![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8Y00NUF7cKvPEKEiO-DQhNmVcn2UT_JWievpA_TBuzYcsCAbBSk8sg_K20c1s2Vr2ZoY08iWvetuy3TCZwaSfsayu9lW0MNlFYQcPcJd-rr1pv0t00nal8tEUGLIdZ9QDf7G8Saa2whA/s640/1175505_564220466972925_1782249864_n.jpg)
ဇင်လင်း ● ဒီမိုကရေစီနိုင်ငံထူထောင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့လိုမည်
(မိုးမခ) သြဂတ်စ် ၂၀၊
(မိုးမခ) သြဂတ်စ် ၂၀၊
၂၀၁၈ ခုနှစ် ဩဂုတ်တွင် ကျရောက်သည့် ရှစ်လေးလုံးအရေးတော်ပုံ နှစ် (၃၀) ပြည့်အခါသမယ၌ လူထုအတွင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ ပြောဆိုဆွေးနွေးမှုအသံ အတော်ကျယ်လောင်လာသည်ကို တွေ့ရသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ပြည်သူလူထု လိုလားသည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး လမ်းခရီး တွင် အဟန့် အတားဖြစ်နေသည်ဟု ပြောဆိုဝေဖန်လာကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးကိစ္စတွင် အဓိကအချက် မှာ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ အပါအ၀င် နိုင်ငံရေးအင်အားစုများအကြား အချင်းချင်း အပြန် အလှန် ယုံကြည်မှု အားနည်းနေခြင်းကြောင့် ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြောင်း 7dayDaily သတင်းက ဖေါ်ပြထားသည်။ ပဓါနအားဖြင့် ယုံကြည်မှု ရရှိရန် ဆောင်ရွက် ရမည်ဖြစ်ပြီး အပြန်အလှန် ယုံကြည်မှု တိုးတက်လာမည်ဆိုပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို လျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။ ထို့ပြင် NLD အနေဖြင့် အတိတ်မှ အကြောင်းများအတွက် လက်စားချေဖို့ မရှိ။ အတိတ်ဖြစ်ရပ်များနှင့် ပတ်သက်၍ ပုဂ္ဂိုလ်အားလုံးကို မျက်နှာပျက် စရာ၊ ဂုဏ်သိမ်ငယ်စရာ ကိစ္စမျိုးလုံးဝ လုပ်ဆောင်မှု မရှိခဲ့ကြောင်း အဖွဲ့ချုပ်အနေဖြင့် သက်သေပြလိုသောကြောင့် ယုံကြည်မှုတည်ဆောက်နေခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်မှသာ ၁၉၈၈ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော လူထုလှုပ်ရှားမှု၏ ရည်မှန်းချက် များ အကောင်အထည်ဖော်ဆောင်နိုင်မည်ဟု အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်များက ဩဂုတ် ၈ ရက်၌ကျရောက်သည့် ရှစ်လေးလုံးအရေးတော်ပုံ နှစ် (၃၀) ပြည့်ချိန်၌ အမှတ်တရစကား ပြောကြားခဲ့ကြသည်။ လက်ရှိ လွှတ်တော်များသည် ရှစ်လေးလုံးအရေးတော်ပုံကြောင့် ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ရှစ်လေးလုံးလှုပ်ရှားမှုတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဝင်းက ဆိုသည်။ ရှစ်လေး လုံးအရေးတော်ပုံ၏ ရည်မှန်းချက်နှင့် NLD ပါတီ၏ ရည်မှန်းချက်သည် ထပ်တူဖြစ်သည်ဟု သူကဆိုသည်။ လွှတ်တော် အတွင်းတွင် ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ကိုင်၍ မရနိုင်သဖြင့် ၂၁ ရာစု ပင်လုံညီလာခံမှ တဆင့် လုပ်ဆောင်လျှက်ရှိကြောင်း ဦးကြည်ဝင်းက ဆိုသည်။ ပြင်ဦးလွင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ခင်က လက်ရှိ မြန်မာ နိုင်ငံ အခြေအနေသည် ရှစ်လေးလုံးအရေးတော်ပုံ၏ ရည်မှန်းချက်ရောက်ရှိရေး လမ်းပေါ်သို့ ရောက်လာပြီဟု ဆိုနိုင် ကြောင်း မှတ်ချက်ပြုပြောကြားသည်။
