K ငြိမ်းချမ်း - တိုင်းပြည်က လွမ်းရတဲ့သူတွေ


K ငြိမ်းချမ်း - တိုင်းပြည်က လွမ်းရတဲ့သူတွေ
(မိုးမခ) သြဂုတ် ၁၄၊ ၂၀၁၈

စာရေးဆရာ- ကလောင်စုံ
စာအုပ်အမည်- စာရေးဆရာမှ စာရေးဆရာဆီသို့
အမျိုးအစား- ရုပ်ပုံလွှာ ဆောင်းပါး
ထုတ်ဝေသည့်တိုက်- စိတ်ကူးချိုချို
ထုတ်ဝေသည့်ကာလ- သြဂုတ်၊ ၂၀၁၈
တန်ဖိုး- ၇၀၀၀ကျပ်

အောင်ဆန်း(သို့) အရိုင်း၊ ဗဟိန်း(သို့) ကဗျာ အစရှိတဲ့ခေါင်းစဉ်များဟာ ငြိမ်းချမ်းရေးစာဆိုကြီး ဒဂုန်တာရာရဲ့အထူး ထင်ရှားတဲ့ရုပ်ပုံလွှာအဖွဲ့အနွဲ့က ခေါင်းစဉ်များဖြစ်ပါတယ်။ နိုင်ငံရေးလောကက ပုဂ္ဂိုလ်များကို သက်ရှိထင်ရှားရှိစဉ် ကဗျာစာဆိုဒဂုန်တာရာက သူထိတွေ့ဆက်နွယ်ခဲ့ရမှုများကို ပကတိမခြွင်းမချန် ပြန်လည်အောက်မေ့ရေးခြစ်ခဲ့တဲ့ရုပ်ပုံ လွှာအကျဉ်းချုပ်များဖြစ်ပါတယ်။

အထူးသဖြင့် တိုင်းပြည်အတွက် လူထုအတွက် မစားဘဲစွန့်ခဲ့သူတို့သာလျှင် နောက်မျိုးဆက်နဲ့ ခေတ်ပြိုင်မျိုးဆက်တို့က သူတို့အကြောင်းကို စာတတန်ပေတန်နဲ့ သမိုင်းမော်ကွန်းထိုးရတာပါပဲ။

အဲဒီလိုမော်ကွန်းရေးထိုးခံရတဲ့ ပုဂ္ဂိုလ်တွေဟာ မြေကမ္ဘာပေါ်နေထိုင် အသက်ရှင်စဉ်ကာလများမှာ တိုင်းပြည်နဲ့လူမျိုးအတွက် သူတို့နေထိုင်ခွင့်ရတဲ့အချိန်လေးမှာပဲ ပြည်သူ့အကျိုး တိုင်းပြည်အကျိုး ရတဲ့နေရာက ထမ်းပိုးသယ်ရွက်ခဲ့သူတွေပဲဖြစ်ပါ တယ်။

ကျနော်တို့နေထိုင်တဲ့ မြန်မာနိုင်ငံမှာလည်း နိုင်ငံရေးလောက၊ အနုပညာ၊ ယဉ်ကျေးမှု အစရှိတဲ့ နယ်ပယ်အသီးသီးမှာ သမိုင်းမော်ကွန်းရေးထိုးထိုက်တဲ့ လူပုဂ္ဂိုလ်များစွာ ခေတ်တိုင်းမှာ ရှိခဲ့ကြပါတယ်။ သူတို့ဟာ ကိုယ်ကျိုးမကြည့်ဘဲ ပြည် သူ့အကျိုး နိုင်ငံ့အကျိုးကို ဘယ်လို သယ်ပိုးဆောင်ရွက်သွားခဲ့ကြသလဲ ဆိုတာ သိမှတ်ဖို့ဆိုတာ ထိုပုဂ္ဂိုလ်များအကြောင်း ရေးထိုးထားတဲ့စာ၊ မော်ကွန်းတွေကိုဖတ်ကြည့်မှသာ သူတို့စိတ်ဓာတ်၊ သူတို့ဆောင်ရွက်မှုတွေကို နှောင်းလူတို့သိနိုင်မှာ ဖြစ်ပါတယ်။

