ်ပေါ်ပေါက်လာရေးသာဖြစ်သည့်အတွက် ၂၀၁၀ ရွေးကောက်ပွဲက ပေါ်ပေါက်လာသော အစိုးရသည် သူတို့လိုအင်ကို အတော်အတန်ဖြည့်ဆည်းပေးနိုင်ခဲ့သည်ဟုဆိုနိုင်သည်။ သို့သော် ပြည်သူလူထုက အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမှုမြင့်မားနေသည့်အချက်ကိုလည်း လျော့မတွက်ခဲ့။ အကယ်၍ လူထုထောက်ခံမှုကြီးမားသော ဒေါ်အောင်ဆန်းစုကြည်သာ အနောက်ကမ္ဘာနှင့် နီးကပ်လာလျှင် ၎င်းတို့ရည်မှန်းချက် ပိုမို အောင်မြင်နိုင်သည်ကိုလည်း သတိထားခဲ့သည်။ လွယ်လွယ်ပြောရလျှင် အနောက်အုပ်စုက မြန်မာ့နိုင်ငံရေးခေါင်းဆောင်မှုအတွက် လူရွေးပွဲတွေ လုပ်ခဲ့သည်ဟု ဆိုနိုင်သည်။ သမ္မတဦးသိန်းစိန်ကို ဆိုဗီယက်ပြည်ထောင်စု၏ ပြုပြင်ပြောင်းလဲရေးသမား ဂေါ်ဗာချော့ဗ် (Mikhail Gorbachev) နှင့် တင်စားကာ  ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် လော်ဘီလုပ်ပေးခဲ့သလို၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား၏ ဒီမိုကရေစီပုံရိပ်ကို ဆက်လက်မြှင့်တင်ပေးခဲ့သည်။ တချိန်တည်းတွင် အ နောက်အုပ်စုနှင့်အဆင်ပြေပါက စီးပွားရေးပိုမိုဖွံ့ဖြိုးလာမည်ဟူသော မျှော်လင့်ချက်ကို ကျယ်ပြန့်အောင် ဖြန့်ဖြူးပေးနေခဲ့ သည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်သူလူထု၏ အကျိုးစီးပွားကို အစဉ်အမြဲ ဦးထိပ်ထား ဆောင်ရွက်ခဲ့သည်မှာ အားလုံးအသိပင်ဖြစ်သည်။ အနောက်အုပ်စု၏ ထောက်ခံမှုကိုရရှိခဲ့သည်မှန်သော်လည်း ၎င်းတို့၏ နောက်ကွယ်က အကျိုးစီးပွားမျှော်မှန်းချက်များကို ဒေါ်အောင်ဆန်းစုကြည်က မှန်ကန်စွာ မှန်းဆနိုင်ခဲ့ပုံရသည်။ တဖက် တွင်လည်း ပထဝီနိုင်ငံရေးအရ ကြည့်လျှင် နယ်နိမိတ်ချင်းထိစပ်နေသည့်  တရုတ်နိုင်ငံနှင့် သင့်တင့်မျှတစွာ နေထိုင်နိုင်ရေးမှာ အလွန်အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က လက်ခံထားသည်။ နေအိမ်အကျယ်ချုပ်မှလွတ်မြောက်ပြီး များမကြာ မီမှာပင် “အိမ်နီးချင်းကို ရွေးချယ်လို့မရဘူး” ဟူသောစကားနှင့်အတူ တရုတ်နိုင်ငံနှင့် ရင်းနှီးသောဆက်ဆံရေးကို တည် ထောင်ခဲ့သည်။ သည်အချက်က အနောက်ကမ္ဘာအတွက် စိတ်ပျက်စရာဖြစ်ခဲ့သည်ဟု ဆိုနိုင်သည်။

တဖက်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအနိုင်ရကာ အစိုးရဖြစ်လာသည့် ၂၀၁၅ ခုနှစ်တွင် တရုတ်နိုင်ငံတွင်လည်း အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။ ယင်းမှာ အခြားမဟုတ်။ တရုတ်သမ္မတ ရှီကျင့် ဖျင် (Xi Jinping) က စီးပွားရေးပြုပြင်ပြောင်းလဲမှု တစ်ရပ်ကို ကြေငြာလိုက်ခြင်းဖြစ်သည်။ တိန့်ရှောင်ဖိန်၏ အတွေးအခေါ် လွှမ်းမိုးသည့် ကာလတလျောက် တရုတ်ပြည်၏ စီးပွားရေးမှာ ထုတ်လုပ်မှု (Production) ကို အခြေခံခဲ့သည်။ နိုင်ငံရေးအရ ကွန်မြူနစ်ဝါဒလွှမ်းမိုးမှုကလည်းရှိသဖြင့် ကုန်ထုတ်လုပ်ရေးမှာ တရုတ်တို့အတွက် အလွန်အရေးကြီးခဲ့သည်။ သို့သော် ထုတ်လုပ်ရေးကို အခြေခံလွန်းသော  စီးပွားရေး၏ ဘေးထွက်ဆိုးကျိုးမှာ ကုန်ကြမ်းနှင့်လောင်စာအတွက် သယံဇာတ အလွန်အကျွံလိုအပ်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေခြင်း ဖြစ်သည်။ လိုအပ်သော သယံဇာတကုန်ကြမ်းနှင့် လောင်စာကို  မြန်မာနိုင်ငံကဲ့သို့သော အိမ်နီးချင်းနိုင်ငံများ၊ အခြားဆင်းရဲသည့်နိုင်ငံများမှ ထုတ်ယူသုံးစွဲခြင်းက တရုတ်ပြည် ကို နာမည်ပျက်စေသလို၊ ယင်းနိုင်ငံများတွင် ဖြစ်ပေါ်လာသည့် လူမှုပဋိပက္ခများ၊ သဘာဝပတ်ဝန်းကျင် ပျက်ယွင်းမှုများက တရုတ်နိုင်ငံအပေါ် သက်ရောက်မှုဖြစ်စေသည်။ တဖက်တွင်လည်း ၎င်းတို့ တရုတ်နိုင်ငံကြီးသည်ပင်လျှင် ကုန်ထုတ်လုပ် ရေး၏ ဘေးထွက်ဆိုးကျိုးဖြစ်သည့် လေထုညစ်ညမ်းမှုကဲ့သို့သော ပြဿနာများကို ရင်ဆိုင်လာနေရသည်။ သမ္မတရှီမှာ မော်စီတုန်းနောက်ပိုင်း တရုတ်ပြည်၏  အပြောင်မြောက်ဆုံးခေါင်းဆောင်အဖြစ် သတ်မှတ်ခံလာရသည်။ သူက အတွေးသစ်၊ အမြင်သစ်ဖြင့် တရုတ်ပြည်ကို ချဉ်းကပ်သည်။ ကမ္ဘာကြီးကို ချဉ်းကပ်သည်။ ကုန်ထုတ်လုပ်ကာ နိုင်ငံခြားသို့ တင်ပို့သည့်စီးပွားရေး (export) စနစ်အစား ပြည်ပမှ ဝယ်ယူစား သုံးသည့် စီးပွားရေးစနစ် (import) ကို ပြောင်းလဲမည်ဖြစ် ကြောင်း သမ္မတရှီက ကြေငြာခဲ့သည်။ လက်ရှိတွင် လူလတ်တန်းစား သန်း ၃၀၀ ခန့်ရှိသော တရုတ်ပြည်ကြီးသည် လာမည့် ၂၀၅၀ တွင် လူလတ်တန်းစား သန်း ၅၀၀ ရှိလာမည်။ ထိုလူလတ်တန်းစားများအတွက် လိုအပ်သည့် အရည်အသွေးမြင့် ထုတ်ကုန်များ (ကုန်ချောများ) ကို ပြည်တွင်းတွင် ထုတ်လုပ်မနေတော့ပဲ ပြည်ပမှ ဝယ်ယူတင်သွင်းတော့မည် ဖြစ်သည်။ ထို့အတွက် ကုန်ကြမ်းနှင့် လောင်စာများ ပြည်ပမှ ဈေးပေါပေါနှင့် ဝယ်ယူရရှိနိုင်ရေးဟူသော တရုတ်၏ မူလရည်မှန်းချက်မှာ မှေး  မှန်လာနေသည်။ ထို့အတွက်ပင် မြန်မာနိုင်ငံရှိ မြစ်ဆုံစီမံကိန်းကဲ့သို့သော စီမံကိန်းများကို ရပ်ဆိုင်းထားခြင်းကို  လက် ခံခြင်း ဖြစ်သည်။ တရုတ်ပြည်၏ ယင်းအပြောင်းအလဲက တရုတ်ပြည်အပေါ် မြန်မာအစိုးရသစ်၏ စိုးရိမ်ပူပန်ရမှုကို လျော့ကျ စေသည်။ တစ်ဖက်တွင်လည်း တရုတ်နိုင်ငံအနေဖြင့် ပိုးလမ်းမစီမံကိန်းကို ကြီးကြီးမားမား  မျှော်လင့်ထားပြီး ဒေသတွင်း တည်ငြိမ်ရေးကို လိုအပ်နေသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော မြန်မာအစိုးရအနေဖြင့်လည်း ပြည်တွင်းငြိမ်း ချမ်းရေးကို အကောင်အထည်ဖော်လိုသည်။ သည်အကျိုးစီးပွားနှစ်ခု တိုက်ဆိုင်သည့်အတွက် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် တွင် တရုတ်က ထဲထဲဝင်ဝင်ကူညီခဲ့သလို မြန်မာအစိုးရကလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလက်ခံခဲ့သည်။