ရန်ကုန်တက္ကသိုလ်၌ ပြုလုပ်သည့် ရှစ်လေးလုံး နှစ်(၃၀)ကာလ သုံးသပ်ဆွေးနွေးမှုများတွင် ၈၈ ကျောင်းသား ခေါင်းဆောင် များနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများက မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်ရေးအတွက်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် လိုအပ်ကြောင်း တိုက်တွန်းပြောဆိုခဲ့ကြသည်။ ၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ပြင်ပတွင် ပုဂ္ဂိုလ်ရေးထိတွေ့မှုများ မှတစ်ဆင့် ညှိနှိုင်းသင့်သည်ဟု အကြံ ပြု ပြောကြားခဲ့သည်။
ဤနေရာ၌ အလျဉ်းသင့်သဖြင့် “နိုင်ငံတကာရှေ့နေများ လူ့အခွင့်အရေးဆိုင်ရာ အစည်းအရုံး” International Bar Association’s Human Rights Institute (IBAHRI) ၏ သုတေသနရှုထောင့်မှ တင်ပြထားသော “၂၀၀၈ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ အောက်က မြန်မာနိုင်ငံ” ဆိုသည့် ရှုမြင်သုံးသပ်ချက်ကို မြန်မာပြန်ဆို တင်ပြလိုပါသည်။ (IBAHRI) ၏ အချက်အလက်ရှာဖွေလေ့လာရေး မစ်ရှင်အဖွဲ့ တဖွဲ့သည် ၂၀၁၂ ခုနှစ် သြဂုတ်လ (၁၁)မှ (၁၈)ရက် အတောအတွင်း မြန်မာနိုင်ငံရှိ အရေးပါသော မြို့ကြီးများသို့ တရားဝင် ၀င်ရောက်လေ့လာခဲ့ဖူးသည်။ ၎င်းအဖွဲ့၏ အစီရင်ခံစာ The Rule of Law in Myanmar: Challenges and Prospects (2012 December) ၌ “၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် စပ်လျဉ်း၍ ယခုကဲ့သို့ သုံးသပ်ထားသည်ကို တွေ့ရသည်။ ၂၀၁၀ ခုနှစ် ဇန္န၀ါရီလ (၄)ရက်နေ့တွင် ဗိုလ်ချုပ်သန်းရွှေခေါင်ဆောင်းသော နအဖ အစိုးရအဖွဲ့က နှစ်ပေါင်း(၂၀) အတွင်း ပထမဆုံး အဖြစ် ရွေးကောက်ပွဲများကျင်းပပေးရန် စီစဉ်လျှက်ရှိကြောင်း ကြေညာခဲ့သည်။ နှစ်လကြာပြီးနောက် အငြင်းပွားဖွယ် ရွေးကောက်ပွဲဆိုင်ရာအမိန့်ဥပဒေများပေါ်ထွက်လာသည်။ အစိုးရသြဇာလွှမ်းသော ရွေးကောက်ပွဲကော်မရှင်ကိုလည်း ဖွဲ့စည်းလိုက်သည်။ ရွေးကေက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းအားလုံးသည် “၂၀၀၈ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို သစ္စာစောင့်သိကာကွယ်ရမည့် တာဝန်ရှိသည်” ဟု ကော်မရှင်က ကြေညာသည်။ အကျဉ်းကျခံနေရသူများသည် ရွေးကောက်ပွဲတွင် ပါဝင်ရန် အရည်အချင်း ပျက်ယွင်းသူများဖြစ်သည်ဟုဆိုသည်။ ၎င်း ကန့်သတ်ချက်ကြောင့် လူပေါင်း မြောက်များစွာထိခိုက်မည့်အနက် ဒေါ်အောင်ဆန်းစုကြည်လည်း အပါအ၀င်ဖြစ်သည်။ ၂၀၀၉ သြဂုတ်လတွင် ဒေါ်စု၏ နေအိမ်အကျယ်ချုပ်ပြစ်ဒဏ်ကို တိုးမြှင့်ထားခဲ့သည်။ စိတ်မမှန်သူတဦး ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း ကျူးကျော်ဝင်ရောက်သည်ကို စိတ်ဆန္ဒမပါဘဲ လက်ခံခဲ့မှုအတွက် တရားရုံးက ရာဇ၀တ်ကြောင်းအရ ပြစ်ဒဏ်တိုးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အခြားပါတီငယ်များက ပါတီမှတ်ပုံမတင်ရေး၊ ရွေးကောက် ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မှု မပြုရေးလမ်းကြောင်းကို