ယခုစာအုပ်ကတော့ စာပေလောကက စာရေးဆရာ၊ ကဗျာဆရာ၊ သတင်းစာဆရာတွေရဲ့အကြောင်း ရေးသားထားတဲ့ ဆောင်းပါးများကို စာရေးဆရာ လေးကိုတင် စုစည်းထားတာဖြစ်ပါတယ်။

ရေးသားထားကြတဲ့ စာရေးဆရာများကတော့ ဒဂုန်တာရာ၊ ငွေဥဒေါင်း၊ လင်းယုန်မောင်မောင်၊ မောင်ဆုရှင်၊ ပုဂံငပု၊ သိန်း ဖေမြင့်၊ ကြူကြူသင်း၊ နတ်မောက်ထွန်းရှိန်၊ သခါင်္၊ ဦးညာဏ၊ ပါရဂူ၊ ဦးသက်ထွန်း၊ ခင်နှင်းယု၊ မောင်တင့်ဝေ(တက္က သိုလ်)၊ မောင်လွန်းကြင်၊ ကိုပညာ(အမရပူရ)၊ တက္ကသိုလ်နေ၀င်း၊ အောင်မော်(မင်းဆွေသား)၊ မောင်စွမ်းရည်၊ တက်တိုး၊ တင့် တယ်၊ သာဓုမြေဘုန်းရှိန်၊ သော်တာဆွေ၊ စံထူး၊ မိုးဟိန်း(သားဂျာနယ်ကျော်)၊ ဒေါက်တာခင်လေးမြင့်၊ မြင့်ဆွေ၊ ရန်ကုန် ဘဆွေ၊ စောမုံညင်း၊ ဇ၀န၊ ဇ၀နော့စကီး၊ သခင်သန်းထွန်း၊ မန်းဝင်းမောင်၊ မောင်ထင်၊ ခင်ဆွေဦး၊ ဓနုဖြူသန်းဆွေသစ်၊ ကျော်အောင်၊ မင်းနွယ်၊ ယုဝတီခင်ဦး၊ နေသွေးနီ၊ မောင်မောင်လှမြင့်၊ ဒေါက်တာခင်လှဟန်၊ လူထုဒေါ်အမာ၊ ကြည်မောင် ခင်၊ မောင်ကျော့ဝေ၊ မောင်ကျော်သာ၊ မောင်မိုးသူ၊ မြသန်းတင့်၊ လေးကိုတင်၊ မောင်ကြည်သော် (ကောလင်း)၊ ကေတု ဘုန်းမော်၊ မောင်ခင်မင်(ဓနုဖြူ)၊ မောင်သစ်၊ ဒေါက်တာအောင်ကြီး၊ မင်းသစ်၊ သန်းအောင်နိုင်၊ မြတ်ဆွေ၊ ခင်မေသိန်း၊ ငြိဏ်းဝေ၊ မင်းဇင်၊ သစ္စာနီတို့ပဲဖြစ်ပါတယ်။

