ဟိုက်ရှားဘား - အကျဉ်းစံ

အကျဉ်းစံ
ဟိုက်ရှားဘား
(မိုးမခ)စက်တင်ဘာ ၁၊ ၂၀၁၈
 
ထွေးငယ်သည် သာလိကာလေး မဲတူးကိုသနားသည်။ သူ့အကြောင်းတွေးမိတိုင်း ရင်ထဲတွင် နာကျင်ရလေသည်။
"အတောင်ပံတွေရှိပေမယ့် လွတ်လွတ်လပ်လပ်ပျံခွင့်မရရှာဘူး။ ဆိုးလိုက်တဲ့ ကံကြမ္မာရယ်"
 

သူမဘဝနှင့် မဲတူးဘဝကိုတွေး ကြည့်ပြီး ပို၍ပင် ဝမ်းနည်းရလေသည်။ 

ထွေးငယ်သည် သခင်မဒေါ်ခင်မေ နေ့စဉ် မနက်ဘုရားရှစ်ခိုးပြီးတိုင်း စွန့်သောသစ်သီးတချို့ကို မဲတူးကို ကျွေးရသည်။ အများဆုံးကျွေးရသည်မှာ ငှက်ပျောသီး...။

သခင်ကြီးရွှေဝင်းက ငှက်ပျောသီးအလွန် ကြိုက်သည်။ ထို့ကြောင့်ပင် နေ့စဉ်နီးပါး ဘုရားဆွမ်းတော် အတွက် ငှက်ပျောသီးကပ်သည်။ ပွဲတော် စွန့်လျှင် ငှက်ပျောသီးကို သခင်ကြီးရွှေဝင်း အများဆုံးစားသည်။ မဲတူးကတော့ အများဆုံးစား "ရ " သည်။ မဲတူးကသိပ်စားချင်ပုံမပေါ်။

လှောင်အိမ်တခုလုံးငှက်ပျောသီး ပြဲပြဲများ နှင့် ပေပွနေသည်။ ထွေးငယ်အမြဲဆေးပေးရသော်လည်း မညည်းညူပေ...။ ဘဝတူမို့လားမသိ ကိုယ်ချင်းစာမိလေသည်... မဲတူးကို ဒီဘဝမှ လွတ်မြောက်စေ ချင်လှသည်...။

ထို့ကြောင့် တအိမ်သားလုံး အိပ်နေသည့် ညဥ့်နက်နက်တွင် အိမ်အပေါ်ထပ်ဝရန်တာသို့သွား၍ လှောင်ချိုင့် တံခါးကို တိတ်တဆိတ်ဖွင့်ထားပေးသည်။

နံနက်လင်းသော် မြေးမလေး "စိမ်းမြစစ်အောင်" က အထိတ်တလန့်နှင့် "ဘွားဘွားရေ... မဲတူးလေး မရှိတော့ဘူး... လွတ်သွားပြီ..."

တအိမ်လုံးပေါ်သို့ မုန်တိုင်းတလုံး ကျရောက်သွားသည်။ မုန်တိုင်းဒဏ်အများဆုံးခံရသူက ထွေးငယ်...။
"ညည်းကို အစာကျွေးပြီးတိုင်း လှောင့်ချိုင့်တံခါးကို သေသေချာချာပိတ်ထားပါလို့မှာထားပါရက်နဲ့ ဘာအခုမှအစာကျွေးပြီး တံခါးပိတ်ဖို့မေ့သွားရတာလဲ"

ဒေါ်ခင်မေ၏အသံကို လမ်းမကပင်ကြားနိုင်လေသည်။

ထွေးငယ်၏ခန္ဓာကိုယ်တွင် အညိုအမဲကွက်များနှင့် အရှိုးရာများထပ်နေသည်။ သို့သော် သူမကြိတ်မှိတ် ခံသည်။ ဘဝတူတခု လွတ်မြောက်သွား၍ ကြိတ်ပြီးဝမ်းသာရသည်။
သိုသော့် ၃ ရက်အကြာ နံနက်ခင်းတွင် လှောင့်ချိုင့်ထဲ၌ မဲတူး ပြန်ရောက်နေသည်ကို ထွေးငယ်တအံတဩ တွေ့လိုက်ရလေသည်။

တံခါးပွင့်နေသော်လည်း လှောင်ချိုင့်ထဲမှထွက်မပြေးတော့ချေ...။ ငှက်ပျောသီးကိုလည်း အငမ်းမရစားနေလေသည်။
ထွေးငယ်မှလွဲ ၍ တအိမ်လုံး ဝမ်းသာကြလေသည်။
ထိုညတွင် ထွေးငယ် စေ့စေ့တွေး၍ ဝမ်းနည်းစွာသိလိုက်ရသည်မှာ ...

မဲတူးသည် "မိမိသဘာဝနှင့် လွတ်လပ်စွာအသက်ရှင်နေထိုင်၍မရလောက်အောင်ကို သူ့ဘဝ ဘောင်ခတ်ထားသော ပုံစံခွက်အတွင်း သွတ်သွင်းခံလိုက်ရလေပြီတကား..."

ဟိုက်ရှားဘား


0