K ငြိမ်းချမ်း ● တို့ခေတ်ရောက်မှ ညံ့ကြတော့မှာလား

 K ငြိမ်းချမ်း ● တို့ခေတ်ရောက်မှ ညံ့ကြတော့မှာလား
(မိုးမခ) သြဂတ်စ် ၆၊ ၂ဝ၁၈

မကြာသေမီလ နှစ်လ (ဇွန်၊ ဇူလိုင်) က နာမည်ရ မဂ္ဂဇင်းတစောင်၊ ရောင်းအားမြင့်သေးတဲ့ သတင်းစာတစောင် ရပ်သွားပြီဆို တဲ့ ဝမ်းနည်းစရာသတင်းတွေ ဆက်တိုက်ကြားလိုက်ရပါတော့တယ်။ မဂ္ဂဇင်းတွေစာစောင်တွေ သတင်းစာတွေရပ်သွားတာ ဟာ စာပေလောကမီဒီယာလောကအတွက်တော့ ဝမ်းနည်းစရာ အဆိုးဆုံးသတင်းပဲဖြစ်ပါတယ်။

အခုမှ မဂ္ဂဇင်းတွေစာစောင်တွေ ရပ်တန့်တာလားဆိုတော့ မဟုတ်ပါဘူး။ စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ကာလတွေမှာလည်း ရပ် ဆိုင်းခဲ့တာကြားခဲ့မြင်ခဲ့ရပါတယ်။ ပွင့်ပွင့်လင်းလင်း ဆက်ပြောရရင် အခုလောက်ရပ်သွားတာ မစိပ်ပါတူး။

အဲဒီအချိန် အဲဒီကာလက ရပ်ဆိုင်းတယ်ဆိုတာကလည်း အရှုံးပေါ် ငွေကြေးအခက်အခဲထက် သူတို့စစ်မူဝါဒတွေနဲ့ မကိုက် ညီလို့ ပြည်သူတွေ မဖတ်စေတဲ့စီမံချက်မျိုးနဲ့ အမျိုးမျိုးပိတ်ပင်တားဆီးခဲ့ကြတာဖြစ်ပါတယ်။ သူတို့အာဏာရှင်ကြီးကိုထိ ခိုက်မယ့်စာမူတွေ အရေးအသားတွေကြောင့် နိုင်ငံရေးအရောင်ရှိတယ်ဆိုကာ စာမူကိုဖြတ်တောက်၊ စာအုပ်ကိုဖြတ် တောက် အဲလိုမှ မရသေးရင် အယ်ဒီတာတွေကလောင်ရှင်တွေကိုစောင့်ကြည့်ထောင်ချပစ်တဲ့အထိ လုပ်ခဲ့ကြပါတယ်။

ထောင်ချခံရ၊ သတိပေးခံရတဲ့ အယ်ဒီတာတွေ ကလောင်ရှင်တွေကလည်း မှတ်ပြီလားဆိုတော့ လွတ်လာရင်လည်း ဘယ် လောက်ဆိုးဝါးတဲ့ဒဏ်ရာတွေပဲရရ အပြုံး မပျက် စာတွေပြန်ရေးကြ၊ ထုတ်ကြစမြဲပါ။

အဲတော့ဘာဖြစ်သလဲဆိုတော့ စစ်ဝါဒီတွေဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်ကြီး ပြည်သူသဘောတူတူမတူတူ ရေး ဆွဲ အတည်ပြု ရွေးကောက်ပွဲတွေ ကျင်းပပေးခဲ့ရာက အများသိတဲ့အတိုင်း ၂ဝ၁၅ မှာတော့ အမျိုးသားးဒီမိုကရေစီ အဖွဲ့ချုပ်က မဲအပြတ်သတ်နဲ့နိုင်၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာ၊ ပြည်ထဲရေး အစရှိတဲ့ဌာန ၃ ခုမပါတဲ့ အစိုးရဖွဲ့ခဲ့ပါတယ်။