ပါဝင်တဲ့ဆောင်းပါးများကတော့ သခင်ကိုယ်တော်မှိုင်းနှင့်နေခဲ့ရသော နေ့ရက်များ၊ သခင်ကိုယ်တော်မှိုင်း သို့မဟုတ်ငြိမ်း ချမ်းရေးဗိသုကာ၊ ရွှေဥဒေါင်း၊ ၂၅ နှစ်မျှကြာသောအခါ လယ်တီပဏ္ဍိတ အမှတ်တရ၊ ဆရာကြီးဒဂုန်ရွှေမျှား၊ စာဆိုဦးလတ်၊ ပီမိုးနင်း၊ ကျွန်မနှင့် ဒဂုန်ခင်ခင်လေး၊ ဆရာကြီး စစ်ကိုင်းဦးဘိုးသင်း၊ တို့ဆရာကား ဆုံးခဲ့ပြီတကား (ဒီးဒုတ်ဦးဘချို)၊ ဇေယျ၊ နဲဗားဆောရီး အဲဗား ဂျောလီ ဦးညာဏ၊ ဆရာမာဃ၊ THE PHILOSOPHICIAL POET၊ မင့်အိမ်(ဇော်ဂျီ)၊ ဆရာမင်းသုဝဏ် နှင့် စကားစမြည်၊ ညိုမြတဲ့ဟေ့…..ချိုမြစေ….၊ ဦးညိုမြ၏ တောင်သမန်နောက်ဆုံးခရီး၊ တာရာ(ဒဂုန်တာရာ)၊ မင်းဆွေ ဘယ်မှာလဲ၊ ဗန်းမော် တင်အောင်ကို နောက်ဆုံးတွေ့လိုက်ရတဲ့နေ့၊ တင့်တယ်၊ သော်တာဆွေ၊ ဆရာ သော်တာဆွေနှင့် အလိမ်အလှည့်- အလှိမ့်အလည်၊ သာဓု၊ သန်းဆွေ၊ သုခ၊ ပို၍ ပို၍ သိလာရသော အုတ်ဖိုသားတစ်ယောက်အကြောင်း (ဂျာနယ်ကျော် ဦးချစ်မောင်)၊ မညှိုးပန်းတစ်ပွင့် သို့မဟုတ် ဂျာနယ်ကျော်မမလေး၊ စာရေးဆရာ မြို့မအုန်း၊ ဆည်းဆာ ကြယ်(အောင်ထူး)၊ ရွှေဓား၊ ဒေါ်ဒဂုန်ခင်လေးဆွေ၊ လှိုက်လှဲသောနှလုံးဖြင့် ထာဝစဉ် ပြုံးနိုင်ပါစေ (ဦးသန့်)၊ ဦးသန့်ကို နှုတ်ခွန်းဆက်ခြင်း၊ ဇ၀န အာကျယ်၊ ဘုတလင်သား(သိန်းဖေမြင့်)၊ ကျွန်တော်သိသော လူထု ဦးလှ၊ ကိုလှ၊ မေတ္တာပွင့် လင်းရာသီများ(ဒေါ်ခင်မျိုးချစ်)၊ အနုပညာ ကျွန်း(ကြည်အေး)၊ ရှုမ၀ဦးကျော်နှင့် ကြယ်နီ၊ အကြွေစောသည့် ကြယ် တစ် ပွင့်(ဒဂုန်ဦးထွန်းမြင့်)၊ ကျွန်တော်သိသော ကိုရန်အောင်၊ ကျွန်မသိသော ဆရာဦးရန်အောင်၊ ဒေါင်းဆိုသည့် ကဗျာ ဒေါင်း (ဒေါင်းနွယ်ဆွေ)၊ ကဗျာဆရာမ ငွေတာရီ၊ ခွင့်လွှတ်ပါလေဦး ဆရာ(တက္ကသိုလ် နန္ဒမိတ်)၊ နှလုံးလှပိုင်ရှင် ဆရာကြီးဗိုလ် မှူးဘရှင်၊ နန္ဒ၊ ဆရာမြမျိုးလွင်နဲ့ မာလာ၊ မန္တလေးသား မြမျိုးလွင်၊ မြသန်းတင့်အမှတ်တရ ရုပ်ပုံလွှာ(၁၉၂၅ နှင့် ၁၉၂၉ )၊ ရန်ကုန်ဘဆွေ (သို့) လူ့ခွစာကြီး၊ မင်းကျော်၊ ဆရာပါ (ဆရာပါရဂူ)နှင့် မောင်မိုးသူ၊ ဟံသာဝတီဦးဝင်းတင်၊ လူထုစိန် ၀င်း(သို့ဟုတ်)၀င်းဇော်၊ ခရီးသည် စာဆို ’’မောင်မဲ’’(လူထု)သို့မဟုတ် ဗုဒ္ဓ၀ါဒနဲ့ မာက်္ခစ်-လီနင် ၀ါဒကို လက်တွေ့ကျင့်သုံး ခဲ့သူ၊ ကာဖီခိုးသောက်မှုကြီး မောင်သိက္ခာနှင့် အဘဥာဏ်တို့၏ မောင်သိက္ခာ၊ မောင်ပါသို့ နှုတ်ဆက်ခြင်း (ငြိမ်းကျော်)၊ ကိုမိုးဟိန်း အမှတ်တရ၊ လွမ်းတယ်....လေ့ အောင်နိုင်ကို လွမ်းတယ်၊ မောင်လရောင်၊ ဗာဒံပင် လက်ဖက်ရည်ဝိုင်းက စိတ် ကူးများ(နံ့သာသန်းဆွေ ပုံရိပ်)၊ ရေစကြို ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုဘဂျမ်း(တင်မိုး)၊ ကဗျာဆရာနဲ့ ထောင် (တင်မိုး)၊ မြဇင် မာပါစီ၊ လွမ်းရတဲ့သူတွေ (မောင်လေးအောင်)၊ ကျွန်တော့်ဆရာဦးသန်းညွန့်နှင့် လုပ်သားပိုင် ပြည်သူပိုင် သိမ်းပြီးခါစ မြန်မာ့အလင်း၊ လင်းယုန်သစ်လွင်၏ နံနက်ခင်း၊ အဖေနှင့် ရဲတိုက်ပိုင်ရှင် (မောင်ထွန်းသူ)၊ လင်းဝေမြိုင်၊ နွေတစ်ည မြစံပယ်ရုံနှင့် ရေဆန်လမ်းပေါ်က နိုင်ဝင်းဆွေ၊ ကိုရွှေဘုန်းလူနှင့် တစ်လှေတည်းစီး (တာရာမင်းဝေ)၊ ညီငယ် သို့တမ်းချင်း(တာရာမင်းဝေ)တို့ဖြစ်ပါတယ်။