ရွေးချယ်ခဲ့ကြသည်။ ၂၀၁၀ နိုဝင်ဘာ(၇)ရက် ရွေးကောက်ပွဲကျင်းပပြီး နောက်၊ အသစ်ခန့်ထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က (နအဖ)ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ မဲအရေအတွက် ၅၈%ဖြင့် အနိုင်ရကြောင်းကြေညာခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီ၏ အခြေအနေ ပိုမို ကောင်းမွန်သွားခဲ့သည်။ ထို့ပြင် ဖွဲစည်းပုံအခြေခံဥပဒေအရ ပါလီမန်တွင် လွှတ်တော်ကိုယ်စားလှယ်နေရာ ၂၅%ကို စစ်တပ်က မယှဉ်ပြိုင်ဘဲ ရရှိထားပြီလည်းဖြစ်သည်။ သို့ဖြင့် အနိုင်ရပါတီက ဥပဒေပြုလွှတ်တော်တွင် ကိုယ်စားလှယ် နေရာ ၅ ပုံ ၄ ပုံ ရရှိကာ နိဂုံးသတ်ခဲ့သည်ဟု ‘နိုင်ငံတကာရှေ့နေများ လူ့အခွင့်အရေးဆိုင်ရာ အစည်းအရုံး’ က သုံးသပ်ခဲ့ ဖူးသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ စတင်ရေးဆွဲစဉ်က ပြင် ဆင်၍ မရအောင်ပြုလုပ်ခဲ့ကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီလမ်း ကြောင်းမှ ဆောင်ရွက်နေသဖြင့် အခြေခံဥပဒေပြင်ဆင်ရေးသည် မြန်ဆန်မည်မဟုတ်ဘဲ ကြာမြင့်နိုင်ကြောင်း ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ၌ ဇွန်လ ၂၄/၂၅ တွင်ကျင်းပခဲ့သော သတ္တမအကြိမ် ဗဟိုကော်မတီ အစည်းအဝေး အပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဦးဝင်းထိန်က ပြောကြားခဲ့သည်။ ၂၀၁၇ ခုနှစ် မေလ ၉ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်ရောက် မြန်မာနိုင်ငံသားများ လန်ဒန်မြို့၌ တွေ့ဆုံခဲ့စဉ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးကို လက်မလွှတ်ကြောင်း ပြောခဲ့ဖူးသည်။ ငြိမ်းချမ်းစွာ ဥပဒေဘောင် အတွင်းမှ ဖွဲ့စည်းပုံကို ပြောင်းလဲစေလိုကြောင်း ထိုစဉ်က ပြောကြားခဲ့သည်။
အကြမ်းမဖက် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲနည်းဖြင့် ခရီးဆက်ခဲ့သော မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအပေါ် နိုင်ငံတကာက ချီးကျူးဂုဏ်ပြုခဲ့ကြသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ဒီမိုကရေစီနှုန်းစံ မပြည့်မီမှုကြောင့် မြန်မာနိုင်ငံသည် ဒီမိုကရေစီရရှိနေပြီဟု မပြောနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ အမေရိကန်ခရီးစဉ်အတွင်း သတိပေး ပြောကြားခဲ့ဖူးသည်။ အမေရိကန်ခရီးစဉ်အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၂၁ ရက်နေ့တွင် နယူးယောက်မြို့ Asia Society ၌ မိန့်ခွန်းပြောကြားခဲ့စဉ် ဖေါ်ပြပါ အတိုင်း မှတ်ချက်စကား ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က သူ့မိန့်ခွန်းတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု များနှင့် ပတ်သက်၍ အကောင်းမြင် ရှုထောင့်မှ ချဉ်းကပ် ဆွေးနွေးခဲ့သော်လည်း တိုးတက်ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက် အများအပြား ကျန်ရှိနေဆဲ ဖြစ်သည်ဟု ဝန်ခံပြောကြားခဲ့သည်။
