ဂျူနီယာဝင်း - သတင်းက ဘယ်လောက်များအရေးကြီးသလဲ



ဂျူနီယာဝင်း - သတင်းက ဘယ်လောက်များအရေးကြီးသလဲ
အတွေးအမြင် အမှတ် ၃၁၂ သြဂုတ်လ (မိုးမခ) သြဂုတ် ၁၇၊ ၂၀၁၈

(James Glen Stovell (ဂျိမ်းစ် ဂလန် စတိုဗယ်) ရဲ့”Journalism“ (သတင်းစာပညာ) လို့အမည်ပေးထားတဲ့ စာအုပ်က အပိုင်းတချူိ့ကို သင့်လျော်သလို ဘာသာပြန်တင်ပြထားတာပါ။ သူ့ရဲ့အာဘော်အတိုင်း ဘာသာပြန်ထားသောလည်း စာရေးသူဖြည့်စွက်ထားတာတွေကို ကွင်းစကွင်းပိတ်နဲ့ လုပ်ပေးထားပါတယ်။)

သတင်းက ဘယ်လောက်အရေးကြီးသလဲ ဆိုတဲ့မေးခွန်းက မေးစရာ ဖြစ်ပါတယ်။ ဘာဖြစ်လို့ လူတွေက သတင်းစာဆရာတွေရဲ့ သတင်းတင်ပြမူပိုင်းဆိုင်ရာကို ၀င်ရောက်ပတ်သက်မူ မရှိချင်ကြတာလဲ။

သတင်းဟာ လူ့အဖွဲ့အစည်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဘ၀မှာ သတင်းကို အပိုင်း ၃ ပိုင်းခွဲထားပေးပါတယ်။ အချက်အလက်ပေးခြင်း၊ ဖျော်ဖြေခြင်းနဲ့ လူထုကို ဆွဲဆောင်ခြင်း ဖြစ်ပါတယ်။ ဒီ၃ခုက တစ်ခုနဲ့တစ်ခု ပတ်သက်နေတယ်။ ပြောရရင် ရောယှက်နေတယ်လို့တောင် ပြောလို့ရပါတယ်။ တကယ့်ဘ၀မှာ တခါတရံ ခွဲထုတ်ဖို့တောင် ခက်ခဲပါတယ်။

အချက်အလက်တွေက သတင်းမှာ တော်တော် အရေးပါတယ် ဆိုတာ သိသာထင်ရှားပါတယ်။ သတင်းဟာ အဖြစ်အပျက်တွေ၊ တကယ့်ဇာတ်လမ်းတွေကို ပြောပြနေတာပါ။ ဒါဟာ ကျွန်တော်တို့တွေနဲ့ သက်ဆိုင်တယ်၊ ကျွန်တော်တို့အကြောင်းတွေကို သိစေပါတယ်။ ကျွန်တော်တို့ အတွေ့အကြုံတွေနဲ့ ဝေးကွားတဲ့၊ လက်လှမ်းမမှီနိုင်တဲ့ အဖြစ်တွေ၊ လူတွေ အကြောင်းကို သိအောင်လုပ်ပေးတယ်။ ကမ္ဘာကြီးရဲ့ အကြောင်းတွေကို လည်းတတ်နိုင်သလောက် သိလာရတယ်ပေါ့။ သတင်းတွေဟာ အသိပညာကျယ်ပြန့်လာအောင်၊ ကျွန်တော်တို့ တက်နေတဲ့ လှေကားထစ်တွေ တဆင့်ပြီးတဆင့် မြင့်တက်လာအောင် ဖြည့်စွမ်းပေးနေပါတယ်။ ကျွန်တော်တို့နေထိုင်နေတဲ့ ကမ္ဘာကြီးက ဘယ်လိုဟာမျိုးလဲ ဆိုတာ သတင်းတွေကတဆင့် သိလာပါတယ်။

