နိုင်ဝင်းသီ ● ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ

နိုင်ဝင်းသီ ● ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ
(မိုးမခ) သြဂတ်စ် ၂၆၊ ၂၀၁၈

(တစ်)
"ဟေ့ ...ဂဠုန်တဲ့ကွ ...အကြံကုန် ဂဠုန်ဆားချက်ဆိုတဲ့ ဂဠုန်အမျိုးအစားထဲမှာ ငါမပါဘူးကွ။ မင်းလည်း မြေလျှိုး မိုးပျံနိုင်တဲ့ နဂါး..ငါဟာလည်းပဲ မြေလျှိုး မိုးပျံနိုင်တဲ့ဂဠုန်..မင်းလည်းပဲ အယောင်ဆောင်ဖန်တီးနိုင်တဲ့ နဂါး..ငါသည်လည်းပဲ အယောင် ဆောင်ဖန်တီးနိုင်တဲ့ဂဠုန်။ တန်ခိုးဣဒ္ဓိပါတ်ရှိတာချင်းအတူတူ မင်းဘယ်လောက်ထိအောင် ပြေးနိုင်မလဲ သူငယ်ချင်း ....ပြေး စမ်းကွာ"

ဟင်္သာပြဒါးများလို စွေးစွေးနီနေသော ဂဠုန်၏မျက်လုံးများသည် ဒေါသဖြင့် တောက်ပနေလေသည်။ နဂါးခမျာလည်း ပြေး နိုင်မှ လွတ်မြောက်မည်ကို သဘောပေါက်ထားပုံရသည်။ အဲဟို တိမ်တိုက်တွေကြားထဲက ဂဠုန်တောင်ပံဖြန့်ပြီး ဝဲဆင်းလာ ကတည်းက နောက်ကို လှည့်မကြည့်စတမ်း ပြေးလေတော့သည်။
        
ဟိမဝန္တာတောတခွင်သည် နဂါး၏ပြေးလွှားမှုအဟုန်ကြောင့် တော်လဲသံကဲ့သို့ ချောက်ချားဖွယ်မြည်ဟီးလေ၏။ စိမ်းရင့်သောသစ်ပင်သစ်ခက်များနှင့် ထူထဲသော ခြုံနွယ်ပိတ် ပေါင်းများသည် နဂါး၏ ရှည်လျားသော ခန္ဓာကိုယ်၏ ပွတ်တိုက်မှုကြောင့် သစ်မြစ်တွေ တဖွားဖွားလွင့်ဖွာကြေမွသွားရုံတင်မက ကျိုးကြေပြတ်တောက်ကုန်လေသည်။

ဂဠုန်သည် သစ်ရိပ်ဝါးရိပ်တွေကြားမှာ ပြိုးပြက်ဝင်းလက်သွားသော နဂါး၏ ကိုယ်ခန္ဓာမှ ဝါစိမ်းနီပြာ အကြေးခွံများကို မြင်ရလေလေ ဒေါသစိတ်တွေ ရုန်းထလာလေလေ ဖြစ်နေလေသည်။

မြူခိုးပြာတွေ မူန်မှိုင်းနေသော ခပ်လှမ်းလှမ်းက တောင်ခြေမှာ နဂါးကိုလှမ်းမြင်လိုက်ကတည်းက မျက်ခြေပြတ်မသွားအောင်လိုက်လာခဲ့သည်မှာ ခရီးအတော်ပေါက်လာခဲ့ပြီဖြစ်သည်။ နဂါးခမျာလည်း သေငယ်ဇောကြောင့်နောက်သို့ လှည့်မကြည့် စတမ်း ပြေးလွှားနေရသည်မှာ အသက်ရှူပင် မှားနေလေပြီ။