သည်အချိန်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းအရေး ပေါ်ပေါက်လာသည်။ ယင်းအချက်က တရုတ်နိုင်ငံနှင့် နီးစပ်လာနေသည့် မြန်မာအစိုးရကို အကြပ်ကိုင်ဖိအားပေးဖို့ အနောက်နိုင်ငံများအတွက် အခွင့်အရေးရသွားသည်။ မြန်မာအစိုးရဆိုခြင်းထက် သူတို့ဖန်တီးခဲ့သော ဒီမိုကရေစီပုံရိပ်ကို သူတို့ကိုယ်တိုင် ပြန်လည်ဖျက်ဆီးခြင်းဖြင့် တိုက်ခိုက်ဖို့ ကြိုးစားနေခြင်း ဖြစ်သည်။ သည်အချက်ကပင် အနောက်ကမ္ဘာ၏ မြန်မာ့ဒီမိုကရေစီအရေးအပေါ် မရိုးသားခဲ့မှုကို ထင်ရှားပေါ်လွင်စေသည်။ ရခိုင်ပြည် နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို အစပြုခဲ့သူ ARSA အဖွဲ့သည် အရှေ့အလယ်ပိုင်းမှ ISIS အကြမ်းဖက်အဖွဲ့နှင့် ချိတ်ဆက်မှု ရှိသည်ဟူသော အထောက်အထားများ တွေ့ရှိခဲ့ရသော်လည်း အကြမ်းဖက်တိုက်ခိုက်မှုကို ဆန့်ကျင်တိုက်ဖျက် နေပါသည်ဆိုသည့် အနောက်အုပ်စုအနေဖြင့် ယင်းအချိတ်အဆက်ကို ထောက်လှမ်းသည်လည်း မကြားရ၊ အရေးကြီးသည် ဟူ၍လည်း မထင်ခဲ့။ ထို့ပြင် ပဋိပက္ခများ ချုပ်ငြိမ်းရေး လုပ်ဆောင်နေသော မြန်မာအစိုးရကို မကူညီသည့်အပြင် ပြဿနာကို ပိုမို ဆိုးရွားစေသည့် ဆောင်ရွက်ချက်များကိုသာ တိုးမြှင့်လုပ်ဆောင်ခဲ့သည်။ ပြဿနာကို ဝိုင်းဝန်းဖြေရှင်းဖို့ထက်  ဒေါ်အောင် ဆန်းစုကြည် ပုံတူပန်းချီကားများ ဖြုတ်ချရေးကိုသာ စဉ်းစားနေခဲ့ကြသည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဆက်စပ်ဖြစ် စဉ်ဖြစ်ရပ်များကို နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီးများပါဝင်သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးစေ သည်ကိုပင် မထောက်ခံနိုင်၊ အသိအမှတ်မပြုနိုင်ပဲ ဒေါ်အောင်ဆန်းစုကြည် ကို ထပ်မံထိပါးနှောင့်ယှက်ရန် ကြိုးစားနေခြင်းမှာ လူ့အခွင့်အရေးမြှင့်တင်ကာကွယ်ဖို့မဟုတ်ပဲ မြန်မာအစိုးရကို ဒုက္ခပေး သိက္ခာချချင်ရုံသက်သက်သာ ဖြစ်သည်မှာ သံသယ ဖြစ်စရာ မလိုတော့ပေ။

(၃)
ကမ္ဘာ့နိုင်ငံကြီးများ၏ လိုအပ်ဆန္ဒများ၊ အကျိုးစီးပွားရည်မှန်းချက်များက မိမိတို့နိုင်ငံအပေါ် များစွာသက်ရောက်နိုင်ပါသည်။ ကနေဒါ လူ့အခွင့်အရေးပြတိုက်၏ ဆောင်ရွက်ချက်နှင့်တိုက်ဆိုင်နေသဖြင့်  မြန်မာ့နိုင်ငံရေးအပေါ် အနောက်ကမ္ဘာ၏ လွှမ်း မိုးမှုကို ဥပမာဆောင်တင်ပြလိုက်ရပါသည်။ သည်ဆောင်းပါးကိုရေးသားရာတွင် တစုံတဦး၊ တသင်းတဖွဲ့၊ တနိုင်ငံကို မုန်း တီးစေလိုသော စေတနာ၊  ထောမနာပြုလိုသော အကြံအစည် မြူမှုံတခုစာပင် မပါဝင်ခဲ့။ ဦးတည်ချက်ထားသည့် အဓိက အချက်မှာ မြန်မာနိုင်ငံ၏ အကျိုးစီးပွားအတွက် ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင်မိကြစေလိုရင်းသာ ဖြစ်ပါကြောင်း ဝန်ခံဖော်ပြ လိုပါသည်။ မြန်မာ့နိုင်ငံရေးအင်အားစုများအနေဖြင့် ကမ္ဘာ့နိုင်ငံများ၏ အခြေအနေ၊ အကျိုးစီးပွားများကို သေသေချာချာ စေ့ငုဝဖန်ကာ မြန်မာပြည်အတွက် နေရာယူမှန်  ကြစေလိုပါသည်။

Comments