လိုရင်းပြောရရင် ဒီမိုကရေစီအင်အားစုတွေနဲ့ဖွဲ့ထားတဲ့ အစိုးရလည်းဖြစ်ပြန်၊ စာပေနယ်နဲ့တိုက်ရိုက်အကျုံးဝင်တဲ့ ပြန်ကြား ရေးဝင်ကြီးဌာနကိုလည်း စာပေနယ်က ဆရာဝန်စာရေးဆရာတဦးကကိုင်တွယ်တော့ စာပေလောကအတွက်တော့ အထူး မျှော်လင့်ခဲ့ကြပါတယ်။

နှစ်ပေါင်း ၅ဝ နီးပါး စစ်အစိုးရကာလများမှာ ဟိုအကြောင်းမရေးရ ဒီအကြောင်းပြောရင် ဖမ်းမယ်ထောင်ချမယ် အမျိုးမျိုး စာ ပေကို သင်းကွပ်ခဲ့ကြတာ စာအုပ်ကောင်းကောင်းမဖတ်ရ၊ အနုပညာရှင်တွေလည်း လွတ်လွတ်လပ်လပ်မဖန်တီးရ၊ မ ထုတ်ဝေရနဲ့ နေခဲ့ရတဲ့ပြည်သူတွေလေ။ စစ်ဗိုလ်ချုပ်တွေ အဆက်ဆက် ပြန်/ဝန်လုပ်ခဲ့ရာကနေ အရပ်သားလည်းဖြစ် စာ ရေးဆရာလည်းဖြစ် ပညာရှင်တယောက်လည်းဖြစ်ဆိုတော့ မမျှော်လင့်ဘဲ ဘယ်ရှိပါ့မလဲ။

အဲဒီလို မျှော်လင့်ချက်ထားခဲ့ကြတဲ့ အခြေအနေလေး ဘယ်လိုရှိလဲဆိုတာ တချက်ပြန်သွားကြည့်ကြရအောင်။ စာအုပ်ဈေး ရောင်းပွဲတော်တွေ စာပေညီလာခံတွေ ကလေးစာပေပွဲတော်တွေ ရုံးပိတ်ရက်စာအုပ်ဈေးတန်းတွေကို မီဒီယာစာနယ်ဇင်း တွေမှာ ဝမ်းသာစရာသတင်းတွေအဖြစ် ခဏတာ မြင်ခဲ့ကြားခဲ့ရပါတော့တယ်။

နောက်ဆက်တွဲ အဆိုပါ လှုပ်ရှားမှုတွေဟာ မည်ရွေ့မည်မျှ အောင်မြင်ပေါက်ရောက် သန္ဓေတည်မလဲဆိုတာတော့ ယနေ့ စာပေလောကက အရေအတွက် အရည်အချင်းတွေနဲ့ကြည့် ဆုံးဖြတ်ရမယ်ဆိုရင်တော့ အနုတ်လက္ခဏာဆောင်နေတာ တွေ့ရပါတယ်။

ရသစာပေကိုအဓိကစောင်းပေးတဲ့ စာပေမဂ္ဂဇင်းတွေ သတင်းအချက်အလက်မှန်ကန်ပြီး ပြည်သူကို မျက်စိဖွင့်နားဖွင့်တဲ့ သ တင်းစာစာစောင်တွေ သိသိသာသာ ရပ်တန့်ပိတ်သွားရတာတော့ ပကတိ မြေပြင်အနေထားပဲဖြစ်ပါတယ်။

