ဇင်လင်း - စင်္ကာပူလက်ချာ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး



ဇင်လင်း - စင်္ကာပူလက်ချာ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး
(မိုးမခ) စက်တင်ဘာ ၄၊ ၂၀၁၈



ဤ ၂၀၁၈ သြဂုတ်လကို ထူးခြားသည်ဟု ဆိုချင်သည်။ အဘယ်ကြောင့်ဆိုသော် ယခုလအတွင်း မြန်မာ့နိုင်ငံရေး ဇာတ်ခုံ ပေါ်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ထူးခြားသည့် သတင်းအတော်များများ ဖြစ်ပေါ်ခဲ့သည်။ ရခိုင်ပြည်နယ် ကိစ္စ ကြောင့် နိုင်ငံတကာဖိအားများ မြင့်တက်လာနေသော သတင်းများ ကြားရသည်။ စီးပွားရေးအရ ဒေါ်လာဈေးအတက်ကြမ်း နေသော သတင်းကလည်း ပြည်သူအများ စိတ်မအေးနိုင်စရာ သတင်းဟု ဆိုရမည်။ နိုင်ငံရေးအရ လက်ရှိအစိုးရအပေါ် အတိုက်အခံများ၏ အပြစ်ရှာဝေဖန်မှုများ မြင့်တက်လျှက်ရှိသည့် သတင်းများလည်း ကြားသိနေရသည်။ သို့သော် ထိုသို့ သော လှုပ်ခတ်မှု ဂယက်များ ရှိနေသည့်တိုင် ပြည်သူလူထုက လက်ရှိ နိုင်ငံ၏ ခေါင်းဆောင်အပေါ် ထောက်ခံဝန်းရံမှုများ ကျဆင်းမသွား၊ တက်ရိပ်ပြနေသည်ဟုပင် ဆိုနိုင်သည်။

မကြာသေးမီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်း၏ ဖိတ်ကြား ချက်အရ စင်္ကာပူနိုင်ငံသို့ သြဂုတ် ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ လေးရက်ကြာ သွားရောက်ခဲ့သည်။ ထိုခရီးစဉ်အတွင်း သြဂုတ်လ ၂၁ ရက်နေ့တွင် Grand Hyatt ဟိုတယ်၌ ပြုလုပ်သည့် ၄၃ ကြိမ်မြောက် Singapore Lecture ဟောပြောပွဲ တွင် “မြန်မာနိုင်ငံဒီမိုကရေစီ အသွင်ကူးပြောင်းရေး စိန်ခေါ်ချက်များနှင့် ရှေ့ဆက်ရမည့်ခရီး” ဟူသော ခေါင်းစဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည် ဟောခွင့်ရခဲ့သည်။ ၎င်းအခွင့်အရေးကို တော်ရုံတန်ရုံ ခေါင်းဆောင်များအား ပေးလေ့မရှိဟု ဆို သည်။ ဒေါ်အောင်ဆန်းစုကြည် ရှေ့တွင် ဟောပြောခွင့် ရရှိခဲ့ကြသူများ၏ စာရင်းကို ကြည့်လျှင် သိနိုင်သည်။ Singapore Lecture ဟောပြောပွဲ ၃၃ ကြိမ်မြောက်တွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzo Abe)၊ ၃၆ ကြိမ်တွင် တရုတ် သမ္မတ ရှီကျင့်ပင်(Xi Jinping)၊ ၃၇ ကြိမ်တွင် အိန္ဒိယ ၀န်ကြိးချုပ် ရှရီနာရင်ဒရာ မိုဒီ (Shri Narendra Modi)၊ ၃၈ ကြိမ်တွင် ဗီယက်နမ် သမ္မတ ထရန်ဒိုင်ကျူယင် (Tran Dai Quan)၊ ၃၉ ကြိမ်တွင် နယ်သာလန် ၀န်ကြီးချုပ် မတ်ရတ်တေ (Mark Rutte)၊ အကြိမ် ၄၀ မြောက်တွင် ပြင်သစ် သမ္မတ ဖရန်စစ်ဟော်လန်ဒီ(François Hollande)၊ ၄၁ ကြိမ်တွင် တူရကီ ၀န်ကြီးချုပ် ဘင်အလီ ယီလ်ဒင်(Binali Yıldırım)၊ နှင့် ၄၂ ကြိမ်မြောက်တွင် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင် (Moon Jae-in) အစရှိသည်ဖြင့် ဟောပြောခဲ့ကြသည်ကို တွေ့နိုင်သည်။ တနည်းအားဖြင့် Singapore Lecture စင်မြင့် သည် နိုင်ငံရေးအခြေအနေများအပေါ်တည်မှီ၍ နိုင်ငံတကာအား ရှင်းလင်းပြောဆိုခွင့် ပေးသည့် ထူးခြားအရေးပါသော နေရာတစ်ခုဟု ဆိုနိုင်သည်။ ထိုအခွင့်အရေးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ထိထိရောက်ရောက် အသုံးချကာ၊ လက်ရှိ မြန်မာနိုင်ငံ၏ ပကတိအခြေအနေများကို ကမ္ဘာက သိရှိနားလည်လာအောင် ပြောဆိုရှင်းပြနိုင်ခဲ့သည်။

မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးအတွက် လမ်းပြမြေပုံအဖြစ် ရှုမြင်နိုင်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း တွင် မဏ္ဍိုင် ၃ ခုက အထောက်အပံ့ပြုထားသည့် ရည်မှန်းချက် ၅ ခု ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည်။ ပထမရည်မှန်းချက်မှာ “ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လုံခြုံရေးနှင့် ကောင်းမွန်သော အုပ်ချုပ်ရေး” ဟု ဆိုသည်။ ဒုတိယရည်မှန်းချက်မှာ “စီးပွားရေးတည်ငြိမ်မှုနှင့် အကြီးစားစီးပွားရေး စီမံခန့်ခွဲမှုများအားကောင်းလာရေး” ဖြစ်၍ ၎င်းတို့မှာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဟူသော မဏ္ဍိုင်အပေါ်တည်မှီနေသည်ဟု ဆိုသည်။ တတိယရည်မှန်းချက်မှာ သာယာ ၀ပြောမှုနှင့် မိတ်ဖက်ဖြစ်မှုဟူသော မဏ္ဍိုင်နှင့်သက်ဆိုင်သည့် “အလုပ်အကိုင်ဖန်တီးမှုနှင့် ပုဂ္ဂလိကကဏ္ဍ ဦးဆောင်သည့် ဖွံ့ဖြိုးတိုးတက်မှု” ဖြစ်သည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရှင်းပြခဲ့သည်။ ပြည်သူနှင့် ကမ္ဘာကြီးပါဝင်သော တတိယ မဏ္ဍိုင်က “၂၁ ရာစု လူမှုအသိုက်အဝန်းအတွက် လူသားအရင်းအမြစ်နှင့် လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး” ဟူသည့် စတုတ္ထ ရည်မှန်းချက်ကို အထောက်အပံ့ ပြုကြောင်း၊ ပဉ္စမရည်မှန်းချက်မှာ “နိုင်ငံသာယာဝပြောမှုအတွက် သဘာဝအရင်းအမြစ် များနှင့် ပတ်ဝန်းကျင်” ဖြစ်ကြောင်း ဖွင့်ဆိုရှင်းပြခဲ့သည်။ တနည်းဆိုလျှင် လက်ရှိအစိုးရ၏ မူဝါဒလမ်းစဉ်ကို ရှင်းလင်းပြော ဆိုခြင်းဟု ဆိုနိုင်သည်။