သခင်ကိုယ်တော်မှိုင်း၊ ရွှေဥဒေါင်း၊ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၊ ဒဂုန်ရွှေမျှား၊ ဦးလတ်၊ ပီမိုးနင်း၊ ဒဂုန်ခင်ခင်လေး၊ စစ် ကိုင်းဦးဘိုးသင်း၊ ဒီးဒုတ်ဦးဘချို၊ ဇေယျ၊ ဦးဥာဏ၊ မာဃ၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ မင်းဆွေ၊ ဗန်းမော်တင်အောင်၊ ညိုမြ၊ ဒဂုန် တာရာ၊ တင့်တယ်၊ သော်တာဆွေ၊ သာဓု၊ သုခ၊ ဂျာနယ်ကျော်ဦးချစ်မောင်၊ ဂျာနယ်ကျော် မမလေး၊ မြို့မအုန်း၊ အောင်ထူး၊ ရွှေဓား၊ ဒဂုန်ခင်လေးဆွေ၊ ဦးသန့်၊ ဇ၀န၊ သိန်းဖေမြင့်၊ လူထုဦးလှ၊ ဒေါ်ခင်မျိုးချစ်၊ ကြည်အေး၊ ရှုမ၀ဦးကျော်၊ ကြယ်နီ၊ ဒ ဂုန်ဦးထွန်းမြင့်၊ ရန်အောင်၊ ဒေါင်းနွယ်ဆွေ၊ ငွေတာရီ၊ တက္ကသိုလ်နန္ဒမိတ်၊ ဗိုလ်မှူးဘရှင်၊ မြမျိုးလွင်၊ မြသန်းတင့်၊ ရန်ကုန် ဘဆွေ၊ မင်းကျော်၊ ပါရဂူ၊ မောင်မိုးသူ၊ ဟံသာဝတီ ဦးဝင်းတင်၊ မောင်မဲ(လူထု)၊ လူထုစိန်ဝင်း၊ ငြိမ်းကျော်၊ မိုးဟိန်း၊ နံ့သာ သန်းဆွေ၊ တင်မိုး၊ မြဇင်၊ မောင်လေးအောင်၊ မြန်မာ့အလင်း သန်းညွှန့်၊ လင်းယုန်သစ်လွင်၊ မောင်ထွန်းသူ၊ လင်းဝေမြိုင်၊ နိုင်ဝင်းဆွေ၊ တာရာမင်းဝေ အစရှိတဲ့ လူပုဂ္ဂိုလ်များအကြောင်း မျိုးဆက် ၃ ဆက်နီးပါး ခေတ်အခြေအနေတွေကို လေ့လာ ဖတ်ရှုဖို့ပါဝင်ပါတယ်။

