K ငြိမ်းချမ်း - ကိုဖီအာနန်ရဲ့ကိုဖီအာနန်


K ငြိမ်းချမ်း  - ကိုဖီအာနန်ရဲ့ကိုဖီအာနန် 
(မိုးမခစာအုပ်စင်) သြဂုတ် ၂၂၊ ၂၀၁၈

ကိုဖီအာနန် (Kofi Atta Annan ) လို့ဆိုလိုက်ရင် ကမ္ဘာ့ကုလသမဂ္ဂရဲ့သတ္တမမြောက် အထွေထွေအတွင်းရေးမှူးချုပ် (၁.၁.၁၉၉၇ မှ ၃၁.၁၂. ၂၀၀၆အထိ) အဖြစ်အပြင် ယခုဆို မြန်မာနိုင်ငံဆိုင်ရာ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော် မရှင်အဖွဲ့ ဥက္ကဌအဖြစ်ပါ တွဲမြင်ကြပါတယ်။

ကိုဖီအာနန်ဟာ ၂၀၀၁ ခုနှစ်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများကို ကူညီထောက်ပံ့ပေးမည့် ကမ္ဘာလုံးဆိုင်ရာ အေ့ဒ်စ်ရောဂါနှင့်ကျန်းမာ ရေး ရန်ပုံငွေအဖွဲ့ (Global AIDS and Health Fund) ကို စတင်တည်ထောင်ခြင်းအတွက် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ အတူ နိုဘယ်ငြိမ်းချမ်းရေးဆုကို ပူးတွဲ ရရှိခဲ့ပါတယ်။

လူမည်း အာဖရိကန်တယောက်အနေနဲ့ အထွေထွေအတွင်းရေးမှူးချုပ်လို အဆင့်မြင့်ရာထူးကို ပထမဆုံးရယူနိုင်ခဲ့တဲ့ ကိုဖီအာနန်ဟာ ၂၀၁၈၊ သြဂုတ်လ ၁၈ရက်နေ့က ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။

ကိုဖီအာနန်ဟာ ဂါနာလူမျိုးဖြစ်ပြီး ၈.၄.၁၉၃၈မှာ မွေးဖွားခဲ့သူဆိုတော့ ယခုဆိုရင် အသက် ၈၀နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။

ကုလသမဂ္ဂအဖွဲ့ကြီးမှာ နှစ်ပေါင်း ၄၀ ကျော်ကြာအောင် အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ပြီး (The World Health Organization WHO)၊(The UN Economic Commmission)/ (UN Emerency Force) တို့အပြင် အထွေထွေအတွင်း ရေးမှူးချုပ်တာဝန်ကို (၁၉၉၇ မှ ၂၀၀၆) ထိ ၁၀ နှစ် တာဝန်ယူခဲ့ပါတယ်။

ယခုစာအုပ်ကတော့ ကိုဖီအာနန်ကိုယ်တိုင် အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူစဉ်ကာလများမှာ သူကိုယ်တိုင်ဖြေရှင်း ဆောင်ရွက်ချက်များနဲ့ သူ့ရဲ့အမြင်များ၊ ဝန်ခံချက်များကို ၂၀၁၂ ခုနှစ်မှာ ရေးသားထားတာဖြစ်ပါတယ်။ သူကိုယ် တိုင်ဖြတ်သန်းဖြေရှင်းခဲ့ရတဲ့ ပဋိပက္ခတွေ၊ စစ်မီးလျှံတွေ၊ ငြိမ်းချမ်းရေးတွေအပေါ် သူကြုံတွေ့ရသမျှကို သူကိုယ်တိုင် ရေးသားထားခဲ့တာလည်းဖြစ်ပါတယ်။

မူရင်းစာအုပ် INTERVENTIONS, A Life in War and Peace ကို ကိုကိုလေးက ကိုဖီအာနန် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ အမည်ဖြင့် မြန်မာဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။

စာအုပ်မှာ အခန်း(၈)ခန်း ပါဝင်ပြီး ကိုဖီအာနန်ကိုယ်တိုင်လည်း စာအုပ်နဲ့ပတ်သက်ပြီး အမှာစာ ရေးသားထားပါတယ်။ အခန်း(၁) လွတ်လပ်ရေး(အာဖရိကနိုင်ငံများ၏လွတ်မြောက်ရေးအတွက် စတင်ကြိုးပမ်းခဲ့ရခြင်း)၊ အခန်း(၂) စစ်၊ ပြည် တွင်းစစ်အတွင်းမှ ငြိမ်းချမ်းရေးထိန်းသိမ်းခြင်း၏စိန်ခေါ်မှု (ဆိုမာလီ၊ ရဝမ်ဒါ၊ ဘော့စနီးယား)၊ အခန်း(၃) အာဏာရှင်များနဲ့ လူ့အခွင့်အရေး (ကိုဆိုဗို၊ အရှေ့တီမော၊ ဒါဖား)၊ အခန်း(၄) ကမ္ဘာသူကမ္ဘာသားများအတွက် ကမ္ဘာ့ကုလသမဂ္ဂတို့ ပါဝင်ပါ တယ်။