လစဉ်ထုတ်ဝေနေတဲ့မဂ္ဂဇင်းတွေလည်း တလခြား နှစ်လခြား ထုတ်ဝေ။ နေ့စဉ်ကနေ အပတ်စဉ်၊ အပတ်စဉ်ကနေ တလ နှစ်ကြိမ်သာ ထုတ်ဝေနိုင် နောက်ပိုင်းလုံးလုံး ရပ်ပစ်လိုက်ရတဲ့ စာစောင်၊ သတင်းစာတွေဟာ တနေ့တခြား ပိုများလို့လာ ပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်က စာပေစိစစ်ရေးကိုဖြတ်သိမ်းပြီး ထုတ်-တင် ကနေ တင်-ထုတ်လုပ် စာမူအပိုင်းမှာ အကန့် အသတ်လျော့သွားတာကလွဲရင် ယခုအနေအထားကလည်း စာပေလောကကို ကြိုးရှည်ရှည်နဲ့ဆွဲထားတဲ့ အခြေအနေမှာပဲ ရှိနေတယ်လို့ယူဆရပါတယ်။

လစဉ်ထုတ် စာပေမဂ္ဂဇင်းတွေ အပတ်စဉ်ထုတ် နေ့စဉ်ထုတ် စာစောင် သတင်းစာတွေဟာ ရပ်တည်ရှင်သန်လှုပ်ရှားဖို့ အတော်အားစိုက်ရုန်းနေရတဲ့ အခြေအနေတခုမှာ စာပေစာနယ်ဇင်းလောက ဖွံ့ဖြိုးတိုးတက်တယ်ဆိုရင်တော့ ဒါဟာ အရင် စစ်အစိုးရတလျှောက်လုံး ဖုံးဖိ လိမ်ညာထုတ်ပြန်ချက်တွေပဲဖြစ်ပါလိမ့်မယ်။

ပြီးခဲ့တဲ့ဇွန်လ ၁၂ ရက်ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၉ မှာ သတင်းစာ၊ ဂျာနယ်နှင့် မဂ္ဂဇင်းများ လစဉ်တိုးမြှင့် ထုတ် ဝေဖြန့်ချိလျက်ရှိဆိုတဲ့ခေါင်းစဉ်အောက်မှာ သတင်းအေဂျင်စီလုပ်ငန်း ၁၁ ခု၊ ပုံနှိပ်ခြင်းလုပ်ငန်း ၃၃ ခု၊ သတင်းစာ ၂ စောင်၊ ဂျာနယ် ၁၅ စောင်၊ မဂ္ဂဇင်း ၁၇ စောင် အထွေထွေထုတ်ဝေခွင့် ၆၆ ခုအစရှိတာတွေကို စာရင်းဇယားပြုလုပ်ဖော်ပြထားသော် ငြား အများစုက သိတောင်မသိတဲ့ နာမည်တွေဖြစ်နေပါတယ်။

ထုတ်ဝေခွင့်ချထားပေးရုံနဲ့ မင်းတို့ဘာသာ မင်းတို့ အိမ်ရောင်းထုတ်ထုတ် ခြံပေါင်နှံထုတ်ထုတ် ပစ်ထားမယ်ဆိုရင်လည်း ကိန်းဂဏာန်းအရသာများနေပေမယ့် စာဖတ်သူတိုးလာတဲ့အပြင် စစ်အစိုးရကာလထက်ကို အခြေအနေပိုဆိုးလာနိုင်ပါ တယ်။ ပိုဆိုး မဆိုးကတော့ ဝန်ကြီးကိုယ်တိုင် ဦးစီးထုတ်ဝေခဲ့တဲ့ အပတ်စဉ်ထုတ်ဂျာနယ်ကတော့ လုံးဝ နိတ္ထိတံသွားတာ သက်သေပါပဲ။

အသက်ရှူအနည်းငယ်ချောင်တယ်ထင်ရတဲ့ လုံးချင်းစာအုပ်လောကကို တီးခေါက်ကြည့်မိပြန်တော့လည်း အရောင်းရဆုံး စာရေးဆရာတယောက်ရဲ့စာအုပ်ဟာ အုပ်ရေ ၁ဝဝဝ ကျော်သာကုန်ပါတယ်တဲ့။ သန်း ၅ဝ နီးပါးရှိတဲ့ မြန်မာပြည်လူဦးရေနဲ့ နှိုင်းစာရင် လူရယ်စရာ ပမာဏပဲရှိနေပါသေးတယ်။