ကောင်းကင်ထက်မှ ငုံ့ဆီးကြည့်လိုက်လျှင် နဂါးပြေးလွှားနေသော တောလမ်းသည် ဒရယ်၊ သမင်၊ ဂျီ၊ ချေ၊ စိုင်၊ ဆတ်ကဲ့ သို့သော တိရိစ္ဆာန်များ မြူးတူးပျော်ပါးကျက်စားရာ စိမ်းမြမြရေကြည်အိုင်သို့ ဦးတည်ပြေးလွှားနေသော လမ်းကြောင်းဖြစ်သည်။ ထိုမှတဆင့်  စူးထက်ချွန်မြသောကျောက်ဆွယ်ကျောက်ဆောင်တွေထိုးထိုးထောင်ထောင် ငေါထွက်နေသောာ ကျောက်သား အတိပြီးသည့်  ကျောက်ကမ်းပါးယံ။ ထိုကမ်းပါးယံကို ကျော်လွန်ပြီးလျှင်တော့ ဖြူလွလွ သဲသောင်ပြင်။ ထိုသဲသောင်ပြင် ဘေးမှာတော့ လှိုင်းလုံးကြီးတွေ အိနွဲ့လှုပ်ယိမ်းနေ သော ပင်လယ်ပြာပြာ။

ဂဠုန်သည် နဂါးနောက်ကို အသည်းအသန် ပြေးလိုက်နေရင်းနှင့် စဉ်းစားနေမိသည်။ ဟောဒီ နဂါးကိုတော့ဖြင့်  မိရိုးဖလာ နဂါးဖမ်းနည်းမျိုးဖြင့် ဖမ်းမိဖို့ရာ သိပ်အဆင်မပြေနိုင်ပါ။ စိတ်ကူးစိတ်သန်း ကောင်းကောင်းနှင့် ဖမ်းဆီးလျှင်တော့ လွယ်လင့်တကူ မိသွားနိုင်ပါသည်။ အရေးကြီးသည်က အသစ်အသစ်သော နည်းဗျူဟာတွေ ချမှတ်နိုင်ဖို့ပဲ ဖြစ်သည်။

အကြေးခွံတွေ တလက်လက်ထနေသော နဂါးတစ်ကောင်လုံးကို  မြင်နေရပါလျက်နှင့်  လွတ်ထွက်သွားမည်ဆိုပါက ဂဠုန်တို့၏ရာဇဝင်မှာကျော်မကောင်း ကြားမကောင်း ဖြစ်ပေ တော့မည်။
        
အပေါ်စီးမှ မြင်တွေ့နေရသော မြေပြင်အနေအထားအရ နဂါးပြေးရာ လမ်းကြောင်းပေါ်တွင် ကျောက်ကမ်းပါးယံကြီးတခု ကန့်လန့်ဖြတ်ပြီးခံနေသည်ကို သူ သတိပြုမိသည်။ နဂါးတို့၏ဌာနေဖြစ်သော ပင်လယ်ရေအောက်သို့  ပြန်ရာလမ်းခရီးမှာ ကြမ်းရှချွန်မြသော သည်ကျောက်သားပြင်ကြီးကို  ကွေ့ပတ်ပြီး ရှောင်ကွင်းသွားရမှာဖြစ်သည်။တည့်တည့်ဝင်တိုးလို့ကတော့ ထိုးထိုးထောင်ထောင်ဖြစ်နေသော ကျောက်ဆွယ်ကျောက်ခက်များနှင့် ငြိပြီး နဂါးခန္ဓာကိုယ် တခုလုံး ရစရာမရှိအောင်စုတ်ပြတ်သပ်သွားနိုင်ပါသည်။

အကြံကောင်းလျှင် တစ်ချက်တဲ့။ စဉ်းစားတွေးခေါ်စမ်းမောင်မင်း။ သူများတွေနဲ့မတူကွဲပြားခြားနားသွားအောင် စဉ်းစားတွေး ခေါ်လိုက်စမ်း။ ဂဠုန်သည် ပြေးရင်းလွှားရင်းနှင့်  ကောင်းမွန်လှပသော စိတ်ကူးသစ်တခုကိုရလိုက်သောကြောင့် အားတက် သွားလေသည်။ မောဟိုက်နွမ်းလျနေသည့်ကြားထဲက ဂဠုန်၏မျက်လုံးစိမ်းများသည် ဝမ်းသာကြည်နူးမှုများဖြင့် ရွှင်မြူးတောက်ပသွားလေသည်။
        