ကျွန်တော်တို့က သတင်းတွေကို ဖတ်ပြီး ဆုံးဖြတ်ချက်တွေ ချနိုင်တယ်။ ဥပမာ - မိုးလေ၀သ သတင်း။ ဘယ်လိုအ၀တ်အစားဝတ်သင့်သလဲ၊ ထီးယူမလား၊ စသဖြင့် မနက်ခင်း မိုးလေ၀သ ဖတ်ပြီး ဆုံးဖြတ်လို့ရတယ်။ တခါတလေ ခရီးသွားဖို့ကိစ္စတွေမှာ မိုးလေ၀သက အရေးကြီးလာတယ်။ မုန်တိုင်းရှိသလား၊ မုန်တိုင်း ကျော်သွားမယ့်နေရာဖြစ်နေသလား၊ မုန်တိုင်း ပြီးသွားပလား၊ မုန်တိုင်းကြောင့် သစ်ပင်တွေကျူိးကျလို့ လမ်းတွေ ပိတ်ဆို့နေလား။ သတင်းတွေဖတ်ပြီး ကျွန်တော်တို့ရဲ့ အစီအစဉ်တွေ ပြောင်းလို့ရတယ်။ ရုပ်မြင်သံကြားသတင်း တွေကနေလည်း လတ်တလောသတင်းတွေ နားထောင်ပြီး အချိန်မှီ ရောက်ဖို့ စဉ်းစားစရာတွေ ဖြစ်လာတယ်။ ဘေ့စ်ဘောအားကစားကိုလည်း ထိုင်ကြည့်ဖို့အချိန်သတ်မှတ် လို့လည်း ရပါတယ်။

တခါတလေ သတင်းမီဒီယာတွေကို ကျွုန်တော်တို့အတွက် ဆုံးဖြတ်ချက်တွေ မှန်ကန်စေအောင် ဖြည့်စွမ်းပေးတဲ့အတွက် အမှတ်တွေ ပေးရပါတယ်။ ဥပမာ မဲထည့်ဖို့ကိစ္စတွေမှာ ဘယ်သူ့ကို မဲထည့်သင့်သလဲဆိုတာကို သတင်းတွေကြည့်ပြီး ဖတ်ပြီးတော့ဖြစ်ဖြစ် ဆုံးဖြတ်လို့ရစေတယ်။ ကြော်ငြာတွေကလည်း ဒီပစ္စည်းဝယ်သင့် မ၀ယ်သင့် စဉ်းစားလို့ရအောင် အချက်အလက်တွေ ပေးထားတယ်။ တစ်ယောက်နဲ့တစ်ယောက် တွေ့တဲ့အခါ အချင်းချင်း သတင်းထဲက အချက်အလက်တွေ ဆွေးနွေးလို့လည်းရ၊ ငြင်းခုန်လို့လည်း ရပါတယ်။

လက်ရှိအခြေအနေတွေကို သတင်းတွေကနေ သိနိုင်တဲ့အတွက် လူထုဟာ သတင်းနဲ့ မျက်ခြေမပြတ်အောင်နေနေကြရပါတယ်။ ဥပမာ စစ်အတွင်းတုန်းကဆို လူတွေဟာ စုရုံးပြီး အတူတကွ ရေဒီယိုကလေး နဘေးကနေ နားထောင်နေကြရတယ်။ လမ်းပေါ်က ထုတ်လွှင့်တဲ့ ရုပ်မြင်သံကြားသတင်းကို လမ်းသွားလမ်းလာတွေ စုကာ မတ်တပ်ရပ်လျုက် အတူတကွ ကြည့်ကြတယ်။ မဟာမိတ်တွေ ၀င်လာပြီလား၊ အကြမ်းဖက်သမားတွေ တိုက်ခိုက်ခံနေရ ပီလား၊ ဘယ်နေရာမှာ ဗုံးကြဲခံနေရလား စသဖြင့် သတင်းတွေကို ၀ိုင်းကာ နားထောင်၊ ဖတ်ရူရင်း လူတွေ အချင်းချင်း အဖော်ပြုနေကြရတယ်။