‘‘မိမိတို့အတွက် အမှန်တကယ် ဂုဏ်ပြုမှု ခံယူထိုက်တန်တဲ့ အခြေအနေတခုဆီ ရောက်ရှိရေးအတွက် ဆက်လက်လျှောက် လှမ်းရမယ့် ခရီးက အရှည်ကြီး ကျန်ရှိနေဆဲဖြစ်ပါတယ်။’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ၀န်ခံခဲ့သည်။ အထူးသဖြင့် လက်ရှိ အခြေအနေတွင် မြန်မာ့နိုင်ငံရေးကဏ္ဍအတွင်း တပ်မတော်၏ ပါဝင်ချုပ်ကိုင်လွှမ်းမိုးမှုများ ကျန်ရှိနေဆဲဖြစ်ကြောင်း၊ တိုင်းပြည်၏ နိုင်ငံရေးကိစ္စရပ်များတွင် အရပ်သားများက အပြည့်အဝ ထိန်းချုပ်စီမံခွင့် ရရှိဖို့ လိုအပ်ကြောင်း၊ စသည်ဖြင့် ဒေါ်အောင်ဆန်းစုကြည်က ဝန်ခံပြောကြားခဲ့သည်။
‘‘ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံတစ်ခုက အရပ်သားအစိုးရ ထဲမှာ တပ်မတော်ရဲ့ စစ်ဦးစီးအရာရှိတွေ ပါဝင်နေတယ်ဆိုတာ မျိုး မဖြစ်သင့်ဘူးလေ။ ကျွန်မတို့ တကယ်တမ်း လိုလားတာက စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်ပါတယ်။’’ ဟု ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ဖူးကြောင်း 7DayDaily သတင်း၌ ဖေါ်ပြခဲ့သည်။
“အများစုအနိုင်ရပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ခွင့် မရသေးပါဘူး။ အခြေခံဥပဒေရဲ့ အရေးပါတဲ့ ဘယ် အစိတ်အပိုင်းကိုမဆို ပြင်ဆင်ဖို့ တပ်မတော်ကို ဗီတိုအာဏာ အခွင့်အရေး ပေးထားတာပါ။” ဟု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က အမေရိကန်ခရီးစဉ်အတွင်း Asia Society အဖွဲ့နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းပြည်၏ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ဆက်လက်နေရာ ယူထားသောကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဟန့်အတားဖြစ်နေဆဲရှိသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ အရ အရေးပါသည့် အခြေခံဥပဒေ အပိုဒ်များကို ပြင်ဆင်လိုလျှင်၊ ပြည်ထောင်စုလွှတ်တော်ရှိ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်အားလုံးက ပြင်ဆင်ရန် ထောက်ခံသည့်တိုင်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က ခန့်အပ်ထားသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်း၏ သဘောတူညီချက်မရခဲ့ပါက ပြင်ဆင် နိုင်မည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က Asia Society အဖွဲ့တွင် ရှင်းပြခဲ့ဖူးသည်။ အနည်းဆုံး သတ္တိရှိသော တပ်မတော်သား တယောက်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သင့်သည်ဟု ထောက်ခံရန်လိုကြောင်း၊ တပ်မတော်သား များက စစ်မြေပြင်၌ သတ္တိရှိကြသော်လည်း လွှတ်တော်ထဲ ရောက်သည့်အခါ ကာကွယ်ရေးဦးစီးချုပ် အမိန့်အတိုင်း မဲပေးကြရသည်ကို တွေ့ရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ထောက်ပြခဲ့သည်။
စင်စစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စသည် NLD အစိုးရ၏ ရွေးကောက်ပွဲ ကတိက၀တ် ၃ ခုအနက်မှ တစ်ခု ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ NLD ပါတီက ယခင်ကတည်းက ပြင်ရမည့် အချက် ၁၆၈ ချက်ကို ထုတ်ပြန်ထားခဲ့ဖူးသည်။ အနာဂတ် မြန်မာ့နိုင်ငံရေးတွင် တပ်မတော်ပါဝင်ပတ်သက်နေမှုနှင့် စပ်လျဉ်း၍ Asia Society က မေးမြန်းခဲံစဉ် ဒေါ်အောင်ဆန်းစုကြည်က နောက် ၅ နှစ် သို့မဟုတ် ၁၀ နှစ်တာကာလတွင် ဘာဖြစ်လာမည် ဆိုသည်ကို