ဒေါက်တာခင်မောင်ဝင်း(သချာင်္) – စည်းရုံးရေးသမားများနှင့် ဂိတ်စောင့်ခြင်းလုပ်ငန်း


ဒေါက်တာခင်မောင်ဝင်း(သချာင်္) – စည်းရုံးရေးသမားများနှင့် ဂိတ်စောင့်ခြင်းလုပ်ငန်း 
ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ – အခန်းဆက် ၆
(မိုးမခ) သြဂုတ် ၂၅၊ ၂၀၁၈

Steven Levitsky နှင့် Daniel Ziblatt တို့ ရေးသားသော HOW DEMOCRACIES DIE စာအုပ်မှ Gatekeeping in American အခန်းကို ဆက်လက်၍ ဘာသာပြန်ခြင်းဖြစ်သည်။

ဤဆောင်းပါးတွင် သုံးသောနိုင်ငံရေးဝေါဟာရများကို ပြန်လည်၍ဖော်ပြရသော်

Organization men  - စည်းရုံးရေးသမားများ
ပြည်သူ့ကိုယ်စားလှယ်နှင့် သမ္မတလောင်းများရွေးချယ်ရာမှာတွင် အာဏာရှိသောပါတီဝင်များကို ခေါ်သည်။

Gatekeeping -ဂိတ်စောင့်ခြင်း
ဒီမိုကရေစီမကျဆုံးအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း

စည်းရုံးရေးသမားများသည် ပြည်သူလူထုကို ဧကန်တကယ်ကိုယ်စားပြုသောသူများဟု မဆိုနိုင်ပါ။ သူတို့သည် သီးခြားလူတန်းစားတစ်ရပ် ဖြစ်နေသည်။ သာမန်ပါတီဝင်များ အထူးသဖြင့် အဆက်အသွယ်ကင်းမဲ့သူများ၊ ဆင်းရဲသူ များစသည်တို့ကို ကိုယ်စားမပြုနိုင်ပါ။ ထိုလူမျိုးတို့သည် သမ္မတလောင်းဖြစ်နိုင်သည့် ကိုယ်စားလှယ်များထဲတွင် မပါ ဝင်နိုင်ချေ။

သို့သော်ငြားလည်း ထိုစံနစ်(စည်းရုံးရေးသမားများထားရှိသော စံနစ်)သည် ဂိတ်စောင့်ခြင်းအလုပ်အတွက် ထိရောက်သော နည်းတစ်ခုဖြစ်သည်။ မြို့တော်ဝန်များ၊ ဆီးနိတ်အမတ်များ၊ ကိုယ်စားလှယ်များသည် သမ္မတအရွေးခံမည့် ကိုယ်စားလှယ်များကို ပုဂ္ဂိုလ်ရေးအရ သိကျွမ်းကြသည်။ သူတို့သည် အတူတကွပူးပေါင်း၍ အခြေအနေအမျိုးမျိုး အောက်တွင် အတူအလုပ်လုပ်ဖူးကြသည်။ သူတို့သည်သမ္မတလောင်းဖြစ်မည့်သူများ၏ အကျင့်စာရိတ္တ၊ အရည်အချင်း အလုပ်လုပ်နိုင်သော အခြေအနေတို့ကို အကဲဖြတ်နိုင်စွမ်းရှိကြသည်။ ထို့ကြောင့်ဒီမိုကရေစီစနစ်ကို အန္တရာယ်ပြုနိုင် သည့် လူတန်းစားများကို စောစောစီးစီး တားဆီးနိုင်သည်။

ဂိတ်စောင့်သူ ပါတီဝင်များ၏ စွမ်းဆောင်မှုကြောင့် လူအကြိုက်များဆုံးသော ပုဂ္ဂိုလ်တစ်ဦးသည် ဒီမိုကရေစီကို အန္တရာယ်ပြုမည့်သူဟု ယူဆရသောကြောင့် သမ္မတလောင်းပင်ဖြစ်မလာခဲ့သော ဥပမာတစ်ခုမှာ ဟင်နရီဖို့ ဖြစ်သည်။ ဟင်နရီဖို့သည် ဖို့မော်တော်ကုမ္ပဏီ (Ford Motor Company) ကို တည်ထောင်သူဖြစ်သည်။ သူသည် နှစ်ဆယ်ရာစုနှစ် အစောပိုင်းက အကြွယ်ဝ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ခဲ့သည်။ သူသည်နိုင်ငံရေးအားဖြင့် အာဏာရှင်ဆန်သော အစွန်းရောက်ဝါဒီတစ်ဦး ဖြစ်သည်။ ကမ္ဘာ့အာဏာရှင် ဟစ်တလာက မိန်းကင့်စာအုပ်တွင် ချီးကျူးပြောဆိုခြင်းခံရသူဖြစ်သည်။ ၁၉၃၈တွင် နာဇီအစိုးရက ဂျာမန်သိန်းငှက်ကြက်ခြေခတ်တံဆိပ် (Grand Cross of the German Eagle) ကို ချီးမြှင့်ခဲ့ သည်။