အခန်း(၅)မှာတော့ တိုက်ကြီးတစ်တိုက်၏ ကံကြမ္မာ (အာဖရိကစစ်ပွဲများနှင့် အာဖရိကငြိမ်းချမ်းရေး ဆောင်ရွက်ချက်များ)၊ အခန်း(၆) လူ့အခွင့်အရေးကို ထိန်းသိမ်းခြင်းနှင့် ဆင်းရဲမွဲတေမှုပပျောက်ရေးအတွက် ကြိုးပမ်းချက်များ၊ အခန်း(၇) ကမ္ဘာ ကြီး၏ အပြင်နယ်နိမိတ်(အရှေ့အလယ်ပိုင်းမှ ငြိမ်းချမ်းရေးလုပ်ငန်း)၊ အခန်း(၈) ၉/၁၁ အကြမ်းဖက်စစ်ပွဲ (အာဖဂန်၊ အီ ရတ်နှင့် ချောက်ကမ်းပါးစွန်းက ကုလသမဂ္ဂ) တို့ ပါဝင်ပါတယ်။

ကုလသမဂ္ဂမှာ ၎င်းတာဝန်ယူဖြေရှင်းဆောင်ရွက်ချက်များနဲ့ ပတ်သက်ပြီး အကျပ်အတည်း၊ အခက်အခဲများ၊ အောင်မြင်မှု များ၊ မဆောင်ရွက်နိုင်ပုံများကိုလည်း မခြွင်းမချန်ရေးသားထားပါတယ်။

အမှာစာမှာလည်း “ကုလသမဂ္ဂအနေဖြင့် အစဉ်တစိုက်ကြိုးပမ်းခဲ့သော်လည်း ရှေ့ဆက်ပြီး မြောက်မြားစွာ ကြိုးစားဖို့ ကျန် ရှိနေဆဲဖြစ်သည်။ ကမ္ဘာဖျက်လက်နက်ကြီးများ ဖျက် သိမ်းကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့သည်မှာ နှစ်ပေါင်း ၇၀ မျှ ရှိခဲ့သော် လည်း တိုးတက်မှုမရှိသေးပေ” လို့ ရေးထားပါတယ်။

စာအုပ်ရေးသားရခြင်း ရည်ရွယ်ချက်အနေနဲ့ “ကျနော်၏စာအုပ်ကို ဖတ်ရှုခြင်းဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသည် ကမ္ဘာ့ ငြိမ်းချမ်းရေးထာဝရတည်မြဲရေးအတွက် ဒုက္ခအခက်အခဲတွေကို ဘယ်လောက်အတိုင်းအတာထိ ရင်ဆိုင်ကြုံတွေ့ဖြတ် သန်းခဲ့ရသည်ကို သိလာရသောအခါ ကုလသမဂ္ဂအဖွဲ့ကြီးအပေါ် နားလည်သဘောပေါက်လာပြီး ကမ္ဘာသူကမ္ဘာသားတိုင်း ကမ္ဘာ့ငြိမ်းချမ်းရေးကို တန်ဖိုးထားလာဖို့ ရည်ရွယ်ပါသည်”လို့ ရေးသားထားပါတယ်။

၁၉၉၇ ခုနှစ် ကိုဖီအာနန် အတွင်းရေးမှူးချုပ် တာဝန်ယူစဉ်ကာလ နိုက်ဂျီးရီးယားစစ်ဗိုလ်ချုပ်ကြီး ဆနီအဘာဂျာကို ပြောခဲ့ တဲ့စကားကို စာအုပ်မှာထည့်သွင်းရေးသားထားကို ခုလိုဖတ်ရှုရပါတယ်။

ခင်ဗျား တိုင်းပြည်နဲ့လူမျိုးကို တကယ်ချစ်ရင် ပြည်သူ့အာဏာကို ပြည်သူ့လက်ကို ပြန်ပေးလိုက်ပါ။ တကယ်တော်တဲ့ တတ်တဲ့သူတွေ သူတို့စွမ်းအားရှိသလောက် ကြိုးစားကြရင် ခင်ဗျားတို့တိုင်းပြည် မကြာခင် ကြွယ်ဝချမ်းသာလာမှာ ဖြစ်ပါ တယ်။ ခင်ဗျားက စစ်သားပဲ၊ စစ်သားအလုပ်ပဲ လုပ်တာကောင်းပါတယ်။”