ရည်မှန်းချက် တစ် နှင့် နှစ်မှာ အပြန်အလှန် အမှီသဟဲပြုကြပြီး ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု မဏ္ဍိုင်သာ မရှိပါက ၎င်းတို့ ရပ်တည်၍ မရနိုင်ဟု ဆိုသည်။ မြန်မာနိုင်ငံအနေဖြင့် အသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ် ရောက်ရှိခဲ့ပြီဖြစ်၍ ယင်း မဏ္ဍိုင် တည်ဆောက်ရေးသည် ပထမဦးဆုံး ဖော်ဆောင်ရမည့် တာဝန်ဖြစ်သည်ဟု ဆိုသည်။ အစိုးရသစ် စတင်တာဝန်ယူ ခဲ့သော ၂၀၁၆ ခုနှစ် မတ် ၃၀ ရက် အစပိုင်းကစ၍ ယခင်အစိုးရ ဖော်ဆောင်ခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စီမံကိန်း ချကာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာခဲ့ပြီး နိုင်ငံတော်ကို ယိုယွင်းပျက်စီးစေသည့် လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်ရေးနှင့် မတူကွဲပြားခြားနားမှုမှ ဖော်ဆောင်ယူခဲ့သော ရေရှည်ခိုင်မြဲသည့် စည်းလုံးညီညွတ်မှု အပေါ်အခြေခံသည့် ခိုင်မာသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို တည်ထောင်ရေးတို့အတွက် (၂၁) ရာစုပင်လုံညီလာခံ ကျင်းပခြင်းဖြင့် ကြိုးပမ်းခဲ့သည်ဟုလည်း ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် ချောမွေ့သည်ဟူ၍မရှိဘဲ အဟန့်အတားများနှင့် ပြည့်နှက်နေလေ့ ရှိသည်ကို အခြား နိုင်ငံများ၏ အတွေ့အကြုံများမှ မိမိတို့ လေ့လာသိရှိခဲ့ကြောင်း၊ မိမိတို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ဆွေးနွေးညှိနှိုင်း ရမည့် အဖွဲ့အစည်းများစွာ ပါဝင်ပတ်သက်နေသည့်အတွက် အလွန့်အလွန် ရှုပ်ထွေးပါကြောင်း၊ မိမိတို့အနေဖြင့် အခက် အခဲများ၊ စိတ်ပျက်စရာများ၊ နှောင့်နှေးကြန့်ကြာမှုများအတွက်လည်း ကြိုတင်ပြင်ဆင်မှုများ လုပ်ထားကြောင်း စသည်ဖြင့် ရှင်းပြပြောဆိုခဲ့သည်ကို တွေ့ရသည်။

သို့သော် အစိုးရအဖွဲ့အနေဖြင့် လုံ့လမလျှော့ရန် စိတ်ပိုင်းဖြတ်ထားကြောင်း၊ အဘယ်ကြောင့်ဆိုသော် ငြိမ်းချမ်းမှုမရှိလျှင် အသွင်ကူးပြောင်းရေး လုပ်ငန်းသည် အောင်မြင်မှု မရရှိနိုင်ကြောင်း၊ ကြိုတင် မျှော်မှန်းထားသကဲ့သို့ အခက်အခဲများနှင့် စိတ်ပျက်စရာများ ရှိသော်လည်း အဆက်မပြတ် ညှိနှိုင်းဆွေးနွေးမှုများ၊ ထာဝရစိတ်ရှည်သည်းခံမှု၊ ဆွေးနွေးဖက်များ၏ စိတ်ရင်းစေတနာ ကောင်းမွန်မှု၊ ပြည်သူများနှင့် မိတ်ဆွေများ၏ အားပေး ကူညီမှုတို့ဖြင့် မိမိတို့ ရှေ့ဆက်လျှောက်လှမ်း နိုင်ခဲ့ကြောင်း၊ လွန်ခဲ့သည့် နှစ်နှစ် အတွင်း ပင်လုံအစည်းအဝေးသုံးကြိမ် ကျင်းပခဲ့ရာ ကျင်းပသည့် အကြိမ်တိုင်းတွင် အဖိုးတန်သည့် တိုးတက်မှုများ ရရှိခဲ့ကြောင်း၊ ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အဆင့် ၇ ဆင့်ရှိသော လမ်းပြမြေပုံ ကို ရရှိခဲ့သည်ဟု ဆိုသည်။