သခင်ကိုယ်တော်မှိုင်းဆိုတာ ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ၊ ဘာတွေ ရေးခဲ့သလဲ၊ ဘယ်လိုစိတ်နေစိတ်ထားမျိုးလဲဆိုတာသိရဖို့ ဆရာဒဂုန်တာရာ ရေးသားခဲ့တဲ့ သခင်ကိုယ်တော်မှိုင်းနှင့်နေခဲ့ရသော နေ့ရက်များဆောင်းပါးမှ အချို့ကိုကောက်နုတ် ဖော်ပြလိုက်ပါတယ်။

“ ကျွန်တော် ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို စတွေ့ကြုံကာ သိကျွမ်းသောအခါ ကျောင်းသားဘ၀ အသက်၂၀ အရွယ် ကဖြစ်သည်။ ထိုအခါ ဆရာကြီးမှာ အသက်၃၅အရွယ်ဖြစ်လေရာ ကျွန်တော့်ထက်များစွာကြီးသည်။

ကျွန်တော်သည် ဆရာကြီး ကဗျာများ ဋီကာ၊ ကဏ္ဍိစသော စာပေများကိုဖတ်ခဲ့သည်မှာ ၇၊၈တန်း တန်းကတည်းက ဖြစ် သည်။ ဆရာကြီး၏စာများကို လယ်တီပဏ္ဍိတဦးမောင်ကြီး၏၀တ္ထုများလောက် မစွဲငြိခဲ့။ ထိုအခါက အနုအယဉ်၊ အနွဲ့အ ပျောင်းတို့ကိုသာ တပ်မက်ခဲ့၏။ ကျွန်တော့်မှာ အိမ်တံစက်မြိတ်မှ မထွက်ခဲ့။ ပန်းပွင့်များသာ အလှဟုထင်လျက်ရှိသည်။ ငွေလရောင်သည် ကမ္ဘာကြီးဟု အောက်မေ့ခဲ့၏။

၁၉၃၆ ကျောင်းသားသပိတ်ပြီးသောအခါမူ ဆရာကြီး၏ဒေါင်းဋီကာကို ရှာဖွေရမှန်းသိလာပေပြီ။ ဘွိုင်ကောက်ဋီကာစာ အုပ်ကို ရှာဖွေရမှန်း သိလာပေပြီ။ ကျောင်းသားသပိတ်အတွေ့အကြုံသည် ကျွန်တော့်အားဆရာကြီးထံသို့ ပို့ဆောင် လိုက်လေသည်။ (စာ-၄)

ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် အမြဲတမ်းခေတ်အဆက်ဆက်တိုင်းတော်လှန်ရေးဘက်ကသာ နေသည်။ ကျွန်တော်မီသော တို့ဗမာအစည်းအရုံးနှစ်ခြမ်းကွဲခေတ်၌ ဆရာကြီးသည် တော်လှန်သော ဂိုဏ်းဘက်က ရပ်တည်ခဲ့ သည်ကို သတိရသေးသည်။