စာရေးဆရာတယောက်ရဲ့ရပ်တည်မှု ကြည့်ပြန်တော့လည်း ထုတ်ဝေသူနဲ့ဖြန်ချိထုတ်ဝေတဲ့စာအုပ်ရဲ့ တန်ဖိုးပမာဏကို တည်ပြီး ၁ဝ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်းဆိုတော့ ၃ ကြိမ်လောက် ပြန်လည်ရိုက်နှိပ်ထုတ်ဝေနိုင်မှ ၄၊ ၅ သိန်းရမှာဖြစ်ပါတယ်။ အဲတော့ ဆူလူနပ်လွယ်တဲ့ စာအုပ်ဈေးကွက်မျိုးကကြီးစိုးပြီး ပြည်သူအကျိုးမရှိဘဲ စာပေအဆင့်အတန်း ပိုလို့နိမ့်ပါးသွား မှာဖြစ်ပါတယ်။

ယနေ့ တိုးတက်လာတဲ့ နည်းပညာတွေ ဖုန်းတွေကြောင့် စာဖတ်သူနည်းပါးသွားပြီး မြန်မာစာလောက ဈေးကွက် ပျောက် သွားတယ်လို့ ရုတ်တရက် အဖြေထုတ်ကောင်း ထုတ်ရနိုင်ပေမယ့် ဒါဟာလည်း တိကျသေချာတဲ့ တခုတည်းသော အဖြေ မဟုတ်ပါဘူး။

စာရေးသူတော့ တိုင်းပြည်ဆင်းရဲလို့ နည်းပညာတွေကြောင့် ဖုန်းပွတ်သူတွေများလားလို့ စက္ကူဈေးကြီးလာလို့ အစရှိတဲ့ အကြောင်းပြချက်တွေဟာလည်း စာပေလောကဖြစ်ပျက်နေရတာတွေနဲ့တိုက်ရိုက်အကျူံးဝင်တယ်လို့ မထင်မိပါဘူး။

လွန်ခဲ့တဲ့တဲ့၂နှစ်လောက်က တောင်ကိုရီးယား ကဗျာဆရာ၊ စာရေးဆရာ ထုတ်ဝေသူတဦး အလယ်လာခိုက် သွားရောက် တွေ့ဆုံဖြစ်ပါတယ်။ သူက လက်ရှိလည်း ကဗျာမဂ္ဂဇင်းတစောင်ကိုထုတ်ဝေနေသူ ကဗျာဆရာ၊ စာရေးဆရာတဦးလည်း ဖြစ်တော့ ကိုယ်သိလိုရာများကို စကားပြန်ကတဆင့်မေးမြန်းဖို့ သူနဲ့တွေ့ခဲ့ပါတယ်။