ဒုတိယအစည်းအဝေးတွင် အခြေခံမူဝါဒ ၃၇ ချက်ကို ချမှတ်နိုင်ခဲ့ကြောင်း၊ တတိယအစည်းအဝေး မစတင်မီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းနှစ်ခုနှင့် ထပ်မံ၍ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ အစည်းအဝေး ကျင်းပစဉ်ကာလအတွင်း ထပ်မံ၍ အခြေခံမူဝါဒ ၁၄ ချက် ချမှတ်နိုင်ခဲ့ကြောင်း၊ ကြီးမားသော စိန်ခေါ်မှု ရှိနေဆဲဖြစ်ပြီး တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား တိုက်ပွဲများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အကြားတွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း၊ မိမိတို့အနေဖြင့် စိန်ခေါ်မှုများအပေါ် အမြဲသတိရှိနေပြီး ယင်းတို့ကို အပြန် အလှန် ယုံကြည်မှုနှင့် နားလည်မှုတို့ တည်ဆောက်ရန် ကြိုးစားရင်း တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများမှ တစ်ဆင့် ဖြေရှင်းရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ခိုင်မာသည့် အခြေခံအုတ်မြစ်ကို ကျယ်ကျယ်ပြန့်ပြန့် ပြည့်ပြည့်စုံစုံ ဖော်ဆောင် ရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ ပြဿနာများကို ကိုင်တွယ် ဖြေရှင်းခြင်းသည် မဏ္ဍိုင် ၁ တည်ဆောက်ရေး၏ အခြေခံကျသော အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ အစိုးရအဖွဲ့ စတင်တာဝန်ယူ သည့် နှစ်လအတွင်း ရခိုင်ပြည်နယ် တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီကို ဖွဲ့စည်း တည်ထောင် ခဲ့ပြီး သဘာဝသယံဇာတ ကြွယ်ဝသည့် ရခိုင်ပြည်နယ်၏ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအား ဖျက်ဆီးနေသည့် ပြဿနာ များကို ထာဝရဖြေရှင်းပေးမည့်အဖြေများ ကူညီရှာဖွေပေးရန်အတွက် အကြံပေးကော်မရှင်ကို ဦးဆောင်ရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဟောင်း ဒေါက်တာကိုဖီအာနန်ကို ချဉ်းကပ်ခဲ့ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွင် ကြုံတွေရသော အခက်အခဲများ နှင့် ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများကို နိုင်ငံတကာက သိရှိနားလည်စေရန် စင်္ကာပူစင်မြင့်မှတဆင့် နိုင်ငံတကာ ခေါင်းဆောင်များသို့ ပြောကြားခဲ့သည်ဟု ဆိုနိုင်သည်။ ရာစုနှစ်၏ နောက်ဆုံးလေးပုံ သုံးပုံကာလအတွင်း မြန်မာနိုင်ငံသည် အဓိက အကူးအပြောင်း သုံးခုကို ဖြတ်သန်းခဲ့ရပြီး လွတ်လပ်ရေးကြိုးပမ်းမှု အကူးအပြောင်းကာလ၊ စစ်အာဏာရှင်စနစ် အကူး အပြောင်းကာလတို့နှင့် နှိုင်းယှဉ်ကာ လက်ရှိ အကူးအပြောင်းကာလသည် အခက်အခဲများနှင့် အရှုပ်ထွေးဆုံး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာ့စီးပွားရေး ရင်းနှီးမြုပ်နှံမှုအခြေအနေ၊ ကျန်းမာရေး ပညာရေး လူမှုရေးဆိုင်ရာ စိန်ခေါ် ချက်များနှင့် မြန်မာ နိုင်ငံအသွင်ကူးပြောင်းရေးတွင် တွေ့ကြုံရသော နိုင်ငံရေး စိန်ခေါ်ချက်များကိုလည်း ရှင်းလင်းပြောဆို ခဲ့ကြောင်းသိရ သည်။ “ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး” ကို အဓိကထားလုပ်မည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က စကာပူ မူဝါဒဆိုင်ရာဟောပြောမှုတွင် ထည့်သွင်းပြေကြားသည်။ ဖွဲ့စည်းပုံပြင်ရေးသည် အသွင်ကူးပြောင်းရေးအတွက် အဆုံး အဖြတ်ပေးမည့် လုပ်ငန်းစဉ်ဖြစ်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်ပြဿနာကို ကိုင်တွယ်ဖြေရှင်းနေသည့် ကုလသမဂ္ဂ၏ အရေးကြီးသော အခန်းကဏ္ဍကိုလည်း မိမိတို့ အသိ အမှတ်ပြုကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံဥက္ကဋ္ဌနိုင်ငံမှ ကိုယ်စားလှယ်များနှင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ မှ အမြဲတမ်း ကိုယ်စားလှယ်များ လာရောက်နိုင်ရေးအတွက် မိမိတို့စီစဉ်ဆောင်ရွက်ခဲ့ကြောင်း။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ၏ အထူးကိုယ်စားလှယ်အဖြစ် သံအမတ် Christine Burgener ကို ခန့်အပ်လိုက်မှုအပေါ် မိမိတို့ ကြိုဆိုပါကြောင်း၊ အဆိုပါ အထူး ကိုယ်စားလှယ်သည် နေပြည်တော်တွင် ရုံးခန်းဖွင့်လှစ်လိုက်ပြီဖြစ်ပါကြောင်း၊ သံအမတ် Christine Burgener နှင့် မိမိတို့ ထိတွေ့ ဆက်ဆံမှုသည် အပြုသဘောဆောင်ပြီး အကျိုးများမည်ဟု ယုံကြည်ကြောင်း စသည်ဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။ ကုလသမဂ္ဂဦးဆောင်နေသော နိုင်ငံတကာ ဖိအားများ လျော့ကျရေးနှင့် မြန်မာနိုင်ငံ အပေါ် နိုင်ငံတကာက နားလည်မှုရှိလာစေရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကြိုးပမ်းနေကြောင်း မြင်နေရ သည်။ ထို့ပြင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားသော အကျပ်အတည်းများကို ဖြစ်ပေါ်စေသည့် အကြမ်းဖက်လုပ်ရပ်များသည် လက်ရှိအခြေအနေတွင် အမှန်တကယ် ကြီးမားနေသည်ကိုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ရှင်းပြခဲ့သည်။