ဆရာကြီးသည် ဖောက်ပြန်သည့်ဘက်ကို ကဲ့ရဲ့ရှုတ်ချ၍တော်လှန်ရေးဘက်ကို ချီးကျူးဂုဏ်ပြုသည်။ ဤကား ဆရာကြီး ၏ အနုပညာဝါဒဖြစ်သည်။ (စာ-၇)

“ငြိမ်းချမ်းရေှးဗိသုကာ ဆရာကြီးအဖြစ်ကား မြင့်မြတ်လေသည်။ လူအများ၏ကောင်းကျိုးချမ်းသာမှုကို ရှေ့ရှုသည်။ ယေ န့ဖြစ်ပျက်နျေေသာ ပြည်တွင်းစစ်ကို ရပ်စဲစေချင်သော ဆန္ဒရှိသည်။ တစ်ဖက်နှင့်တစ်ဖက် အတိုက်အခိုက်ရပ်ကာ အမျိုး သားအချင်းချင်း စည်းလုံးစွာရှိကြဖို့စေတနာမှာ ပြင်းပြသည်။

“ဆရာ့သဘောကတော့ အားလုံးညီညီညွတ်ညွတ်ဖြစ်တာ မြင်ချင်တာပါပဲကွာ။ တစ်ယောက်နဲ့တစ်ယောက် သည်းညည်း ခံပြီး စေ့စပ်ရင်တော့ အောင်မြင်မှာပဲလို့ ဆရာယုံကြည်နေတာပဲ” ဟုဆရာကြီးသည် မနှစ်တစ်နှစ်ကတည်းက ပြောနေခဲ့၏။

“ဆရာကြီး၏စေတနာကို ကျွန်တော်တို့က အကြွင်းမဲ့လည်း ယုံကြည်လေးစားကြသည်။ ထို့ကြောင့်လည်း ၁၉၅၂ခု မေလ က ကျင်းပခဲ့သော နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးညီလာခံကြီး၌ နိုင်ငံလုံးဆိုင်ရာ ကော်မတီကို ရွေူးသောအခါ ဥက္ကဌအဖြစ် ဆရာကြီးကို တင်မြှောက်ရန် မရရအောင် တိုက်တွန်းကြိုးပမ်းခဲ့ကြ၏။ အသက်အရွယ်ကြီးပြီး ဘာပြီ စသည်ဖြင့် တချို့က စဉ်းစားကြရာ၌ “ဒီနေရာဟာ ဆရာကြီးနဲ့ အသင့်လျော်ဆုံးပဲ။ ဘယ်ပါတီသံယောဇဉ်မှလည်း မရှိ။ တစ်ပြည်လုံးက ကြည် ညိုတဲ့ ပုဂ္ဂိုလ်၊ စေတနာကလည်း အင်မတန်မှ ဖြူစင်တယ်”ဟု ဆရာကြီးကိုပင် အားလုံး၏သဘောတူညီချက်ဖြင့် ဥက္ကဌကြီး အဖြစ် တင်မြှောက်ခဲ့ကြလေသည်။”(စာ-၂၂) သခင်ကိုယ်တော်မှိုင်း သို့မဟုတ် ငြိမ်းချမ်းရေးဗိသုကာဆောင်းပါးမှ

နောက်ထပ်တစ်ဦးအကြောင်း ကောက်နှုတ်ပြရရင်တော့ အမိမြန်မာပြည်ကိုချစ်သော မြန်မာ့ရေမြေတောတောင်သဘာဝကို တန်ဖိုးထားသော်လည်းစစ်အစိုးရများရဲ့ဖိနှိပ်မှုများကြောင့် အမိမြေနဲ့ခွဲကာ နိုင်ငံရပ်ခြားမှာ ခေါင်းချသွားခဲ့ရတဲ့ မြန်မာစာဆို ကြီး ကဗျာဆရာတင်မိုးအကြောင်းကို သူငယ်ချင်းဖြစ်သူ ဆရာမောင်စွမ်းရည်က ခြယ်မှုန်းထားတဲ့ဆောင်းပါးဖြစ်ပါတယ်။

