သစ်ကောင်းအိမ် ● မော်တော်ကားတစင်းနဲ့ စကားစမြည်

သစ်ကောင်းအိမ် ● မော်တော်ကားတစင်းနဲ့ စကားစမြည်
(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၈

ဟိုတလောလေးကမှ အောက်တွင်ဖော်ပြထားသော ကဗျာနှစ်ပုဒ်ထဲမှ (ခေါင်းစဉ်ခွဲတပ်ထားသည့် ကဗျာနှစ်ပိုဒ်လည်း ဖြစ် နိုင်ပါသည်...) တပုဒ်အား ပေးထားသည့်ခေါင်းစဉ်အားပြောင်းကာ စိတ်ထဲတွေ့ရာ (ဇူလိုင် ၃၀) ဟူသော ခေါင်းစဉ်ဖြင့် တင်လိုက်မိလေသည်။ ကျနော့်စိတ်ထဲတွင် ဘယ်လိုမှ ဘဝင်မကျ..။ ကဗျာနှစ်ပိုဒ်လည်း ဖြစ်နိုင်သည့် ထိုကဗျာနှစ်ပုဒ်သည် ကျနော်အတွက် အဆုံးအစမဲ့ကာ အစပြုရခက် အဆုံးသတ်ရခက် ဖြစ်နေပါသည်။

လက်ရှိကျနော် အသက်မွေး ဝမ်းကျောင်းကာ နေထိုင်ကျင်လည်နေသည့် အင်ဒီယားနား ပြည်နယ်၏ ခုဘက်ပိုင်းနှစ်များတွင် ဟောတရုံ ဟောတရုံဖြင့် တရုံပြီးတရုံ တိုးတက်ဖွင့်လှစ်လာနေသော စက်ရုံများသည်လည်း မော်တော်ကားပစ္စည်း ထုတ် လုပ်သည့် စက်ရုံတွေချည်းဖြစ်ပြီး ကိုယ့်အရည်အချင်းနှင့် ကိုက်ညီစွာ သက်မွေးဝမ်းကျောင်းမှု ပြုနိုင်သည်ကလည်း စက်ရုံ အလုပ်ရုံ အလုပ်သမားအဆင့်သာ ဖြစ်ပါသည်။ လက်ရှိလုပ်ကိုင်နေသော အလုပ်ဟောင်းမှ နောက်အလုပ်သစ်သို့ ပြောင်း ရွေ့မည်ဆိုလျှင်လည်း ဒီမှာဘက် မော်တော်ကား စက်ရုံတံခါးပေါက်မှ ထွက်ကာ ဟိုမှာဘက် ဖွင့်ထားသည့် မော်တော်ကား စက်ရုံတခု၏ တံခါးပေါက်မှ ဝင်သွားရုံသာဖြစ်လေရာ ထိုကဗျာနှစ်ပုဒ်အား အဆုံးသတ်မရသည့်သဘောကို ကျနော် ရိပ်စား နားလည်သလို ရှိလာပါသည်။ မော်တော်ကားစက်ရုံများ၏ သံသရာတွင် ဘယ်၍ဘယ်မျှ ကျင်လည်ကျက်စားရမည် မသိ တတ်နိုင်လေရာ နောက်ထပ်လုပ်ငန်းခွင်ထဲမှ ကဗျာပိုဒ်တွေလည်း ဘယ်၍ဘယ်မျှ ရရှိလာဦးမည်ကိုလည်း မသိရှိနိုင်ပါ။ ထို့ ကြောင့်ပင် ယင်းကဗျာနှစ်ပုဒ်အား ရေးလက်စ ရောက်သည့်နေရာကပင် တင်လိုက်ရခြင်းဖြစ်ပြီး ပထမတပုဒ်၏ ခေါင်းစဉ်အား အံဝံခွင်ကျရှိနှင့်ပြီးသား ရုရှစာရေးဆရာကြီး အီလျာအာရင်ဘတ်၏ဝတ္တုကို ဆရာမြသန်းတင့်ဘာသာပြန်ဆိုထားသည့် "မော်တော်ကားတစင်း၏ အထ္ထုပတ္တိ" ဟူသော အမည်ကို ကျော်လွန်စဉ်းစားရန် ဉာဏ်မမီသဖြင့် မူရင်းအတိုင်းသာ တုပ ကူးချလိုက်ပါသည်။ )

မော်တော်ကားတစင်း၏ အထ္ထုပတ္တိ…

အဲဒါ …
ဝှိုက်ဘာတွေ မဟုတ်ဘူး..
စင်္ကြန်မလျှောက်ခင်မျက်ခုံးတွေဆီက
ရိတ်ယူထားတဲ့
မျက်ခုံးမွှေးတွေ…..