အခုဆက်လက်ပြီးတော့ သတင်းရဲ့ ဒုတိယ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဖျော်ဖြေခြင်းကို ဆက်ပါ့မယ်။ ဖျော်ဖြေခြင်းဆိုတဲ့ကိစ္စဟာ လူ့အဖွဲ့အစည်းအတွက် အရေးပါတဲ့ အပိုင်းဖြစ်ပါတယ်။ သတင်းတော်တော်များများဟာ ကျွန်တော်တို့ကို တိုက်ရိုက်မပတ်သက် မသက်ဆိုင်ပါဘူး။ သတင်းတိုင်းဟာ ကျွန်တော်တို့ရဲ့ဘ၀ကို ထိန်းချူပ်မထားပါဘူး။ ဆုံးဖြတ်ချက်ချတယ်ဆိုတာကလည်း ကျွန်တော်တို့က ကိုယ့်ဘာသာကိုယ် ချတာဖြစ်ပါတယ်။ ဘယ်လိုချပါ ဘယ်လိုလုပ်ပါလို့ ဘယ်သတင်းကမှ မပြောပါဘူး။ (သတင်းစာဆရာတွေရေးတဲ့ သတင်းတိုင်းဟာ သူတို့ကိုယ်ပိုင် အယူအဆ မပါရ၊ သူတို့အာဘော်မပါရလို့ ရှေ့ကဆောင်းပါးများမှာ တင်ပြထားပြီးဖြစ်တယ်။ သတင်းကို ဖတ်ပြီး ထီးယူသင့်မသင့် ခရီးမသွားသင့် သွားသင့် ဆိုတာက သင့်ဘာသာသင် ကိုယ်သွားမယ့်နေရာကို ကြည့်ပီး ဆုံးဖြတ်ချက်ချတာပါ။ အဲသလိုပါပဲ တခြားသော သတင်းအမျိုးအစားတိုင်းဟာလည်း အဲသည်သဘောအတိုင်း ဖြစ်ပါတယ်။)သတင်းကပေးတဲ့ အချက်အလက်တွေကိုကြည့်ပြီး လူတွေက စဉ်းစားမယ်၊ တိုင်ပင်မယ်၊ ဆုံးဖြတ်မယ်။

သတင်းထဲက ဖျော်ဖြေတဲ့ အပိုင်းဟာ သတင်းစာဆရာတွေကြားထဲမှာ နှစ်များစွာ အငြင်းပွားစရာ ဖြစ်နေပါတယ်။ စူပါမားကက်တွေနဲ့ ပတ်သက်တဲ့သတင်းတွေ၊ နံမယ်ကြီးတွေရဲ့သတင်းတွေ၊ လူမူထုတ်ကုန်ပစ္စည်းတွေအကြောင်းဟာ လူထုကို ပေးနေတဲ့ ဖျော်ဖြေရေး သတင်းတွေပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ လူတွေ စိတ်ဝင်စားတဲ့ပမာဏ ကို တွက်ကြည့်တော့ ဖျော်ဖြေရေးအပို်င်းဟာ လူတွေ ပိုကြိုက်ကြ တာကို တွေ့ရတယ်။ သည်တော့ လူစိတ်ဝင်စားတာကိုပဲ အဓိကထား တင်ဆက်နေကြမလား သတင်းအချက်အလက်တွေ ကိုပဲ အပင်ပန်းခံပြီး သတင်းလိုက်နေကြတာ တန်ရောတန်ရဲ့လား ဆိုပြီး သတင်းစာဆရာတွေ အချင်းချင်း အငြင်းပွားစရာဖြစ်လာတာ ဆန်းတော့မဆန်းဘူးပေါ့။ ဒါပေမယ့် ၂၀၀၁ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့က ဖြစ်ခဲ့တဲ့ အမေရိကမှာ အကြမ်းဖက်တိုက်ခိုက်ခံရမူ သတင်းဟာ ဖျော်ဖြေရေးသတင်းတွေကို ကျော်တက်သွားတာတော့ လက်တွေ့ပါပဲ။

(တတိယ အစိတ်အပိုင်းဖြစ်တဲ့ လူထုကို ဆွဲဆောင်မူဆိုတာကို စာရေးသူက အသေးစိတ်ထပ်ရှင်းပြမထားပါဘူး။ ဒါပေမယ့် မှန်းကြည့်လိုက်တော့ ဒီအချက်ဟာ ရှေ့က အချက်၂ခုနဲ့ ရောယှက်နေပါတယ်။ သတင်းစာဖတ်သူတွေရဲ့ စိတ်ဝင်စားမူဟာ ဘာလဲဆိုတာကို သတင်းစာဆရာတွေ တင်ပြတဲ့ သတင်းတွေပေါ်မူတည်ပြီး အဖြေရှာနေတဲ့သဘောလို့ ယူဆပါတယ်။)