ကိုဖီအာနန်က ဒီလိုပြောလိုက်တော့ အာဏာရှင်ကြီး ဆနီအဘာဂျာကလည်း “ပြည်သူ့ဒီမိုကရေစီ ပြန်လည်ရှင်သန်အောင် ကြိုးစားပေးပါမည်”လို့ ပြန်ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း ကိုဖီအာနန်က အဆိုပါစစ်ဗိုလ်ချုပ်ကြီးရဲ့စကားနဲ့ပတ်သက်ပြီး မှတ်ချက်တခုကို စာအုပ်မှာ ထည့်သွင်းရေး သားထားပါတယ်။

“သို့သော် စစ်အာဏာရှင်တို့၏ ကတိစကား တည်မြဲရိုး ထုံးစံမရှိပါ။ ထိုသည်မှာ ဘယ်အာဏာရှင်ရဲ့အကျင့်စရိုက်ဟု သတ် မှတ်၍မရပါ။ အာဏာမက်၍ အာဏာသိမ်းတဲ့ စစ်အစိုးရတိုင်းရဲ့စရိုက်သာဖြစ်သည်။” တနိုင်ငံ၊ တဦးတယောက်အတွက် ရေးသားထားခြင်းလို့ မယူဆမိတာကတော့ အမှန်ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးလည်း “ပါကစ္စတန်နှင့် မြန်မာနိုင်ငံတို့လို ဗြိတိသျှတွေ စနစ်တကျ လမ်းညွှန်ပြသွားတဲ့ လမ်းပေါ် မလျှောက်ဘဲ စစ်အာဏာရှင်စနစ်အောက်မှာ လမ်းလျှောက်ရင်း လမ်းပျောက်ခဲ့ရသောနိုင်ငံတွေ ပြန်လည် ထူထောင်လို့မရ တော့ဘဲ ရေစုန်မျောခဲ့တာလည်း တွေ့နေရပါသည်”လို့ ရေးသားထားတာကို ဖတ်ရှုရပါတယ်။

အချုပ်ဆိုရရင် ယခုစာအုပ်ဟာ ကိုဖီအာနန် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးမှာ အတွင်းရေးမှူးချုပ်အဖြစ် ကမ္ဘာ့ငြိမ်းချမ်းရေး ကိစ္စများ၊ စစ်မီးများ၊ လူ့အခွင့်အရေးဆိုင်ရာဖြစ်ရပ်တွေကို ကိုင်တွယ်ဖြေရှင်းကြားဝင်ဆောင်ရွက်ခဲ့ပုံများကို ပြည့်ပြည့်စုံစုံ မှတ်တမ်း ရေးထိုးထားခြင်းဖြစ်ပါတယ်။

ဘာသာပြန်ဆိုသူ ကိုကိုလေးက စာအုပ်ကိုပြန်ဆိုရခြင်း အမှာစကားမှာတော့ “လူအများစုသည် ကမ္ဘာကြီးကို ဖျက်ဆီးမည့် လူသားမျိုးနွယ်စုကို ဒုက္ခပေးမည့် စစ်ဝါဒီများသာဖြစ်သည်။ လူ့ဘဝသက်တမ်းတစ်ခုလုံးကို စစ်ပွဲများ ရပ်ဆိုင်းဖို့ ကမ္ဘာ့လူ သားများဆင်းရဲခြင်း၊ ငတ်မွတ်ခြင်း ဘေးဒုက္ခမှ လွတ်ကင်းဖို့ အတူနေမျိုးနွယ်စုအတွင်း ဘာသာရေးအယူအဆ မတူညီမှုကို အကြောင်းခံပြီး လူမျိုးတုန်းသတ်ဖြတ်သုတ်သင်မှုများကို ဖြေရှင်းပေးနိုင်သော၊ ကိုဖီအာနန်တို့လို ပုဂ္ဂိုလ်မျိုးကိုသာ ကမ္ဘာ့လူ သားများက အလိုရှိကြလေသည်”လို့ ရေးထားပါတယ်။

စာရေးသူ- Kofi Atta Annan
ဘာသာပြန်- ကိုကိုလေး
စာအုပ်အမည်- INTERVENTIONS, A Life in War and Peace
ကိုဖီအာနန် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ
အမျိုးအစား- အတ္ထုပ္ပတ္တိ
ထုတ်ဝေသည့်တိုက်- ယဉ်မျိုး
ထုတ်ဝေသည့် ကာလ- ၂၀၁၇၊ မေလ
တန်ဖိုး- ၃၅၀၀ ကျပ်

Comments