ကိုင်း....ကိုရွှေနဂါးရေ....မင်းလေးရဲ့နောက်ကို အပင်ပန်းခံပြီး  လိုက်မနေတော့ပါဘူးကွယ်။ ဖြူလွလွ သဲသောင်ပြင်မှာ မင်းလေးအလာကို စောင့်မျှော်ပြီးတော့ပဲ ကြက်ကလေး ငှက်ကလေးများကို ဖမ်းသလို အသာအယာ ဖမ်းပါတော့မယ်ကွယ်။ အဲဒီအခါကျမှပဲမှ မင်းလေးရဲ့ ချိုမြရှတတဲ့ ဖြူလဲ့လဲ့ဦးနှောက်အဖတ် လေးတွေကို နည်းနည်းချင်း မြည်းစမ်းပြီး စားပါ တော့မယ် နဂါးလေးရယ်....ဟုတ်ပြီနော်...

တွေးကြည့်ရုံနှင့်တင် ဂဠုန်၏ရင်သည် ဇိုးဇိုးဇတ်ဇတ်နှင့် လှုပ်ခုန်လာလေသည်။ သူ၏ကိုယ်ထဲမှာ စီးဝင်လှည့်ပတ်နေသော သွေးတွေကလည်း ပူနွေးဆူပွက်လာလေသည်။

"ကိုင်း.... အချိန်တွေ ကြာပါတယ်ကွယ်။ ငါ့ရဲ့ကိုယ်ခန္ဓာကြီးဟာ ရေခြားမှာစံမြန်းနေတဲ့ အဆွေနဂါးရဲ့ပုံသဏ္ဍာန်မျိုးကို  အခုချက်ချင်း ပြောင်းလဲသွားပါစေသတည်း "
                       
(နှစ်)
သွားကောင်းခြင်း မသွားရ။ လာကောင်းခြင်း မလာရ။ စားကောင်းခြင်း မစားရ။ ဟောဒီနှုတ်သီးချွန်ချွန်နှင့် တကိုယ်လုံးမှာ အချွန်အတက်တွေ ထိုးထိုးထောင်ထောင် ထွက်နေသော ဂဠုန်ဆိုသောသတ္တဝါသည် သူတို့နဂါးတွေကို မျိုးနှင့်ရိုးနှင့်ချီပြီး ဒုက္ခပေးလေ့ရှိသော သတ္တဝါအမျိုးအစားပင် ဖြစ်သည်။

ချစ်မက် မြတ်နိုးရပါသော နဂါးမလေးနှင့် ဟိမဝန္တာတောင်ခြေမှာ သူ အချိန်းအချက် ပြုလုပ်ထားခဲ့သည်။ နဂါးမလေးကလည်း သေချာပေါက်လာခဲ့မည်ဟု သူ့ဆီကိုအကြောင်းပြန်ထားခဲ့သည်။ နဂါးမလေး ရောက်လာခဲ့လျှင်ဆွတ်ရီလွမ်းမောစရာကောင်းသော အချစ်ဇာတ်လမ်းလေးတခု ဖြစ်တည်လာမှာ သံသယရှိစရာပင် မလိုပါချေ။

သည်လိုကိစ္စမျိုးတွေမှာ ထူးကဲသော ဝီရိယမျိုး စိုက်ထုတ်ရပါသည်။ နဂါးမလေးရောက်မလာခင်ကတည်းက မြူခိုးပြာတွေဝေ ရီနေသော တောင်ခြေဆီသို့ သူကြိုပြီး ရောက်နှင့်နေခဲ့သည်။ ချစ်သူလှမ်းလာမည့်လမ်းကလေးကို လည်တဆန့်ဆန့်နှင့် စောင့် မျှော်နေဆဲမှာပင် ဇာတ်လမ်းဇာတ်ကွက်ထဲမှာ ဘယ်နေရာမှမပါဝင်သော ကိုရွှေဂဠုန်သည် တိမ်တိုက်တွေ ကြားထဲက ထိုးဆင်းလာတော့သည်။ အောင်မလေးဗျဟု  တအားကြုံးအော်ပြီး တောင်ခြေက သူ  ပြေးရတော့သည်။ တော်တော် ဒုက္ခ ပေးသော ဂဠုန်ပင် ဖြစ်သည်။
         