သတင်းတွေကိုဖတ်ပြီး လူထုဟာ စိတ်ဝင်စားလာမယ်၊ မေးစရာတွေ ပေါ်လာမယ်၊ အချင်းချင်း တိုင်ပင်နှီးနှောချင်လာမယ်၊ စကားပြောစရာ အကြောင်းတွေ ရလာမယ် ဆိုရင် ဖျော်ဖြေရေးသတင်းဖြစ်ဖြစ်၊ အချက်အလက်တွေဖော်ပြတဲ့ သတင်းဖြစ်ဖြစ် ဒါကို လူ့အဖွဲ့အစည်းအတွက် တန်ဖိုးရှိတဲ့သတင်းတွေ အဖြစ် သတ်မှတ်ပါတယ်။ အခု နိုင်ငံရေးသတင်းတွေအကြောင်းကို ဆက်ပါမယ်။

နိုင်ငံရေးသတင်းများ
သတင်းတွေဟာ လူ့အဖွဲ့အစည်းအတွက် အရေးပါတယ် ဆိုတာ ရှေ့မှာ ပြောခဲ့ပြီးပါပြီ။ အခုဆက်လက်ပြီး သတင်းတွေဟာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဘ၀တွေထဲကို ဘယ်လောက်အရေးပါလာသလဲ ဘယ်လို အကျူိးသက်ရောက်မူတွေ ရှိသလဲ ဆိုတာကိုဆက်ပြောပါ့မယ်။ သည်တော့ ဥပမာလေးတွေနဲ့ပဲ တင်ပြသွားမှာ ဖြစ်ပါတယ်။

နိုင်ငံရေးအလုပ်ဆိုတာဟာ ၉၀% အပြော၊ ၁၀% လှူပ်ရှားမူ လို့ဆိုရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးအများစုဟာ အကြံဥာဏ်တွေ၊ လုပ်ပုံကိုင်ပုံတွေ၊ ယုံကြည်မူနဲ့ သွားနေပါတယ်။ မိမိရဲ့ အမြင်တွေကိုတင်ပြတယ်၊ ငြင်းခုန်မယ်၊ တခြားသူတွေနဲ့ တိုက်ခိုက်မယ်၊ တခြားသူတွေနဲ့ ဆန့်ကျင်ဘက်လုပ်မယ်။ ဒီအလုပ်က ညင်းခုန်၊ ဆွေးနွေး၊ ညှိနှိုင်း …. အဲသည်သဘော။ မှန်ပါတယ်။ နိုင်ငံရေးသမားတော်တော်များများဟာ တနေရာကနေ တနေရာက မဟာမိတ်တွေဖွဲ့၊ လက်ဆွဲနှူတ်ဆက်၊ တဖက်သားကို သိပ်ဂရုစိုက်တဲ့ ပုံကို မြင်သာထင်သာတွေ့ရတယ်ပေါ့။ သည်လိုနဲ့ အမြင်ချင်းဖလှယ်မယ်၊ ဥပဒေတွေ ချမှတ်ဆွေးနွေးမယ်။ ဒီနေရာမှာ နိုင်ငံရေးရဲ့ အဓိကအလုပ်က လူ့အဖွဲ့အစည်းကို မဟာမိတ်တွေနဲ့ အတူတကွ အကြံဥာဏ်တွေ ထုတ်ကြ၊ ရွေးချယ်ကြတာပါပဲ။

သည်တော့ သတင်းစာဆရာတွေက ဘယ်သူကဖြင့် ရွေးကောက်ပွဲအတွက် ကြိုးစားနေပြီ၊ ဘယ်သူကဖြင့် ရွေးကောက်ပွဲဝင်တော့မယ်၊ သူတို့က သည်လို စိတ်ကူးတွေရှိတယ်၊ သူတို့က ဘယ်လို အစီအမံတွေနဲ့ လုပ်ဆောင်နေတယ် စသဖြင့် သတင်းတွေလိုက်ရ၊ ရေးရ၊ တင်ပြရပါတယ်။