လုံခြုံရေးကို စိန်ခေါ်နေသည့် အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းမှု မပြုပါက လူမျိုးစုနှစ်ရပ်အကြား အကြမ်းဖက်မှု အန္တရာယ် ဆက်လက် တည်ရှိနေမည် ဖြစ်သည်ဟုလည်း သုံးသပ်ပြောဆိုခဲ့သည်။ အဆိုပါ ပြဿနာသည် မြန်မာနိုင်ငံ တွင်သာမက ဒေသတွင်းရှိ နိုင်ငံများနှင့် အခြားနိုင်ငံများအတွက်ပါ ကြီးမားသည့် အကျိုးဆက်ကို ဖြစ်ပေါ် စေနိုင်သည့် ခြိမ်းခြောက်မှု ဖြစ်သောကြောင့် မည်သည့် အကြမ်းဖက်မှုမျိုးကိုမဆို တစ်စုံတစ်ရာ အကြောင်းပြချက်ဖြင့် လျစ်လျူမရှုသင့်၊ ခွင့်မလွှတ်သင့်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်ကို တွေ့ရသည်။

အမေးအဖြေကဏ္ဍတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က ရွှင်ရွှင်ပျပျ တည်တည်ငြိမ်ငြိမ် ဖြေကြားသွားခဲ့သည်ကို တွေ့ရ သည်။ မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးစနစ်မှတဆင့် ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းနေခြင်း မပြီး မြောက်သေး သည်ကို မည်သို့သော နည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက်သွားဖို့ရှိပါသလဲဆိုသည့် စင်္ကာပူနိုင်ငံသား သံတမန်တဦး၏ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ဖြေကြားသွားသည်။