အဲဒါ..
လေကာမှန်တွေ မဟုတ်ဘူး….
မှန်စက်ရုံလုပ်သားတွေဆီက
ခြေမနဲ့ကော်ထုတ်လာတဲ့
မျက်ကြည်လွှာတွေ…

ပန့်ထဲကပန်းထွက်လာတာ
ဓာတ်ဆီတွေမဟုတ်ဘူး..
ရေနံတွင်းတူးသမားတွေရဲ့
သုညဒီဂရီအောက်က
ဇောချွေးပြန်နေတဲ့ဆောင်းရာသီတွေ..

ဖင်ခုထိုင်နေတာ
သားရေထိုင်ခုံတွေမဟုတ်ဘူး…
အလုပ်ကြပ်တွေရဲ့
ကြာပွတ်တချောင်းလို
အမိန့်အာဏာတွေအောက်က
အရှိုးရာအထပ်ထပ်နဲ့ လူ့အရေပြားတွေ…

လမ်ပေါ်မှာပြေးလွှားနေတာ
ကားဘီးတွေမဟုတ်ဘူး…
ရော်ဘာခြံလုပ်သားတွေရဲ့ဂုတ်ကနေ
အအေးပိုက်တချောင်းနဲ့
အေးအေးလူလူစုပ်ယူသောက်သုံးလာတဲ့
သွေးဖြူတွေ…..

အဲဒီ..
ချောင်းချောက်ကြီးတဟွတ်ဟွတ်ဆိုးနေတာ
အိပ်ဇောပိုက်တွေ မဟုတ်ဘူး..
သံရည်ကြိုအလုပ်သမားတွေရဲ့
ကြပ်ခိုးစွဲနေတဲ့အဆုပ်တွေ…

အဲဒါ…
အင်ဂျင်တလုံး မဟုတ်ဘူး…..
အမောဖောက်ပြီး တဝုန်းဝုန်းထခုန်နေတဲ့
အလုပ်ကြမ်းသမားတယောက်ရဲ့
အသည်းနှလုံး…

အရောင်းပြခန်းထဲရပ်ထားတဲ့
ကားတစင်းရဲ့ကိုယ်ပေါ်ကနေ
တောက်ပဖြာထွက်နေတာ
အဲဒါ…
ဆေးရောင်တွေ မဟုတ်ဘူး…
စက်ရုံအမိုးအောက်မှာ
နေထွက်မိုးချုပ်...
တမြေ့မြေ့ပျောက်ဆုံးသွားတဲ့
ဆေးမှုတ်သမားတွေရဲ့ ပျိုရွယ်မှုတွေ....
..................................................
........................................................
......................................................

စက်ရုံတယောက်ရဲ့ ကိုယ်ရေးအကျဉ်း…

အဲဒါ အိပ်စက်ခြင်း မဟုတ်ဘူး...
မြင်းဇောင်း
အဲဒါ နာမည်မဟုတ်ဘူး...
သံပူတံဆိပ်
အဲဒါ အချစ်မဟုတ်ဘူး..
ဗစ်တိုးရီးယားရဲ့လျှို့ဝှက်ချက်
အဲဒါ ဘုရားသခင်မဟုတ်ဘူး..
ကွန်ဒုံး...
အဲဒါ မျှော်လင့်ချက် မဟုတ်ဘူး...
လက်နဲ့အာသာဖြေခြင်း
အဲဒါ သွေးသားဆာလောင်မှု မဟုတ်ဘူး...
တပ်ဆင်ခြင်းအနုပညာ
အဲဒါ ကဗျာ မဟုတ်ဘူး....
ပြီးသွားတာ
အဲဒါ ဘဝ မဟုတ်ဘူး...
အကြွေးဝယ်ကဒ်
အဲဒါ... တော်လှန်ရေး မဟုတ်ဘူး..
ပျော့နေတဲ့လိင်တံ
အဲဒါ ချွေးနှဲစာ မဟုတ်ဘူး...
နုပ်နုပ်စင်းထားတဲ့
မသထာရေစာကောက်ရိုးတွေ..
အဲဒါ မိဘမေတ္တာ မဟုတ်ဘူး..
လူကုန်ကူးမှု
အဲဒါ သေခြင်းတရား မဟုတ်ဘူး...
ထောင်ပြောင်းအချုပ်ကား
အဲဒါ နေ့နဲ့ည မဟုတ်ဘူး...
အသားအရောင်ခွဲခြားမှု
..
အဲဒါ...
မြင်းလှည်းဆရာက
စေတနာနဲ့ ရိုက်သွင်းပေးထားတဲ့
မြင်းတကောင်ရဲ့သံခွာ...
အဲဒါ..
အလုပ်ရှင်ကပေးတဲ့
ကျန်းမာရေးစောင့်ရှောက်ခွင့်....
အဲဒါ...
သားသတ်သမားက
မြိအောင်သွေးနေတဲ့
သားလှီးဓား...

( ဇူလိုင်၂၈။ ၂၀၁၈)

Comments