သူမွေးဖွားခဲ့သော အမေရိကန်နိုင်ငံတွင် ပြည်သူများက ဟင်နရီဖို့ကို သူရဲကောင်းပမာယူဆသည်။ သူ့ကိုသမ္မတ ပါရှင်တန်နှင့် လင်ကွန်းတို့ ကဲ့သို့ပင် တစ်တန်းစားတည်းထားခဲ့သည်။ ၁၉၂၄တွင် ဟင်နရီဖို့သည် သမ္မတရွေးကောက်ပွဲ ဝင်ဖို့အထိ စဉ်းစားသည်။ သို့သော် ဟင်နရီဖို့သည် ရွေးကောက်ပွဲသမ္မတ ဝင်ရန် တကယ်ဘဲစဉ်းစားသည်ဆိုလျှင် သူသည် နှစ်ပေါင်းတစ်ရာလောက် အလာစောနေသည်။ အကြောင်းမှာ ထိုအချိန်ကလူများ၏ထောက်ခံမှုထက် ပို၍ အရေးပါသော အရာတစ်ခုမှာ ပါတီခေါင်းဆောင်များ၏ ထောက်ခံမှုဖြစ်သည်။ ပါတီခေါင်းဆောင်ထောက်ခံချက်မပါ လျှင် ဘာမှ မဖြစ်နိုင်ပါ။ ပါတီ၏ခေါင်းဆောင်များသည် ဟင်နရီဖို့ကို တစ်ညီတစ်ညွတ်တည်း ကန့်ကွက်ကြသည်။ ထို့ကြောင့် သမ္မတလောင်းများထဲတွင် ဟင်နရီဖို့သည် ပဉ္စမနေရာသာ ရရှိခဲ့သည်။ Collier သတင်းစာခေါင်းကြီးပိုင်းတွင် ဟင်နရီဖို့ကျဆုံးမှုအကြောင်းကို အကျယ်တဝင့်ရေးသားထားသည်။ ဒီမိုကရက်ပါတီနှင့် ရီပတ်ဘလီကန်ပါတီ၏ ခေါင်းဆောင်များသည် သူတို့၏နယ်မြေများတွင် ဟင်နရီဖို့ကို ထောက်ခံသော ပြည်သူလူထုများစွာ ရှိသည်ကို သိကြသော်လည်း သူတို့သည် ယခုကျင့်သုံးနေသော စံနစ်အောက်တွင် ဟင်နရီဖို့သည် ရဖို့အလားအလာ မရှိမှန်းကို သူတို့သိကြသည်။

Collier သတင်းစာက ဟင်နရီဖို့ကို တွေ့ဆုံ၍မေးမြန်းသောအခါ သူက သူ၏သမ္မတလောင်းရွေးခံသည့်ကိစ္စတွင် အတားအဆီးဖြစ်နေသော အဓိကအရာမှာ ဂိတ်စောင့်ခြင်းလုပ်ငန်း ရှိနေခြင်းဖြစ်သည်ဟု သူကပြောကြားခဲ့သည်။ ဂိတ်စောင့်ခြင်း ရှိနေသရွေ့ သူသည် သမ္မတလောင်းဖြစ်ဖို့ အလားအလာမရှိကြောင်း ပြောကြားခဲ့လေသည်။

၁၉၈၆တွင် နိုင်ငံရေးပါတီများသည် နှစ်ပေါင်းတစ်ရာအတွင်းတွင် အကြီးကျယ်ဆုံးသောပြောင်းလဲမှုများကို ဆောင်ရွက်ကြသည်။ ဤပြောင်းလဲမှုများကြောင့် ဘယ်သူမှ မမျှော်လင့်သော အကျိုးဆက်များ ဖြစ်လာမည်ဖြစ်သည်။

အကျိုးဆက်တစ်ခုမှာ သမ္မတလောင်း ဟန်ဖရေ၏ ကိစ္စဖြစ်သည်။ ဟန်ဖရေသည် ယခင်စံနစ်ဟောင်းအရ ပါတီခေါင်းဆောင်များနှင့် စည်းရုံးရေးသမားများ၏ လုပ်ပိုင်ခွင့်အာဏာဖြင့် သမ္မတလောင်း ဖြစ်လာသူများထဲတွင် နောက်ဆုံး ဖြစ်သည်။ သမ္မတရွေးကောက်ပွဲတွင် ဟန်ဖရေ ရှုံးနိမ့်ပြီးသည့်နောက် ထိုစံနစ်အပေါ် ဘယ်သူမှ မယုံကြည်တော့ပါ။ ထိုစံနစ်ကိုပြည်လည်သုံးသပ်သော ကော်မရှင်၏အစီရင်ခံစာတွင် ဆိုထားသည်မှာ "ဒီမိုကရေစီ၏ဆိုးကျိုးတွေကို တားဆီးတဲ့နည်းဟာ ဒီမိုကရေစီ ပို ပေးဖို့သာဖြစ်ပါသည်။ အခုချိန်မှာ လူထုရဲ့ဆန္ဒကို ထည့်မစဉ်းစားလို့ မဖြစ်တော့ပါဘူး။ လူထုရဲ့အလိုဆန္ဒကို ထည့်မစဉ်းစားရင် လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေကို ဖိတ်ခေါ်သလိုဖြစ်ပါလိမ့်မယ်။"