တွေ့တော့ ထုံးစံအတိုင်း ဒီက စာရေးဆရာ၊ စာပေမဂ္ဂဇင်းတွေရဲ့စာမူခနဲ့ရပ်တည်ဖို့ အခက်အခဲတွေကိုပြောပြပြီး သူတို့ဆီ မှာရော ဘယ်ကဲ့သို့ဖြေရှင်း အစိုးရပိုင်းကရော မည်သို့ဆောင်ရွက်ပေးနေကြသလဲဆိုတာအဓိက မေးမြန်းဖြစ်ပါတယ်။
စာအုပ်ထုတ်ဝေရေးနဲ့ပတ်သက်ပြီး သူထုတ်ဝေနေတဲ့ စာပေမဂ္ဂဇင်းက အုပ်ရေတထောင်ရိုက်နှိပ်ဖြန့်ချိကြောင်း၊ ပရင့်  အနေ နဲ့ စာအုပ်ကုန်အောင်တော့ မနည်းကြိုးစားရကြောင်း၊ ဒါပေမယ့် နည်းပညာအရွေ့ကိုလည်းပြင်ဆင်ထားပုံရလို့ သူတို့ မဂ္ဂဇင်းကို အွန်လိုင်းမှာလည်း တင်ထားပြီး ဝင်ရောက်ကြည့်ရှု ၊ ဒေါင်းလုပ်ဆွဲပါက ပိုက်ဆံပေးရကြောင်း၊ ဒါကြောင့် ပရင့် တက် အရှုံးပေါ်ပါက အွန်လိုင်းက ပြန်ဝင်ကြောင်း ဒါကြောင့် ပုံမှန် လစဉ်စာပေမဂ္ဂဇင်းထုတ်ဝေနိုင်ကြောင်း ရှင်းပြပါတယ်။

စာရေးဆရာကဗျာဆရာများအနေနဲ့လည်း စာရေးသားခြင်းကလွဲပြီး တခြားအသက်မွေးဝမ်းကြောင်းအတွက် အလုပ်သိပ် မလုပ်ကြဘဲ အင်မတန်မှပြည့်စုံချမ်းသာလိုသူမှ ထပ်အလုပ်လုပ်ကြောင်း ရပ်တည်ဖို့ခက်ခဲနေတဲ့ စာရေးဆရာကဗျာဆရာ တချို့ကိုလည်း အစိုးရကသော်လည်းကောင်း၊ စာပေအဖွဲ့အစည်းများ၊ စာပေချစ်သူအဖွဲ့အစည်းများကသော်လည်းကောင်း ငွေကြေးအတွက် ထောက်ပံ့ကူညီကြောင်း ပြောပြပါတယ်။

အဆိုပါပုဂ္ဂိုလ်နဲ့တွေ့ဆုံမှုဟာ အချိန်နည်းတာကတကြောင်း၊ ဘာသာပြန်ကတဆင့်ပြောရတာကတကြောင်း၊ အများကြီး မမေးမြန်း မဆွေးနွေးလိုက်ရပေမယ့် သိလိုတာလေးတွေသိခွင့်ရလိုက်ပါတယ်။

သူတို့လို လိုက်လုပ်ဖို့မဟုတ်တောင် သူတို့စာပေဖွံ့ဖြိုးတိုးတက်ရပ်တည်နိုင်ကြဖို့ ဆောင်ရွက်အဖြေရှာသလို ကျနော်တို့ဆီ မှာလည်း တဦးကောင်းမဟုတ်ဘဲ စာရေးဆရာ၊ အယ်ဒီတာ၊ ထုတ်ဝေဖြန့်ချိသူ၊ ဈေးကွက်၊ စာဖတ်သူနောက် လိုအပ်ရင် အစိုးရကပါ ပူးပေါင်းပါဝင်ကာ စဉ်းစားအဖြေရှာကြရမှာဖြစ်ကြောင်း သို့မှသာ စာပေလောကဟာ ဆရာကြီးသိန်းဖေမြင့် စာ အုပ်အမည်လို တို့ခေတ်ကိုရောက်ရမည်မလွဲပါဖြစ်ပြီး ယခုအခြေအနေတိုင်းဆက်သွားနေပါက ကောက်ရိုးမီးလို ဟုန်း ခနဲ လောင်တုန်းခဏသာဖြစ်ပြီး တို့ခေတ်ရောက်မှ ညံ့ကြတော့မှာလားဆိုတဲ့ နောင်မျိုးဆက်ရဲ့ မေးခွန်းထုတ်ခြင်းခံရမှာ ဖြစ် တယ်လို့ ဖြည့်စွက်ဆွေးနွေးလိုက်ရပါတော့တယ်။

Comments