သတင်းနဲ့ သတင်းမီဒီယာ ရဲ့ အဓိကအလုပ်တစ်ခုက အစိုးရနဲ့ အစိုးရအရာရှိတွေအပေါ်မှာ စောင့်ကြည့်ပြီး နိုင်ငံရေးအမြင်တွေနဲ့ ရေးခြစ်ကြရတာပါပဲ။ ဥပမာအားဖြင့် ၁၉ ရာစု တုန်းက ဆိုရင် လူထုပိုက်ဆံတွေကို ဘယ်လိုသုံးစွဲသလဲ၊ ဖြုန်းတီးနေသလား၊ စီမံမူကဘယ်လိုလဲ၊ ငွေရေးကြေးရေး အကျင့်ပျက်ခြစားမူတွ ရှိနေသလား ဆိုတာတွေကို သတင်းစာတို့မဂ္ဂဇင်းတို့မှာ ရေးသားဖော်ပြခဲ့ ကြပါတယ်။ အဲသည်လို ဖော်ပြမူတွေ တော်တော်များများမှာ လူ့အဖွဲ့အစည်းကြားက ပြဿနာတွေ ပါပါလာတတ်ပါတယ်။ ဥပမာ - ကလေးလုပ်အားများ သုံးစွဲခိုင်းစေမူများ - ဒါတွေကို အစိုးရက လစ်လျူရှူထားတယ် ဘာညာပေါ့။ သတင်းစာဆရာတွေက အစိုးရလုပ်ငန်းတွေကို စောင့်ကြည့်နေရင်းကနေ အဲသည်လို ပြဿနာတွေကို နိုင်ငံရေးဆန်ဆန် မီးမောင်းထိုးပြရင်းနဲ့ လွတ်လွတ်လပ်လပ် တင်ပြနိုင်ကြပါတယ်။ ယနေ့ခေတ်မှာလည်း သည်လို တခါတရံ ပုံဝတ္ထုဆန်ဆန်တွေ ရေးသားဖော်ပြကြတာ တွေ့ကြရတယ်။

လူထုကို နိုင်ငံရေး ပြဿနာတွေကို သိစေတာဟာ တနည်းအားဖြင့် လူတွေရဲ့ တုန့်ပြန်မူကို ကြားကြရတယ်။ ရွေးကောက်ပွဲကိစ္စမျိုးဆို လူထုနဲ့ သက်ဆိုင်တယ်ဆိုတာမျိုးကို သတင်းစာဆရာတွေက အရေးကောင်းရင်ကောင်းသလို ထိရောက်ပါတယ်။ နိုင်ငံရေးသမားတွေက အော်နေတာထက် ဘေးလူက၀င်ပြောရင် ပိုနားဝင်တတ်ပါတယ်။ အဲသည်လို ဘေးလူတစ်ယောက်ရဲ့ လိုအပ်ချက်ကို သတင်းစာဆရာတွေက ဖြည့်ဆည်းပေးနိုင်ပါတယ်။ ဒါဟာ သတင်းမီဒီယာတွေက လူထုဆီကစကားသံတွေကို ဆွဲထုတ်ပေးတဲ့ တဖက်တလမ်း ကူညီမူပဲ ဖြစ်ပါတယ်။