ရိပ်ရိပ် ရိပ်ရိပ်နှင့် အသားကုန်ပြေးလွှားလာခဲ့သောနဂါးသည် အေးစက်ချွန်မျှသောကျောက်သားကျောက်ဆွယ် ကမ်းပါးယံကိုကျော်လွန်သွားပြီးသည်နှင့်တပြိုင်နက် သည်တကြိမ်မှာလည်း ဂဠုန်၏လက်က လွတ်မြောက်သွားပြန်ပြီဟု သိလိုက်ပြန်သည်။

ပြေးလွှားလာခဲ့ရသော အရှိန်ကြောင့် ဖြစ်လိမ့်မည်။ သူ၏ အရေပြားပေါ်မှ ခြစ်ရှရာများမှာ သွေးစိမ်းများပင် စိမ့်၍ထွက်နေလေ သည်။

အဲဟို ရှေ့နားလေးမှာတော့ ဖြူဖြူလွလွ ငွေသောင်ယံက ဆီးခံနေသည်။ နူးညံ့ဖြူလွသောသဲသောင်ပြင် အဆုံးမှာတော့ လှိုင်းလုံးကြီးတွေ တဝုန်းဝုန်းလိမ့်စီးနေသော ပင်လယ်ပြင်ကြီးကို သူ လှမ်းမြင်နေရသည်။

နဂါးသည်  ပင်လယ်ပြာပြာကို လှမ်းမြင်နေရသော်လည်း အရှိန်မလျှော့ဝံ့ဘဲ ပြေးလွှားနေဆဲပင်။ သည်လိုအချိန်မျိုးမှာ ဂဠုန်ကို မြင်လိုက်ရလည်း သူ သိပ်ပြီးဂရုစိုက်မှာတော့ မဟုတ်ပါ။ ပင်လယ်ဟာ သူနှင့် အနီးကပ်ဆုံးနေရာကို  ရောက်ရှိလာခဲ့ပြီ မဟုတ်လား။

နဂါးသည် ပြေးရင်းလွှားရင်းနှင့် သူ့ရှေ့တည့်တည့်ကသဲသောင်ပြင်မှာ အပူအပင်ကင်းမဲ့စွာ နေစာလှုံနေသော နဂါးတကောင် ကို  မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်သွားလေ သည်။ သည်ငနဲဟာ နေစာလှုံတာတောင်မှ ရိုးရိုးလှုံနေတာမျိုးမဟုတ်ပါ။ လှိုင်းပုတ်သံကိုအမြီးဖျားဖြင့် စည်းချက်လိုက်ပြီး ဂီတသံစဉ်ထဲမှာ နစ်မျောနေလိုက်သေးသည်။

သည်အကောင် စည်းစိမ်ကြီးမားလိုက်ပုံများ ဂဠုန်မမြင်ပေလို့သာ။ အကယ်၍ ဂဠုန်တကောင်ကောင်သာ စည်းစိမ်ယစ်မူး နေသော သည်ငနဲကို မြင်တွေ့သွားပါက လွယ်လင့်တကူ ထိုးချီသွားပေတော့မည်။
      
နဂါးသည် ပြေးနေလွှားနေရင်းနှင့် ပူနွေးသော နေရောင်အောက်တွင် ဇိမ်ယစ်နေသော  ထိုနဂါးကို သတိပေးရန် စိတ်ကူးရ လိုက်ပါသေးသည်။ သို့သော်လည်း အဆိုပါ နဂါးအနီး သို့ ရောက်သွားသောအခါ တစုံတခုကို ဖျပ်ခနဲသတိရလိုက်သောကြောင့် တွန့်ခနဲ ဖြစ်သွားလေသည်။