“လွှတ်တော်ထဲမှာ ရွေးကောက်ခံမဟုတ်တဲ့ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေတာကို ဖြုတ်သိမ်းပေးဖို့ လိုအပ်ပါ တယ်။ ဒါပေမယ့် ဒါတွေကို ဆက်လက်ညှိနှိုင်း မှုတွေကနေတဆင့် လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း မျက်ခြေမပြတ်ဖို့လည်း လိုပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံမှာ ဒီမိုကရေစီ နည်းမကျ တဲ့ အပိုင်းတွေ ရှိနေပါသေးတယ်။ ဒီအပိုင်းတွေက အတိတ်က စစ်တပ်နဲ့ ဆိုင်နေပါတယ်။ ဒါ့ကြောင့် ဒီကဏ္ဍအားလုံးကို စေ့စပ်ညှိနှိုင်းပြီး ပြောင်းလဲဖို့လိုအပ်ပါတယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ကြောင်း ဗွီအိုအေသတင်းက ဖေါ်ပြခဲ့သည်။

ပြည်တွင်း၌ ပြင်းပြင်းထန်ထန်မေးခွန်းထုတ်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က Singapore Lecture ဟောပြောပွဲတွင် အလယ်အလတ်သဘောထားဖြင့် အဖြေပေးခဲ့သည်။ ဒီမိုကရေစီနည်းကျ ဖွဲ့စည်းပုံဖြစ်လာစေရန် ပြင်ဆင်ရမည်။ သို့သော် ပြည်သူမနာသောနည်း စေ့စပ်ညှိနှိုင်းသောနည်းဖြင့် ပြောင်းလဲမည်ဟု ဆိုလိုက်သည်။ တပ်မတော်နှင့် ဆက်ဆံရေးလည်း မဆိုးပါဟု ဆိုလိုက်သည်။ စင်္ကာပူနှင့် နိုင်ငံတကာမှ မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းစဉ် ခက်ခဲမှုကို အဆင်ပြေအောင် လုပ်ဖို့ မေးကြသည်။ ယင်းကိစ္စများ အဆင်ပြေစေရန် ဥပဒေများ ပြင်ဆင်ထားပြီဆိုသည့်အကြောင်း၊ အခြေခံအဆောက် အအုံများ တိုးတက်ဖေါ်ဆောင်ရန် လုပ်နေကြောင်းပြောပြသည်။ ယင်းကိစ္စ ဝန်ကြီး ဦးသောင်းထွန်းကို ထွက်၍ ရှင်းပြစေသည်။ ပြုပြင်ပြောင်းလဲမှုတစ်ခု အနေဖြင့်မကြာသေးမီကကုမ္ပဏီ မှတ်ပုံတင်များကို အွန်လိုင်းကတစ်ဆင့် မြန်မြန် ဆန်ဆန် ဆောင်ရွက်ပေးနေကြောင်း ဦးသောင်းထွန်းက ရှင်းပြသည်။

 အနှစ်ချုပ်ရလျှင် Singapore Lecture ဟောပြောပွဲတွင် အာဆီယန်နှင့် အချို့သော နိုင်ငံတကာခေါင်းဆောင်များအနေဖြင့် မြန်မာ့ အခြေအနေ အခက်အခဲကို အတော်အတန်သိရှိနားလည်သွားပေလိမ့်မည်။ ယခုကဲ့သို့သော နိုင်ငံရေးဗျူဟာ အခင်း အကျင်းကို ဖန်တီးပေးသည့် အိမ်ရှင်ဖြစ်သူ စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်း (Lee Hsien Loong)ကို ကျေးဇူးတင် သင့်သည်။ ပြည်တွင်းနိုင်ငံရေး လှုပ်ခတ်မှု ဂယက်များ ရှိနေသည့်တိုင် ပြည်သူလူထုက Singapore Lecture နားထောင်ပြီး နောက် လက်ရှိ နိုင်ငံ၏ ခေါင်းဆောင် ရင်ဆိုင်နေရသော နိုင်ငံရေးအခက်အခဲ အတားအဆီးများကို အတော်အတန် မြင်လာကြသည့်အလျောက်၊ သူ့အပေါ် ထောက်ခံဝန်းရံမှုများ ကျဆင်းမသွားဘဲ၊ တက်ရိပ်ပြနေဆဲရှိသည်ကို မြင်တွေ့ရပေသည်။ ။။။

Comments