၂၄ နာရီ သတင်းမီဒီယာနဲ့ အင်တာနက်သတင်းတွေဟာ သတင်းအချက်အလက်တွေ ပေးတာထက် ဖောင်းပွမူတွေက ပိုများနေပါတယ်။ နောက်တမျိုးပြောရရင် သတင်းဆိုတဲ့ အရာက လုံလုံလောက်လောက် မပါဘူး။ သတင်းအဖွဲ့အစည်းတွေ မီဒီယာထုတ်လွှင့်မူ ဆိုတာတွေကို ကြည့်လိုက်စမ်းပါ။ စကားလက်ဆုံပြောတဲ့ အခန်းဏ္ဍတွေ၊ တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်းဖလှယ်ကြတာတွေ၊ ဖက်ရှင်ကဏ္ဍတွေ အဲဒါတွေက တော်တော်များနေပါတယ်။ အဲဒီလိုအခြေအနေမှာ နိုင်ငံရေးအခန်းကဏ္ဍတွေကို ဆွေးနွေးကြ၊ နှီးနှောကြ စတဲ့ သဘောပါတဲ့ အခန်းတွေကို ထည့်သွင်းကြပါတယ်။ အဲသည်ထဲ အပြင်လူတွေကလည်း ၀င်ပါလိုက်ကြသေး။ အဲသည်လိုတွေ လုပ်တာဟာ နိုင်ငံရေးကို မှေးမှိန်သွားစေတယ်လို့ ကျွန်တော်တော့ ထင်ပါတယ်။ နိုင်ငံရေးသမားတွေနဲ့ လူထုကြားမှာ တံတားတစ်ခုကို ခင်းမယ်ဆိုရင် တိုတိုနဲ့လိုရင်းဖြစ်ဖြစ်၊ တစ်ခုခုကို အဓိကထားပြီးတော့ဖြစ်ဖြစ် အာရုံစိုက်ပြီး တင်ပြပေးစေချင်ပါတယ်။ ဒါဟာ ရေရှည်အတွက် ပိုကောင်းပါလိမ့်မယ်။

တဖန်လူ့အဖွဲ့အစည်းကို ဖော်ဆောင်တဲ့ သတင်းဆိုတဲ့အထဲမှာ စီးပွားရေးရဲ့အခန်းကဏ္ဍ ကလည်း တော်တော်အရေးပါနေပါတယ်။ စားသုံးသူတွေအတွက် ဆုံးဖြတ်ချက်တွေချပေးမယ့်၊ စဉ်းစားပေးမယ့် အချက်အလက်တွေ ပေးဖို့ဟာလည်း အရေးကြီးတာကိုး။ ဥပမာ သွားတိုက်ဆေး ဘယ်တံဆိပ်ကောင်းသလဲ ဘာဝယ်ရမလဲ ဆိုတာကအစပေါ့။ ဒါဟာလည်း သူတို့အတွက် ပိုက်ဆံကုန်ရမယ့် ကိစ္စဆိုတော့ အရေးကြီးတာပေါ့။ တဖန် သတင်းတွေကနေ လူငယ်လူရွယ်ကလေးများ ဘယ်ကောလိပ် ဘယ်ကျောင်း တက်ရင်ကောင်းမလဲ ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ အချက်အလက်တွေကို သိနိုင်ပါသေးတယ်။ ဒါတွေကို သတင်းစာပညာနဲ့ ရေးသားလိုက်တဲ့ သတင်းများကနေ သြဇာသက်ရောက်မူများစွာနဲ့ လူတွေဆီရောက်ရှိ နေတာပဲ ဖြစ်ပါတယ်။

လူတော်တော်များများဟာ သူတို့ရင်ဆိုင်နေကြရတဲ့ ပြဿနာတွေကို ဖြေရှင်းလိုကြတယ်။ လုပ်ငန်းကိုင်ခန်းတွေ၊ ကုမ္မဏီလုပ်ငန်းတွေ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်သူတွေက သူတို့ပိုင်ဆိုင်မူတွေ၊ အခွင့်အရေးတွေ ကာကွယ်လိုကြတယ်။ ဒီလိုအခြေအနေတွေမှာ ရှေ့နေရှေ့ရပ်တို့၊ ဥပဒေပညာရှင်တို့၊ တရားခွင် တို့ဆိုတာ ပါလာပြီ။ ဖျော်ဖြေရေးဆိုတဲ့ ကဏ္ဍထဲမှာ သူများအကြောင်းတွေ ဝေေ၀ဆာဆာ တင်ပြလို့ရတဲ့ လွတ်လပ်တဲ့ သတင်းတွေဟာလည်း နံမယ်ရပါတယ်။ လူတွေကလည်း ကိုယ့်ဘ၀အခြေအနေတွေကို ခနမေ့ပြီး ဒီလိုသတင်းတွေကို ဖတ်ချင်ကြတယ်။ သူများရင်ဆိုင်နေရတာတွေကို ကိုယ့်ပြဿနာလို သဘောထားပြီး သိချင်စပ်စုကြတယ်။ ၁၉၉၀ခုနှစ်လောက်က O.J. Thompson (အိုဂျေ သောမဆင်) လူသတ်မူတစ်ခုရဲ့ တရားခွင်ကို သတင်းရေးကြတာကို လူတွေက စိတ်ဝင်တစား စောင့်ဖတ်ကြတယ်။ မျက်နှာဖုံးသတင်းတွေတောင် ဖြစ်လို့။ သတင်းရေးဆရာတွေ အရေးကောင်းရင်ကောင်းသလို နောက်ဆုံး ဆုံးဖြတ်ချက်ချတဲ့အထိ လူစိတ်ဝင်စားမူ ရခဲ့တယ်။ အသည်လို တရားခွင်သတင်းတွေ လူကြိုက်များတာကြောင့် ယနေ့ခေတ်ဆိုရင် တရားခွင်တီဗီဒေါ့ကွန် တောင်မှ လူဖတ်အများဆုံးစာရင်းဝင်လာပြီ။