အချုပ်ကိုဆိုရလျှင် ယခင်စံနစ်ဟောင်း (၁၉၆၈ မတိုင်မှီ)က ပါတီ၏စည်းရုံးရေးသမားများသည် ပြည်သူများထက် ပို၍ အာဏာရှိသည်။ သူတို့မပါလျှင် ဘာမှ မပြီးချေ။

နောက်ပိုင်းပြောင်းလိုက်သောစံနစ် (၁၉၆၈နောက်ပိုင်း) တွင် စည်းရုံးရေးသမားများနှင့် ပါတီခေါင်းဆောင်များ၏ အာဏာလျော့သွားသည်။ ၎င်းနှင့်အတူ ဂိတ်စောင့်ခြင်းသည်လည်း လျော့ကျ သွားသည်။ အချို့သောနိုင်ငံရေးသိပ္ပံပညာရှင်များသည် နောက်ပိုင်းပြောင်းလိုက်သော စံနစ်ကို သိပ်ဘဝင်မကျကြချေ။ ပို၍ ဒီမိုကရေစီဆန်သည် ဒီမိုကရေစီစံနစ်ကို ပို၍ အားပေးရာရောက်သည်ဟု ဆိုသော်လည်း ဤမျှလောက်များလွန်းသော ဒီမိုကရေစီသည် ပြည်သူလူထုနှင့် တန်ရဲ့လား၊ ဟု မေးခွန်းထုတ်စရာဖြစ်သည်။

သမ္မတရွေးသော အလုပ်အဆင့်ဆင့်သည် မဲပေးသူ ပြည်သူများလက်ထဲတွင်ရှိပါသောကြောင့် ပါတီများ၏ ဂိတ်စောင့်ခြင်းလုပ်ငန်းများကို အားလျော့စေသည်။ အပြင်လူများအတွက်လည်း အခွင့်အလမ်းများ ပို၍ တိုးလာသည်။

ဤကဲ့သို့ ပြောင်းလဲသွားနေစံနစ်ကြောင့် အစွန်းရောက်ဝါဒီများပေါ်လာနိုင်သည်။ ယင်းဝါဒီများကို ပါတီများကလည်း ထိန်းနိုင်သည့် အနေအထားမရှိချေ။ ထို့ကြောင့် ယင်းဝါဒီများသည် လူများကို မြှောက်ပေးသည့်လုပ်ငန်းများကို အတားအဆီးမရှိလုပ်နိုင်ကြမည်။ သူတို့သည် မတည်နိုင်သောဂတိများကို ပေးခြင်းအားဖြင့် ဘာမှအရှုံးမရှိချေ။ ဂတိမတည် သည့်အတွက်လည်း ဘယ်သူကမှ အရေးမယူနိုင်ပါ။
နောက်ပိုင်းပြောင်းသွားသောစံနစ်အောက်တွင် လူများစု၏ထောက်ခံချက်နှင့် ပါတီဝင်တော်တော်များများကို စည်းရုံးနိုင်အောင်လုပ်ရမည်။ ထိုကဲ့သို့လုပ်နိုင်ရင် လူအား၊ ငွေအား၊ မီဒီယာများ၏ဆောင်ရွက်ချက်၊ နယ်မြေများစွာ၏ ထောက်ခံချက်တို့ရရှိရန်တို့အပြင် မြို့တော်ဝန်များ၊ ဆီးနိတ်အမတ်များ၊ လွှတ်တော်အမတ်များ၏ ကူညီမှုတို့လည်း လိုအပ်သည်။  နောက်ဆုံးတွင် ပါတီတစ်ခုခု၏ အမည်တင်သွင်းမှုကိုလည်း ရရှိရမည်ဖြစ်သည်။ ထို့ကြောင့်ပါတီတစ်ခုခု၏အမည်တင်သွင်းမှုကို ရရှိရန်ပင် အဆင့်တော်တော်များများကို ဖြတ်ရမည်ဖြစ်၍ အတော်ပင် ခက်ခဲလေသည်။ ဤအခြေအနေသည် ၂၅နှစ်လောက် တည်မြဲနေသည်။

(ဆက်လက်ဖော်ပြပါမည်)

Comments