သူ့အနေဖြင့် မပြောနိုင်သလို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနှင့်လည်း ပြောနိုင်မည် မထင်ကြောင်း ပြောခဲ့ဖူးသည်။ ယင်း ကိစ္စကို အဆုံးအဖြတ်ပေးရမည်မှာ ပြည်သူလူထုသာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေးခဲ့သည်။ ပြည်သူဟု ဆိုရာတွင် တပ်မတော်သားများလည်းပါဝင်ကြောင်း၊ တပ်မတော်အပါအ၀င် ပြည်သူလူထု တရပ်လုံးက တိုင်းပြည်၏ လက်တွေ့ဖြစ်ပေါ်နေသော အခြေအနေများအရ ပြုပြင်ပြောင်းလဲရေး ပြုလုပ်ရန် လိုအပ်နေ သည်ကို နားလည် သဘောပေါက်လာစေရန် ကြိုးပမ်းကြဖို့လိုသည်ဟု ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ပြောကြားခဲ့ သည်။
ဒီမိုကရေစီနိုင်ငံ တခုတွင် ဒီမိုကရေစီ စံချိန်စံညွှန်းနှင့် ဆီလျော်သော အခြေခံ ဥပဒေ တစ်ရပ် ပေါ်ပေါက်ရေးကိစ္စသည် အချိန်ယူဆောင်ရွက်သင့်သည်ဖြစ်သော်လည်း၊ ပြည်တွင်းစစ်ရေးပဋိပက္ခများ ချုပ်ငြိမ်းရေး၊ တိုင်းရင်းသားများ တောင်းဆို နေသော နိုင်ငံရေးတန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး စသည်တို့ကို အခြေခံသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ရပ် အမြန်ဆုံးထွက်ပေါ်လာရေးသည် ပဓါနကျသည့် လိုအပ်ချက်ဖြစ်နေပေသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်မှလည်း ၁၉၈၈ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော ရှစ်လေးလုံး လူထုအရေးတော်ပုံ၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်နိုင်မည်ဖြစ်သည်။
NLD ပါတီ၏ ရှေ့လုပ်ငန်းစဉ်များတွင်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ဦးစားပေး ရည်မှန်းချက် ၃ ရပ်ကို အောင်မြင် အောင် အကောင်အထည်ဖော် ဆောင်ရွက်ရေးဟု ထည့်သွင်းထားသည်ကို တွေ့ရသည်။ အစိုးရ၏ ရည်မှန်းချက် ၃ ရပ်မှာ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးနှင့်၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးစသည်တို့ဖြစ်သည်။ အနှစ်ချုပ်အားဖြင့် လက်ရှိ အစိုးရ၏ ရည်မှန်းချက် ၃ ရပ်ကို အောင်မြင်ရေးကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ လူမှု အခြေပြုအဖွဲ့များ(CSOs) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(EAOs) အားလုံးလက်တွဲ ဆောင်ရွက်သင့်သည်။ မြန်မာနိုင်ငံကို နိုင်ငံတကာနှင့် ရင်ဘောင်တန်းစေလိုသော စေတနာအမှန်တကယ် ရှိပါက၊ တရားဥပဒေစိုးမိုးရေးခိုင်မာ အောင် လုပ်ကြရမည်ဖြစ်သည်။ တရားဥပဒေစိုးမိုးမှုခိုင်မာမှသာ လူမှုစီးပွားရေးဘ၀များ တန်းတူရည်တူ မျှမျှတတဖွံ့ဖြိုး တိုးတက်လာနိုင်မည်။ သို့မှသာ ဒီမိုကရေစီလူ့အဖွဲ့အစည်းကိုထူထောင်နိုင်မည်။ စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံ ပေါ်ပေါက်စေလိုသော စေတနာအရင်းခံ အမှန်ရှိကြပါက၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒီမိုကရေစီနည်လမ်းတကျ ပြင်ဆင်ရေးကိစ္စအား ဟန့်တားဆန့်ကျင်နေကြဖို့မသင့်ကြောင်း သက်ဆိုင်သူများ သဘောပေါက်ချိန်တန်ပြီဟု သုံးသပ်မိ ပါသည်။
သြဂုတ်လ ၂၀ ရက်၊ ၂၀၁၈၊ တနင်္လာနေ့ထုတ် ဒီလှိုင်းဂျာနယ်တွင် ဖေါ်ပြခဲ့သည့် ဆောင်းပါး။
Comments