တဖန် အရေးပါဆုံးသတင်းကတော့ အားကစားသတင်းပဒေသာပါပဲ။ တချို့သော လူတွေကတော့ အားကစားစာမျက်နှာဆိုရင် ကျော်လွှားသွားကြပါတယ်။ ဒါတွေက အလကားဟာတွေ၊ ဘာအဓိပ္ပါယ်မှမရှိဘူး။ သို့သော် ကမ္ဘာ့အားကစား သတင်းတွေဟာ အချိန်တွေကုန်၊ ပိုက်ဆံတွေအကုန်ခံပြီး လူတွေပါဝင်ကာ လူ့စိတ်ဝင်စားမူတွေကို ဆွဲယူနိုင်တဲ့ သတင်းတွေဖြစ်နေတယ်။ သတင်းစာတွေမှာ အားကစားစာမျက်နှာတွေက သတင်းအစီအစဉ်ထက်တောင် များနေတယ်။ ဒေသဆိုင်ရာ တီဗီသတင်းတွေကို ကြည့်လိုက်ဦး။ အားကစားထုတ်လွှင့်မူက ပိုသာနေတယ်။ အားကစားလွှင့်တဲ့ လိုင်းတွေကို ကြည့်ဦးမလား။ အားကစားလိုင်းတွေများ လွှင့်သာလွှင့် မရှူံးဘူးဆိုပဲ။ ကျွန်တော်တို့ရဲ့ ပညာရေးလိုင်းမှာ ကောလိပ် တက္ကသိုလ်က အားကစားတွေ ပါဝင်ကာ လွှင့်ထုတ်ကြပါတယ်။ အဲသည်အထဲမှာ အားကစားလက်သစ်ကလေးတွေ၊ နံမယ်ရအားကစားသမားတွေကိုလည်း မွေးထုတ်ပေးလိုက်သေးတာကိုး။

တိုင်ပြည်နဲ့ချီပြီး ကျင်းပကြတဲ့ အိုလံပစ်အားကစားတွေဆိုရင် အားကစားသတင်းတွေဟာ မျက်နှာဖုံးသတင်းတွေ ဖြစ်လာတယ်။ ပရိသတ်အင်အားကလည်း ဒေသတွင်းရော၊ မြို့တွင်း မြို့ပြင်ပါ ပါဝင်ပတ်သက်လာတယ်။ ဝေဖန်သူတွေက ပြောရာမှာ အားကစားသတင်းတွေကို တင်ပြတဲ့အခါ အားကစားဆိုင်ရာအချက်အလက်တွေ ကို ဦးစားပေးသင့်တယ်၊ အားကစားနည်းစနစ်တွေကို ပိုပြီး တင်ပြသင့်တယ်၊ လူထုစိတ်ဝင်စားအောင်ဆိုပြီး ပရိသတ်ရအောင် ဘာမဟုတ်တာလေးတွေကို ပုံကြီးချဲ့တာမျိုးတွေ နည်းသင့်တယ်လို့ ထောက်ပြကြပါတယ်။

ဂျူနီယာဝင်း
0