“ကျွန်တော်တို့သူငယ်ချင်း ကဗျာဆရာတင်မိုးဟာ မတရားမှုကို ရင်ဆိုင်ရာမှာ ရဲရင့်သူဖြစ်ပေမယ့် ပင်ကိုယ်အားဖြင့်တော့ အလွန်သိမ်မွေ့သူကြောက်ရွံ့တတ်သူဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့လို တောသားမြို့ရောက်တွေရဲ့အမူအ ကျင့်ဖြစ် ပါတယ်။” (စာ-၅၅၁) ကဗျာဆရာနဲ့ထောင် ဆောင်းပါးမှ

စာဆိုကိုထောင်ထဲပို့တော့ ထောင်အကြောင်းတွေ စာဆိုဖြစ်တဲ့အထိ ကဗျာဆရာတင်မိုးကလည်း စစ်အစိုးရတွေ ကြောက်လောက်အောင် စွမ်းခဲ့ပါတယ်။

စာဆိုကြီး တင်မိုးရဲ့ အင်းစိန်ထောင်ဘူးဝ ကဗျာကို ဖတ်ကြည့်စေချင်ပါတယ်။

ဗမာပြည်သား
အာဇာနည်များ
ဝင်သွားခဲ့ရာ ကြိုးစင်မှာ ။

အုန်းကျော်မြင့်၊ တင်မောင်ဦး
သွေးလူးကြိုးစ၊ မမေ့ကြဘူး
စစ်ဓားပြတို့ မင်းမူရာ။

အာဇာနည်သွေး၊ မွေးဖွားပေးရာ
ကျောက်စာထွင်းသည့်
အင်းစိန်အကျဉ်းထောင်ဂေဟာ ။ ။

ကဗျာဆရာတင်မိုးဆိုတာ စစ်အစိုးရတွေအဆက်ဆက် ကြောက်လည်း ကြောက်လောက်အောင် ကဗျာလက်နက်နဲ့တိုက်ပွဲ ၀င်ခဲ့တဲ့စာဆိုတဦးဖြစ်ခဲ့ပါတယ်။ တိုင်းပြည်အတွက်ဆို ဆေးရုံလိုမျိုးနေရာနဲ့ အကျဉ်းထောင်လိုမျိုးနေရာ ဘယ်နေရာပို ပျော်သလဲဆိုရင် လူတိုင်းရွေူးမယ့်ဆေးရုံလိုမျိုး မရွေးဘဲ လွတ်လပ်မှုကို ခုံမင်ပြီး အကျဉ်းထောင်မှာ ပိုပျော်တယ်ဆိုတဲ့ စိတ် ဓာတ်ပိုင်ရှင်ဖြစ်ပါတယ်။

အချုပ်ဆိုရရင် ဒီစာအုပ်ဟာ မြန်မာပြည်ဖွား တိုင်းပြည်ရတနာကလောင်ပိုင်ရှင်တွေ အကြောင်း မော်ကွန်းရေးထိုးသလို လည်းဖြစ် နောင်တချိန် သမိုင်းလည်းဖြစ်မယ့် ဆောင်းပါးတွေကို စုစည်းထားတာမို့ သမိုင်းစာအုပ်စင်မှာ မလွဲမသွေ တန်ဖိုး ထားလက်ဆင့်ကမ်းရမယ့်စာအုပ်လို့သာ ဆိုလိုက်ရပါတယ်။

ကွယ်လွန်သူ စာရေးဆရာ မင်းသစ်စကားနဲ့ပြောဆိုရရင် တိုင်းပြည်အတွက် လွမ်းရတဲ့သူတွေမို့ လွမ်းဖို့ ဖတ်ဖို့လိုကိုလိုအပ် တယ်လို့လည်း ညွှန်းဆိုလိုက်ရပါတယ်။
0