ဘုရား....ဘုရား.....ဟိမဝန္တာတခွင်လုံး သစ်ပင်ခြုံနွယ်တွေတဝုန်းဝုန်းပြိုလဲရုံတင်မက သမင်၊ဒ ရယ်၊ စိုင်၊ ဆတ်၊ တိရိစ္ဆာန် မျိုးစုံ ဝရုန်းသုန်းကား ပြေးလွှားနေတဲ့ကြားထဲက ဒီငနဲဟာ ဒီလိုနေရာမျိုးမှာ အပူအပင်ကင်းကင်းနဲ့ နေစာလာလှုံနေတယ် ဆိုတော့ မဟုတ်မှလွဲရော့   ...ဒီအကောင်ဟာဖြင့်  .........

သဲသောင်ပြင်ပေါ်တွင် အိပ်စက်လဲလျောင်းရင်း သူ့ကို တိတ်တိတ်ကလေး ကြည့်နေသော အယောင်ဆောင်နဂါး၏ရီဝေဝေမျက်လုံးများကို မြင်တွေ့လိုက်သည်နှင့် နဂါးအစစ်သည် ငယ်သံပါအောင် အော်ပြီး ပြေးပြန်လေတော့သည်။

မှန်းချက်နှင့်နှမ်းထွက်မကိုက်သော ကိုရွှေဂဠုန်သည် ရှူးရှူးရှဲရှဲနှင့် အမျက်ချောင်းချောင်းထွက်ပြီးသကာလ နောက်ကြောင်းပြန်လှည့်ပြေးသွားသော နဂါးနောက်သို့ ဒေါသတကြီး လိုက်လေတော့သည်။
                  
(သုံး)
ပြာလဲ့ကြည်လင်နေသော မိုးသားကောင်းကင်အောက်....အဆုပ်လိုက် အမွှာလိုက် လွင့်မျောနေသော တိမ်တိုက်များကြား တွင် မြူးတူးပျော်ရွှင်နေသောဂဠုန်ပျိုတသိုက်သည် တိမ်စွယ်တိမ်ညွန့်များကြား၌ လေအဟုန်စီးနေခိုက်...

"ဟေ့ ... အဆွေတော်တို့ ...အောက်ကို ကြည့်လိုက်ကြပါဦး။ အဲဟို သဲသောင်ပြင်မှာ နဂါးနှစ်ကောင် လိုက်တမ်းပြေးတမ်း ကစားနေကြပါလားဗျာ။ စားရကံကြုံလို့ မုတ်ဆိတ်ပျားစွဲတယ်ဆိုတာ ဒါမျိုးကိုပြောတာထင်ပါ့"

ဂဠုန်ပျိုတကောင်ညွှန်ပြသော သဲသောင်ပြင်ပေါ်ကို ကျန်ဂဠုန်များက ငုံ့၍ကြည့်လိုက်ရင်း...

"သူ့ကုသိုလ်နဲ့သူ  ဖြစ်လာတာဆိုတာ ဒါမျိုးကို ပြောတာနေမှာပေါ့ အဆွေတော်"

"ဒီလို အခွင့်အရေးမျိုးဆိုတာ တသက်မှာတခါ ရခဲပါဘိခြင်း"

"ပြောနေတာ ကြာပါတယ် ရောင်းရင်းတို့ရဲ့"     

ဂဠုန်ပျိုတသိုက်၏ စူးရဲလက်ပသောမျက်လုံးများသည် မွန်းတည့်နေရောင်အောက်တွင် ဝင်းလက်တောက်ပသွားလေသည်။

သည့်နောက်မှာတော့ သန်မာအားကောင်းလှစွာသော ၎င်းတို့၏တောင်ပံများကို တဖြောင်းဖြောင်းခတ်၍  တိမ်တိုက်များကို လှပစွာထိုးခွဲပြီး သဲသောင်ပြင်ပေါ်သို့ တဟုန်ထိုး ...............။              
                                                                                                  
နိုင်ဝင်းသီ

Comments